News Features အောင်ဒင်

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၄၄) – Aung Din

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၇၂၊ နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (၄၄)

အောင်ဒင်၊ ဒီဇင်ဘာ ၁၂၊ ၂၀၁၃
အပိုင်း (၄၄) လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို အကာအကွယ်ပေးပါ။

အိုအိုင်စီ (OIC) လို့ခေါ်တဲ့ အစ္စလမ်မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization of Islamic Countries) ကိုယ်စားလှယ်များဟာ မြန်မာအစိုးရရဲ့ ဖိတ်ကြားချက်ဖြင့် မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၄ရက်ကနေ ၁၆ ရက်နေ့အထိ လာရောက်ပြီး ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများကို လေ့လာကြပါတယ်၊ အိုအိုင်စီကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်မစခင်မှာရော၊ ခရီးစဉ်ကာလအတွင်းမှာပါ မြန်မာနိုင်ငံတစ်ဝှမ်းက မြို့ကြီးတွေမှာ အိုအိုင်စီကိုယ်စားလှယ်အဖွဲ့ကို ပြည်သူလူထုက ဆန္ဒပြခဲ့ကြပါတယ်၊ အိုအိုင်စီက မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်မှာကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြကြတယ်လို့ ဆိုပါတယ်၊ ကျနော်က လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ကို ယုံကြည်ထောက်ခံသူမို့ ဒီဆန္ဒပြပွဲတွေကို ဝေဘန်စရာမရှိပေမည့် အစ္စလမ်ဘာသာကို နင့်နင့်သီးသီးစော်ကားရေးသားထားတဲ့ ဗီနိုင်းပိုစတာတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြကြတဲ့ သံဃာတော်များရဲ့ ဓာတ်ပုံတွေကို ဆန္ဒပြပွဲတိုင်းလိုလိုမှာ တွေ့ရတော့ အင်မတန် တုန်လှုပ်ခြောက်ခြားမိပါတယ်၊
လူသားတိုင်းအတွက် မွေးရာပါအခြေခံအခွင့်အရေးတစ်ခုဖြစ်တဲ့ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ဟာ မြန်မာနိုင်ငံမှာ အကြီးအကျယ်ခြိမ်းခြောက်ခံနေရပါပြီ၊ ပြီးတော့ မေတ္တာတရား၊ အကြင်နာတရား၊ ဂရုဏာတရား၊ သီးခံခွင့်လွှတ်ခြင်းနဲ့ ကိုယ်ချင်းစာနာမှုတွေရှိရမည့် ဗုဒ္ဓဘာသာ သံဃာများကိုယ်တိုင်က အခြားကိုးကွယ်ရာဘာသာတစ်ခုကို ရိုင်းရိုင်းစိုင်းစိုင်းစော်ကားနေပါပြီ၊ ဒီလို အစွန်းရောက်မှုတွေ၊ စော်ကားမှုတွေကို မတားဆီးနိုင်ရင် မြန်မာနိုင်ငံမှာ ဘာသာရေးပဋ္ဋိပက္ခတွေ၊ လူများစုက လူနည်းစုကို အနိုင်ကျင့်အကြမ်းဘက်မှုတွေ ဆက်လက်ပေါ်ပေါက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပါဝင်ပါတ်သက်မှုတွေကို ရှောင်လွှဲမရအောင် ဖြစ်လာပါလိမ့်မယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ပါတ်သက်ရင် နယ်နမိတ်မရှိပါ၊ ကျနော်တို့ကိုယ်တိုင်က မြန်မာနိုင်ငံ နဝတ၊ နအဖ စစ်အာဏာရှင်တွေအောက်မှာ ရှိနေခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလအတွင်းမှာ စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာက ပါဝင်တားဆီးပေးကြဖို့ တောင်းဆိုခဲ့ကြတာကိုလည်း မမေ့သင့်ပါ၊ အစိုးရက နိုင်ငံသားတိုင်းရဲ့ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို အပြည့်အဝ အာမခံပြီး၊ ပြည်ထောင်စုလွှတ်တော်က လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ကို အကာအကွယ်ပေးတဲ့ ဥပဒေတစ်ရပ် အမြန်ဆုံးထုတ်ပြန်သင့်ပါပြီ၊

#၂၀၀၈ ဖွဲ့စည်းပုံပါ လွတ်လပ်စွာကိုးကွယ်ခွင့်ဆိုင်ရာ ပြဋ္ဌန်းချက်များ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၃၅၄) မှာ “နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးငှါ ပြဋ္ဌန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျင် (ဃ) တိုင်းရင်းသားလူမျိုး တစ်မျိုးနှင့်တစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုးအချင်းချင်းကိုသော်လည်းကောင်း၊ အခြားဘာသာ သာသနာကိုသော်လည်းကောင်း ထိခိုက်နစ်နာမှုမရှိစေပဲ မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ၊ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်ရှိသည်” လို့ ပြဋ္ဌန်းထားပါတယ်၊ ပုဒ်မ (၃၆၁) မှာ “နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ သာသနာဖြစ်သည်ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်၊” ပုဒ်မ (၃၆၂) မှာ “နိုင်ငံတော်သည် ခရစ်ယန်ဘာသာသာသနာ၊ အစ္စလမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သောဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်” ဟုလည်း ပြဋ္ဌန်းထားပါတယ်၊
ပုဒ်မ (၃၆၄) မှာ “နိုင်ငံရေးကိစ္စအလို့ငှါ ဘာသာသာသနာကို အလွဲသုံးစားမပြုရ၊ ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း၊ တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်း နှင့်တစ်ဂိုဏ်း၊ မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုးပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်၊ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌန်းနိုင်သည်၊’ ဟု ပြဋ္ဌန်းထားပါသေးတယ်၊
အထက်ဖော်ပြပါ ပြဌန်းချက်များအရ နိုင်ငံသားများရဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်ကိုးကွယ်ခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံမှာ ပြဌန်းထားပါတယ်၊ ဘာသာရေးပဋ္ဋိပက္ခဖြစ်အောင် ဖန်တီးလှုံ့ဆော်မှုများကိုလည်း အပြစ်ပေးနိုင်ကြောင်း ဆိုထားပါတယ်၊ ဒါပေမည့် အဲဒီ ပြဌန်းချက်တွေကို လက်တွေ့အကောင်အထည်ဖော်ရမည့် ဥပဒေ တစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေကြမ်းရေးဆွဲတင်သွင်းခြင်း၊ စဉ်းစားခြင်းလုံးဝမရှိသေးပါ၊ ပြည်ထောင်စုအစိုးရရဲ့ သာသနာရေးဝန်ကြီးဋ္ဌာနကလည်း ဥပဒေကြမ်းရေးဆွဲပြီး လွှတ်တော်ကို တင်သွင်းခြင်းမရှိသေးပါ၊
#ရာဇသတ်ကြီးအက်ဥပဒေမှ ဘာသာ သာသနာဆိုင်ရာပြစ်မှုများ
မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်မှာ ကျင့်သုံးနေတဲ့ ရာဇသတ်ကြီးအက်ဥပဒေရဲ့ အခန်း (၁၅) မှာ ဘာသာ သာသနာဆိုင်ရာပြစ်မှုများ ဆိုပြီး ပုဒ်မ (၅) ခု ပြဋ္ဌန်းထားပါတယ်၊ ပုဒ်မ (၂၉၅)၊ (၂၉၅-က)၊ (၂၉၆)၊ (၂၉၇)၊ (၂၉၈) တို့ဖြစ်ကြပါတယ်၊ ဒီပုဒ်မတွေအားလုံးဟာ “လူ့အသိုင်းအဝိုင်းတစ်ခု ကိုးကွယ်သည့် ဘာသာ သာသနာကိုစော်ကားရန် အကြံဖြင့်ကိုးကွယ်ဝတ်ပြုသောနေရာကို ဖျက်ဆီးခြင်း၊ သို့တည်းမဟုတ် ယုတ်ညံ့စေခြင်း၊ ဘာသာ သာသနာကို စော်ကားခြင်း၊ ဘာသာရေးစိတ်ဓာတ်ကို နာကြည်းစေရန်ကြံရွယ်၍ မသမာစိတ်ဖြင့် တမင်ကျူးလွန်သော ပြုလုပ်မှုများ၊ ဘာသာ သာသနာရေးဆိုင်ရာ အစုအဝေးကိုနှောင့်ယှက်ခြင်း၊ သင်္ချိုင်း စသောနေရာအရပ်များကို ကျူးကျော်စော်ကားခြင်း၊ ဘာသာရေးစိတ်ကို နာစေရန် တမင်ကြံရွယ်၍ စကား စသည်များကို ပြောဆိုခြင်း” စတာတွေအားလုံးနဲ့ ပါတ်သက်တဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ်များကို ပြဋ္ဌန်းထားပါတယ်၊ ဒီဥပဒေ ပုဒ်မများအရ “ဘာသာရေးအဆောက်အအုံများကို ဖျက်ဆီးခြင်း၊ အခြားဘာသာ သာသနာများကို စာဖြင့်လည်းကောင်း၊ စကားဖြင့်လည်းကောင်း စော်ကားခြင်း၊ အခြားဘာသာ သာသနာတစ်ရပ်ကို စော်ကားတဲ့ တရားတွေဟောတာ၊ ဗီဒီယိုအခွေတွေ ဖြန့်ချီတာ၊ စာရွက်စာတမ်းတွေ ဖြန့်ဝေတာ၊ လူ့အသိုင်းအဝိုင်းအကြား အမုန်းတရားတွေကြီးမားအောင်၊ သံသယနဲ့ အာဃာတတွေ ပွါးများအောင် နည်းမျိုးစုံနဲ့လှုံ့ဆော်တာ” တွေအားလုံးဟာ ရာဇဝတ်မှုမြောက်ပါတယ်၊ ဒါပေမည့်လည်း ချမှတ်နိုင်တဲ့ ပြစ်ဒဏ်ကတော့ နည်းလှပါတယ်၊ အများဆုံး ထောင်ဒဏ် တစ်နှစ်မှ နှစ်နှစ်အထိသာ ပြစ်ဒဏ်ချနိုင်ပြီး ဒဏ်ငွေလည်း ချမှတ်နိုင်ပါတယ်၊
ပုဒ်မ (၂၉၅-က) မှာ ဒီလိုပြဋ္ဌန်းထားပါတယ်၊
“ပြည်ထောင်စုနိုင်ငံတော်တွင် နေထိုင်သော လူတစ်စား၏ ဘာသာရေးစိတ်ကို နာကြည်းစေရန် တမင်မသမာသောအကြံဖြင့် မည်သူမဆို စကားဖြင့် ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသောပုံသဏ္ဌာန်ဖြင့် ဖြစ်စေ၊ ထိုလူတစ်စားကိုးကွယ်သည့် ဘာသာ သာသနာကိုသော်လည်းကောင်း၊ ဘာသာ သာသနာရေးယုံကြည်မှုကိုသော်လည်းကောင်း၊ စော်ကားလျင်၊ သို့မဟုတ် စော်ကားရန်အားထုတ်လျင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်၊”
#လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၃၄) မှာ “ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့်တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော်လည်းကောင်း၊ ဤဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌန်းချက်တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျင် နိုင်ငံသားတိုင်းသည် ဘာသာ သာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သောအခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ်ဆောက်တည်နိုင်သောအခွင့်အရေးတို့ကို အညီအမျှရရှိစေရမည်၊” လို့ ပြဋ္ဌန်းထားပါတယ်၊ တကယ်တော့ ဘာသာရေးကိုးကွယ်မှုဟာ လူတစ်ယောက်ရဲ့ မွေးရာပါလူ့အခွင့်အရေးပါ၊ လူတစ်ယောက်ဟာ သူကြိုက်နှစ်သက်ရာ ဘာသာတရားကို သူယုံကြည်သလို ကိုးကွယ်ခွင့်ရှိပါတယ်၊ လက်ရှိဘာသာကို စွန့်ပြီး အခြားဘာသာကို ကူးပြောင်းကိုးကွယ်ခွင့်ရှိပါတယ်၊ ဘယ်ဘာသာကိုမှ မကိုးကွယ်ပဲနေထိုင်ခွင့်လည်းရှိပါတယ်၊ ဘာသာရေးကိုးကွယ်ယုံကြည်မှုနဲ့ပါတ်သက်ပြီး သက်ဆိုင်ရာဘာသာရေးအဖွဲ့အစည်းထံ ကိုယ့်ကိုယ်ကို အပ်နှံနိုင်သလို ဘယ်ဘာသာရေးအဖွဲ့အစည်းနဲ့မှ မပါတ်သက်ပဲ ကိုယ့်ဖာသာကိုယ် တစ်ဦးတည်း တိတ်တိတ်ဆိတ်ဆိတ် ကိုးကွယ်ခွင့်လည်းရှိပါတယ်၊ လူတစ်ယောက်ရဲ့ ကိုးကွယ်ယုံကြည်မှုမှာ အစိုးရရဲ့ အမိန့်အာဏာမပါရ၊ လူ့အသိုင်းအဝိုင်းရဲ့ ဖိအားပေးမှု၊ သွေးဆောင်ဖျားယောင်းမှု၊ ခြိမ်းခြောက်မှုတွေ မပါရပါ၊
နိုင်ငံသားတိုင်းဟာ ကိုယ်ယုံကြည်ရာကိုးကွယ်ခွင့်ရှိသလို အခြားသူတွေမှာလည်း သူတို့ယုံကြည်ရာကိုးကွယ်ခွင့်ရှိတယ်ဆိုတာကိုလည်း အသိအမှတ်ပြုရမှာပါ၊ ကိုယ်ယုံကြည်ရာ ဘာသာတရားကို ကိုယ်ဘာသာ အကောင်းဆုံး၊ အမြင့်မြတ်ဆုံးလို့ ထင်မြင်ယူဆခွင့်ရှိပေမည့် ကိုယ်နဲ့မတူတဲ့ အခြားဘာသာတရားကို နှိမ့်ချ စော်ကားခွင့်မရှိပါ၊ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်တန်ဘိုးထားသလို အခြားသူတစ်ယောက်ရဲ့ အခွင့်အရေးကိုလည်း လေးစားသင့်ပါတယ်၊ အခြားသူများကိုးကွယ်တဲ့ ဘာသာတရားကို နှိမ့်ချစော်ကားခြင်းအားဖြင့် ဘာသာရေးပဋ္ဋိပက္ခများကို လှုံ့ဆော်ရာရောက်ပါတယ်၊ အာဏာရှင်စနစ်အောက်ကနေ ဒီမိုကရေစီနိုင်ငံဖြစ်လာရေး မျှော်လင့်ချက်တွေနဲ့ နှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ ထိန်းချုပ်မှုတွေကို အစိုးရက စတင်ဖြေလျော့ပေးစအချိန်မှာ ဘာသာရေးနဲ့ လူမျိုးရေးပဋ္ဋိပက္ခများက မြန်မာနိုင်ငံကို အမှောင်ခေတ်ထဲ ပြန်လည်တွန်းပို့လိုက်နိုင်ပါတယ်၊
ဒါကြောင့် လူတိုင်းရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို နိုင်ငံတော်က အခိုင်အမာ အာမခံရပါမယ်၊ ဘာသာ သာသနာတိုင်းကို နိုင်ငံတော်က စောင့်ရှောက်ကူညီဖို့လိုပါတယ်၊ ဘာသာဝင် တစ်ဦးက အခြားဘာသာယုံကြည်မှုကို မစော်ကား၊ မနှောက်ယှက်အောင် နိုင်ငံတော်က ထိထိရောက်ရောက် တားဆီးဖို့လိုအပ်ပါတယ်၊ ဘာသာရေးပဋ္ဋိပက္ခများကို ရည်ရွယ်ချက်ရှိရှိနဲ့ လှုံ့ဆော်ဖန်တီးနေသူများကို နိုင်ငံတော်က ပြတ်ပြတ်သားသားအရေးယူဖို့လိုအပ်ပါတယ်၊ ဒါပေမည့် အဲဒီလို အရေးယူဖို့ လက်ရှိတည်ဆဲဥပဒေများက အင်မတန်အားနည်းနေပါတယ်၊
ဒါကြောင့်မို့ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားဝင်ပြဋ္ဌန်းထားတဲ့ နိုင်ငံသားတိုင်းရဲ့ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်တွေကို အာမခံချက်ပေးမည့်၊ ဘာသာရေးပဋ္ဋိပက္ခများမဖြစ်အောင် ထိထိရောက်ရောက်တားဆီးနိုင်မည့်၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို အားပေးတဲ့ ဥပဒေတစ်ရပ်ကို အမြန်ဆုံးပြဋ္ဌန်းသင့်ပါပြီ၊
လေးစားစွာ၊
အောင်ဒင်
နိုဝင်ဘာလ ၁၇၊ ၂၀၁၃

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts