ဖြစ်ရပ်များ၊ အမှတ်တရများ

How the monks formed coalition in Burma (1988 – 2007)


မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးကို မွေးဖွားခြင်း
အသျှင်သြဘာသ ။ သြဂုတ် ၁၉၊ ၂၀၀၈
(မိုးမခပြန်လည်ဆန်းသစ်ခြင်း၊ ရွှေဝါရောင်အရေးတော်ပုံ နှစ်ပတ်လည်အထိမ်းအမှတ်)

စာရေးသူသည် ရန်ကုန်မြို့လယ် မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်၌ စာပေသင်ကြား လေ့လာနေစဉ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနှင့် ကြုံကြိုက်ခဲ့ရသည်။ ထိုအရေးတော်ပုံ၌ ကိုယ်တိုင် ပါဝင်ခဲ့သဖြင့် ရန်ကုန်မြို့၏ အခြေအနေ တော်တော်များများကို ကိုယ်တိုင် မြင်တွေ့ခွင့်ရခဲ့သည်။ ထိုအရေးတော်ပုံကာလ မ-ဆ-လ အစိုးရ၏ အုပ်ချုပ်ရေးယန္တယား ပျက်စီးနေချိန်တွင် ဆရာတော် သံဃာတော်များ၏ ကာကွယ် စောင့်ရှောက်မှုကြောင့် ကျောင်းသားပြည်သူ များစွာတို့ အသက် ချမ်းသာရာ ရခဲ့ကြပါသည်။ ထိုအရေးတော်ပုံကာလတွင် စာသင်တိုက်ကြီး တော်တော်များများ ပိတ်ပစ်ခဲ့ရသောကြောင့် စာသင်သားသံဃာတော်များလည်း မိမိတို့ ဇာတိသို့ ပြန်ကြွခဲ့ကြရသည်။ ၁၉၈၈ စက်တင်ဘာ ၁၈ စစ်အာဏာသိမ်းပြီးနောက် အထက်မြန်မာပြည် သံဃာ့သာမဂ္ဂီ၊ အောက်မြန်မာပြည် ရဟန်းပျိုများ သမဂ္ဂတို့ကို ပြန်လည်ဖွဲ့စည်းပြီး ကျောင်းသားပြည်သူများနှင့်အတူ စစ်အစိုးရကို ဆန့်ကျင်ခဲ့ကြသည်။
၁၉၈၉-ခုနှစ် အနည်းငယ်ငြိမ်သက်ခဲ့စဉ် ရန်ကုန်မြို့သို့ သံဃာတော်များ ပြန်လည် ကြွရောက် လာခဲ့ကြရာ အချို့သော စာသင်တိုက်များက ပြန်လည်လက်မခံသဖြင့် အခြားစာသင်တိုက်များသို့ ပြောင်းရွှေ့ သီတင်းသုံးခဲ့ကြရသည်။ စာရေးသူကိုယ်တိုင်လည်း တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း နန္ဒဝန်ပါဠိတက္ကသိုလ်ကျောင်းသို့ ပြောင်းရွှေ့ သီတင်းသုံးခဲ့ရသည်။ ၁၉၉ဝ ရှစ်လေးလုံး နှစ်ပတ်လည်နေ့တွင် မန္တလေးမြို့ အတိုက်အခံအင်အားစုများနှင့် ပြည်သူများက သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ် လောင်းလှူကြရာ တိုင်းမှူးဗိုလ်ချုပ်ထွန်းကြည်နှင့် န-ဝ-တ အာဏာပိုင်များက အကြမ်းဖက် ဖြိုခွဲခဲ့သဖြင့် အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။ ထိုသို့ သံဃာတော်များ ရိုက်နှက်ခံရခြင်း၊ လာဘ်မရအောင် တားမြစ်ခံရခြင်း စသော အကြောင်းများကြောင့် မစိုးရိမ်ဆရာတော်ကြီးများဖြစ်သည့် ဦးရာဇဓမ္မာဘိဝံသ၊ ဦးကောဝိဒါဘိဝံသတို့၏ ဦးဆောင်မှုဖြင့် အထက်မြန်မာပြည် သံဃာ့ သာမဂ္ဂီအဖွဲ့ချုပ်က ၁၉၉ဝ-စက်တင်ဘာလတွင် မန္တလေးမြို့၌ န-ဝ-တ စစ်အစိုးရကို ဝိနည်းတော်နှင့် အညီ ပတ္တနိက္ကုဇ္ဇန (သပိတ် မှောက်)ကံဆောင်ပွဲ ပြုလုပ်ခဲ့ကြပါသည်။
မန္တလေးမြို့ သံဃာတော်များ၏ သပိတ်မှောက်ကံဆောင်ပွဲကို ထောက်ခံသည့် အနေဖြင့် ရန်ကုန်မြို့မှ ဆရာတော်ကြီးများ ဖြစ်ကြသော
ဦးတိလောကာဘိဝံသ (အင်းစိန်၊ ရွာမ ပရိယတ္တိ စာသင်တိုက် ဆရာတော်)၊
ဦးဝါသဝ(မဂ္ဂင်ဆရာတော်)၊
ဦးအင်္ဂီသ (ပါဠိကာရီ ဆရာတော်)၊
ဦးဉာဏဝံသ(မေဒိနီဆရာတော်)၊
ဦးသုမင်္ဂလာလင်္ကာရ (တိပိဋကမဟာဂန္ဓြွာရုံ ဆရာ တော်)၊
ရွှေဘုန်းပွင့်ဆရာတော် တို့၏ ဦးဆောင်မှုဖြင့် အောက်မြန်မာပြည် ရဟန်းပျိုသမဂ္ဂ ဥက္ကဌ ဦးပညိန္ဒ၊ အခမ်းအနားမှူး ဦးပဏ္ဍဝံသ(ဦးပြည်ကျော်)တို့က တာဝန်ယူကာ ၁၉၉ဝ အောက်တိုဘာ ၃၊ ၁၃၅၂ ခု သီတင်းကျွတ်လပြည့်နေ့တွင် ငါးထပ်ကြီးဘုရား တန်ဆောင်းကြီးအတွင်း၌ န-ဝ-တ စစ်အစိုးရကို ပတ္တနိက္ကုဇ္ဇန (သပိတ်မှောက်)ကံဆောင်ပြီး ရွှေတိဂုံ စေတီတော်မြတ်ကြီးသို့ ခြေလျင် ကြွချီကာ အောင်မြေနင်း သစ္စာပြုခဲ့ကြသည်။ သပိတ်မှောက် ကံဆောင်မှုကြောင့် ဆရာတော်ကြီးများ နှင့် ရဟန်းပျိုသမဂ္ဂ အဖွဲ့ဝင် သံဃာတော်များ အဓမ္မ ဖမ်းဆီး ခံခဲ့ရပြီး ထောင်ဒဏ်များ ချမှတ်ခံခဲ့ရပါသည်။ စာရေးသူကိုယ်တိုင်လည်း ထောင်ဒဏ် ၈နှစ် ချမှတ် ခံခဲ့ရပြီး ၁၉၉၄တွင် ပြန်လည်လွတ် မြောက်လာခဲ့သည်။
ထို့နောက်ပိုင်းတွင် အကျဉ်းထောင်များမှ ပြန်လည်လွတ်မြောက်လာသော ရဟန်းပျိုများ သမဂ္ဂ အဖွဲ့ဝင် သံဃာများ၊ ကျောင်းသားများနှင့် ဆက်သွယ်ကာ စစ်အစိုးရဆန့်ကျင်ရေးလုပ်ငန်းများကို လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့သည်။ တစ်ဖက်တွင်လည်း မိမိနှင့် သက်ဆိုင်သော သာသနာရေး တာဝန်များ ဆောင်ရွက်နေရသဖြင့် ၁၉၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှု၊ ၁၉၉၈ သြဂုတ်လ ပြည်သူ့လွှတ် တော်ခေါ်ယူရေးလှုပ်ရှားမှု၊ ၁၉၉၉ လူထုလှုပ်ရှားမှုတို့တွင် အတူတကွ ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်နိုင်ခဲ့သော်လည်း နီးစပ်သော ကျောင်းသား လူငယ်များအား လျှို့ဝှက်စွာ ကူညီ ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့သည်။
စစ်အစိုးရက ၂ဝဝ၄ ဒီဇင်ဘာ ၉ တွင် စတုတ္တအကြိမ် ကမ္ဘာ့ဗုဒ္ဓဘာသာ ထိပ်သီး ညီလာခံကြီး ကျင်းပရန် ကြိုးစားနေချိန်တွင် စာရေးသူသည် ‘နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း’ တာဝန်ရှိသူများ နှင့် ညှိနှိုင်းကာ
– စစ်အစိုးရက သံဃာတော်များကို ရက်စက်စွာ ဖိနှိပ်ခြင်း၊
– ဖမ်းဆီးခံ သံဃာတော်များကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်၍၊ အချို့ကို ရဲဘက်စခန်းများသို့ ပို့ဆောင်ခြင်း၊
– ရဟန်းသံဃာတော်များအား ညမထွက်ရအမိန့် သီးသန့် ထုတ်ပြန်ကာ ဖိနှိပ်ခြင်း၊
– ၂ဝဝ၃ နိုဝင်ဘာတွင် စစ်ထောက်လှမ်းရေးကကပ်သောဆွမ်းကို မစားသဖြင့် တိပိဋက မဟာ ဂန္ဓွာရုံကျောင်းတိုက်(ကမ္ဘာအေး)မှ ရဟန် ၁ပါး၊ သာမဏေ ၂၅ ပါးတို့ကို ဖမ်းဆီးကာ ထောင်ဒဏ် ၁၈-နှစ်စီ ချမှတ်ခဲ့ခြင်း
စသော ဘာသာရေးဆိုင်ရာ ဖိနှိပ်မှုများ ပြုလုပ်ခဲ့ပုံကို ကမ္ဘာက သိနိုင်စေရန် ‘Burma: A Land Where Buddhist Monks Are Disrobed and Detained in Dungeons ’ ဟူသော အစီရင်ခံစာ စာအုပ်ကို ထုတ်ဝေကာ နိုင်ငံတကာသို့ တင်ပြနိုင်ခဲ့သည်။ ထိုလုပ်ဆောင်ချက်ကြောင့် နိုင်ငံတကာ ဗုဒ္ဓွဘာသာ အဖွဲ့အစည်း တော်တော်များများက ဝိုင်းဝန်း ကန့်ကွက်ကြသည့်အတွက် စတုတ္တအကြိမ်ကို ဖြုတ်ပြီး ‘ကမ္ဘာ့ဗုဒ္ဓွဘာသာ ထိပ်သီးညီလာခံ’ ဟု အရှက်ပြေ ကျင်းပခဲ့ရသည်။
၂ဝဝ၅တွင် လူထုလှုပ်ရှားမှုအသွင်ဖြင့် တိုက်ပွဲဝင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြသည်။ ၂ဝဝ၆ နှစ်ဦးပိုင်းတွင် န-အ-ဖ ကို နည်းစနစ် မှန်မှန်ဖြင့် ဆန့်ကျင်နိုင်ရန် COသင်တန်း၊ PD သင်တန်းများ တက်ရောက်ရန် သံဃာတော်များကို စာရေးသူက လမ်းညွှန်ပေးခဲ့သည်။ ၂ဝဝ၆ စက်တင်ဘာ ၉ တွင် ရွှေဝါရောင်တော်လှန်ရေးကြီးကို အသက်ဝင် လာစေသည့် ပင်မသွေးကြောဟု ခေါ်ဆိုနိုင်သော ဥတ္တမဂျာနယ်ကို ဆရာတော် သံဃာတော်များ၏ အကူအညီဖြင့် စတင် ထုတ်ဝေနိုင်ခဲ့ကာ သံဃာထုနှင့် အခြားအင်အားစုများ လက်သို့ ကိုယ်တိုင် ဖြန့်ဝေ လှုံ့ဆော်နိုင်ခဲ့သည်။
၂ဝဝ၇ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ၊ မေလများတွင် မြို့ကြီး တော်တော်များများသို့ ခရီးထွက်ပြီး သံဃာတော်များနှင့် ဆွေးနွေးပွဲများကို အရှိန်အဟုန်ဖြင့် ပြုလုပ်ခဲ့သည်။ သြဂုတ်လ ၇-၈-၉ ရက်နေ့များတွင် မန္တလေးမြို့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့သာမဂ္ဂီအဖွဲ့ချုပ်မှ ဆရာတော်များ၊ အခြားသော အဖွဲ့အစည်းများမှ ဆရာတော်များနှင့် သုံးရက်တိုင် ညှိနှိုင်း ဆွေးနွေးပြီး စစ်ကိုင်းအစည်းအဝေးကျင်းပနိုင်ရန်၊ သံဃာ့အစုအဖွဲ့ကြီး ဖွဲ့စည်းနိုင်ရန် စီစဉ်ခဲ့သည်။
သြဂုတ်လ ၁ဝ ရက်နေ့တွင် အထက်မြန်မာပြည် အစည်းအဝေး ဆုံးဖြတ်ချက်များကို ရန်ကုန်မြို့ရှိ အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများနှင့် ဆွေးနွေး ညှိနှိုင်းခဲ့သည်။ ရဟန်းပျိုသမဂ္ဂ(ရန်ကုန်)မှ ဦးဂမ္ဘီရကို သီးသန့် တွေ့ဆုံပြီး အဖွဲ့အစည်းတစ်ခုမှာ ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း ရှင်းပြကာ အကြိမ်ကြိမ် ဆွေးနွေးဖြစ်ခဲ့သည်။ စက်တင်ဘာ ၁ရက်နေ့တွင် အဖွဲ့အစည်းအသီးသီးနှင့် တိုင်ပင်ဆွေးနွေးပြီး ဆုံးဖြတ်ချက်များချကာ ၂ ရက်နေ့တွင် ဦးဂမ္ဘီရနှင့် အသေးစိပ် ထပ်မံ ညှိနှိုင်းခဲ့သည်။ အောက်မြန်မာပြည် ကိုယ်စားလှယ်များ၏ခရီးစဉ်များအဖြစ် ဦးဂမ္ဘီရက ၄ ရက်နေ့၊ စာရေးသူက ၅ရက်နေ့တို့တွင် ခရီးစတင်ကာ နံနက်ပိုင်းတွင် ပဲခူးမြို့ ရဟန်းပျိုသမဂ္ဂ အဖွဲ့ဝင်များနှင့်လည်းကောင်း၊ နေ့လည်ပိုင်းတွင် ညောင်လေးပင်မြို့နယ် ရဟန်းပျိုသမဂ္ဂအဖွဲ့ဝင်များနှင့်လည်းကောင်း၊ ညပိုင်းတွင် ဖြူးမြို့ ရဟန်းပျိုသမဂ္ဂ အဖွဲ့ဝင်များနှင့် လည်းကောင်း တွေ့ဆုံ ညှိနှိုင်းပြီး ဖြူးမြို့၌ပင် ညအိပ် ရပ်နားခဲ့သည်။
၎င်းနေ့မှာပင် ပခုက္ကူမြို့ သတင်းကို မီဒီယာများမှ တဆင့်ကြားခဲ့ရသည်။ စက်တင်ဘာလ ၆-ရက်နေ့တွင် တောင်ငူမြို့၊ အုတ်တွင်းမြို့၊ ထန်းတပင်မြို့၊ ရေတာရှည်မြို့တို့မှ ရဟန်းပျို သမဂ္ဂ အဖွဲ့ဝင်များနှင့် တောင်ငူတွင် တွေ့ဆုံခဲ့ပြီး ပခုက္ကူအရေးကိစ္စနှင့်ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များကို အသေးစိပ် ဆွေးနွေးခဲ့သည်။
စက်တင်ဘာ ၇ တွင် မိတ္တီလာမြို့ ရဟန်းပျိုသမဂ္ဂအဖွဲ့ဝင်များနှင့် ဆွေးနွေးခဲ့ပြီး တစ်မြို့ဝင်တစ်မြို့ထွက် ခရီးဆက်ခဲ့ပါသည်။ စက်တင်ဘာ ၈ တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့သာမဂ္ဂီအဖွဲ့ချုပ် တည်ရှိရာ မန္တလေးမြို့သို့ ရောက်သည်။ ထိုနေ့၌ပင် စစ်ကိုင်းစည်းဝေးပွဲသို့ ချက်ချင်းကြွရောက်ခဲ့ပြီး ဆုံးဖြတ်ချက်ယူကာ မန္တလေးသို့ ပြန်ကြွခဲ့ပါသည်။ စက်တင်ဘာ ၉ တွင် လုံခြုံရေးအရ အရေးပေါ် အစည်းအဝေးတစ်ရပ်ကို ကျင်းပကာ
၁။ မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းပျိုသမဂ္ဂများအဖွဲ့ချုပ်
၂။ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့သာမဂ္ဂီအဖွဲ့ချုပ်
၃။ ရဟန်းပျိုသမဂ္ဂ(ရန်ကုန်)
၎။ သံဃာ့ဒူတအဖွဲ့
၅။ ပြည်နယ်နှင့်တိုင်းအသီးသီးရှိ သံဃာ့သမဂ္ဂအဖွဲ့ဝင်- အားလုံးတို့မှ သံဃာထုတစ်ရပ်လုံး၏ ဆန္ဒကို ကိုယ်စားပြုကာ “မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး” ကို ဖွဲ့စည်းခဲ့သည်။
ယင်းသို့ ဖွဲ့စည်းပြီးနောက် ပခုက္ကူအရေးကိစ္စ အပါအဝင် အခြားတောင်းဆိုသင့်သည့် အချက်များကို ရွေးချယ်ပြီး-
၁။ န-အ-ဖ စစ်အစိုးရက ပခုက္ကူသံဃာတော်များအား ကျေအေးခွင့်လွတ်သည်အထိ ဝန်ချတောင်း ပန်ရန်၊
၂။ လက်ရှိမြင့်တက်နေသောကုန်ဈေးနှုန်း၊ လောင်စာဆီ ဈေးနှုန်းများ ချက်ချင်းလျော့ချပေးရန်၊
၃။ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး နှင့် ဆန္ဒပြပွဲများတွင် ဖမ်းဆီးခံထားရသူများကို ချက်ချင်း ပြန်လွတ်ပေးရန်၊
၎။ လူထု၏ အထွေထွေအကျပ်အတည်းများကို ဖြေရှင်းရန်အတွက် န-အ-ဖ စစ်အစိုးရက ဒီမိုကရေစီ အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ချက်ချင်းပြုလုပ်ပေးရန်။
အထက်ပါအချက် ၄-ချက်အား န-အ-ဖ စစ်အစိုးရက တော်သလင်းလဆန်း ၆ ရက်၊ ၂ဝဝ၇၊ စက်တင် ဘာ ၁၇ နောက်ဆုံးထား၍ ဆောင်ရွက်ပေးရန်၊ သတ်မှတ်ရက်အတွင်း လိုက်လျောမှု မပြုပါက မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးက ဦးဆောင်၍ န-အ-ဖ စစ်အစိုးရအား ပတ္တနိက္ကုဇ္ဇန(သပိတ်မှောက်)ကံဆောင် သွားမည်ဖြစ်ကြောင်း တောင်းဆို ကြေညာခဲ့ပါသည်။
          သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးကို ဦးဆောင်ဖွဲ့စည်းခဲ့ကြသော ဆရာတော်များမှာ
၁။ ဦးခေမိန္ဒ 
၂။ ဦးသြဘာသ 
၃။ ဦးတေဇ 
၎။ ဦးဂမ္ဘီရ တို့ ဖြစ်ကြပြီး၊ ဖွဲ့စည်းရာတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပါသည်။ အခက်အခဲများကြားမှပင် ကြေညာချက်များကို လက်ရေးနှင့်ရေးပြီး ဓာတ်ပုံရိုက်ကာ ဦးတေဇ နှင့် ဦးဂမ္ဘီရ တို့က မီဒီယာများသို့ email ဖြင့် ပေးပို့ခဲ့သည်။
စာရေးသူသည် စက်တင်ဘာ ၁၃ တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိပြီး သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၏ ဆုံးဖြတ်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို အဖွဲ့အစည်းအသီးသီးသို့ ဆက်လက် ညွှန်ကြားခဲ့ပါသည်။ အဖွဲ့ကြီး၏ တည်နေရာကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂဂ္ဂများအဖွဲ့ချုပ်မှ အဖွဲ့ဝင် ဦးမေဓာဝီ နှင့် တိုင်ပင်ပြီး ၎င်း၏ စာသင်ကျောင်းတိုက်ကို ရွေးချယ်သတ်မှတ်ခဲ့သည်။
စစ်အစိုးရက တောင်းဆိုချက်များကို မလိုက်လျောသည့်အတွက် သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ကြေညာာထားသည့်အတိုင်း စက်တင်ဘာ ၁၈ တွင် မြို့ကြီးတော်တော်များများ၌ ကံဆောင်ပွဲများကို ကျင်းပခဲ့ကြသည်။ နေ့လည်ပိုင်းတွင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ သံဃာတော်များ ဘုရားရှိခိုး၊ မေတ္တာပို့၊ ဆုတောင်းကြသည်။ ထို့နောက် စေတီတော်မြတ်ကြီး၏ အရှေ့ဖက်မုခ်မှဆင်းကာ ဆုတောင်း၊ မေတ္တာပို့၊ ပရိတ်ရွတ်ပွဲ ကို စတင်ပြုလုပ်သည်။
ထိုနေ့တွင် အထက်မြန်မာပြည်သံဃာ့ သာမဂ္ဂီအဖွဲ့ချုပ်မှ ဦးခေမိန္ဒ(ဆရာကေ)အား ဆက်သွယ်၍ ရန်ကုန်သို့ ချက်ချင်းကြွရောက်ပါရန် လျှောက်ထားရသည်။ ဦးဂမ္ဘီရ၏ သဘောဆန္ဒအရ ၎င်းအား မန္တလေးမြို့တွင်တာဝန်ယူရန် လျှောက်ထားရသည်။ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ကလည်း ဓမ္မနှင့် အဓမ္မတိုက်ပွဲမှာ အဓမ္မ ဝါဒီတွေကို နှိပ်ကွပ်ဆုံးမဖို့ သံဃာထုညီညွတ်ရေးကို ဆောင်ရွက်ပေးတော်မူကြပါဘုရား ဟု လျှောက်ထားခဲ့ပါသည်။
စက်တင်ဘာ ၁၉ တွင် သံဃာ့တပ်ပေါင်းစုအဖွဲ့ဝင် သံဃာတော်များက မိုးရွာနေသည့်ကြားမှပင် မိမိတို့ မြို့နယ်အလိုက် ဆုတောင်းလမ်းလျှောက်ပွဲများကို ဆက်လက်ဖော်ဆောင်ခဲ့ကြသည်။ ၈၈-မျိုးဆက် ကျောင်းသားအဖွဲ့မှ ကိုဌေးကြွယ်၊ ကိုထွန်းမြင့်အောင်၊ ကိုလှမျိုးနောင်၊ ကိုအောင်သူ တို့ကလည်း အကူအညီများပေးခဲ့သည်။ အနုပညာရှင်များဖြစ်ကြသော ကိုကျော်သူ၊ ကိုဇာဂနာ၊ ကိုအောင်ဝေး(ကဗျာဆရာ)၊ ဒေါ်သန်းမြင့်အောင်(စာရေးဆရာမ) တို့လည်း ပူးပေါင်း ပါဝင်ခဲ့သဖြင့် အရှိန်အဟုန် မြင့်တက်ကာ ကျောင်းသားပြည်သူများ တက်ကြွစွာ ပါဝင်လာပြီး လူထုလှုပ်ရှားမှုအသွင်ကို ကူးပြောင်းခဲ့သည်။
စက်တင်ဘာ ၂ဝ တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂများအဖွဲ့ချုပ်ကလည်း (ကျောင်းသား ပြည်သူအပေါင်းသို့ပန်ကြားချက်)ကြေညာာချက် ထုတ်ပြန်ခဲ့သည်။ ပခုက္ကူ သံဃာတော်များကလည်း ‘န-အ-ဖ အခက် ပြည်သူ့အချက်’ ဆောင်ပုဒ်ကို ကိုင်ပြီး ပြည်သူတရပ်လုံးက မတရားတဲ့ စစ်အစိုးရ၏ တံတိုင်းကြီးကို တွန်းလှဲရန်အချိန်ကောင်း ဟု ကြေညာလိုက်သည်။
စက်တင်ဘာ ၂၁  တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးက ကြေညာချက် အမှတ်  ၄ ကို ထုတ်ပြန်လိုက်သည်။ လာမည့် စက်တင်ဘာ ၂၄ တနင်္လာနေ့ နေ့လည် ၁ နာရီမှ စတင်ကာ သံဃာတော်များနှင့်ကျောင်းသား၊ ပြည်သူများ အတူလက်တွဲပြီး ကိုယ့်အခွင့်အရေးကို ကိုယ်ကိုယ်တိုင် စည်းကမ်းရှိစွာ စနစ်တကျ အကြမ်းမဖက်သည့် နည်းလမ်းဖြင့် အရှိန်မြှင့် တောင်းဆိုကြရန် ကြေညာလိုက်ခြင်းဖြစ်သည်။
၈၈-မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဌေးကြွယ်၊ ကိုထွန်းမြင့်အောင် တို့နှင့်လည်း ပူးတွဲကြေညာချက် ထုတ်ရန် အကြိမ်ကြိမ်ဆွေးနွေးခဲ့သည်။
စက်တင်ဘာ ၂၃ တွင် မြန်မာနိုင်ငံစာပေနှင့် အနုပညာရှင်များ အုပ်စုကလည်း ကြေညာချက် ထုတ်ပြန်ပြီး ဆက်လက်ပါဝင်ဆင်နွဲကြရန် တိုက်တွန်း နှိုးဆော်လိုက်သည်။
စက်တင်ဘာ ၂၄ တွင် ၂ဝဝ၇ ဗကသမှ ကျော်ကိုကိုနှင့် စည်သူမောင်တို့က ခွပ်ဒေါင်းအလံကိုင်ပြီး ဆက်လက် ချီတက်ရေးအတွက် ဖုန်းဆက်ပြီး အကြိမ်ကြိမ် တောင်းဆိုသောကြောင့် စာရေးသူကိုယ်တိုင် စည်းကမ်းထိမ်းသိမ်းရေး ကော်မတီသို့ သွားရောက် အကြောင်းကြားထားရသည်။
စက်တင်ဘာ ၂၅ တွင် သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးနှင့် ၈၈-မျိုးဆက်ကျောင်းသားများအဖွဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်နိုင်ခဲ့သည်။
ထို့နောက်တွင် စစ်အာဏာရှင်များက ကျောင်းတိုက်များအား အဓမ္မဝင်ရောက်စီးနင်း၍ သံဃိကပိုင် ပစ္စည်းများကို ဖျက်ဆီးခြင်း၊ ငွေများကို သိမ်းဆည်းခြင်း၊ သံဃာတော်များကိုဖမ်းဆီးခြင်း စသော အဓမ္မ လုပ်ရပ်များကြောင့် သံဃာတော်များမှာ လွတ်မြောက်ရာနေရာများသို့ ရှောင်တိမ်းကြရသည်။ ရှောင်တိမ်းနေသည့်ကြားကပင် ဦးဆောင်ဆရာတော်အချို့မှာ  နအဖ စစ်ထောက်လှမ်းရေးတို့၏ ဖမ်းဆီးခြင်း ခံကြရသည်။
အဖမ်းမခံရဘဲ လွတ်မြောက်နေသေးသော တပ်ပေါင်းစုအဖွဲ့ကြီး၏ ဦးဆောင်ဆရာတော်များဖြစ်သည့် ဦးသြဘာသ နှင့် ဦးတေဇတို့ အပါအဝင် အခြားအဖွဲ့ဝင် သံဃာတော် အများစုမှာ ယနေ့အထိ ပုန်းရင်းရှောင်ရင်းမှ မပြီးဆုံးသေးသော တာဝန်များကို ဆက်လက် ထမ်းဆောင်လျက်ရှိနေကြပါသည်။ စစ်အာဏာရှင်စနစ်ကို အပြီးအပိုင် ဖျက်သိမ်းပစ်ပြီး ဘာသာ သာသနာ ထွန်းကားစည်ပင်နိုင်သည့် ဒီမိုကရေစီ ခေတ်သစ်တခုကို တည်ဆောက်နိုင်သည်အထိ အခြားသော အင်အားစုများနှင့်အတူ ဆက်လက် တိုက်ပွဲဝင်သွားရေးသည် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး ၏ အဓိကအကျဆုံး လုပ်ငန်းတာဝန် ဖြစ်ပါသည်။

အသျှင်သြဘာသ
ဦးဆောင်ဆရာတော်- မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts