ဖြစ်ရပ်များ၊ အမှတ်တရများ

ဂုဏ်ပြုထိုက်သော မဟာလူသား (Zawaree)

ဂုဏ်ပြုထိုက်သော မဟာလူသား

ဇာဝါရီ၊ ဒီဇင်ဘာ ၁၂၊ ၂၀၁၃

မြင့်မြတ်သော မဟာလူသား စာရင်းဝင် မျိုးကောင်းအာဇာနည် တောင်အာဖရိကနိုင်ငံရဲ့  လွတ်လပ်ရေး နဲ့ ငြိမ်းချမ်းရေးဖခင်ကြီး နယ်လ်ဆင် မန်ဒဲလား (Nelson Mandela) ခေါ် မဒီဘာ (Madiba)  (မတရားမှုတွေ၊ မတူညီမှုတွေ၊ ခွဲခြားမှုတွေနဲ့ ရှုပ်ထွေးပွေလီ၊ မငြိမ်းချမ်းနိုင်သေးတဲ့) လူလောကကြီးကို ကျောခိုင်းပြီး ငြိမ်းချမ်းဗိမာန်ဘုံသို့ ထွက်ခွါသွားလေပြီ။

ကွယ်လွန်သွားပြီဖြစ်သော လူမည်းခေါင်းဆောင်ကြီး နယ်လ်ဆင် မန်ဒဲလားရဲ့  ဘဝအစိတ်အပိုင်းကို တချက်ပြန်ကြည့်ရင်

  • ·         လူဖြူ၊လူမည်း အသားအရောင် ခွဲခြားမှု (Apartheid) ကို ကျောင်းသားဘဝ၊   
  • ·         ရှေ့ နေတစ်ယောက်အနေနဲ့ အနုနည်းနဲ့ စတင်တိုက်ပွဲဝင်ခဲ့သူ။
  • ·         လူဖြူအစိုးရရဲ့  အဓမ္မအကြမ်းဖက်မှုကို လက်နက်စွဲကိုင် သူပုန်ထခဲ့သူ။
  • ·         ဒီလို မတရားအုပ်ချုပ်မှုကို ရဲရဲတောက် အန်တုဆန့်ကျင် တိုက်ပွဲဝင်ခဲ့မှုကြောင့် အစိုးရဖမ်းဆီးချုပ်နှောင်မှုကို ခံခဲ့ရသူ၊
  • ·         ယုံကြည်ချက်ကြောင့် (၂၇) နှစ် တသက်တကျွန်း အကျဉ်းစံခဲ့ရပေမယ့် စိတ်ဓါတ်မပြိုလဲ၊ ယုံကြည်ချက်မပျောက် ဆက်လက်တိုက်ပွဲဝင်ခဲ့သူ။
  • ·         တရားမဲ့အုပ်ချုပ်နေတဲ့ လူဖြူအစိုးရနဲ့ တိုင်းပြည်ငြိမ်းချမ်းသာယာရေး၊ စစ်မှန်သော ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် စေ့စပ်ဆွေးနွေးပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးကို တရားနည်းလမ်းမှန်၊ ငြိမ်းချမ်စွာ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့သူ။
  • ·         အကျဉ်းထောင်မှလွတ်မြောက် လူဖြူလူမည်း ဆန္ဒမဲထောက်ခံမှုနဲ့ ပထမဦးဆုံး လူမည်းသမ္မတ ဖြစ်လာချိန်မှာ တချိန်က တရားမဲ့အကြမ်းဖက်မှုများနဲ့ ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ လူဖြူအစိုးရခေါင်းဆောင်များကို ပြစ်ဒဏ်မှ ကင်းလွှတ်ပြီး တိုင်းပြည်ငြိမ်းချမ်းရေး နဲ့ ပြည်သူ့အကျိုးကို ပွင့်လင်းမြင်သာ တရားမျှတသော ဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်နိုင်ခဲ့သူ။
  • ·         သမ္မတရာထူးမှ အနားယူချိန် တိုင်းပြည်နဲ့ ပြည်သူ့အကျိုးကို နေ့တဓုဝ နိုင်ငံတကာ အကူအညီများနဲ့ ဆက်လက်ပံ့ပိုး ဆောင်ရွက်လုပ်ကိုင်ခဲ့သူ။
  • ·         နိုင်ငံတကာ အရေးကိစ္စ၊ အခြေအနေများကို မျက်ချေမပျက် လေ့လာသုံးသပ် အကြံပေး၊ ဝေဖန် တိုက်တွန်းလုပ်ကိုင်ခဲ့သူ။
  • ·         အင်အားကြီးနိုင်ငံကြီးများရဲ့  တရားနည်းလမ်းမမှန် ဆုံးဖြတ်လုပ်ဆောင်ချက်များ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရဲရဲတောက်တောက် ပွင့်ပွင့်လင်းလင်း ရှုတ်ချဝေဖန် ပြောရဲသူ
  • ·         (အမေရိကန် ပြည်ထောင်စု အီရတ်ကို တိုက်ခိုက်သိမ်းပိုက်မှုနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဂျော့ခ်ျ ဘုရှ် (George Bush) နဲ့ အင်္ဂလန်ဝန်ကြီးချုပ် တိုနီ ဘလဲ (Tony Blair) တို့ကို အပြင်းအထန် ဝေဖန်ရှုတ်ချခဲ့သူ –

ဒီလို သမိုင်းမှတ်ကျောက်တင် ဂုဏ်ပုဒ်များစွာနဲ့ ပြည့်စုံတဲ့ ရှားမှရှား (၂၀/၂၁) ရာစုရဲ့  အထင်ရှားဆုံး မြင့်မြတ်သော ပုဂ္ဂိုလ်ထူးကြီး ဆုံးရှုံးသွားတာကို တကမ္ဘာလုံး ဝမ်းနည်းကြေကွဲ စိတ်မကောင်း ဖြစ်ကြတယ်။ အယူအဆ ယုံကြည်ချက် မတူကွဲပြားကြတဲ့ တိုင်းနိုင်ငံအသီးသီးက ခေါင်းဆောင်များက သူကို ပြည်သူ့ခေါင်းဆောင်၊ ကမ္ဘာ့ခေါင်းဆောင်ကြီးလို့ တညီတညွှတ် အသိအမှတ်ပြု ဂါရဝပြုကြတယ်။ နိုင်ငံအတော်များများရှိ သူ့ကိုချစ်ခင်လေးစားတဲ့ ပြည်သူပြည်သားတွေက တောင်အာဖရိကသံရုံးရှေ့  နဲ့ သူ့ရုပ်ထုရှိရာနေရာတွေမှာ လွမ်းသူပန်းခွေ၊ ပန်းစည်းများ၊ အမှတ်တရ အရုပ်များ၊ ပို့စကတ်များနဲ့ ခေါင်းဆောင်ကြီးကို နှုတ်ဆက်ဂုဏ်ပြုကြတယ်။ နိုင်ငံအတော်များများမှာ နိုင်ငံတော်ရုံးများနဲ့ ဌာနဆိုင်ရာများမှာ အလံတဝက်လွှင့်ထူပြီး တလေးတစား ဂုဏ်ပြုဦးညွှတ်ကြတယ်။

သူ အသက်ပေးချစ်တဲ့ တောင်အာဖရိကနိုင်ငံမှာတော့ နိုင်ငံတဝှမ်းမှာ သူ့ကို ဂုဏ်ပြုတဲ့ တေးသီချင်းသံတွေ၊ အကအခုန်များ၊ ငိုကြွေးသံများ၊ ကြည်နူးဝမ်းနည်း ဂုဏ်ပြုစကားသံများနဲ့ လွှမ်းမိုးနေတယ်။ ကမ္ဘာ့နိုင်ငံအသီးသီး ရုပ်သံသတင်းအစီအစဉ်များက သူ့ဘဝအကြောင်း နေ့ညမပြတ် ထုတ်လွှင့်ပြသနေကြတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်များလည်း သူတို့ရဲ့  အရေးကြီးတဲ့ အလုပ်တာဝန်များကို ဘေးချိတ်ပြီး ခေါင်းဆောင်ကြီးကို နှုတ်ဆက်ဂုဏ်ပြုဖို့ ဒီဇင်ဘာလ (၁၀) ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ဈာပနအောက်မေ့ဘွယ်အခမ်းအနားကို ချီတက်ကြတော့တယ်။


အမေရိကန်နိုင်ငံ သမ္မတ Barack Obama နဲ့ သမ္မတဟောင်းများဖြစ်တဲ့ Jimmy Carter, Bill Clinton နဲ့ George W. Bus တို့ သွားရောက်ကြတယ်။ အင်္ဂလန်ဝန်ကြီးချုပ် David Cameron၊ အိမ်ရှေ့ စံမင်းသား Charles, ဝန်ကြီးချုပ်ဟောင်း Tony Blair, Gordon Brown, Sir John Major နဲ့ အတိုက်အခံခေါင်းဆောင်များ၊ ပြင်သစ်သမ္မတ Francois Hollande နဲ့ သမ္မတဟောင်း၊ ဂျာမဏီ ဝန်ကြီးချုပ် Angela Merkel, နယ်သာလန် ဘုရင်ကြီး Willem Alexander,  စပိန်ဝန်ကြီးချုပ် Mariano Rajoy နဲ့ အိမ်ရှေ့ စံမင်းသား၊ ဘရားဇီးသမ္မတ Dilma Rousseff,  ကျူးဘားသမ္မတ Raul Castro, သြစတြေးလျဝန်ကြီးချုပ် Tony Abbott, တရုတ် ဒု-သမ္မတ Li Yuanchao, ဂျပန် အိမ်ရှေ့ စံမင်းသား Naruhito, အိန္ဒိယသမ္မတ Pranab Mukherjee စတဲ့ နိုင်ငံခေါင်းဆောင်များစွာ နဲ့ နိုင်ငံတကာအဖွဲ့အစည်း ခေါင်းဆောင်များ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး Ban Ki-moon, EU ကော်မရှင်ဥက္ကဋ္ဌ José Manuel Barroso တို့နဲ့အတူ Bill Gates, Richard Branson, Bono, Oprah Winfrey စတဲ့ ရာပေါင်းများစွာသော ပုဂ္ဂိုလ်များလည်း ဈာပနအခမ်းအနားကို တက်ရောက် ဂါရဝပြုကြမယ်။ (တက်ရောက်ကြတဲ့ ကမ္ဘာ့ခေါင်းဆောင်စာရင်း အပြည့်အစုံ )

ဒီလို ကြီးကျယ်ခမ်းနား ဂုဏ်ယူဖွယ်ကောင်းလှတဲ့ အောက်မေ့ဘွယ် အခမ်းအနား ထုတ်လွှင့်နေတဲ့ ရုပ်သံသတင်းကိုကြည့်နေရင်း မိမိအတွေးထဲဝင်လာတဲ့ အကြောင်းအရာတခုက ဒီလို နိုင်ငံတကာ အထင်ကရ ခေါင်းဆောင်ကြီးများ တက်ရောက်ဂုဏ်ပြုတဲ့ အခမ်းအနားကို ပျက်ကွက်ကြတဲ့ ခေါင်းဆောင်တွေထဲမှာ အများစုမှာ လူတောမတိုးချင်ကြတဲ့ အာဏာရှင်များ။ ဒီအထဲမှာ ကျနော်တို့ ရွှေမြန်မာပြည်က အရပ်သားအစိုးရခေါင်းဆောင် အမည်ခံ ဗိုလ်သိန်းစိန် နဲ့ အထူးအံ့သြဖို့ကောင်းတာက အာရှ နယ်လ်ဆင် မန်ဒဲလားလို့ ဆိုမှတ်ခံရ၊ ခေါ်ဆိုခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း မတက်ရောက်တာကို တွေ့ရတယ်။

ဘယ်လို အကြောင်းပြချက်တွေရှိလို့ မသွားနိုင်ကြတာလဲ။ နိုင်ငံတော်သမ္မတကြီးအနေနဲ့ အရှေ့ တောင်အာရှ အားကစားပွဲတွေကြောင့်လား။ ဖိနှိပ်သူ အာဏာရှင်ဖြစ်သူမို့ ပွဲလယ်မတင့် မဝံ့မရဲ ဖြစ်လို့လား။ ဗိုလ်ချုပ်မှူးကြီးရဲ့  ခွင့်ပြုချက် မရလို့လား စတဲ့ မေးခွန်းများစွာ ရှိပေမယ့် သူမသွားတာ နားလည်းနိုင်သေးတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် အချိန်ပေးပြီး မသွားရတာလဲ။ ကာတာနိုင်ငံ ဒိုဟာ ညီလာခံ သွားနေရလို့လား။ သွားလာရေးအတွက် ငွေကြေးမတတ်နိုင် စပွန်ဆာ မရှိလို့လား။ တောင်အာဖရိကနဲ့ မြန်မာနိုင်ငံ စီးပွားရေးဆက်ဆံမှုမရှိ၊ မြန်မာ့အရေး ထောက်ပံ့ကူညီနိုင်တဲ့ နိုင်ငံမဟုတ်လို့၊ သေဆုံးသွားသူနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှု မရှိလို့လား စတဲ့ အဖြေမရှိတဲ့ မေးခွန်းပေါင်းများစွာ အတွေးထဲဝင်လာတယ်။

မိမိ ခံစားချက်အမြင်ကတော့ ခေါင်းဆောင်ကြီး မန်ဒဲလား နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က ယုံကြည်ချက်၊ လှုပ်ရှားလုပ်ကိုင် ရပ်တည်ချက် အနီးစပ်ဆုံး၊ ငြိမ်းချမ်းရေးဆုရှင်များ၊ အဖိနှိပ်ခံဖက်မှ ရပ်တည် လူ့အခွင့်အရေး တိုက်ပွဲဝင်သူများ၊ အမျိုးသားညီညွှတ်ရေး သင့်မြတ်ရေးကို အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့သူ နဲ့ ကြိုးပမ်းဆောင်ရွက်နေသူ၊ အကြမ်းမဖက်လမ်းစဉ်နဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုများ တိုက်ပွဲဝင်ခဲ့သူ၊ ၁၉ ရာစု နဲ့ ၂၀ ရာစုမှာ မဟတ္တမဂန္ဓီ နဲ့ မာတင်လူသားကင်၊ ၂၀/၂၁ ရာစုမှာ မန်ဒဲလား နဲ့ ဒေါ်အောင်ဆန်းစုကြည်(?) လို့ မှတ်ကျောက်တင်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာအကြောင်းပြချက်ကြောင့် အချိန်ပေး၊ တလေးတစား လူကိုယ်တိုင် သွားရောက်ဂါဝရပြု ဂုဏ်ပြုခြင်း မလုပ်နိုင်တာကို နားမလည်းနိုင် ဖြစ်ရပါတယ်။


 
ဘယ်လိုပဲဖြစ်ဖြစ် မိမိအနေနဲ့ မြန်မာခေါင်းဆောင်တို့ရဲ့  လုပ်ရပ်ကို ဘေးချိတ်ပြီး… မြန်မာနိုင်ငံသားတဦးအနေနဲ့  ဘုန်းကြီးပြီး အသက်ရှည်သူ၊ သြဇာတက္ကမကြီးပြီး မာန်မာနကင်းရှင်းသူ၊ ရိုးသားပြီး ရဲစွမ်းသတ္တိနဲ့ ပြည့်ဝသူ၊ အဓမ္မဝါဒကို ရဲရဲဝံ့ဝံ့ ပုန်ကန်ဆန့်ကျင်သူ၊ အဃာတတရား ကင်းမဲ့ တရားမျှတမှုကို ရှေ့ ရှုပြီး တမျိုးသားလုံး တန်တူညီတူ၊ အကြောက်တရားကင်းမဲ့၊ ငြိမ်းချမ်းသင့်မြတ်စွာ အတူယှဉ်တွဲ နေထိုင်ရေးကို တည်ဆောက်နိုင်ခဲ့သူ ၂၀/၂၁ ရာစုရဲ့  အမြင့်မြတ်ဆုံး မဟာလူသား ခေါင်းဆောင်ကြီးတယောက် ငြိမ်းချမ်းသောနိဗ္ဗာန်ဘုံမှာ ကောင်းစွာအိပ်စက်နိုင်ပါစေလို့ ဆုတောင်းဦးညွှတ်လိုက်ပါတယ်။

တဆက်တည်း သိမှတ်ဖွယ်ရာ ခေါင်းဆောင်ကြီး မန်ဒဲလား ဘဝအကြောင်း တစေ့တစောင်းကို အကျဉ်းချုပ်ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

       ၁၉၁၈ ခုနှစ် ဇူလိုင်လ (၁၈) ရက်နေ့မှာ တောင်အာဖရိနိုင်ငံ Xhosa လူမျိုးစု မွေးဖွားလာသူ၊ ဖခင်ဖြစ်သူမှာ လူမျိုးစုနွယ် အကြီးအကဲတဦး ဖြစ်တယ်။ ငယ်နံမည်မှာ Rolihlahla Mandela (ရိုလီဟဟ Rolihlahla အဓိပ္ပါယ်က ဒုက္ခပေးသူ – troublemaker) (ဝါ) မဒီဘာ (Madiba) ဖြစ်တယ်။ Rolihlahla အစား Nelson လို့ သူ့ရဲ့  လူဖြူခရစ်ယာန်ဆရာမ က ပြောင်းခေါ်ခဲ့တယ်။ ကိုလိုနီလက်အောက်ကာလမှာ တောင်အာဖရိကလူမျိုးနွယ်တွေရဲ့  အမည်ကို အလွယ်ခေါ်နိုင်အောင် အင်္ဂလိပ်ကျောင်းများမှာ အင်္ဂလိပ်အမည်များကို ပြောင်းပေးခဲ့ကြတယ် (မြန်မာနိုင်ငံမှာလည်း အင်္ဂလိပ်ခရစ်ယာန် ကျောင်းသွားသူတွေမှာ အင်္ဂလိပ်အမည်များရှိကြတယ်)။

       ၁၉၄၄ မှာ Evelyn Ntoko Mase ဆိုသူအမျိုးသမီးနဲ့ အိမ်ထောင်ကျပြီး သားသမီး (၄) ယောက်ရခဲ့တယ်။ သဘောထားမတိုက်ဆိုင်၊ သူ့ရဲ့  တော်လှန်ရေးလှုပ်ရှားမှုကို အားပေးမထောက်ခံလို့ နှစ်ဦးသဘောတူ ၁၉၅၅ မှာ ကွာရှင်းခဲ့တယ်။ ၁၉၅၈ မှာ လူမှုအကျိုးဆောင် Winnie Madikizela နဲ့ ဒုတိယအကြိမ် အိမ်ထောင်ပြုခဲ့တယ်။ (၂၇) နှစ် ထောင်တွင်းအကျဉ်းကျစဉ်ကာလ မိမိရဲ့  နိုင်ငံရေးအန်တုမှုများကို ဆက်လက်ဦးဆောင်တိုက်ပွဲဝင်ခဲ့ပေမယ့် အိမ်ထောင်ရေးဖောက်ပြန်မှု၊ အဂတိလိုက်စားမှုများကြောင့် ထောင်ကလွတ်မြောက်ပြီး ၁၉၉၆ မှာ ကွာရှင်းပြီး၊ ၁၉၉၈ မှာ လေယာဉ်ပျက်ကျ ကွယ်လွန်သွားတဲ့ မိတ်ဆွေသူငယ်ချင်း မိုဇမ်ဘိခ် သမ္မတ Samora Machel ရဲ့  ဇနီး Graca Machel နဲ့ တတိယအကြိမ် အိမ်ထောင်ပြုခဲ့တယ်။ မစ္စ Machel လည်း တဘဝမှာ သမ္မတနှစ်ဦးရဲ့  ကတော်ဖြစ်ခဲ့တယ်။

       ပညာရေး ထူးချွန်သူဖြစ်ပြီး အင်္ဂလိပ် ခရစ်ယာန်သာသနာပြုကျောင်း နဲ့ တောင်အာဖရိနိုင်ငံရဲ့  အကောင်းဆုံးတက္ကသိုလ် Fort Hare နဲ့ Witwatersrand တက္ကသိုလ်များတက်ပြီး ဥပဒေဘွဲ့ ရယူခဲ့တယ်။
၁၉၄၂ ခုနှစ်မှာ အာဖရိကန် အမျိုးသားကွန်ဂရက် (African National Congress) နဲ့ ဆက်သွယ်ပြီး အသားအရောင်ခွဲခြား အုပ်ချုပ်မှု ဆန့်ကျင်ရေး (Anti-apartheid) ကို စတင်လှုပ်ရှားလုပ်ကိုင်ခဲ့တယ်။ အာဖရိကန် အမျိုးသားကွန်ဂရက်ရဲ့  ဦးစွာမူဝါဒမှာ အကြမ်းမဖက် လူထုတိုက်ပွဲဖြစ်တယ်။ နှစ်ပေါင်း (၂၀) အာဖရိကန် အမျိုးသားကွန်ဂရက် လူငယ်အင်အားစုကို ဦးဆောင်ပြီး ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ခဲ့တယ်။ အဲဒီကာလမှာ မိတ်ဆွေ Oliver Tambo နဲ့ လူမည်းများအရေး အကျိုးဆောင် အခမဲ့ ဥပဒေလုပ်ငန်းကို တည်ထောင်ခဲ့တယ်။

       ၁၉၅၆ ခုနှစ်မှာ မန်ဒဲလား နဲ့ အပေါင်းပါ ၁၅၀ ကို လူဖြူအစိုးရက အာဏာဖိဆန်မှု၊ နိုင်ငံတော်ပုန်ကန်မှုနဲ့ ခေတ္တထိန်းသိမ်းခဲ့တယ်။ လူငယ်အင်အားစုက ငြိမ်းချမ်းရေးနည်းလမ်းနဲ့ တိုက်ပွဲဝင်နေတဲ့ အာဖရိကန် အမျိုသားကွန်ဂရက် လှုပ်ရှားမှုကို ဆန့်ကျင်ပြီး ရက်စက်ကြမ်းကြုတ် အကြမ်းဖက်အုပ်ချုပ်နေတဲ့ လူဖြူအစိုးရကို လက်နက်ကိုင်တော်လှန်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ၁၉၆၁ ခုနှစ်မှာ မန်ဒဲလား ကိုယ်တိုင် လက်နက်ကိုင် လှုပ်ရှားမှုကို ထောက်ခံပြီး မြေအောက်တော်လှန်ရေးကို ဦးဆောင်ခဲ့တယ်။ နိုင်ငံတဝှမ်း အစိုးရဆန့်ကျင် လှုပ်ရှားမှု ဖြစ်မြောက်ရေး စည်းရုံးလုပ်ကိုင်နေချိန်မှာ လူဖြူအစိုးရက မန်ဒဲလားကို ဖမ်းဆီးပြီး ထောင်ဒဏ် (၅) နှစ် အပြစ်ပေး ထိန်းသိမ်းခဲ့တယ်။ ၁၉၆၃ မှာ ထောင်ကထုတ်ပြီး တရားခုံရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်တသက်တကျွန်းချပြီး လူသူဝေးတဲ့ Robben ကျွန်းထောင်ကို ပို့ခဲ့တယ်။ အဲဒီမှာ (၁၈) နှစ်ကြာ အကျဉ်းစံခဲ့ရတယ်။ လူဖြူသမ္မတ P.W. Botha က ၁၉၈၂ ခုနှစ်မှာ မန်ဒဲလား ကို အစိုးရဆန့်ကျင် အကြမ်းဖက်နိုင်ငံရေး လှုပ်ရှားမှုများကို ရပ်တန့်ပါက အကျဉ်းထောင်မှ လွှတ်ပေးမယ်လို့ ပြောဆိုမှုကို ငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း နိုင်ငံတကာ နဲ့ ပြည်သူလူထုရဲ့  မန်ဒဲလား လွတ်မြောက်ရေး လှုပ်ရှားမှုများကြောင့် သမ္မတဘိုသာ အစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ခဲ့ပေမယ့် သဘောတူညီမှုများ မရရှိခဲ့ဘူး။ သမ္မတဘိုသာ မနားမကျန်ဖြစ်၊ ရာထူးမှအနားယူပြီး၊ Frederik Willem de Klerk သမ္မတဖြစ်လာပြီးနောက် မန်ဒဲလား နဲ့ သူ့ရဲဘော်များကို လွှတ်ပေးခဲ့တယ်။ မတရားအသင်းအဖြစ် ပိတ်ပင်ထားတဲ့ အာဖရိကန် အမျိုးသားကွန်ဂရက် ကို တရားဝင်ပြန်လည်ဖွဲ့စည်းခွင့် ပြုခဲ့တယ်။

       ထောင်က လွတ်မြောက်လာခဲ့ပေမယ့် နိုင်ငံတကာ အင်အားစုများအနေနဲ့ ဖိအားပေးမှုကို မလျှော့ချပဲ ဒီမိုကရေစီနည်းကျ ရေးဆွဲတဲ့ အခြေခံဥပဒေပေါ်ပေါက်လာရေးကို တိုက်တွန်းလုပ်ဆောင်ဖို့ တောင်းဆိုခဲ့တယ်။ သူ့အနေနဲ့ ငြိမ်းချမ်းသောနည်းနဲ့ လူဖြူလူမည်း ခွဲခြားအုပ်ချုပ်မှုစနစ် ပပျောက်ချုပ်ငြိမ်း၊ ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကြောင်း။ ဒါပေမဲ့ လက်နက်နဲ့ တရားမဲ့ အနိုင်ကျင့်အုပ်စိုးနေသော လူဖြူအစွန်းရောက်ဝါဒ ပျက်သုဉ်း၊ လူမည်းများ ဒီမိုကရေစီစနစ်အောက်မှာ တန်တူမဲပေးခွင့် ရရှိမှ အာဖရိကန် အမျိုးသားကွန်ဂရက်ရဲ့  လက်နက်ကိုင် လှုပ်ရှားမှုကို ဖျက်သိမ်းပေးမယ်လို့ ပြောဆိုခဲ့တယ်။ ၁၉၉၁ ခုနှစ်မှာ အာဖရိကန် အမျိုးသားကွန်ဂရက် က မန်ဒဲလားကို ဥက္ကဋ္ဌ အဖြစ် ရွေးကောက်တင်မြောက်တယ်။ သမ္မတ F. W. de Klerk နဲ့ လူမျိုးစုပေါင်းစုံ ပါဝင်ယှဉ်ပြိုင် ရွေးကောက်မဲပေးနိုင်တဲ့ ပါတီစုံ အထွေထွေရွေးကောက်ခံယူပွဲ ပြုလုပ်ဖို့ ဆက်လက်ဆွေးနွေးတယ်။ လူဖြူအစိုးရက ပူးတွဲအာဏာအုပ်ချုပ်မှုကို လိုက်လျောခဲ့ပေမယ့် လူမည်းအများစုက လုံးဝအာဏာ လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့တာကြောင့် ဆွေးနွေးပွဲတွေ မကြာခဏ ပျက်ပြီး သွေးထွက်သံယို အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပွါးခဲ့တယ်။ ပဋိပက္ခ အဓိကရုဏ်းများကြားမှ သမ္မတ F.W. de Klerk နဲ့ မန်ဒဲလားတို့ တရားမျှတ၊ တန်တူညီတူ အခွင့်အရေးရှိသော ဒီမိုကရေစီစနစ် နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကြိုးစားလုပ်ကိုင်ခဲ့တယ်။ ဒါကြောင့် သူတို့နှစ်ဦးရဲ့  ကြိုးပမ်းမှု အသားအရောင် ခွဲခြားဆက်ဆံရေးစနစ် ချုပ်ငြိမ်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေး စွမ်းဆောင်မှုများအတွက် ၁၉၉၃ ခုနှစ်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့ကြီးက ငြိမ်းချမ်းရေးဆုကို ပူးတွဲ ချီးမြှောက်ခဲ့တယ်။

       ၁၉၉၄ ခုနှစ် ဧပြီလ ၂၇ ရက်နေ့မှာ လူဖြူလူမည်း လူမျိုးနွယ် အသားအရောင်မခွဲခြား တမျိုးသားလုံးပါဝင် မဲပေးခွင့်ရှိတယ့် အထွေထွေရွေးကောက်ပွဲကြီးကို ပထမဦးဆုံးအကြိမ် ကျင်းပခဲ့တယ်။ မန်ဒဲလား က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိပြီး ၁၉၉၄ ခုနှစ် မေလ ၁၀ ရက်နေ့ အသက် (၇၇) နှစ်မှာ တောင်အာဖရိကနိုင်ငံရဲ့  ပထမဦးဆုံး လူမည်းသမ္မတအဖြစ် ရွေးကောက်ခံရတယ်။ အဲဒီနှစ်မှာပဲ ထောင်တွင်းအကျဉ်းကျစဉ်ကာလ လျှို့ ဝှက်ရေးသားခဲ့တဲ့ သူ့ဘဝနဲ့ နိုင်ငံရေးလှုပ်ရှားမှု “လွတ်လပ်ရေး ခရီးရှည်” Long Walk to Freedom စာအုပ်ကို ရေးသားထုတ်ဝေခဲ့တယ်။ သမ္မတသက်တမ်းကာလ (၁၉၉၄-၁၉၉၉) ခုနှစ်အတွင်း လူနည်းစု အသားအရောင်ခွဲခြားအုပ်ချုပ်မှုကနေ တရားမျှတ၊ ပွင့်လင်းမြင်သာသော ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို တည်ဆောက်ခဲ့တယ်။ လူထု စိတ်ဝင်စားတဲ့ အားကစားနဲ့ လူဖြူ-လူမည်း ကွဲပြားမှုကို ပေါင်းစည်းခဲ့တယ်။ တချိန်က လူမည်းတွေ စက်ဆုပ်ရွံမုန်းတဲ့ လူဖြူများကစားတဲ့ Rugby ဘောလုံး အားကစားကို အားပေးဖို့ တိုက်တွန်းပြီး၊ ၁၉၉၅ ခုနှစ်မှာ ကမ္ဘာ့ဖလား Rugby ဘောလုံးပွဲကို တောင်အာဖရိကမှာ လက်ခံကျင်းပပြီး ပြိုင်ပွဲကိုဖွင့်လှစ်၊ ဆုတက်ရောက်ချီးမြှောက်ခဲ့တယ်။ အမျိုးသားစည်းလုံး ညီညွှတ်ရေးနဲ့အတူ ကျဆင်းနေတဲ့ တောင်အာဖရိက စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပြီး လူဖြူ လူမည်း၊ လူနည်းစု၊ လူများစု မခွဲခြား တရားမျှတသော ဥပဒေများကို ပြင်ဆင်ပြဌာန်းခဲ့တယ်။

       ၁၉၉၀ မှာ သမ္မတရာထူးမှ အနားယူခဲ့ပြီး နယ်လ်ဆင် မန်ဒဲလား ဖောင်ဒေးရှင်းဖွဲ့ပြီး နိုင်ငံတကာ အလှုရှင်များ အကူအညီနဲ့ စာသင်ကျောင်း၊ ဆေးရုံ၊ လူမှုရေးကူညီထောက်ပံ့ရေးအဖွဲ့များကို နိုင်ငံတဝှမ်း တည်ဆောက်လုပ်ကိုင်ခဲ့တယ်။ များစွာသောလုပ်ငန်းများနဲ့ မအားမလပ်ကြားက စာအုပ်များစွာ ရေးသားခဲ့တယ် (No Easy Walk to Freedom; Nelson Mandela: The Struggle is my Life; and Nelson Mandela’s Favorite African Folktales)။ ၂၀၀၁ မှာ ဆီးကြိတ်ကင်ဆာ ကုသမှုကို ခံယူပြီး၊ ၂၀၀၄ ခုနှစ် အသက် (၈၅) နှစ်မှာ အချိန်ပြည့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်မှုက အနားယူကြောင်း ကြေညာပြီး သူ့ဇာတိ Qunu ကို ပြောင်းရွှေ့ နေထိုင်ခဲ့တယ်။  ၂၀၀၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ ပင်စင်စား အထင်ကရ ကမ္ဘာ့ခေါင်းဆောင်ကြီးများ နဲ့ ငြိမ်းချမ်းရေးဆုရှင်များကို သူ့အိမ်ကို ဖိတ်ကြားပြီး ကမ္ဘာတဝှမ်း ဖြစ်ပျက်နေတဲ့ ပဋိပက္ခပြဿနာများကို ဝိုင်းဝန်းဖြေရှင်းလုပ်ကိုင်ကြဖို့ နဲ့ ကမ္ဘာတဝှမ်း ဒီမိုကရေစီစနစ် နဲ့ ငြိမ်းချမ်းရေး ဖွံ့ဖြိုးရှင်သန်ရေးအတွက် The Elders အဖွဲ့ကို ဦးဆောင်ဖွဲ့စည်းခဲ့တယ်။ တချိန်တည်းမှာ တောင်အာဖရိကနဲ့ အာဖရိကတိုက်မှာ အဖြစ်များနေတဲ့ အေ့စ်ရောဂါ တိုက်ဖျက်ရေးကို နိုင်ငံတကာအဖွဲ့အစည်း၊ ကမ္ဘာကျော် အနုပညာရှင်များရဲ့  ပံ့ပိုးကူညီမှုနဲ့ လုပ်ကိုင်ခဲ့တယ်။ မန်ဒဲလားရဲ့  နောက်ဆုံး ပြည်သူလူထုကို တွေ့ဆုံနှုတ်ဆက်ပွဲက တောင်အာဖရိနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ၂၀၁၀ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ဖြစ်တယ်။ နောက်ပိုင်း လာရောက်လည်ပတ်ကြတဲ့ ကမ္ဘာ့ခေါင်းဆောင်များနဲ့ ဧည်သည်များကို သူ့နေအိမ်မှာပဲ လက်ခံတွေ့ဆုံခဲ့တယ်။

       ၂၀၁၁ ဇန်နဝါရီလမှာ အဆုတ်ရောင်ရောဂါဖြစ်ပြီး Johannesburg ဆေးရုံကြီးမှာ ဆေးကုသခံယူခဲ့တယ်။ အဲဒီအချိန်ကစပြီး မန်ဒဲလား ကျန်းမာရေး ကျဆင်းလာပြီး မကြာခဏ ဆေးရုံတက် ဆေးကုသခံမှုယူတွေ လုပ်ခဲ့ရတယ်။ နောက်ဆုံးအကြိမ် ဆေးရုံတက် ကုသနေစဉ် ၂၀၁၃ မတ်လမှာ ရောဂါအခြေအနေ ဆိုးဝါးလာတာကြောင့် လက်ရှိ တောင်အာဖရိက သမ္မတ Jacob Zuma က တောင်အာဖရိက နဲ့ ကမ္ဘာတဝှမ်းရှိ ပြည်သူပြည်သားများကို ကျနော်တို့ ချစ်မြတ်နိုးလေးစားသော မဒီဘာ ကျန်းမာရေးအတွက် ဆုတောင်မေတ္တာပို့ကြဖို့ တိုက်တွန်းပြောဆိုတယ်။ ဒါပေမဲ့ ဖြတ်သန်းခဲ့ရသော ဘဝကြမ်းရှည်ကြီးမှ ထာဝရ ငြိမ်းချမ်းစွာအနားယူဖို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ အသက် (၉၅) နှစ်မှာ တောင်အာဖရိကနိုင်ငံ ဗိသုကာကြီး၊ ကမ္ဘာ့ခေါင်းဆောင်ကြီး နယ်လ်ဆင် မန်ဒဲလား (ခေါ်) ပြည်သူ့သားကောင်းအာဇာနည် မဒီဘာ အားလုံးကို နှုတ်ဆက်ထွက်ခွါသွားလေပြီ။

       တခြားထူးခြားတဲ့ မှတ်သားဖွယ်ရာများမှာ အင်္ဂလိပ်ဘုရင်မကြီး အဲလ်လီဇဘတ် ကို အများခေါ်သလို အရှင်သခင် ဘုရင်မကြီးလို့ မခေါ်ဘဲ အဲလ်လီဇဘတ် လို့ခေါ်ပြီး၊ သာမန်သူငယ်ချင်းမိတ်ဆွေလို့ တရင်းတနှီး လွတ်လွတ်လပ်လပ် စကားပြောဆိုခြင်း (http://bit.ly/1e4vYos)။

       သမ္မတဖြစ်ပြီး ပထမဦးဆုံး နိုင်ငံခြားခရီးအဖြစ် ကျူးဘားနိုင်ငံကို သွားရောက်ပြီး သူ့တော်လှန်ရေးတလျှောက်မှာ အများဆုံးကူညီပံ့ပိုးခဲ့တဲ့ ကျူးဘားခေါင်းဆောင် Fidel Castro ကို တွေ့ဆုံခဲ့တယ် (http://youtu.be/4tNF0YkRQjM)။

       ထောင်ကျနေစဉ်ကာလမှာ ဗိုလ်ချုပ်အောင်ဆန်း ကြိုက်နှစ်သက်တဲ့ ကဗျာဆရာ  William Ernest Henley ရဲ့  Invictus နှစ်ခြိုက်စွာ ဖတ်မှတ်ပြီး ရဲဘော်ထောင်သားများကို .. ငါ့ကံကြမ္မာရဲ့  အရှင်သခင်သည် ငါသာဖြစ်သည်။ ငါသည်သာ ငါ့ဝိညာဉ်ရဲ့  ပဲ့ကိုင်ရှင် ဖြစ်သည် … စသဖြင့် ကဗျာကောက်နုတ်ချက်များနဲ့ အားပေးခဲ့တယ် (http://www.poetryfoundation.org/poem/182194)။

       အစောပိုင်း တော်လှန်ရေးကာလမှာ ကမ္ဘာ့အထင်ကရ ခေါင်းဆောင်များဖြစ်တဲ့ အမေရိကန်သမ္မတ Ronald Reagan က ANC ကို နိုင်ငံတကာအကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ပြီး၊ လူဖြူအစိုးရကို CIA အကူအညီနဲ့ ထောက်ခံပြီး အာဖရိကန် အမျိုးသားကွန်ဂရက်နဲ့ တော်လှန်ပုန်ကန်သူများကို ကူညီဖမ်းဆီးပေးခဲ့တယ်။ ၂၀၀၈ ရောက်မှ မန်ဒဲလား အမည်ကို အမေရိကန် အကြမ်းဖက်သမား black list စာရင်းမှ တရားဝင်ဖယ်ရှားခဲ့တယ် (http://bit.ly/1bLamfa)။ အင်္ဂလိပ်ဝန်ကြီးချုပ် Margaret Thatcher ကလည်း လူမည်းအရိုင်း ဦးဆောင်လှုပ်ရှားနေတဲ့ အာဖရိကန် အမျိုးသားကွန်ဂရက်ဆိုတအကြမ်းဖက်အဖွဲ့ဖြစ်ပြီး၊ သူတို့ တနေ့ကျရင် တောင်အာဖရိကနိုင်ငံကို အုပ်ချုပ်နိုင်တဲ့ အစိုးရအဖွဲ့ ဖြစ်လာနိုင်ယ်လို့ မျှော်လင့်သူတွေက လေထဲတိုက်ဆောက်ကြတဲ့ အရူးအိပ်မက်သမားများလို့ လှောင်ပြောင်ပြောဆိုခဲ့တယ်။ နောက်တော့ အင်္ဂလိပ်ဝန်ကြီးချုပ် မာဂရက် သက်ချာ ကို မန်ဒဲလား လက်ခံတွေ့ဆုံခဲ့တယ်  

        
       http://bit.ly/1doj8gi

ကိုးကား ။ ။ http://www.history.com/topics/nelson-mandela


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts