Yan Naung (Bo Ta Htaung) သတင်းပဒေသာ

သတင်းစာဆရာ၊ စာရေးဆရာ စိန်ခင်မောင်ရီ ကွယ်လွန်ခြင်း (၂၇) နှစ်ပြည့်


သတင်းစာဆရာ၊ စာရေးဆရာ စိန်ခင်မောင်ရီ ကွယ်လွန်ခြင်း (၂၇) နှစ်ပြည့်  

ရန်နောင်(ဗိုလ်တထောင်)၊ မိုးမခ၊ မတ် ၁၂၊ ၂၀၁၉

(ရန်ကုန် မတ်- ၁၁ ) သတင်းစာဆရာ၊ စာရေးဆရာ စိန်ခင်မောင်ရီ ကွယ်လွန်ခြင်း (၂၇ ) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နေ့လယ် (၁) နာရီက ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားလမ်း ရှိ House of Orchid တွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း က ကျင်းပပြုလုပ်ခဲ့သည်။

အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားတွင် အခမ်းအနားမှူး အဖြစ် ဒေါ်ဂျူလိုင်မိုးက ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဂုဏ်ထူးဆောင်အသင်းသား ၊ ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်း နာယက ၊ သတင်းစာဆရာ၊ စာရေးဆရာ ဒါရိုက်တာမောင်ယဉ်ကျော်က အမှာစကား ပြောကြားခဲ့သည်။


သတင်းစာဆရာ၊ စာရေးဆရာ စိန်ခင်မောင်ရီ ၏ အတ္ထုပ္ပတ္တိအကျဉ်းကို စာရေးဆရာမကြီး ရွေကူမေနှင်း က ဖတ်ကြားခဲ့သည်။ ဆက်လက်၍

 

ဒါရိုက်တာပန်းချီစိုးမိုး၊ ဒါရိုက်တာ ကြည်စိုးထွန်း၊


ကာတွန်းငွေကြည် ၊ မနုဿကျော်ဝင်း ၊ ဦးခင်မောင်ချင်းတို့က ဆရာစိန်ခင်မောင်ရီ အမှတ်တရ မုဒိတာစကားများ ပြောကြားခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ၊ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ကျေးဇူးတင်မုဒိတာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဆရာစိန်ခင်မောင်ရီ၏ မိသားစု ကိုယ်စား သားကြီးဖြစ်သူ ဦးခင်မောင်သော် ( ခင်မောင်သော် – ကမာရွတ်) က ကျေးဇူးတင် စကားပြောကြားခဲ့သည်။

 

သတင်းစာဆရာ၊ စာရေးဆရာ စိန်ခင်မောင်ရီ ၏ အမည်ရင်းမှာ ခင်မောင်ရီ (မုံရွာ ) ဖြစ်ပါသည်။ ဖခင် မှာ စာရေးဆရာပုလိပ်အရာရှိတစ်ဦး အမည်ခံ ခရိုင်ရဲဝန် ဦးဘသော် ( ပြစ်မှုမဂ္ဂဇင်း စတင်တည်ထောင်သူ ) ဖြစ်ပြီး မိခင်မှာ ဒေါ်မမလေး ဖြစ်သည်။ ဆရာသည် မွေးချင်း (၆) ယောက် အနက် အကြီးဆုံး ဖြစ်ပြီး ၁၉၂၅ ခုနှစ် တွင် မုံရွာမြို့ ၌ မွေးဖွားခဲ့သည်။

မုံရွာမြို့ ၊ ဗုဒ္ဓဘာသာ အထက်တန်းကျောင်းတွင် နေစဉ်ကတည်းက နယ်သတင်းထောက်အဖြစ် သတင်းစာများတွင် သတင်းဆောင်းပါးများ ရေးခဲ့သည်။ ဂျပန်ခေတ်တွင် မုံရွာခရိုင်၊ အာရှလူငယ်အစည်းအရုံး ဥာဏဗလမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ စာပေလောကသို့ ၁၉၅၀ ပြည့်နှစ်တွင် ဝင်ရောက်ခဲ့ကာ ပဒေသာမဂ္ဂဇင်းတွင် အယ်ဒီတာ ဖြစ်ခဲ့သည်။ နန်းမြိုင် ၊ ယဉ်ညိမ်း စသည့် ကလောင်အမည်များဖြင့် ဝတ္ထုတို၊ ဝတ္ထုရှည် ၊ ဘာသာပြန်များ ရေးသားခဲ့သည်။

ထို့နောက် သတင်းစာလောကသို့ ဝင်ရောက်ခဲ့ပြီး စီးပွားရေး၊ အိုးဝေ၊ ဗမာ့ဝါဒ ၊ ဗမာ့ခေတ်နှင့် ယူနီယမ်ဂေဇက် သတင်းစာများတွင် သတင်းအယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ ကြေးမုံသတင်းစာ ထုတ်ဝေရာတွင် တည်ထောင်သူတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး ကြေးမုံသတင်းစာတွင် အယ်ဒီတာချုပ်အဖြစ် ၁၉၆၄ ခုနှစ်အထိ လုပ်ကိုင်ခဲ့သည်။

စိန်ခင်မောင်ရီသည် မြန်မာနိုင်ငံစာရေးဆရာအသင်းတွင် အတွင်းရေးမှူး ၊ မြန်မာနိုင်ငံသတင်းကောင်စီတွင် အတွင်းရေးမှူး ၊ မြန်မာနိုင်ငံရုပ်ရှင်နှင့်ဆင်ဆာအဖွဲ့ဝင် နှင့် အကယ်ဒမီရွေးပွဲ အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၅၇ – ၅၈ ခုနှစ်တွင် တာရှ်ကင့် အာရှအာဖရိကစာရေးဆရာညီလာခံ ၊ ၁၉၆၃ ခုနှစ်တွင် သတင်းစာ ကိုယ်စားလှယ်အဖွဲ့ဝင် အနေဖြင့် အင်္ဂလန်နိုင်ငံများသို့ သွားရောက်ခဲ့သည်။ ၁၉၆၉- ၇၀ ခုနှစ်တွင် ဖြူနီညိုပြာ မဂ္ဂဇင်း ထုတ်ဝေခဲ့သည်။

စိန်ခင်မောင်ရီသည် ပြဇာတ်များ အနေဖြင့် မြေပိုင်ရှင်ဦးကံကောင်းနှင့် သမီးများ၊ ကောင်လူ၊ ကြက်ကင် ၊ ဒိုင်းညှောင့်၊ မျက်နှာဖုံး ၊ ကိုစံစက်ရုပ် နှင့် အခြားပြဇာတ်စာပေများ၊ ဘာသာပြန် စာအုပ်တွင် ယဉ်ညိမ်း ကလောင်အမည်ဖြင့် သူခိုးနှင့် အရိုးခံမလေး ၊ ဆိုဖီယာရဲ့ ဆိုဖီယာ စာအုပ်များ ရေးခဲ့သည်။ အနာတဟန် ဘာသာပြန်စာအုပ်ဖြင့် ၁၉၈၅ ခုနှစ် အမျိုးသားစာပေဆုအား ဘာသာပြန် (သုတဆု) ၊ စောင်းသိန်းဖေ သီဆိုခဲ့သော ငွေညို့ပင် သီချင်းသည် စိန်ခင်မောင်ရီ၏ ထင်ရှားသော လက်ရာ ဖြစ်သည်။

ရုပ်ရှင်ဇာတ်လမ်း ၊ ဇာတ်ညွှန်းများ အနေဖြင့် ရွှေလက်ဖြင့် ခေါ်လဲ မလာ၊ အမွန်ကတဖက် သူတို့က တဖက်၊ သူများရယ်ဖို့ ကိုယ်ငိုမယ် တို့ကိုရေးသားခဲ့သည်။

စာပေနှင့်စာနယ်ဇင်းအဖွဲ့ဝင် တစ်ဦးဖြစ်သူ စိန်ခင်မောင်ရီ သည် သေဆုံးသည်အထိ မဟေသီမဂ္ဂဇင်း တွင် ပင်တိုင်ရုပ်ရှင်ဝေဖန်ရေးဆောင်းပါးနှင့် အခြားမဂ္ဂဇင်း ၊စာစောင်များတွင် ရုပ်ရှင် ၊ အနုပညာပြဇာတ်ဆိုင်ရာ ဆောင်းပါးနှင့် ဘာသာပြန်များ ၊ ဝတ္ထုများ ရေးသားခဲ့သည်။

ဆရာစိန်ခင်မောင်ရီသည် ၁၉၉၂ ခုနှစ် မတ်လ (၇) ရက် စနေနေ့ည (၁၀) နာရီ (၄၀) မိနစ်တွင် အသည်းကင်ဆာရောဂါဖြင့် ကမာရွတ်မြို့နယ် ၊ အမှတ် (၈) ရပ်ကွက် ၊စံပယ်ခြံ (၃) လမ်း၊ အမှတ် (၁) ရှိ ၎င်း၏ နေအိမ်တွင် ကွယ်လွန်ခဲ့ပါသည်။

ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါ ခေါင်းစဉ်ဖြင့် ရုပ်ရှင်ဝေဖန်ရေးဆောင်းပါးများကို ဆရာရေးသားခဲ့ရာ အထူးထင်ရှားခဲ့ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts