Han Thit Naing News Suu L Linn

press conference of Farmers Union in Rangoon

လယ်သမားသမဂ္ဂ ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်
ဟန်သစ်နိုင်၊ ဆူးအယ်လင်း      
 စက်တင်ဘာ ၇၊ ၂၀၁၃           

သောကြာနေ့က ရန်ကုန် ပုဇွန်တောင် ရေကျော်လမ်းတွင်  သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့်  မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများ သမဂ္ဂက တရားဝင်မှတ်ပုံတင် ရပ်တည်သွားမည်ဟု ပြောလိုက်သည်။

”တိုင်းပြည်မှာ ပြသနာဖြစ်ပြီလို့ဆိုရင် စုံစမ်းစစ်ဆေးရေးကို ဖွဲ့စည်းလိုက်တယ်။ ဖွဲ့ပြီးပြီဆိုရင် ကျွန်တော်ထင်တယ် ရပ်သွားတယ်။
အောက်ခြေမှာ မြေယာတွေပြဿနာဖြစ်တယ်၊ ဖြစ်လို့ရှိရင် တရားရုံးတွေ ဒီလိုပြဿနာတွေကို လက်မခံဘူး၊ မြေယာမှုခင်းပြဿနာ ဖွင့်လိုက်တယ်၊ ပြဿနာဖြေရှင်းဖို့
 မြေယာမှုခင်းဖွင့်လိုက်တယ်ဆိုကတည်းက  ဘယ်ချောင်ထဲရောက်သွားမှန်း မသိဘူး၊ ထိထိရောက်ရောက် ပြန်မလုပ်နိုင်ဘူး ဆိုရင် ဒီပြသနာကြီးက ရပ်နေမလား၊
 ပြန်ဖြစ်လာရင်ရော  ဘယ်သူတွေခေါင်းကိုက်မလဲ တိုင်းပြည်ပဲ မငြိမ်မသက်ဖြစ်မှာ” ဟု  သမဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးအောင်မိုးဝင်းက ပြောခဲ့သည်။

       လှည်းကူမြို့နယ် ရဲမွန်ကျေးရွာနေ တောင်သူဦးဝင်းစိုးကလည်း …
၎င်းတို့ရွာမှ  လယ်ဧက ၃၀၀ ကျော်ကို ၉၅၊ ၉၆၊ ၉၇ ခုနှစ်မှာ စက်မှုလယ်ယာမြေအဖြစ် အသုံးပြုမယ်ဆိုသည့်
အကြောင်းပြချက်ဖြင့် အသိမ်းခံရကြောင်း၊
ယခု စက်မှုလယ်ယာက တစ်နေရာ၊ တပ်က တစ်နေရာ၊ ကုန်သွယ်လယ်ယာက တစ်နေရာ ယူထားကြကြောင်း၊
တိုင်စာများပို့ထားသော်လည်း ညှိနှိုင်းမှု မရှိသေးကြောင်း၊
စုံစမ်းရေးကော်မရှင်က  လယ်သမားခေါင်းဆောင်များနှင့် လယ်သမားများ ခေါ်ယူစစ်ဆေးကြောင်း ပြောကြားခဲ့သည်။

 ” စုံစမ်းရေးကော်မရှင်က စာရွက်စာတမ်းများ စစ်ဆေးပြီး ကျွန်တော်တို့ကို စကားတောင်ပြောခွင့် မရှိဘူး၊ အခုတဲ့ထိလည်း ဘာမှမထူခြားသေးဘူး” ဟု  တောင်သူဦးဝင်းစိုးက  ဆက်ပြောသည်။

 သမဂ္ဂ အထွေထွေအတွင်းရေးမှူး ဦးအောင်မိုးဝင်း၏ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားချက်များ

–   တောင်သူလယ်သမားတွေရဲ့ ဘ၀တိုးတက်အောင်မလုပ်တဲ့ ဘယ်အစိုးရကိုမဆို  အသိမှတ်မပြုနိုင်၊
– တောင်သူလယ်သမားဘ၀တွေ တိုးတက်ဖို့ဆိုလျှင် သမဂ္ဂတွေ ညီညီညွှတ်ညွှတ်နှင့် ပူးပေါင်းလုပ်ဆောင်ဖို့လို၊
– လယ်သမားများ၏ အကျိုးစီးပွားကို စေတနာပါပါဖြင့် ကူညီဆောင်ရွက်ပေးသော လယ်သမားအဖွဲ့စည်းတွေ ၊ ပါတီတွေ ၊ အသင်းအဖွဲ့စည်းများကို မိတ်ဆွေများအဖြစ် သတ်မှတ်မည်၊
– ယခုလိုကာလတွင် အကြောက်တရား၊ အချောင်သမားများ ရောနှောနေတဲ့ကာလဖြစ်၊
– မတရားမှုများ၊ မမျှတမှုများနှင့်  ကြုံတွေ့နေရသောပြသနာများကို တောင်သူလယ်သမားများအနေဖြင့် စုစည်းညီညွှတ်စွာ ရပ်တည်ကာကွယ်ဖို့လို၊
– တာဝန်ယူဦးဆောင် ဖြေရှင်းနိုင်ရေးအတွက်  ၂၀၁၃ ဇွန်လ (၂၇) ရက်နေ့တွင် တောင်သူလယ်သမားများ မြေယာလုပ်သားများ သမဂ္ဂ (မြန်မာနိုင်ငံ) ကို ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် (၁၇) ဦးဖြင့်ဖွဲ့စည်းခဲ့၊
– တိုင်းနှင့်ပြည်နယ်မှာရှိနေသော လယ်သမားခေါင်းဆောင်များ၊ တတ်သိပညာရှင်များ၏ အတွေးအခေါ်အယူအဆများ ပေါင်းစည်းပြီး လယ်သမားအကျိုးစီးပွား ဥပဒေကာကွယ်မှု များကို ဖော်ထုတ်ဖို့ လုပ်ဆောင်နေ၊
– ဘယ်ပါတီ၊ ဘယ်အဖွဲ့စည်းများ၏ လက်အောက်ခံအဖြစ် ရပ်တည်မည်မဟုတ်၊
– တောင်သူလယ်သမားများ ကိုယ်ခြေထောက်ကိုယ်ရပ်တည်သွားဖို့ ဖွဲ့စည်းထားခြင်းဖြစ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts