မောင်ရင်ငတေ

Maung Yin Nga Tay – Articles

ရောက်တတ်ရာရာအတိုအစများ
နှစ်ပေါင်းတရာကျော်ကြာမှ အတည်ပြုနိုင်ခဲ့တဲ့ ဗန်ဂိုးရဲ့ပန်းချီကားတချပ်
မောင်ရင်ငတေ
စက်တင်ဘာ ၂၁၊ ၂၀၁၃

 

ဗင်းဆင့်ဗန်ဂိုးရဲ့ ကိုယ်တိုင်ရေးပုံတူ Autoportrait au chapeau de paille, Arles.1888
မောင်ရင်ငတေတို့ ရွှေပြည်တော်က အနုပညာဝါသနာရှင်များ တော်တော် ကြိုက်နှစ်သက်ကြသလို တော်တော်ကိုဘဲ သိသူများပြားလှတဲ့ ဗင်းဆင့် ဝီလျှံ ဗန်ဂိုးကို နယ်သာလန် ခေါ် ဟော်လန်ပြည်နဲ့ ဘယ်လ်ဂျီယံပြည် နယ်စပ်နားက Zundert ဆိုတဲ့ မြို့ကလေးမှာ ၁၈၅၃ ခုနှစ်က မွေးဖွားခဲ့ပါတယ်၊ ဗင်းဆင့်ဝီလျှံဗန်ဂိုးဟာ ပြင်သစ်ပြည် ပါရီမြို့အနီးက Auvers-sur-Oise ဆိုတဲ့မြို့ကလေးမှာ ၁၈၉၀ ခုနှစ် အသက် ၃၇ နှစ်အရွယ်မှာ သေဆုံးခဲ့ပါတယ်၊ ဗန်ဂိုးဟာ နယ်သာလန်ပြည် ဘယ်လ်ဂျီယံပြည် တို့မှာ နေထိုင်ကြီးပြင်းခဲ့ပြီး သူ့ဘဝနောက်ဆုံးရက် နောက်ဆုံးအချိန် နောက်ဆုံးကာလများကိုတော့ ပြင်သစ်ပြည်မှာ ပြောင်းရွှေ့နေထိုင် ခေါင်းချသွားခဲ့တာပါ၊ ၁၈၈၆ နှစ် ဖေဖော်ဝါရီမှာ ပြင်သစ်ပြည်ကို ရောက်ရှိလာပြီး ပါရီမြို့ပေါ်မှာ နှစ်နှစ် (၁၈၈၆-၁၈၈၈) ပြင်သစ်ပြည်ရဲ့တောင်ပိုင်း မားဆေးလ်မြို့ နားက Arles ဆိုတဲ့မြို့ကလေးမှာ တနှစ် (၁၈၈၈-၁၈၈၉) Saint-Rémy-de-Provence မြို့လေးမှာ တနှစ် (၁၈၈၉-၁၉၉၀) ပါရီ အနောက်မြောက်ဘက် ၁၇ ကီလိုမီတာ အဝေးမှာ တည်ရှိတဲ့ Auvers-sur-Oise မြို့မှာ သုံးလကြာ နေထိုင်ခဲ့ပါတယ်၊ အဲဒီလို မကွယ်လွန်ခင် သုံးလအတွင်းမှာ စုစုပေါင်း ပန်ချီကား ၇၀ ကျော်ခန့် ရေးဆွဲခဲ့တယ်လို့ ဆိုကြပါတယ်၊ ထိုကဲ့သို့ ရေးဆွဲနေရင်း ၁၉၉၀ ပြည့်နှစ် ဂျူလိုင်လ ၂၉ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာပါ၊
 နောက်ဆုံးပေါ် ဗန်ဂိုးရဲ့ ပန်းချီကား Coucher de soleil à Montmajour
“Sunset at Montmajour” Long-Lost Van Gogh Painting Identified in Amsterdam.
မကြာသေးခင် ရက်ပိုင်းအတွင်းက နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာရှိ ဗင်းဆင့်ဗန်ဂိုး ပြတိုက် တာဝန်ရှိသူ ကျွမ်းကျင်သူများရဲ့ အတည်ပြုချက်အရ လွန်ခဲ့သော နှစ်ပေါင်း ၁၂၅ နှစ်က ပန်းချီကား တချပ်ကို ပန်းချီဆရာဗန်ဂိုး ရေးဆွဲခဲ့တာဖြစ်ကြောင်း အတည်ပြုခဲ့ကြပါတယ်၊ ဗန်ဂိုး ဒီပန်းချီကားကို ပြင်သစ်နိုင်ငံတောင်ပိုင်း မားဆေးလ်မြို့ အရှေ့ဘက် ကီလိုမီတာ ၈၀ ကျော် အကွာက Arles ဆိုတဲ့ မြို့လေးမှာ နေထိုင်နေစဉ် ၁၈၈၈ ခုနှစ်က ရေးဆွဲသွားခဲ့တယ်လို့ ဆိုကြပါတယ်၊ ပန်းချီကားအမည် ပေးထားတာက Coucher de soleil à Montmajour (fr) Sunset at Montmajour ပါ၊ အဲဒီလို Montmajour လို့ခေါ်ဆိုရခြင်း အကြောင်းရင်းက အဲဒီပန်းချီကားမှာ ပါဝင်နေတဲ့ ဘုရားကျောင်းကြီး အမည်ကိုက Abbaye de Montmajour ဘုရားကျောင်းဆိုပြီး ခေါ်ဝေါ်ခြင်း ဖြစ်နေလို့ပါ၊
နောက်ဆုံးပေါ် ဗန်ဂိုးရဲ့ပန်းချီကားမှာ ထည့်သွင်းရေးဆွဲခဲ့တဲ့ Abbaye de Montmajour
L’abbaye Saint-Pierre de Montmajour ဘုရားကျောင်းကြီးကို ၁၀ ရာစုနှစ် နှောင်းပိုင်းက စတင် ဆောက်လုပ်ခဲ့တာဖြစ်ပြီး ၁၈ ရာစုနှစ်ကုန်ခါနီးအထိ ခေတ်အဆက်ဆက် ပြုပြင်ရင်း ဘုရားကျောင်း အဖြစ် ရပ်တည်ခဲ့ပါတယ်၊ ၁၇၈၉ ခုနှစ် ပြင်သစ်တော်လှန်ရေးကာလ အတွင်းမှာတော့ အဖျက်စီးခံ ခဲ့ရသလို ဘုရားကျောင်းအဖြစ်မှ ရပ်ဆိုင်းခံခဲ့ရပြီးနောက် ယခုအခါမှာတော့ ပြတိုက်တခု ဖြစ်လာခဲ့ ပါပြီ၊ ပန်းချီဆရာကြီးဗန်ဂိုးဟာ ပြင်သစ်ပြည်ကို အသက် ၃၃ နှစ်အရွယ် ၁၈၈၆ ခုနှစ်က ပြောင်းရွှေ့ ရောက်ရှိ နေထိုင်ခဲ့ပြီး သူရဲ့ညီ Theodorus “Theo” van Gogh နဲ့အတူနေထိုင်ခဲ့တာ များပါတယ်၊ ဘုရားကျောင်း တည်ရှိရာ Arles မြို့ကလေးမှာ ဗန်ဂိုးဟာ ပြင်သစ်လူမျိုး နာမည်ကျော် ပန်းချီဆရာ တဦးဖြစ်သူ  Paul Gauguin နဲ့လည်း အတူတူ နေထိုင်ရင်း The Yellow House, 1888 အပါအဝင် ပန်းချီကား မြောက်များစွာကို ရေးဆွဲသွားခဲ့တာပါ၊ အဲဒီလိုရေးဆွဲခဲ့တဲ့ ပန်းချီကားပေါင်း များစွာထဲက ပန်းချီကားတကားဖြစ်တဲ့ Coucher de soleil à Montmajour မှာ ဗန်ဂိုးက လက်မှတ်မထိုးသွားလို့ အဲဒီပန်းချီကားကို ဗန်ဂိုးရေးဆွဲခဲ့တာ ဟုတ်မဟုတ် ကာလကြာရှည်စွာ ဆုံးဖြတ်ချက် ချလို့မရ ဖြစ်ခဲ့ ကြတယ်လို့ ဆိုကြပါတယ်၊ အခုတော့ ဗန်ဂိုးအမ်စတာဒမ်ပြတိုက် တာဝန်ရှိပညာရှင်တွေက ဗန်ဂိုးရဲ့ လက်ရာ စစ်မှန်ကြောင်း ထောက်ခံချက် ပေးလိုက်ပြီဖြစ်တာကြောင့် ဒီပန်းချီကားရဲ့ တန်ဖိုးကတော့ ဒေါ်လာဆယ်သန်းလောက်ကနေ သန်းသုံးလေးဆယ်ထိတိုင် ဈေးခေါ်နေကြပြီဖြစ်ပါတယ်၊ အဲဒါကို သူ့ဘဝရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ဆယ်ပေပတ်လည်ကျော်သာ အကျယ်ရှိတဲ့ အခန်းကျဉ်းလေး တခန်းကို တနေ့တာ ငှားရမ်းခငွေ ယူရို ငါးမူးပေးပြီး နေခဲ့ရတဲ့ ပန်းချီဆရာ ဗန်ဂိုးကြီးတယောက် သိ များသိခဲ့ရင်တော့ ဝမ်းသာလိမ့်မယ် ထင်မိကြောင်းပါ၊ ဘယ်လိုဘဲဖြစ်ဖြစ် ၁၉၂၈ ခုနှစ် နောက်ပိုင်း ပထမဦးဆုံးအကြိမ် အတည်ပြုနိုင်ခဲ့တဲ့ ဗန်ဂိုးရဲ့ ပန်ချီကားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီ ဖြစ်ပါတယ်၊
ဗန်ဂိုးအမ်စတာဒမ်ပြတိုက်
Vincent Willem van Gogh ဗင်းဆင့် ဝီလျှံ ဗန်ဂိုး (၁၈၅၃-၁၈၉၀) ဆိုပြီး လူသိများ ထင်ရှားလှတဲ့ဒီပန်းချီဆရာကြီးရဲ့ အမည်ကို ဗန်ဆန် ဝီလမ် ဗန်ဂိုးဂ် လို့ ပြင်သစ်လို အနီးစပ်ဆုံး အသံထွက်နိုင်ပြီး နယ်သာလန်ပြည်ကို ရောက်ရှိနေထိုင်နေကြတဲ့ မောင်ရင်ငတေရဲ့ ရွှေမိတ်ဆွေ သူငယ်ချင်းများကို ဘယ်လို အသံထွက်ပါသလဲလို့ မေးမြန်းကြည့်ပါတယ်၊ သူတို့ကတော့ သူတို့ သင်ကြားခဲ့ပြီး ပြောဆို နေကြတဲ့ ဒတ်ခ်ျစကားအသံထွက်အရ အသံထွက်ပြကြပါတယ်၊ အဲဒီအသံထွက်ကို မောင်ရင်ငတေ ကြိုးစားပြီး ဗမာအက္ခရာတွေနဲ့ ရေးချကြည့်လိုက်တဲ့ အခါမှာတော့ ဖန်ဆန် ဝီလမ် ဖန်ခေါ လို့သာ အနီးစပ်ဆုံး ရေးနိုင်ခဲ့ပါတယ်၊ ဒီထက် ပိုပြီးတော့များ အသံထွက်အတိုင်း တူအောင် ရေးသားသူများ ရှိလာခဲ့ရင်တော့ မောင်ရင်ငတေ လက်ခံပြီး ပြင်ပေးနိုင်ပါတယ်၊ ဗင်းဆင့်ဗန်ဂိုးနဲ့ ပတ်သက်ကြောင်း ပတ်သက်ရာ အတိုအစများကိုလည်း နောက်များမှာ ဆက်လက်ရေးသားဖို့ ကြိုးစားပါအုံးမယ်၊

ယူရိုတရာတန် ပုံတူပန်းချီကားများ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts