Hay Man Thazin သောင်းပြောင်းထွေလာ
Hay Man Tha Zin – Still like old days, old ways …
အရင်တုန်းကလိုပဲလား…
ဟေမန်သဇင်၊ စက်တင်ဘာ ၇၊ ၂၀၁၃
အချိန်ကလည်း ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ် ဆုကိစ္စ ကြောင့် ကျောင်းတွေပိတ်ထားတဲ့ အချိန်ဆိုတော့ ကိုယ်တို့ တွေလည်း အရေးအခင်းအရှိန် က အတော်တက်နေချိန်ကိုး။ ဘာ ညာ ကောင်စီဝင်တို့  ဘာတို့  အဲလို မဆလပါတီ ကြီးကို မျက်စိ စုံမှိတ် ကာကွယ်နေတဲ့ သူ နဲ့ များဆုံလိုက်ရရင် အမျိုးလည်း အလွတ်မပေး။ အမျိုးမိတ်ဆွေ လည်း အလွတ်မပေး။ ဒီဘိတ် (Debate) ပဲ..သူပြောကိုယ်ပြောပေါ့။  ဇာတိရပ်ရွာလို နေရာမျိုး ဆိုတာ လူကြီးသူမ က ပြောလို့  ကိုယ်က မကြိုက်ရင်တောင် အသာငြိမ် နေ ဒါမှမဟုတ် မသိလိုက်မသိဖာ စကားပြောင်း ဒီလို ယဉ်ကျေးမှု့  နဲ့  အထာကျနေတဲ့ နေရာ။
            အဲ လို နေရာမျိုးမှာ ကျမတို့ တည်းတဲ့ ဆွေမျိုးတွေ နဲ့ အင်မတန် ရင်းနှီးတဲ့ မိတ်ဆွေ က ရန်ကုန် က ဧည့်သည် ကျမတို့ ကို ညစာဖိတ်ကျွေးပါလေရော။ အစစအရာရာ အဆင်ချောနေရာ က ဗြုန်းဆို အဲဒီတုန်းက အရမ်းဟော့ခဲ့ တဲ့ ငြိမ်းချမ်းရေး ကျောက်တုံး အကြောင်း ဆီ စကား ရောက်သွားတော့တယ်။ အဲဒီကျောက်တုံး ကို  ဂျပန်ကနေ ပေးတာ။ ဘာကြောင့် လဲ ဆို တာ မမှတ်မိတော့ပေမဲ့ အဲဒီအချိန်မှာ ကျောက်တုံးကြီး ရောက်လာတော့ လေဆိပ်မှာတင် သူတို့ ရဲ့ တွင်း ၁,၂,၃ တို့ အကြီးအကျယ် ကြိုဆို တဲ့ သတင်းတွေက မျက်နှာဖုံးပြည့်။ ကိုယ့်တိုင်းပြည် က လူတယောက်နိုဘယ်လ် ဆု ရတာကိုတော့ သတင်း မှာ အတို လေးတောင် မပါတဲ့ အချိန်။ သူက ဒီကျောက်တုံး ကို လက်ခံရတာ တိုင်းပြည့် ဂုဏ်ကို မြှင့်ရာရောက်တယ်ဆို တဲ့ အကြောင်းပြော တော့ တာပဲ။ အဲ ဒီမှာ ကိုယ်လည်း မနေသာ ပဲ ကိုယ်မြင်တဲ့ အမြင်တွေ ကို ပြောတော့  သူက မင်းတို့ ကျောင်းသားတွေက သူပုန်စိတ်ပဲ တဲ့ ။ အားလုံးကို မကောင်းဖူးလို့ ပဲ မြင်တာကိုးတဲ့ ။ သူတို့ တွေ က ဒီစံနစ်ကြီးကောင်းအောင် လုပ်နေတာ အများကြီးပဲလို့ ဆိုပြန်တယ်။ ဒီတော့ ကိုယ်လည်း မထူး တော့မဲ့ တူတူ ပြီးအောင်တော့ ပြောသွားအုံးမှ ပဲ ဆို ပြီး ဆက်ပြော ဖြစ်တယ်။
            စံနစ်ကလည်း အဆင်မပြေ။ စံနစ်မှာ လုပ်နေတဲ့ သူတွေလည်းအဆင်မပြေ။ ကိုယ်အကောင်အထည်ဖော် တာကို တာဝန်ယူတာလည်းမရှိ။  မအောင်မြင်ခဲ့ ရင် လည်း သင်္ခန်းစာမယူ။ ကောင်းအောင် ဘယ်လို လုပ်မယ်လဲ မရှိ။ အလုပ်မဖြစ်လည်း ဒီတိုင်းပဲ ဆိုတော့ ရည်ရွယ်ချက် ဘယ်လောက်ကောင်းတယ် ပြောပြော ပြည်သူတွေက ဘယ်လို လက်ခံနိုင်မလဲဆိုပြီး အဲဒီတုန်းက အဆီအငေါ်မတည့်တာတွေ အများကြီးထဲ က တချို့ ဟာလေးတွေကိုပဲ ပါးပါးလေး ပြောပြခဲ့တယ်။
            ပြီးတော့ ရထားလက်မှတ် မှောင်ခိုတွေ ပပျောက်အောင်ဆိုပြီး ခရီးသွားသူတွေ ကိုယ့်ဖာသာ တန်းစီပြီး ၀ယ်ရမယ် ဆို တာ ဖြစ်ပြန်ရော ။ ရည်ရွယ်ချက်ကကောင်းပါတယ်။ တကယ့် ခရီးသည်တွေ လက်မှတ်ဖိုး အပိုကြေး မကုန်အောင်ပေါ့။ တကယ်တန်းကျတော့ ညဖက်မှာ ခရီးသွားမဲ့ သူ က လက်မှတ်မရမှာ စိုးလို့ မနက်အစောကြီး တန်းစီ..ဘူတာဆင်းဖို့ အထုပ်တွေ ပါ တခါတည်း ယူ။ လက်မှတ်မရ သေးခင်မှာ တန်းစီနေတဲ့အထဲ ကလည်း မထွက်ရဲ။ အပေါ့အပါးက သွားချင်..ရောက်လိုက်ကြတဲ့ဒုက္ခ ဆိုတာ။ တခါ အဲဒီမှာ လက်မှတ်မရခဲ့ ပြန်ရင် နောက်နေ့ အတွက် ဆက်တန်းစီ ဆိုတော့.. ဘူတာရုံ ကြီး မှာ. .လေဆိပ်. သဘောင်္ဆိပ် တွေမှာ ခရီးသွားတွေဟာ ထမင်းထုပ်.အိပ်ယာလိပ် ဒါတွေအပြင် အပေါ့ အပါးသွား ရင် လူစားထားခဲ့ ဖို့ အပို လူပါ ခေါ်ရဆိုတော့.. မဖြစ်မနေ ကြောင့်သာ သွားနေလာနေရတယ်။ တစက်မှကို အဆင်မပြေတာ။
အဲဒီ စံနစ်တွေ မှာ ဘာအားနည်းချက်တွေ ရှိလဲ ဆိုတာ ဆိုင်ရာ ကကော လာလေ့လာခဲ့ သလား။ ဘယ်လို ကောင်းအောင်ပြန်လုပ်ပေးသလဲ။  ဒါပေမဲ့ နောက်ဆုံးတော့ ဘယ်သူ့ မှ လဲ မလိုက်နာ နိုင်တော့ ဒုံရင်း ပြန်ဆိုက်တော့ တာပဲ။ ကိုယ်က ဒါတွေပြန်ရှင်း ပြ ပေမဲ့  တရားသေ စွဲမိစွဲရာ ဆုပ်ထားသူတွေ ကတော့ ဒါမျိုးတွေ ဘယ်ကြားချင်ပါ့မလဲ။ အပြန်လမ်းမှာ ကျမ အမျိုး က ပြုံးပြုံးကြီးနဲ့ ။ မြို့ကျောင်းသူ ငါ့တူမ လျှာစောင်းတယ်ထက် သကိုး တဲ့။
တကယ်တော့ အဲဒီပုဂ္ဂိုလ်ကြီး ပြောသလို ကျောင်းသားတွေက သူပုန်စိတ်ကြီးပဲ ဆိုတာ မဟုတ်ပါဘူး။ အုပ်ချုပ်သူတွေ က ပြည်သူတွေကို အမြဲ အပြစ်ဖို့ အပြစ်မြင် နေတာပါ။ မလိုက်နာနိုင်တဲ့ စည်းကမ်းတွေ မျိုးစုံ ထုတ်ပြီး မလိုက်နာ နိုင်ကောင်းလား ဆိုပြီး အပြစ်တင်ဖို့ အမြင်နဲ့ ပဲ ကြည့်တာကိုး။ သူတို့ တွေ လိုက်နာနိုင်အောင် ဘယ်လိုလုပ်ပေးရပါ့မလဲ ဆိုတဲ့ စိတ်စေတနာ မရှိတာပါ။
အခုလည်း  စိတ်ဝင်းစားစရာ သတင်းလေး တွေ့ လိုက်ပြန်တယ်။” မြန်မာနိုင်ငံတွင် ပထမဆုံး ပြုလုပ်မည့် ကိုယ်ပိုင်ယာဉ်များ မသုံးရနေ့ ကို အချိန် ကိုးနာရီကြာ သတ်မှတ်မည်။” သတင်းကို ဖတ်လိုက်တော့ စက်တင်ဘာ ၂၂ မှာ လုပ်မယ်။ နံပါတ်အနက် ကားတွေ သတ်မှတ်ချိန် မထွက်ရ။ ထွက်ရင် တရားဝင်အရေးမယူပင်မဲ့ ကားနံပါတ်တော့  မှတ်ထားမယ်။ ဒါပေမဲ့ဒီလို တာဝန်ထမ်းဆောင်သူ တွေကို မခြေမငံ ပြန်ဆက်ဆံရင် တော့ တည်ဆဲ ဥပဒေနဲ့  အရေးယူမယ် လို့ ဖတ်လိုက်ရတယ်။ ဘယ်လို ကားတွေ အကျုံးဝင်ပြီး ဘယ်မြို့နယ်တွေ အကျုံးမ၀င်ဖူး။ ဒါတွေနဲ့ ပတ်သက်လို့  ပညာပေးအစီအစဉ်တွေ လုပ်ဖို့ ရှိတယ်လို့ သာပါပြီး  အသေးစိတ် မရေးထားတော့ ဘာရည်ရွယ်ချက်မှန်း လည်း မသိရပါ။         ဘယ်လို လိုက်နာရမလဲမသိ။
            ကားကျပ်တာကို ကာကွယ်ချင်လို့ လား။
ကာဘွန် ဖုပရင့် (Foot Print) လျှော့ချင်လို့ လား။ ဘာမှမသိရပါ။
သိချင်သူတွေ လိုက်နာချင်သူတွေ ဘယ်မှာ ရှာဖွေ ဖတ်နိုင်မလဲ ..
တနေ့ တနေ့  ကိုယ်ပိုင်ယဉ် စီးပြီး သွားလာနေသူ အရည်အတွက် မှန်းခြေ အဆင်သင့်ရှိပါသလား။
အဲဒီ ထဲ က ဘယ်နှစ်ရာခိုင်နှုန်းက အားအားရားရား အလုပ်မရှိပဲ ကိုယ်ပိုင်ကားတ၀ီဝီ နဲ့  သွားနေသလဲ။ 
 အဲ ဒီ နေ့ မှာ တိုးလာမဲ့ အရေအတွက် အတွက် ဘတ်စ်ကားစီးရေ များ အငှားယာဉ်များ တိုး ချဲ့ ထားပါသလား။..
ကိုယ်ပိုင်ယဉ်နဲ့  အလုပ်သွား ကျောင်းသွား သူများ အဲဒီနေ့ မှာ အလုပ်နား ကျောင်းနားနေရမလား။
အသိပေးပညာပေးအစီအစဉ်ကို မသိလိုက်ရ မကြားလိုက်ရသူများ အတွက် အဲဒီနေ့ မှာ ပြေပြေပြစ်ပြစ်ရှင်းပြ မဲ့ ဆိုင်ရာ ၀န်ထမ်းများကော ဘယ်လောက်အသုံး ပြုပါမလဲ။
အဲဒီနေ့  အဲဒီအချိန်မှာ အရေးပေါ်ကိစ္စ ..ကျန်းမာရေး နာရေး များ ပေါ်ခဲ့ လို့ သွားဖို့ ရာ ရှိခဲ့ ရင်ကော..ဘယ်လို ဖြေရှင်းရမလဲ ဆိုတာ အကြံပြုထားပါသလား…
လားပေါင်းများစွာ အတွက် စဉ်းစားအဖြေရှာ ထားနိုင်ရင်တောင် မသိနိုင်သေးတဲ့ ပြသနာတွေ အများကြီး တွေ့ နိုင်ပါသေးတယ်။
            ကောင်းတဲ့ ရည်ရွယ်ချက်တွေ အကောင်အထည်ဖော်တိုင်း လိုက်နာရမဲ့ ပြည်သူတွေ အဆင်ပြေပြေ ချောချောမွေ့ မွေ့ လိုက်နာနိုင်ဖို့  အတွက်ဦးစားပေး စဉ်းစားသင့်ပါတယ်။
            ဒီဖက်အခြမ်းမှာတော့ တနေရာ ကတနေရာ သွားရ လာရ ဝေးလွန်းတော့  တချို့ နေရာတွေဆို ဘတ်စ်ကားစီး ရထားစီးဖို့ အဆင်မပြေနိုင်ပါဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံး ကိုယ်ပိုင်ယဉ်နဲ့  မသွားဖို့ ကိုတော့ အားပေးပါတယ်။
 မတတ်သာလို့ သွားရရင်လဲ ကားတစီးလူတယောက်ထက် ၂ယောက်၃ယောက် ဖြစ်စေချင်တယ်။ ဒါကြောင့် ကိုယ့်အလုပ်မှာ အိမ်နီးချင်း ဒါမှမဟုတ် ကိုယ်သွားမဲ့  လမ်းကြောင်းနဲ့ အဆင်သင့်ရင် တပါတည်း ပေါင်းသွားဖို့ အားပေးပါတယ်။ အဲလို လုပ်သူတွေကို အားပေးတဲ့ အနေနဲ့  သူတို့ အတွက် လမ်းကြော (Car Pool Lane) သတ်သတ် ထားပေးပြီး ၂ယောက်နဲ့ အထက် ပါတဲ့  ကားတွေကို သာ ရုံးအဆင်းအတက် အချိန်သတ်မှတ်ပြီး ပေးမောင်း ပါတယ်။
တယောက်ထဲ သမားတွေ က ယဉ်ကြော ကြပ်တဲ့  လမ်းကြောမှာ..ဒါပေမဲ့  ဟို ကားတွေက တော့ သူတို့ အတွက်သီးသန့် ထားတဲ့ လမ်းမှာ ဆိုတော့ ကားက ရှင်း ..သွားရမြန် နဲ့ ဒီစံနစ်ကို လုပ်ချင်စိတ် ပူးပေါင်းပါဝင်လိုစိတ်တွေ ရှိလာတာပေါ့။
ဒါ့အပြင် ကား ကြုံ လိုက်ချင် လို့ ပဲဖြစ်ဖြစ်၊ ကားကြုံတင်ချင်လို့ ဖြစ်ဖြစ် လိုက်ချင်တင်ချင်သူတွေ အတွက်လည်း လိုက်နိုင်တဲ့ နေရာ ဆင်းရမဲ့ နေရာ သတ်မှတ်ထားတဲ့ အပြင် ကြုံနိုင်မဲ့ အနှေင့်အယှက် တွေလည်း ပညာပေး ရေးထားတဲ့  Website တွေလည်း ရှာပြီး ဖတ်နိုင်ပါသေးတယ်။ ဒီလို မှ အဆင်မပြေရင်တော့ ကားတစီး လူတ ယောက်သာ မောင်းပေတော့ပေါ့။
            ပြီးရင်ရာသီဥတု အခြေအနေ အရ တချို့ အချိန်တွေဟာ ဖန်လုံအိမ်ဓါတ်ငွေ့ ပိုထွက်စေဖို့ ရာ အခြေအနေ ရှိတတ်ပါတယ်။ အဲလို နေ့ မျိုးဆို သတင်းတွေမှာ ကြိုပြီးကြေငြာပြီး အကြောင်းကိစ္စကြီးငယ်မရှိပဲ ကားအသုံးမပြုဖို့ အကြံပေးပေမဲ့  အတင်းအဓမ္မ ဒဏ်ရိုက်တာ ဖမ်းဆီးတာ မရှိပါ။ ဒါပေမဲ့ အိမ်ပြင်မှာ ထင်းနဲ့  အသားကင်တာတို့ တော့ လုံးလုံးမလုပ်စေပါဖူး။
            အခုလည်းကောင်းမွန်သန့် ရှင်းတဲ့ အစိုးရ ဖြစ်ဖို့ ကြိုးစားနေတဲ့ ဒီအချိန်မှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်တိုင်း ပြည်သူတွေ အဆင်ပြေလိုက်နာနိုင်ဖို့ အစအစအရာအရာ စဉ်းစားသုံးသပ်ပြီး နည်းလမ်း ရှာဖွေ ထားသင့်ပါတယ်။ ပြီးရင်လည်း ကြုံရအုံးမဲ့ ပြဿနာ တွေကို လည်း တာဝန်ယူနိုင်တဲ့စိတ် နဲ့  ဖြေရှင်းသင့်ပါတယ်။ ပြည်သူတွေကို အပြစ်မြင်တဲ့ အမြင် တွေ ဖျောက်ပြီး သူတို့ ကြုံရမဲ့ အခက်အခဲ တွေကို ကူညီဖြေရှင်းဖို့ ပြင်ဆင်ထာားသင့်ပါတယ်။ စိန်ခေါ်မှု့ ဆိုတာ အစိုးရတိုင်းကြုံရတာပါပဲ။
အခုကိစ္စကတော့ ပြည်သူတွေရဲ့ စိန်ခေါ်မှု့ မဟုတ်ပဲ ကိုယ့်ဖာသာ ကိုယ့်အစွမ်းကို စိန်ခေါ်လိုက်တာလို့ ပဲ မြင်မိပါတယ်။ ဒီစိန်ခေါ်မှု့ တွေ အတွက်တကယ့် ကို အဆင်သင့်ဖြစ်နေပြီလား။ ဒါမှမဟုတ်..ဟိုတုန်းကလိုပဲ ……ပြီးတော့လဲ ပြီးသွားတာပဲလို့ ပဲ သဘောထားမှာလား….
             ကိုယ်တွေပြည်သူတွေကတော့ နဲနဲ လောက် အဆင်ပြေအောင် လုပ်ပေးနိုင်ရင်တောင် များများကြီး ချီးမွမ်းတတ်သူတွေမို့  ကမ္ဘာပေါ်မှာ သဘောအကောင်းဆုံး ပြည်သူဆု ပေးရင် ပြိုင်ဖက်မရှိ ရမှာတော့ အသေအချာရယ်။
            ဒီတော့ ကံကောင်းပါစေ…လို့  ဆုတောင်းပေးရင်း အကောင်းဆုံး အစီအစဉ် တွေနဲ့ လုပ်သွားနိုင်တာကို လည်း မြင်ရ တွေရ့ ကြားရပါစေလို့ လဲ ကိုယ့်ဖာသာလည်း ဆုတောင်းလိုက်ပါတယ်။ ဒါ့အပြင် အရင်တုန်းကလိုပဲလား လို့ လဲ သိချင်စိတ်က လည်း ရှိနေပြန်သေးတယ်။
Sept. 06
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts