သန်းဝင်းလှိုင် – သူရဦးရွှေမန်းအပေါ် တပ်မတော်၏သဘောထား
(မိုးမခ) ဧပြီ ၁၁၊ ၂၀၁၉

အခန်း (၇)
သူရဦးရွှေမန်းအပေါ်  တပ်မတော်၏သဘောထား

(မိုးမခစာအုပ်စင်ကောက်နှုတ်ချက်- သူရရွှေမန်းကိုလေ့လာခြင်း မှ)

တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များက သူရဦးရွှေမန်းသည် မြန်မာ့နိုင်ငံရေးလောကကို နှစ်ပေါင်း ၆၀ ကျော်ကြာ လွှမ်းမိုးလာခဲ့သည့် တပ်မတော်ကို ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော အရပ်သားအစိုးရလက်အောက် ၌ထားရှိလိုပြီး ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၁) ပုဒ်မ ၆ (စကို ပြင်ဆင်လိုသူဟူ၍ မှတ်ယူထားကြသည်။ ပုဒ်မ ၆ (စ)၌ ”နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်း ဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်” ဟူ၍ ရေးဆွဲဖော်ပြထား သည်။ တစ်နည်းဆိုသော် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော် ခေါင်းဆောင်များသည် မြန်မာ့နိုင်ငံရေးလောကတွင် ဆက်လက်ပါဝင်နေဦးမည် ဖြစ်သည်။

ထို့ကြောင့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်သွားသည့် တိုင် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော်သည် အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် နိုင်ငံရေးလောကတွင် ဆက်လက် ပါဝင်နေခွင့် ရှိနေဦးမည်ဖြစ်သည်။

အမှန်စင်စစ် ဒီမိုကရေစီစနစ်အရ တပ်မတော်သားများသည် အုပ်ချုပ် ရေးယန္တရား၌ ပါဝင်ခွင့် မရှိသည့်အပြင် တာဝန်ထမ်းဆောင်ခွင့် မရှိချေ။ ထို့ကြောင့် ဒီမိုကရေစီအရပ်သား အစိုးရ၏ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲ ရေးဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနများတွင် ဝင်ရောက်ထမ်းရွက်ခွင့် မပြုပေ။

နိုင်ငံရေးတာဝန် ထမ်းဆောင်လိုသော တပ်မတော်သားတိုင်းသည် တပ်မတော်မှ တရားဝင်နုတ်ထွက်ပြီးနောက် တသီးပုဂ္ဂလဖြစ်စေ၊ ပါတီအဖွဲ့ အစည်း တစ်ခုခုမှဖြစ်စေ ဝင်ရောက်ကာ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင် ပြီး နိုင်ငံရေးတာဝန် ထမ်းဆောင်ရပေသည်။ ဤသည်မှာ ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံတိုင်း၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် အရပ်ဘက် အာဏာလွှမ်းမိုးမှုကို ဥပဒေသတ်မှတ် ပြဋ္ဌာန်းထားသောကြောင့် ဖြစ်သည်။

ဒီမိုကရေစီစနစ်၏ ထူးခြားချက်မှာ တိုင်းပြည်ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍတွင် ထမ်းဆောင်နေရသည့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ သည် ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်တင်မြှောက်သော အရပ်သားအစိုးရအောက်တွင် ပြည်သူ့ဝန်ထမ်း အဖွဲ့အစည်းတစ်ရပ်အဖြစ်သာ တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

ယခုမူ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကို လေ့လာကြည့်ပါက ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၈ အရ နိုင်ငံတော်သမ္မတသည် မြန်မာနိုင်ငံတော် တစ်ဝန်းလုံး တွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ၌ ရှိသော်လည်း ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်  ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၁၊ ပြည်ထောင်စု အစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၀၊  ပုဒ်မခွဲ (က) တို့ပါ ပြဋ္ဌာန်းချက်အရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီတွင် နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ   မန်းဝင်းခိုင်သန်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ ပါဝင်ထားရာ တပ်မတော်၌ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် တာဝန်ထမ်းဆောင်ဆဲ တပ်မတော်အရာရှိကြီး ၅ ဦးတို့သည်ပါဝင်နေရာ ကောင်စီဝင် ၁၁ ဦးအနက် တပ်မတော်သည် ကောင်စီဝင် ၆ ဦး နေရာရရှိထားသဖြင့် မဲခွဲအဆုံးအဖြတ် ရယူမည်ဆိုလျှင် အစဉ်အမြဲ အသာစီးရနေမည်မှာ ပကတိအနေအထားပင် ဖြစ်သည်။

ထို့ကြောင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်နှင့် စပ်လျဉ်း၍ နိုင်ငံ တော် သမ္မတအထက်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ရှိနေသောကြောင့် နိုင်ငံတော်အကြီးအကဲနှင့် အထွတ်အထိပ်ဖြစ်သူ နိုင်ငံတော် သမ္မတသည် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၄ (ခ)အရ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ)၏ ထောက်ခံချက်နှင့်အညီ သာ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိနေပေသည်။ ကာ/လုံ၏ သဘော တူညီချက်မရပါက မည်သူတစ်ဦးတစ်ယောက်ကိုမျှ သမ္မတသည် လွတ်ငြိမ်း ချမ်းသာခွင့် မပေးနိုင်ချေ။

ယင်းကြောင့် သမ္မတအထက်တွင် မည်သူမျှမရှိဟု လူသိရှင်ကြား ထုတ်ဖော်ပြောဆိုနေမှုသည် ယုတ္တိမရှိလှပေ။

တစ်ဖန် နိုင်ငံတော်အကြီးအကဲ သမ္မတသည် နိုင်ငံခြားတိုင်း ပြည် တစ်ခုခုနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်မည်ဆိုလျှင် (ကာ/လုံ) နှင့် ညှိနှိုင်းရမည်ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၆ တွင် အတိအလင်း ပြဋ္ဌာန်းထားပြန်သည်။

နိုင်ငံတော် သမ္မတကြီးသည် အုပ်ချုပ်ရေးမဏ္ဍိုင်ကို ပဲ့ကိုင်သူဖြစ်သည့် အလျောက် ဒီမိုကရေစီနိုင်ငံရေးတွင် ဥပဒေပြုရေးမဏ္ဍိုင် လွှတ်တော်များ အနေဖြင့် သမ္မတဦးဆောင်သည့် အုပ်ချုပ်ရေးမဏ္ဍိုင်ကို ဥပဒေပါပြဋ္ဌာန်းချက် များနှင့်အညီ ထိန်းကျောင်းရမည်သာ ဖြစ်သည်။ သမ္မတသည် မည်သူ့ကို မဆို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ်နိုင်သလို မည်သူ့ကို မဆို ကာကွယ်ရေးဦးစီးချုပ်အဖြစ်မှ ရပ်စဲပိုင်ခွင့် ရှိသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး၌ ကာ/လုံသည် နိုင်ငံတော် သမ္မတ၏ အထက်မှ ရပ်တည်နေသည်မှာ ဥပဒေကြောင်းအရသာမက နိုင်ငံရေးအရ လည်း လွဲချော်မှုကြီးပင် ဖြစ်သည်။

၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သည် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၏ ဒုတိယသမ္မတ တစ်ဦးကို အမည်စာရင်း တင်သွင်းနိုင်ခြင်း၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ကို အမည်စာရင်း တင်သွင်းနိုင်ခြင်း၊ ပြည်သူ့လွှတ်တော်၌ တပ်မတော်သား ကိုယ်စားလှယ် ၁၁၀ ဦး၊ အမျိုးသားလွှတ်တော်၌ ၅၆ ဦး၊ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံတို့ကို ပြည်သူ့ဆန္ဒမပါဘဲ အမည်စာရင်းတင်သွင်းနိုင်ခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတစ်ဦးစီကို အမည်စာရင်း တင်သွင်းနိုင်ခြင်းတို့ကို ရယူထားရာ တပ်မတော် ကာကွယ် ရေးဦးစီးချုပ်သည် အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်နှစ်ရပ်စလုံး ၌ သော့ချက်ကျ အရေးပါနေသည်မှာ ထင်ရှားလှပေသည်။

အမှန်စင်စစ် ပျားကို တီကျစ်စာတူးခိုင်း၍ မရသလို တီကောင်ကို ပျားအိမ်ဖွဲ့ခိုင်း၍ မရပေ။ တပ်မတော်သည် နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကို ထမ်းရွက်ခွင့်သာရှိပေသည်။ ထိုသို့မဟုတ် တပ်မတော် သည် နိုင်ငံရေးလောက၌ ပါဝင်ခဲ့သောကြောင့် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့်ကဏ္ဍပေါင်းစုံသည် ယိုယွင်းပျက်စီး သွားခဲ့ရသည်မှာ မည်သူမျှ မငြင်းနိုင်ပေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ