Han Thit Naing

Han Thit Naing – News

မတရားကျင့်ခံရမှုမှ ကာကွယ်ပေးကြရန် ဒလမြို့ အမျိုးသမီးများ တောင်းဆို
ဟန်သစ်နိုင်
စက်တင်ဘာ ၁၄၊ ၂၀၁၃
စက်တင်ဘာ ၁၃ ရက်၊ နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်း ဒလမြို့၌ အမျိုးသမီး ကြီးငယ်မရွေး ကာကွယ်စောင့်ရှောက်ပေးရေး ဆန္ဒပြပွဲ တစ်ခုပြုလုပ်ခဲ့သည်။ 
ရာဇသင်္ကြန်ဘုရားမှ နာရီစင်အထိ အမျိုးသမီးကြီးငယ်များသည် ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ကြွေးကြော်သံများဖြင့် လမ်းလျှောက် ဆန္ဒပြခဲ့ကြ သည်။
ကြွေးကြော်သံများမှာ အမျိုးသမီးကြီးငယ်များ ကာကွယ်စောင့်ရှောက်ပေးရေး၊ မုဒိန်းမှုကျူးလွန်သူကို ထိရောက်စွာ အရေးယူပေးရေး၊ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ပေးရေးတို့ဖြစ်သည်။
အမျိုးသမီးငယ်များ ကာကွယ်စောင့်ရှောက်ပေးရေး ဆန္ဒပြပွဲတွင် ဦးဆောင်သူ ဒေါ်စုစုသန်းက “ကျမတို့က သမီးတွေရဲ့မိခင်တွေပါ။ 
ဒလမှာ ဟိုတလောက မုဒိန်းမှုတစ်ခုဖြစ်သွားတယ်။ မှောင်လဲမှောင်နေတယ်။ ရဲကင်းတွေလည်း မရှိကြဘူး။ အဲဒီလို မိန်းမပျိုလေးတွေ ဖြစ်သွားမှာ စိုးတယ်။
ဒလမြို့ ၀န်ထမ်းအိမ်ရာမှာ ၇ နှစ်သမီးငယ်တစ်ယောက် မုဒိန်းမှုတစ်ခုဖြစ်ပွားတယ်။ ဖမ်းဆီးထားပြီး အခုတဲ့ထိ အမိန့်မချသေးဘူး” ဟု ပြောသည်။
ထို့နောက်တွင် ညအချိန် မီးပြတ်ပြီးမှောင်နေသောနေရာတစ်ခုတွင် ယောင်္ကျားလေးတစ်ယောက်က မိန်းကလေးတစ်ဦးအား ရင်ဘတ်ကိုဆောင့်တွန်းပြီး အကြမ်းဖက်ခံရသည်၊ 
မိန်းကလေး၏အော်သံကြောင့် လမ်းဘေးတွင်ဂစ်တာတီးနေသော ယောင်္ကျားလေးနှစ်ဦးမှ ၀င်ကူညီနိုင်ခဲ့သည်၊
၎င်းအကြမ်းဖက်သူသည် ထိုရပ်ကွက်မှဖြစ်ပြီး အုပ်ချုပ်ရေးမှူးထံ သတင်းပို့ခဲ့သည်၊ ရဲစခန်းတွင်လည်း အမှုဖွင့်ထားကြောင်းသိရသည်ဟု သူက ဆက်ပြောသည်။
ထိုအမှုကို ရဲစခန်းက အာမခံဖြင့်ပြန်လွှတ်ထားခြင်း၊ မုဒိန်းမှုများဖြစ်လာရင် ဥပဒေအရ ထိထိရောက် အရေးယူပေးစေခြင်း၊ ရပ်ကွက်များတွင် လည်း ပုံမှန်မီးများလင်းပေးစေခြင်း၊ 
အမျိုးသမီးများကိုလည်း  ဆင်ဆင်ခြင်ခြင်ဝတ်စားဆင်ယင်ကြစေလိုခြင်းတို့ကြောင့် ဆန္ဒပြခဲ့ရခြင်းဖြစ်သည်ဟု သူက ရှင်းပြသည်။
၎င်းဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည့် ဒေါ်ခင်လှလှကလည်း “ ကျမတို့မိန်းမတွေဟာ မိခင်လောင်းတွေဖြစ်တဲ့အတွက် အနာဂတ်မှာသားကောင်း ရတနာတွေ မွေးဖွားပေးရမယ်။ မိခင်လောင်းတွေဟာ အားကောင်းမောင်းသန်တွေဖြစ်ပြီး ကျန်းကျန်းမာမာရှိရမယ်။ 
အနာဂတ်မှာ သားကောင်းရတနာတွေ မွေးပေးနိုင်မယ့် မိခင်လောင်းတွေ ဖျက်ဆီးခံနေရတယ်။ ဥပဒေကလည်း တိတိကျကျ ထိထိရောက် ရောက်ရှိရမယ်” ဟု ပြောသည်။
မိန်းကလေးများအတွက် သောကတွေရှိနေခြင်းများ၊ လုံခြုံမှုများမရှိခြင်း၊ မြန်မာနိုင်ငံအနာဂတ်တွင် အမျိုးသမီးများ အကြမ်းဖက်မခံရအောင် မိခင်လောင်းများဖြစ်သည့်အတွက် အမျိုးသမီးများကို ကာကွယ်စောင့်ရှောက်ပေးသင့်ကြောင်း၊  ဂျာနယ်ထဲကြည့်ကြည့် ဘယ်နေရာ ကြည့်ကြည့် ကလေးသူငယ်များဖြစ်နေခြင်း၊ လူ့ဘ၀ကို ဘာမှမသိသေး တဲ့ကလေးတွေ မုဒိန်းကျင့်ခံရပြီး လူ့ဘ၀မှ ပြန်ထွက်သွားရခြင်းသည် လုံးဝမဖြစ်သင့်ကြောင်း၊ အမျိုးသမီးကြီးငယ်မရွေး လုံခြုံမှုလိုအပ်ခြင်း၊ နိုင်ငံ၏ဂုဏ်သိက္ခာ ထိခိုက်မဲ့ အကြောင်းတရားများ မဖြစ်သင့် ကြောင်းများကို ပြောပြခဲ့သည်။
ဆန္ဒပြပွဲတွင်ပါဝင်ခဲ့သူ မလင်းလင်းကလည်း “ကျမတို့ရည်ရွယ်ချက်က မုဒိန်းမှုများ မဖြစ်ပွားရေးနဲ့ မိန်းမကြီးငယ်များ ကာကွယ်စောင့် ရှောက်ပေးရေးပေါ့” ဟု ပြောသည်။

တရားခံများကို တိတိကျကျ ဖော်ထုတ် အရေးယူပေးစေလိုကြောင်း၊ ဒလမြို့တွင် မကြာခဏ မုဒိန်းမှုဖြစ်နေခြင်းသည် နိုင်ငံတော်အစိုးနှင့်သက်ဆိုင်ကြောင်း၊ နိုင်ငံတော်အစိုးရက မိန်းကလေးများအတွက် ထိထိရောက် ဥပဒေများဖြင့် ကာကွယ်စောင့်ရှောက်ပေး     သင့်ကြောင်း၊ ပြစ်မှုဆိုင်ရာများ လျော့ပါးစေခြင်းအတွက် ဆန္ဒ၀င်ပြရခြင်းဖြစ်ကြောင်း မလင်းလင်းက ပြောသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts