မောင်ရစ် – ကဗျာဆရာ၏ နောက်ဆုံးခရီး လိုက်ပို့ခြင်း
(မိုးမခ) ဧပြီ ၁၁၊ ၂၀၁၉

မတ်လ ၂၂ ရက်နေ့မှာ တောင်ဒဂုံနဲ့ ဆိပ်ကမ်းမြို့နယ်ရဲ့ ကျည်စုသုဿန်ကို ရောက်ပါတယ်။ ကဗျာဆရာမောင်သင်းမိုး(၆၇နှစ်)ရဲ့ နောက်ဆုံးအသုဘခရီးကို လိုက်လံပို့ဆောင်တာပါ။

မတ်လ ၂၁ ရက်နေ့မှာ ရန်ကုန်ကို ပြန်ရောက်တယ်။ ရက်တိုတိုလေး နေရမှာဖြစ်ပေမယ့် ထုံးစံအတိုင်း သွားချင်တွေ့ချင်လုပ်ချင်တာတွေက ပြည့်လို့ပါ။ ထူးခြားဆန်းကျယ်တာတွေ မဟုတ်ပါဘူး။ ရှိနေသေးသူတွေနဲ့ ရှိနေသေးတဲ့နေရာတွေ လုပ်လက်စတွေဆီကို သွားတာ တွေ့တာ လုပ်တာတွေမို့ သာမန်ရိုးကျပါပဲ။ မနက်ခင်းအိမ်ကိစ္စတွေပြီးတာနဲ့ ချီတက်တာက နာနတ်တောလမ်းက ရွှေကျေးလက် လဘက်ရည်ဆိုင်။ တိုက်တိုက်ဆိုင်ဆိုင်ဆုံတာက ကဗျာဆရာ ကိုအောင်ဝေးရဲ့သား လပြည့်ဝေး။ သူလက်ဆောင်ပေးတဲ့ ကိုအောင်ဝေးရေးတဲ့ ညိုမီဂုမ္ဘန်ညများ (ဆရာဒဂုန်တာရာ နှစ် ၁၀၀ပြည့်) စာအုပ်လေး။ အမေရိကန်က မြန်မာကဗျာဆရာ၊  အမေရိကန်ကမိုးမခအွန်လိုင်းမှာ ရေးခဲ့ ရှယ်ခဲ့တာ စာတွေအချို့လည်း ပါဝင်တဲ့စာအုပ်ကို မြန်မာပြည်မှာ ထုတ်တာ အမှတ်တရလက်ဆောင်ဆိုတော့ မှတ်မှတ်ရရပေါ့။

အဲသည်ကနေ ရန်ကုန်မြို့ထဲက ဆိပ်ကမ်းသာလမ်းကို ဆက်ပါတယ်။ ဆိပ်ကမ်းသာလမ်းမှာ မိုးမခစာအုပ်သိုက်ရှိပါတယ်။ မိုးမခရဲ့ ဆိပ်ကမ်းသာဖြန့်ချိရေး ရှိပါတယ်။ ကဗျာဆရာတွေ စာပေသမားတွေ ရှိပါတယ်။ မြသဇင်လဘက်ရည်ဆိုင် ရှိပါတယ်။ ရဲဘော်မိတ်ဆွေ ကိုခိုင်မျိူးနဲ့ ချိန်းပါတယ်။ သူက ကဗျာမောင်သင်းမိုးရဲ့ နောက်ဆုံးခရီးကို ကဗျာဆရာတွေနဲ့ အတူလိုက်ပို့ဖို့  ဗိုလ်ချုပ်လမ်းပေါ်က လပြည့်ဝန်းလဘက်ရည်ဆိုင်မှာ စီစဉ်နေတာကို တွေ့ရပါတယ်။ သူတို့က အမြဲတန်း ကဗျာဆရာမိတ်ဆွေတွေရဲ့ သာရေးနာရေး ဝိုင်းဝန်းနေကြကို အဝေးကမြင်သိနေရသော်လည်း ဒီတခါတော့ ကိုယ်တိုင်ကိုယ်ကျ မြင်ရပြီပေါ့။ ၂၀၁၉ ထဲမှာ ကဗျာဆရာတွေ စာပေသမားတွေ ကြွေလိုက်ကြတာ ဝမ်းနည်းစရာပါ။ သူတို့မိတ်ဆွေတွေ တဖြုတ်ဖြုတ် ကွယ်လွန်နေကြတာ …။

နောက်ဆုံးရေးခဲ့တဲ့ မိုးမခမဂ္ဂဇင်း (ဇန်-မတ်)လထုတ်  အယ်ဒီတာ့လက်ရေးထဲမှာ “၂၀၁၈ထဲမှာ ကွယ်လွန်သူတွေ ထားရစ်ခဲ့ရပြီ” လို့ ရေးခဲ့ပြီး အခု ၂၀၁၉ အဝင်ကတည်းက တဖြုတ်ဖြုတ်ပဲနော်။ ကဗျာဆရာတွေ စုပြီး နာရေးလိုက်ပို့မယ့်ကားကို စီစဉ်နေကြတယ်။ အဝေးကလူဆိုတော့ ကဗျာဆရာတွေ စာပေသမားတွေကို မသိဘူး။ သူတို့ကလည်း ကိုယ့်ကို မသိပါဘူး။ ကိုခင်လွန်းက မိုးမခစာပေအနုပညာဆိုင်ရာ အယ်ဒီတာဆိုတော့ သူ့ကို သိကြတယ်။ သူကလည်း သိတယ်။ ကွယ်လွန်သူကဗျာဆရာကို ကျနော် လူချင်းမသိပါသော်လည်း စာပေမိတ်ဆွေတဦးအနေနဲ့ နောက်ဆုံးခရီးတော့ လိုက်ပို့ဖို့ ဆန္ဒရှိပါတယ်။ ကိုခိုင်မျိူးကလည်း သွားကြမယ်လေ လို့ ဆိုလိုက်တော့ ထလိုက်ခဲ့ပါတယ်။ ရန်ကုန်မြို့ကြီး ကားကြပ်တာ၊ ပူလောင်အိုက်စပ်နေတာတွေ မပြောတော့ပါဘူး။ လက်တဆုပ်စာ ကဗျာဆရာတွေနဲ့ နာရေးကားပေါ်ကနေ ကဗျာဆရာမောင်သင်းမိုးကို လိုက်ပို့ကြတာပေါ့။

ပုဇွန်တောင်၊ သာကေတ၊ ရှုခင်းသာ၊ ဆိပ်ကမ်းတောင်ဒဂုံ မြို့တွေကို အဆင့်ဆင့်ဖြတ်သန်းပြီးတော့ ကျည်စုသုဿန်ကို ရောက်ပါတယ်။ မြို့သစ်တွေက ကြပ်တည်း ထူထပ် ရှုပ်ထွေးနေပေမယ့် သင်းချိူင်းကုန်းကတော့ ကျယ်ဝန်း ချောင်ချိပါတယ်။ အနီးက စက်မှုဇုန်ဝင်းတွေကလည်း ကျယ်ပြန့်လှတယ်။ ကျန်ရစ်သူတွေနဲ့ သွားနှင့်သူတွေအတွက် သီးသန့်ကမ္ဘာလေးတခုပေါ့။ ယပ်တောင်ရယ် သူ့ကိုယ်ရေးအကျဉ်းစာရွက် ပြီးတော့ သူ့ကဗျာလေးတရွက်၊ ရှုမ၀မဂ္ဂဇင်းပါ သူ့အခြားကလောင်အမည်နဲ့ ၀တ္ထုတိုမိတ္တူလေးတစောင် ရပါတယ်။ ကဗျာဆရာတွေဟာ သူပုန်တွေချည်းပဲ။ သူ့ကိုယ်ရေးထဲမှာ ကဗျာရေးလို့ အရေးယူခံရတာ၊ အသိမ်းခံရတာတွေပါတယ်။ သူ့ကဗျာတွေကို မိုးဝေ ရှုမ၀တွေမှာ ရေးခဲ့တာတွေလို့ အမှတ်တရဆိုထားပါတယ်။ ကဗျာဆရာတွေကလည်း ရဲဘော်မိတ်ဆွေတွေလိုပဲ ပုခုံးဖက်ပြီး အတူတူ ကြီးပြင်းကြတာ၊ နောက်ဆုံးအချိန်အရောက်လာပြီး လက်ပြနှုတ်ဆက်ကြတာ။

သူ့နာရေးမှာ ဝေတဲ့ကဗျာက “လူ့လောကသို့အလည်သွားခြင်း”  တဲ့။
စစ်ပွဲတွေ တဂျွတ်ဂျွတ် ၀ါးစားပြီးနောက်
မျိူးရိုးဗီဇ
ပတ်ဝန်းကျင်မွေးဖွားနှုန်း
ဘာမှန်းမသိ သတ္တ၀ါမွေးဖွားလာပုံ … တဲ့။
… … …
… … …

သူအန်ချလိုက်တာက
သဘာ၀သမိုင်းပြတိုက်ကြီး … တဲ့။

ကျန်ရစ်သူမိသားစုမှာ ဇနီးသည်က ​ဒေါ်သင်းသင်း​ဝေ၊ သား မောင်အောင်ထက်၊ မောင်ရဲရင့်မြင့်မိုရ်၊ မတ် ၂၀ ၊ ၂၀၁၉ မှာ ကွယ်လွန်။ မိသားစု မိတ်ဆွေ အနည်းငယ်၊ ကဗျာဆရာအနည်းငယ်နဲ့ ကဗျာဆရာရဲ့ အသုဘဟာ  ငြိမ်းချမ်းပါတယ်။ ကဗျာဆရာတွေက အမှတ်တရစကား  ပြောကြတယ်။ သူ့ကဗျာတွေ ဖတ်ကြတယ်။ သူတို့ ခံစားမိတဲ့ အခြားကဗျာတွေ ရွတ်ကြပါတယ်။ သားတွေကလည်း အဖေ့ကို ကဗျာတွေ ဖတ်ပြီး နှုတ်ဆက်ခဲ့ကြပါတယ်။ ပြီးတော့ သူတို့ ကဗျာဆရာရဲ့ ဉတုဇရုပ်ကလာပ်ကို မီးသင်းဂြိုလ်စက်ထဲ ပို့ပေးလိုက်ကြပါတယ်။ သူမရှိတော့ပေမယ့် သူ့မိတ်ဆွေတွေ၊ မိသားစုတွေဟာ သူ့ကဗျာတွေနဲ့အတူ ဆက်လက် ကျန်ရစ်ကြတယ်လို့ ခံစားနေမိပါတယ်။

မကြာမီက ကွယ်လွန်နှင့်တဲ့ ကဗျာဆရာညွန့်သစ်ရဲ့ ”ကဗျာဆရာများနဲ့ စကားစမြီ” စာအုပ်မှာ ကဗျာဆရာ့အ​ကြောင်း ပါ၀င်ပါတယ်။ အခု မောင်သင်းမိုးလည်း ထွက်ခွာသွားပြန်ပါပြီ။ ကိုခင်လွန်းကတော့ မောင်သင်းမိုးကဗျာတပုဒ်ကို အခုလို ဖော်ပြခဲ့ဖူးပါတယ်။

နှစ်များ….
များစွာတသွင်သွင်
စိမ်းလန်းစွာ ပွင့်မယ့်ပန်း
အလှပဆုံးအမည်ပေးချင်ရဲ့
ငြိမ်းချမ်းရေးပန်း။

(မောင်သင်းမိုး)

ကျနော်တို့လည်း ကျန်ရစ်သူကဗျာဆရာတွေနဲ့အတူ  မြို့ထဲပြန်ပို့မယ့် နာရေးကားနဲ့  ပြန်လိုက်လာကြပါတယ်။ အပြန်လမ်းမှာ အပြင်ကို ငေးကြည့်မိတော့  တိုးချဲ့ထားတဲ့  မြို့ကွက်တွေ၊ ခြံခတ်ထားပြီး လူမရှိတဲ့ အကွက်တွေ၊ အနိမ့်အမြင့် ကွာဟချက်ချောက်ကမ္ဘားခြားနေတဲ့ လူနေအိမ်အမျိုးမျိုးတွေ၊ ဟိုးပျပျမှာက စင်ကာပူလိုလို ထိုင်းလိုလို အဆင့်မြင့်အိမ်ယာမိုးထောင်ထောင်တွေက မိုးခေါင်ခေါင်မှာ၊ အဲသည်ဆိပ်ကမ်းမြို့နယ်တိုးချဲ့က  မြစ်ကမ်းတလျောက် ဘေးဧရိယာလို လှပသာယာလာမှာတဲ့၊ အဲဒါတွေ ငေးမောရင်း လိုက်လာလိုက်တာ ရန်ကုန်မြို့ထဲ ၀င်လာတော့မှ သတိပြန်၀င်ပါတယ်။ ရန်ကုန်မြို့တော်ကြီးက အပြင်ဘက်ကကန္တာရ သူနဲ့ မဆိုင်သလို စည်ကားသက်၀င်စိုပြေနေတယ်လို့ ဆိုချင်တယ်။ ကျင်လည်နေကျ ပတ်၀န်းကျင်ထဲရောက်မှ လူက ခုနင်က ဟာနေတာ ဟင်းလင်းဖြစ်နေတာတွေ ပျောက်လို့ ပုံမှန်ဖြစ်သွားသလိုပါ။ ကိုခိုင်မျိူးက ကိုလေးမြတ်တို့နဲ့ ပန်းဆိုးတန်း ဆူပါကင်းမှာ ထိုင်ဦးမယ်တဲ့။ အေးဗျာ သွားဗျာ။ ကျနော်ကတော့ ဘယ်ဆက်ရင် ကောင်းမလဲ။ ရန်ကုန်မြို့ထဲ ညနေခင်းဆိုတာက အပြင်လောကက အပူတွေ မီးတွေကို မေ့ပြီး လူတွေ လမ်းတွေ ကားတွေ ဆိုင်တွေ ပြန်လင်းတန်းတွေနဲ့ ဖမ်းစားထားတာကိုး။ ဟော ဟိုမှာ စာအုပ်ဆိုင်ထဲက ထွက်လာတာ ဆရာလေး သီဟလတ် … ကျနော်လည်း သူနဲ့ ပန်းဆိုးတန်း မြစပယ်မှာ လဘက်ရည်သောက် လိုက်သွားဦးမယ်နော်။

ကဗျာဆရာ​မောင်​သင်းမိုး ၆၇နှစ်​ … ကျည်စုသုသာန်​ … ကျန်​ရစ်​သူ​တွေ … သွားနှင့်သူ​တွေ … ​သာ​ကေတ၊ ဒဂုန်​တောင်မြောက်အရှေ့အနောက်၊ ရှုခင်းသာ၊ ယုဇန၊ ဘေးဧရိယာ၊ မြို့ပြ၊ မြို့ပြင်​၊ မြို့ ဗရမ်းဗတာ​တွေက​နေ ဖြတ်​သွားကြ … ဆက်ပြီး ဖြတ်သွားကြတယ်။

ဧပြီ ၁၂၊ ၂၀၁၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ