သတင်းပဒေသာ

ဆီးဂိမ်းဖွင့်ပွဲ မီဒီယာ ၀င်ခွင့်ကန့်သတ်၍ အခက်ကြုံ

ဆီးဂိမ်းဖွင့်ပွဲ မီဒီယာ ၀င်ခွင့်ကန့်သတ်၍ အခက်ကြုံ
Yangon Press International Facebook ဒီဇင်ဘာ ၁၁၊ ၂၀၁၃ (YPI)

၄၄ နှစ်ကြာပြီးနောက် ပထမဆုံး အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပသည့် အရှေ့တောင်အာရှအားကစားပွဲ (ဆီးဂိမ်း) ဖွင့်ပွဲနေ့အခမ်းအနား သို့  ပြည်တွင်း နှင့် ပြည်ပ သတင်းမီဒီယာများအား ၀င်ခွင့်ကန့်သတ်လိုက်ခြင်းကြောင့် သတင်းမီဒီယာ သမားများ အခက်အခဲကြုံတွေ့နေရကြောင်း နေပြည်တော်ရောက် သတင်းသမားများက ပြောသည်။

နေပြည်တော်တွင် ရောက်ရှိနေသည့် အမည်မဖေါ်လိုသူ သတင်းသမား တဦးက “အရင်ရက်တွေက E ၀င်ခွင့်ကဒ် ကိုင်ထားတဲ့ မီဒီယာသမားတွေ ၀င်ခွင့်ရမယ်လို့ နားလည်ထားတာ၊  မနက် ၉  နာရီလောက်ကျမှ  E ကဒ်သမားတွေလည်း  ၀င်ခွင့်မပေးဘူး မီဒီယာ ၁ ခုကို ၂ ယောက်နှုန်းပဲ ၀င်ခွင့်ပေးမယ် သတင်းထွက်လာတယ်၊ တခါနောက် နာရီဝက်လောက်ကြာတော့ မရပြန်ဘူး၊ သတင်းဋ္ဌာနတခု ၂ ယောက်ပဲ ဆိုပြီးပြန်ဖြစ်သွားတယ်၊ နေပြည်တော်ကို စရိတ်အကုန်ခံ လာပြီးတော့ အခုလိုဝင်ခွင့်မရတာက တော်တော်ဆိုးတယ်”  ဟုပြောသည်။

ယခုကဲ့သို့ နာရီပိုင်းအလိုတွင်မှ ၀င်ခွင့်ရမရကို ကြေညာ အသိပေးခြင်းသည် စီမံခန့်ခွဲမှု ညံ့ဖျင်းမှု တခုအဖြစ် သတင်းမီဒီယာ သမားများက ပြောဆိုပြီး ၊ ယခင်ရက်ပိုင်းကတည်းက ၀င်ခွင့်ပြုမည် မပြုမည်ကို ရှင်းလင်းစွာ အသိပေးထားသင့်ကြောင်းလည်း သတင်းထောက်တဦးက ဝေဘန်ပြောဆိုသည်။
မီဒီယာ သမားများ ၀င်ခွင့်ကဒ်ထုတ်ပေးခြင်းနှင့် အရေအတွက်မည်မျှ ၀င်ခွင့်ပြုမည်ဆိုခြင်းတို့ကို ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ တာဝန်ယူဆောင်ရွက်လျှက်ရှိသည်။ 

ဝန်ကြီးဋ္ဌာနမှ အရာရှိတဦးက ပြောဆိုရာတွင် ဖွင့်ပွဲအခမ်းအနားရှိ မီဒီယာ corner (သတင်းရယူရန် သတ်မှတ်နေရာ)တွင် လူ ၃၀၀ အတွက်သာ နေရာရှိပြီးယင်းအတွက်  လျှောက်ထားသည့် ပြည်တွင်း ပြည်ပ မီဒီယာသမား  ၃ ထောင်ဝန်းကျော် ရှိသည်ဟု သိရသည်။ ယနေ့နံနက်ပိုင်းက သတင်းထောက်များ၏ မေးမြန်းမှုကို   ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က ဖြေကြားရာတွင်မူ နိုင်ငံတကာ လုံခြုံရေး စံနှုန်းများအတိုင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း  ပြောဆိုသွားသည်။

နေပြည်တော်တွင် ဆီးဂိမ်းတွင် ပြည်ပသတင်းထောက်များ ၀င်ခွင့်ကဒ်နှင့် သတင်းရယူခွင့်ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ပေးနေသူ ဦးစောလင်းအောင်က ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာတွင် သတင်းမီဒီယာများ ၀င်ခွင့်နှင့်ပတ်သက်သည့် ၀န်ကြီးဋ္ဌာနများ၏ ကိုင်တွယ်ဆောင်ရွက်ပုံမှာ  နိုင်ငံအတွက် အရှက်ရဖွယ်ဖြစ်ကြောင်းရေးသားဖေါ်ပြထားသည်ကို  ယနေ့ နံနက်ပိုင်းတွင် တွေ့ရသည်။

သတင်းသမားများသာမက ဆီးဂိမ်း လိုဂို၊ တေးသီချင်းရေးဖွဲ့ သီဆိုသည့် တေးရေးသူများနှင့် အဆိုတော်များပါဝင်သည့် လူ ၃၀ နီးပါး အဖွဲ့ပင်လျင် ၀င်ခွင့်ကဒ် စာရင်းထဲ မပါရှိသည့် အဖြစ်ကို ဖွင့်ပွဲ မစတင်မီနာရီပိုင်းအကြာတွင်မှ သိရှိရသည့် အဖြစ်အပျက်ဖြစ်ပွားခဲ့ကြောင်းလည်း တေးရေးသူတဦးနှင့် နီးစပ်သူထံမှ သိရှိရသည်။

ပြည်တွင်းမှ သတင်းမီဒီယာ သမားများဝင်ခွင့်ရရေး အခက်အခဲကြုံတွေ့နေရသကဲ့သို့ နိုင်ငံတကာမှ လာရောက်သတင်းယူသူများထဲတွင်လည်း ကဒ် လျှောက်ထားပြီးဖြစ်သော်လည်း စာရင်းထဲ မရှိခြင်း ၀င်ခွင့်ရမရ အကြောင်းပြန်ကြားချက်မရ ရှိခြင်း၊ နေပြည်တော်ရောက်ရှိလာပြီးနောက်မှ ၀င်ခွင့် စာရင်းထဲတွင် မပါရှိသေးကြောင်း သိရခြင်း စသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ပြည်ပ သတင်းထောက်တချို့၏ ပြောဆိုချက်အရ သိရှိရသည်။

ဆီးဂိမ်းဝင်ခွင့် နှင့်ပတ်သက်၍ အမျိုးသား အိုလံပစ်ကော်မတီ၊ NOC ၊ ပြန်ကြားရေး ၀န်ကြီးဋ္ဌာန အစရှိသည့် ဋ္ဌာနများမှ ကိုင်တွယ်ဆောင်ရွက်လျှက်ရှိသည်။
မြန်မာနိုင်ငံ အနေဖြင့် ၁၉ ၆၉  ခုနှစ်ကျွန်းဆွယ် အားကစားပွဲ နောက်ပိုင်း ယခုဆီးဂိမ်း အားကစားပွဲ ပထမဆုံးအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts