News Suu L Linn

Make music, not war

သေနတ်ကိုင်သူများ ဂစ်တာတီး သီချင်းဆိုကြပါ
ဆူးအယ်လ်လင်း
စက်တင်ဘာ ၁၉၊ ၂၀၁၃
 

အပြန်အလှန်တိုက်ခိုက်နေကြသည့် အစိုးရတပ်နှင့် လက်နက်ကိုင်အဖွဲ့အသီးသီးမှ စစ်သည်တို့ ဂစ်တာတီး သီချင်းဆိုကြစေလိုသည်ဟု တေးရေး တေးဆို လင်းထက်က ပြောကြားလိုက်သည်။

ယမန်နေ့က ရန်ကုန်တွင် ပြုလုပ်သော ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ငြိမ်းချမ်းရေးဂီတပွဲကြီးအကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“အဓိကအိပ်မက်က ဘာလဲဆိုတော့ ကျတော်တို့ လုပ်ခွင့်ရသည်ဖြစ်စေ၊ ကျနော်တို့လုပ်ခွင့် မရသည်ဖြစ်စေ၊
 စစ်ဖြစ်နေတဲ့ နှစ်ဖက်အဖွဲ့အစည်း အဲဒီအဖွဲ့စည်းက တပ်မတော်သားတွေအားလုံးကို ဂစ်တာသင်တန်းလေးပေးချင်ပါတယ်၊ ငြိမ်းချမ်းရေးဆိုတာက ရင်ထဲကနေပြီးတော့ နှလုံးသားထဲကလာတဲ့ ငြိမ်းချမ်းရေးပါ၊
 တေးဂီတက ကျနော်တို့ နှလုံးသားတွေကို နူးညံ့စေပါတယ်”
ဟု လင်းထက်က ပြောသည်။

“နှစ်ဖက်တပ်မတော်သားတွေကို သူတို့သီချင်းလေးတွေဆိုတာပဲဖြစ်ဖြစ်၊ သူတို့စိတ်ထွက်ပေါက်လေးတွေရစေချင်တယ်၊ အဲဒီရည်ရွယ်ချက်နဲ့ သူတို့တွေကို ဂစ်တာလေးတွေ သွားပေးချင်တယ်၊ သီချင်းလေးတွေ သွားပြီးသင်ပေးချင်တယ်။
အဲဒါဟာ ကျနော်တို့ရဲ့ အိပ်မက်တစ်ခုပါ” ဟု သူက ဆက်ပြောပြသည်။

 “ငြိမ်းချမ်းမှု မရှိလို့ရှိရင် ကျနော်တို့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုက နောက်ကျကျန်နေလိမ့်မယ်။
နယ်စပ်ဒေသတွေမှာရှိတဲ့ ကလေးတွေရဲ့ပညာရေးကို ထိခိုက်နိုင်တယ်၊ ပြီးတော့ လူငယ်တွေကို ငြိမ်းချမ်းရေးမှာ ပိုပြီးတော့ Participate ဖြစ်စေချင်တယ် (ပါဝင်စေချင်တယ်)” ဟု လင်းထက်က ရှင်းပြသည်။

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အဖြစ်  လူငယ်အနုပညာရှင်များကျင်းပမည့် ငြိမ်းချမ်းရေးဂီတပွဲကြီးကို ရန်ကုန်မြို့ အမျိုးသားပြဇာတ်ရုံ၌ တနင်္လာနေ့တွင်
ကျင်းပသွားမည်ဖြစ်သည်။

ဂီတပွဲတွင်  ပါဝင်ဖျော်ဖြေကြမည့် အဖွဲ့များ၊  ဧည့်သည်အဆိုတော်များ
MMK BAND
ONE LOVE BAND
JUSTUS AOC Orchestra
PEACE MUSIC GROUP
ဇော်ဝင်းထွဋ် 
မီးမီးခဲ
RAGGAE စောဖိုးခွား 

      ယင်းပွဲကို စီစဉ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး အဆိုတော် FANNY က … “ငြိမ်းချမ်းရေးအတွက် အစိုးရကို ထိုင်ပြီး မျှော်နေမှရတာမဟုတ်၊ ပိုက်ဆံရှိမှ၊ ပညာတွေအများကြီးတက်မှ ရာထူးကြီးမှ မဟုတ်ဘဲနဲ့ ကျမတို့တစ်ယောက်ချင်းဆီရဲ့ ရင်ထဲမှာလည်း ကျမတို့ လုပ်လို့ရတယ်။
ကိုယ်ရှိထားတဲ့အိပ်မက်လေးကိုလည်း ကျမတို့  အကောင်အထည်ဖော်လို့ရတယ် ဆိုတဲ့ဟာကို ပြချင်လို့ ဒီပွဲကိုလုပ်ဖြစ်တာပါ” ဟု ပြောသည်။

လက်မှတ်ရောင်းရငွေများကို စစ်ဘေးဒုက္ခသည်စခန်းများသို့ လှူဒါန်းသွားမည်ဟု ဆိုသည်။

တိုင်းရင်းသားဒေသ လက်နက်ကိုင်အဖွဲ့အများအပြားနှင့် အစိုးရတပ်အကြား အပစ်အခတ် ရပ်စဲထားသော်လည်း ကချင်ဒေသ၊ ရှမ်းဒေသတွင် တိုက်ပွဲငယ်များ ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

အပေါ်ပုံ – ယမန်နေ့က ရန်ကုန်တွင် ပြုလုပ်သော ငြိမ်းချမ်းရေးဂီတပွဲကြီးအကြောင်း သတင်းစာရှင်းလင်းပွဲ
ဓာတ်ပုံ – ဆူးအယ်လ်လင်း
  


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts