Han Thit Naing News

6th Anniversary of the Saffron Revolution

အစိုးရက တောင်းပန်လျှင် ရွှေဝါရောင်သံဃာများ သပိတ်လှန်လိုသည်
ဟန်သစ်နိုင်
စက်တင်ဘာ ၁၉၊ ၂၀၁၃
 


ရန်ကုန်မြို့ ရွှေဝါရောင်တော်လှန်ရေး (၆) နှစ်မြောက်အခမ်းအနား မြင်ကွင်း (ဓာတ်ပုံ – ဟန်သစ်နိုင်)
 

 ဗုဒ္ဓဟူးနေ့က ရွှေဝါရောင်တော်လှန်ရေး (၆) နှစ်မြောက်အခမ်းအနားကို ရန်ကုန်မြို့ သာဓုကျောင်းတိုက်၌ ရွှေဝါရောင်သံဃာတော်များက ဦးစီး ကျင်းပခဲ့ပြီး  ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်၊ ဦးကိုကိုကြီးတို့လည်း တက်ရောက်ခဲ့ကြသည်။

“အသွင်ကူးပြောင်းရေးက ရန်ကုန်မှ နေပြည်တော် အသွင်ကူးပြောင်းရေးတစ်ခုပဲရှိပါသေးတယ်၊ ရွှေဝါရောင်တော်လှန်ရေးဟာ အရွေ့တစ်ခုကိုဆောင်ရွက်နိုင်ခဲ့တယ်၊ မျိုးဆက်သစ် နိုင်ငံရေးသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့တယ်” ဟု ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော် တပါးဖြစ်သည့် ဦးစန္ဒာသီရိက မိန့်ကြားသွားခဲ့သည်။

       ရွှေဝါရောင်တော်လှန်ရေးအမှတ်တရ အစီအစဉ် ပြုလုပ်ရခြင်းမှာ …
 (၁) အမျိုးဘာသာ၊ သာသနာကို
ထိန်းသိမ်းကာကွယ်စောင့်ရှောက်ဖို့ တိုင်းပြည်မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခမဖြစ်ပေါ်စေရန်၊
 (၂) ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက်ရန်၊
(၃) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်
 (၄) အနာဂတ်ဒီမိုကရေစီရေးတို့ဖြစ်သည်ဟု   ဦးစန္ဒာသီရိက မိန့်ဆိုသည်။

ဒီမိုကရေစီဆိုတဲ့ စကားလုံးသာရှိနေသော်လည်း ယနေ့အချိန်ထိ ဖိနှိပ်မှုခံနေရသေးကြောင်း၊
နိုင်ငံရေးသမားများကို နေရာတော်တော်များများတွင် စောင့်ကြည့်မှုတွေ ရှိနေသေးကြောင်း၊
သံဃာတော်များက ပြည်သူလူထုအကျိုးကို ငဲ့ကွက်သည့်အနေဖြင့်  မှောက်ထားသော သပိတ်ကို ပြန်လှန်ပေးချင်ကြောင်း၊
အစိုးရဘက်ကလည်း သံဃာတော်များကို ၀န်ချတောင်းပန်မှ ပြန်လှန်မည်ဖြစ်ကြောင်း၊
 မြန်မာနိုင်ငံသည် ပြောင်းလဲသယောင်ရှိပေမယ့် ထိထိရောက်ရောက်ပြောင်းလဲမှုမရှိသေးကြောင်း ဦးစန္ဒာသီရိက ဆက်လက် မိန့်ကြားသွားခဲ့သည်။

      ၂၀၁၃ စက်တင်ဘာ ၁၈ ရက် ရွှေဝါရောင်တော်လှန်ရေး၏ သဘောထားထုတ်ပြန်ချက်ကို  ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော် တပါးဖြစ်သည့်
ဆရာတော်ဦးပညာတေဇက ဖတ်ကြားရာတွင် အောက်ပါအချက်များ ပါဝင်သည်ကို တွေ့ရသည် –
–  လွတ်လပ်ရေးတိုက်ပွဲနှင့် ဒီမိုကရေစီတိုက်ပွဲတွင် သံဃာတော်များသည် ပြည်သူတစ်ရပ်လုံးနှင့် လက်တွဲပြီး ပါဝင်အောင်မြင်သောအစဉ်အလာများရှိခဲ့သည်။
– အသက်စွန့်ပေးခဲ့ကြသော ရဟန်းရှင်လူများအား အလေးနက်ဂုဏ်ပြုမှတ်တမ်းတင်သည်။
– ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရန်နှင့် လွှတ်တော်တွင်း လွှတ်တော်ပြင် နည်းလမ်းနှစ်မျိုးဖြင့် ဆက်လက်ညှိနှိုင်းဖြေရှင်းရန်၊
နိုင်ငံရေးအရ ဆက်လက်ဖမ်းဆီးမှုမပြုရန်၊
အလုပ်သမား၊ လယ်သမားများ ရပိုင်ခွင့်ကို အမြန်ဆောင်ရွက်ပေးရန်၊
ယခုအစိုးရနေဖြင့် တာဝန်ရှိသူများပီပီ  လေးစားစွာတောင်းပန်သွားမည်ဆိုပါက သံဃာတော်များဘက်မှလည်း သဘောထားကြီးစွာဖြင့် မှောက်ထားသောသပိတ်ကို ပြန်လှန်ပေး၍  တိုင်းပြည်တိုးတက်ရေးကို ဆောင်ရွက်သွားမည်၊
 အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားလူမျိုးစုများအပါအ၀င် ပြည်သူပြည်သားအားလုံး၏ အကျိုးစီးပွားများအတွက်  ဆက်လက်တိုက်ပွဲဝင်သွားမည်။

       ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်၏ ဂုဏ်ပြုစကားမှာ ရွှေဝါရောင်တော်လှန်ရေးတွင် မိမိသည် စစ်ကြောရေးကာလတွင်ရောက်နေကြောင်း၊
၎င်းတော်လှန်ရေးသည် ထောင်အတွင်းကျရောက်နေသော နိုင်ငံရေးအကျဉ်းသမားများအတွက် အားဆေးတစ်ခွက်ဖြစ်ကြောင်း၊
ဆရာတော်များ ထောင်ထဲကျရောက်ချိန်တွင်လည်း ဆရာနဲ့ဒကာ၊ ကျောင်းသားနှင့်ဆရာလို အပြန်အလှန်အားပေးခဲ့ကြောင်း၊
စစ်ကြောရေးကာလတွင် မေးမြန်းစစ်ဆေးသူများကို ဆရာတော်များက မကောင်းတာလုပ်ရင် မကောင်းတာခံရမယ်၊ ကောင်းတာလုပ်ရင် ကောင်းတာခံရမယ်ဟု ပြတ်ပြတ်သားသားပြောခဲ့သောစကားများဟာ ယခုချိန်ထိ အားမာန်များရှိနေသေးကြောင်း၊
ဆရာတော်များဟာ ပြည်သူ့ဘက်ကရပ်တည်ပြီး ပြည်သူ့ဘက်တော်သားများဖြစ်ကြောင်း ပြောကြားခဲ့သည်။

၂၀၀၇ ခုနှစ်က ရန်ကုန်နှင့်မြို့ကြီးတချို့တွင် ပေါ်ပေါက်လာသော ရဟန်းသံဃာတို့၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများသည်  ရွှေဝါရောင်တော်လှန်ရေးအဖြစ် ထင်ရှားသည့် လှုပ်ရှားမှုကြီး ဖြစ်ခဲ့သည်။
စစ်အာဏာပိုင်တို့က ထိုလှုပ်ရှားမှုကို အင်အားသုံး နှိပ်ကွပ်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts