ဖွတ်ကလေးနှင့် အီကြာအော် နှာစေးရခြင်းအကြောင်းရင်း
အီကြာအော်
စက်တင်ဘာ ၇၊ ၂၀၁၃
အီကြာအော်တစ်ယောက် အခုတလော နှာစေးစေးနေရသည်ကို အတော်ပင် စိတ်ညစ်နေသည်။ သူနှာစေးရခြင်း၏ အကြောင်းရင်းမှာ တပည့်ကျော် ဖွတ်ကလေးတစ်ယောက်ကဲ့သို့ မိုးမိ၍ မဟုတ်ချေ။ မိုးတွင်းဖြစ်၍ မိုးများ သည်းထန်စွာရွာသောကြောင့် ဖွတ်ကလေးတစ်ယောက် တလောက မိုးမိကာ နှာစေးသည် မဟုတ်ပါလား။
အီကြာအော်တစ်ယောက် အတွေးနယ်ချဲ့မိသည်။ အသက်အရွယ်ကပဲ ကြီးလာလို့ မိမိပဲ နှာပိုစေးရတာလား တွေးမိသည်။ အဖြေမရှိချေ။ အများနှင့်တစ်ယောက် ဖြစ်နေသည်မို့ နှာစေးနေရသည်က များသည် မဟုတ်လော။
“ဟေ့ကောင် ဖွတ်ကလေး မင်းက အခုတလော ပျောက်ချက်သား ကောင်းလှချေလား။ ဘာဂွင်တွေ တွေ့နေပြန်ပြီလည်း။”
ဆိုင်မဆင့် ဗုံမပါရောက်လာသော တပည့်ကျော်ဖွတ်ကလေးကို ထုံးစံအတိုင်း အီကြာအော်က ခနဲ့၍ မေးလိုက်လေသည်။
“ကျွန်တော်နှာစေးနေလို့ အခုပျောက်သွားတာတောင် မကြာသေးဘူး ဆရာအော်ရေ။ ကွမ်းယာဆိုင်က ဆေး တစ်ဖုံ ၀ယ်စားတာ မသက်သာတာနဲ့ ဆရာဝန်ဆီသွားပြီး ပြလိုက်ရသေးတယ်”
ဖွတ်ကလေးက အီကြာအော်ကို မရဲမရဲ ပြောလိုက်သည်။ အီကြာအော်က ဆရာဝန်ဆီသွားလျှင် မလိုအပ်ပဲ ဆေးထိုးတတ်သည်ကို ပြော၍ ခြောက်ထားသည် မဟုတ်ပါလား။
“အခုခေတ် ဆရာဝန်ငယ်လေးတွေက မဆိုးဘူး ဆရာအော်ရဲ့ ။ သောက်ဆေးပဲပေးပြီး သေချာရောဂါအကြောင်း ရှင်းပြတယ်”
“ဟင်…၊မင်းဟာကကွာ ကြားရတာ ငါ့နားဝမှာတောင် မယုံချင်ဘူး”
“တကယ်ပါ ဆရာအော်ရဲ့ ”
“အခုဆရာဝန်လေးတွေက အင်တာနက်နဲ့ ဖွဘုတ်တွေ သုံးပြီး အပြည်ပြည်ဆိုင်ရာကို အမီလိုက်မယ် ပြောတာပဲ”
“ဟုတ်မှလည်း လုပ်ပါ ဖွတ်ကလေးရယ်” အီကြာအော်က မယုံကြည်သော လေသံဖြင့် ဖွတ်ကလေးကို ပြောလိုက်သည်။
“အေးလေ မင်းနှာစေးတာ ပျောက်ဖို့ကတော့ ဆေးရှိမယ်။ ငါနှာစေးတာကတော့ ပျောက်ဖို့ဆေး မရှိလောက်ဘူး”
“ဆရာအော် အဲဒီဆရာဝန်လေးဆီ သွားပြပါလား၊ သဘောလည်းကောင်းတယ်။ ငွေလည်း သိပ်မယူဘူး”
ဖွတ်ကလေးက ပြောရင်းဆိုရင်းဖြင့် အီကြာအော်ကို သူ့အိပ်ကပ်ထဲမှ နှာရှူဆေးတောင့်ကို ထုတ်၍ပေးလေသည်။
“ဟေ့ကောင် ဖွတ်ကလေး သွားစမ်းပါကွာ။ မင်းရဲ့  ရှူဆေးဘူးကြီးက ဘာလုပ်တာလည်း”
“ဆရာအော်ပဲ နှာစေးနေတယ်ဆိုလို့ စေတနာနဲ့ ပေးတာပါ ဆရာရဲ့ ။”
“ဟေ့ကောင် ဖွတ်ကလေး၊ ငါနှာစေးတယ်ဆိုတာ နှာခေါင်းပိတ်နေတာ ပြောတာမဟုတ်ဘူး”
အီကြာအော်က ဖွတ်ကလေးကို ကျွဲမြီးတိုစွာဖြင့် ပြောလိုက်သည်။
“အဲဒါဆို ဘာများပိတ်နေတာလည်း”
“မင်းဘကြီးတယ်မှ။ ငါပိတ်နေရတာက ငါ့ပါးစပ်ကွ။”
“ဆရာအော် အခုတော့ ကျွန်တော့ကို စကားပြောနိုင်နေသားပဲ”
“မဟုတ်ဘူးကွ၊ မင်းကလည်း ဒုန်းဝေးလိုက်တာကွာ၊ အမြင်မတော်တာတွေ မပြောမိအောင် ငါ့ရဲ့  ရွှေပါးစပ်ကို ပိတ်နေရတာ ပြောတာကွ”
“ဘာတွေများ အမြင်မတော်တာတွေ ဖြစ်နေလို့လည်း ဆရာအော်ရဲ့ ”
“ပြောရရင်တော့ အများကြီးပေါ့ကွာ”
“ဥပမာလေးဘာလေး ပေးပါဦးလား ဆရာအော်”
“တလောက အညာမှာ ရွှေဆိုင်တစ်ဆိုင်ကနေ စတဲ့ပြသနာကို သိတယ်မဟုတ်လား”
“ဟာ….သိပ်သိတာပေါ့ ဆရာအော်ရဲ့ ”
“အဲဒီကိစ္စကနေစပြီး ငါတော့ တော်တော် နှာစေးလိုက်ရတယ်”
“ဆရာအော် နှာစေးတာကလည်း ထူးဆန်းသားပဲ၊ နှာစေးချင်တယ်ဆို စေးလို့ရတယ်နော်”
“မစေးနေရင် ငါ့ကို အရပ်ထဲက သံပုံးတီးပြီးထုတ်မှာကိုးကွ”
“ဘာဖြစ်လို့လည်း ဆရာအော်ရဲ့ ”
“တို့လူမျိုးက ငါနဲ့မတု ငါ့ ရန်သူတွေ များတယ်လေ”
“ဆရာအော်က ဘာတွေများ သူများတွေနဲ့ မတူလို့လည်း”
“ပြောရရင်တော့ ရှော့ရှိသကွ”
“မတူညီတာတွေဘေးချိတ်ပြီး ငြိမ်းချမ်းစွာနေမှ လူ့ရွာသာယာမှာပေါ့ကွာ”
“ဘာတွေမတူညီတာလည်း ဆရာအော်”
“ပြောရရင် ဘာသာရေးနဲ့ လူမျိုးရေးအမြင်တွေပေါ့”
“လူဆိုတော့လည်း သွေးဆူတာပေါ့ ဆရာအော်ရဲ့ ၊ လူတွေက တောင်ပြောမြောက်ပြော ပြောကြတော့လည်း ယုံထင်ကြောင်ထင် ဖြစ်မိတာပေါ့”
“အရေးကြီးတာက တောကြောင်တွေ လက်ခမောင်းခတ်တဲ့ ကိစ္စပဲ ဖွတ်ကလေးရဲ့ ”
“ဆရာပြောသလို လက်ခမောင်းခတ်တဲ့ တောကြောင်တွေတော့ ကျွန်တော် မမြင်ဘူးဘူး၊ အဲဒီကြောင်တွေက လူတွေလိုပဲ လက်ခမောင်း ခတ်တတ်သလား”
“မင်းကလည်း တမှောင့်၊ တောကြောင်ဆိုတာ အခွင့်အရေးသမားတွေကို ပြောတာကွ”
“တောမီးလောင်တဲ့အခါမျိုးမှာက အခွင့်အရေးသမားတွေက ပျော်တာပေါ့၊ သူတို့က သူများဒုက္ခရောက်နေတုန်း အခွင့်ကောင်းယူပြီး သူတစ်ပါးရဲ့  ပစ္စည်းဥစ္စာတွေကို လုယူတာလေ”
“အဲဒါတော့ ဘယ်ကောင်းပါ့မလည်း ဆရာအော်ရဲ့ ”
“အေး… အဲဒါပြောတာပေါ့ကွ၊ ရှေးကတည်းက တစ်ဘက်နဲ့တစ်ဘက် ခိုက်ရန်ဖြစ်တယ်ဆိုရင် ဆွမ်းကြီးလောင်းတဲ့ ရွှေသတ္တိခဲတွေက တုတ်တွေ ဓားတွေနဲ့ ရောက်လာတော့တာပဲ။”
“တောကြောင်တွေက အုပ်စုနဲ့မှ ကျယ်ရဲတာ၊ အားနည်းပြီးပြန်မလုပ်နိုင်မယ့် လူတွေကိုမှ ၀ိုင်းပြီး သမရဲတာကိုး”
“ဟုတ်ပါ့ဆရာအော်ရယ်၊ ရပ်ကွက်ထဲမှာ သူတို့ဘယ်လိုရိုက်လိုက်၊ သတ်လိုက်ကြောင်း ပြောပြီး ဂုဏ်ယူနေကြလေရဲ့ ”
ဖွတ်ကလေးက သူ့၏ကြောင်ကို အရပ်ထဲမှ လူတေလူလေများက ခိုး၍ချက်စားသည်ကို သတိရပြီး စိတ်နာစွာဖြင့် ထောက်ခံကာ ပြောလိုက်သည်။
“အေးလေ၊ အဲဒါ ခက်တာပေါ့ကွ၊ အခုတော့ ငါတို့နိုင်ငံကို ကမ္ဘာက ဘယ်လို မြင်ကြမလည်း၊ ဒါနဲ့ ငါလည်း နှာစေးနေရတယ်”
“ဒီတောကြောင်တွေ လုပ်တဲ့ ဗွီဒီယိုကိုပဲ တကမ္ဘာလုံးမှာ ပြတော့ တို့လုမျိုးကိုအရိုင်းအစိုင်း လို့ ထင်သွားမှာပေါ့”
“ဒါဆိုရင် အဲဒီ ဗွီဒီယို ရိုက်တဲ့သူတွေ ဆိုးတာပေါ့ ဆရာအော်”
“မင်းကလည်းကွာ၊ ယိုသူမရှက် မြင်သူရှက် ဆိုသလိုပဲ လုပ်တဲ့သူတွေက ရှက်ရမှာပေါ့ကွ၊ အားကိုးရာမဲ့တဲ့ ကလေးတွေကို လူအများနဲ့ ၀ိုင်းလုပ်တာ ဘယ်ဘာသာဝင်မှ ဂုဏ်ယူစရာမရှိဘူး၊ ရှက်စရာကို ရှက်စရာလို့ မြင်မှ လူမျိုးကြီး ဖြစ်လိမ့်မယ်”
ထိုအခိုက်တွင် မီးဖိုချောင်မှ ဒေါ်အွန်မေးက ရုတ်တရက် အီကြာအော်ကို လှမ်း၍မိန့်လိုက်လေသည်။
“ကိုအော်…လမ်းထိပ်မှာ တရားပွဲရှိတယ်တဲ့၊ တော်မသွားဘူးလား၊ တစ်ရပ်ကွက်လုံး သွားကြမယ်ပြောတယ်။ အမေတို့လာခေါ်မယ် ပြောတာပဲ”
“ဘာတရားပွဲတဲ့လည်း”
အီကြာအော်က သူမသိသေးသဖြင့် ဖွတ်ကလေးကို အသာလေး လှမ်းမေးလိုက်သည်။
ဖွတ်ကလေးက “မြို့စောင့်တရားပွဲဆိုလားပဲ”
“အော် ဒါဆိုရင် ငါ…သိပြီကွ” အီကြာအော်က ဖွတ်ကလေးကို တီးတိုးပြောလိုက်သည်။
ပြီးလျှင် ဒေါ်အွန်မေးဘက်သို့ လှမ်း၍ပြောလိုက်လေသည်။
“အေးကွာ၊ မင်းအမေတို့လာရင် ငါနှာစေးနေလို့ မလိုက်တော့ဘူလို့ပြောလိုက်ပါ”
ဖွတ်ကလေးလည်း သူ့ဆရာအီကြာအော် ဘာကြောင့် နှားစေးရသည်ကို သဘောပေါက်သွားပြီး
“ကျွန်တော်လည်း နှာစေးလိုက်ပါဦးမယ်၊ အဲ..မှားလို့ သွားလိုက်ပါဦးမယ် ဆရာအော်” ဟု သူ့ဆရာကို နှုတ်ဆက်ကာ နှာရှူဘူးကို ကိုင်၍ ထွက်သွားလေတော့သတည်း။ ။
သဗ္ဗေသတ္တာ ကမ္မသကာ