သတင်းပဒေသာ

Workers’ Strike – ၀ါဏိဇ္ဖတရားရုံး၏ အဆုံးအဖြတ် တရားမျှတရန်မသေချာဟု ဦးဖိုးဖြူဆို

ဝါဏိဇ္ဖတရားရုံး၏ အဆုံးအဖြတ် တရားမျှတရန်မသေချာဟု ဦးဖိုးဖြူဆို

by Yangon Press International on Monday, 27 February 2012 at 08:53 ·
ဖေဖေါ်ဝါရီ ၂၇၊ ၂၀၁၂ ၊ (YPI)

တိုင်ရီဖိနပ်စက်ရုံမှ ဆန္ဒပြအလုပ်သမားများ၏ လိုလားချက်များကို ၀ါဏိဇ္ဖတရားရုံးသို့ တိုင်ကြားထားသော်လည်း ယင်းတရားရုံးမှ ချမှတ်မည့်ဆုံးဖြတ်ချက်မှာ တရားမျှတမှုရှိရန် မသေချာကြောင်း ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အလုပ်သမားများအရေးကို လိုက်ပါဆောင်ရွက်ပေးလျက်ရှိသည့် ရှေ့နေဦးဖိုးဖြူက  ပြောသည်။

“ အရင်အတွေ့အကြုံတွေအရပြောရရင် ၀ါဏိဇ္ဖရုံးက အလုပ်သမားတွေဘက်ကို အများကြီးလိုက်လျောတာမရှိဘူး။ သိပ်မျှော်လင့်ထားလို့မရဘူးဆိုတာ ထင်ရှားတယ်” ဟု ၎င်းကဆိုသည်။

ထိုသို့တရားမျှတရန်မသေချာသော်လည်း ၀ါဏိဇ္ဖရုံးသို့ တိုင်ကြားရခြင်းမှာ အလုပ်သမားများ၏ ဆန္ဒပြတောင်ဆိုမှုကို  ဥပဒေကြောင်းအရ ရှင်သန်စေလို၍ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

 
ယနေ့ကျင်းပသည့် တိုင်ရီ စက်ရုံ အလုပ်သမား ဆန္ဒပြမှုနှင့် ပတ်သက်သည့်သတင်းစာရှင်းလင်းပွဲမှ အလုပ်သမားများ

ဦးဖိုးဖြူက “ ဆန္ဒဆက်ပြလို့ အလုပ်သမားတွေထဲက တစ်ယောက်ယောက်ကို အာဏာပိုင်က ဖိအားပေးမယ်ဆိုရင် ကျန်တဲ့သူတွေက ကြောက်လန့်ပြီး သပိတ်ပြိုကွဲသွားလိမ့်မယ်။ ဒါကြောင့် ၀ါဏိဇ္ဖကိုတင်ဖို့ ရွေးရတာပါ” ဟု ပြောသည်။

ယခုကဲ့သို့ ၀ါဏိဇ္ဖတရားရုံးသို့ တိုင်ကြားထားသော်လည်း မည်သည့်အချိန်တွင် ဆုံးဖြတ်ချက်ချမည်ကိုလည်း မိမိတို့အနေဖြင့် မသိရကြောင်း၊  ထို့ကြောင့် တိုင်ကြားစာတွင်  တရားရုံးမှ ဆုံးဖြတ်ချက်ချသည့် အချိန်အထိ အလုပ်သမားများအား  လစာပေးထားရန်ကိုလည်း ထည့်သွင်းတောင်းဆိုထားကြောင်း အလုပ်သမားခေါင်း ဆောင်တစ်ဦးက ဆိုသည်။

ဆန္ဒပြအလုပ်သမားခေါင်းဆောင်တစ်ဦးကလည်း ၀ါဏိဇ္ဖတရားရုံး၏ ဆုံးဖြတ်ချက် တရားမျှတခြင်းမရှိပါက ဆက်လက်ဆန္ဒပြသွားမည် ဖြစ်ကြောင်းပြောသည်။
“ ကျွန်မတို့ လိုလားချက်တွေ မရမခြင်း တောင်းဆိုသွားမှာပါ” ဟု ၎င်းကပြောသည်။

တိုင်ရီဖိနပ်စက်ရုံမှ အလုပ်သမားများအနေဖြင့် နေ့စဉ်ကြေး တစ်နာရီလျှင် ၇၅ ကျပ်မှ ၁၅၀ သို့တိုးမြှင့် ပေးရန်နှင့် ရက်မှန်ကြေးအား တစ်လလျှင် ၆၀၀၀ ကျပ်မှ ၈၀၀၀ ကျပ်သို့တိုးမြှင့်ပေးရန်ဆန္ဒပြတောင်းဆိုကြခြင်းဖြစ်သည်။ စက်ရုံပိုင်ရှင်ဘက်မှမူ နေ့စဉ်ကြေး တစ်နာရီလျှင် ၁၀၀ နှင့် လစဉ်ကြေးတစ်လလျှင် ၇၀၀၀ အထိသာ တိုးမြှင့်ပေးခဲ့သည်။

တိုင်ရီဖိနပ်စက်ရုံတွင် ဆန္ဒပြအလုပ်သမားပေါင်း  ၁၈၆၂  ဦးရှိပြီး ၀ါဏိဇ္ဖရုံးသို့ တိုင်ကြားရန်ကို ၁၃၁၁ ဦးက သဘောတူလက်ခံခဲ့သည်။ ကျန်ရှိအလုပ်သမားများအနက် ၂၂၇ ဦးမှာ စက်ရုံမှ တိုးမြှင့်ပေးသည့် လစာကို လက်ခံကာ လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်ခဲ့သည်။

ယခုအချိန်တွင် ယင်းအလုပ်သမားများအနေဖြင့် ၀ါဏိဇ္ဖတရားရုံးအပြင် လွှတ်တော်များရှိ ဥပဒေဆိုင်ရာကော်မတီများသို့ပါ တိုင်ကြားထားသည်။

ယခုကိစ္စသည် နှစ်အတန်ကြာအတွင်း အလုပ်သမားများ၎င်းတို့အခွင့်အရေးကို လူသိရှင်ကြား ဆန္ဒပြတောင်းဆိုသည့် အဖြစ်အပျက်တရပ်လည်း ဖြစ်သည်။

ယခင်နှစ်များက အလုပ်သမား ဆန္ဒပြမှုဖြစ်ပွားလျင်  ရဲလုံခြုံရေး တင်းကြပ်စွာချထားခြင်း ပြင်ပမှ အလုပ်သမားများ အရေးဆောင်ရွက်သူများ ၀င်ရောက်ကူညီခြင်းမပြုနိုင်အောင် ယူနီဖောင်းဝတ်နှင့် အရပ်ဝတ် လုံခြုံရေး အဖွဲ့ဝင်အများအပြား ချပြီး တားမြစ်ခြင်းတို့ကိုသာ တွေ့မြင်ရလေ့ ရှိသည်။

ယခုလက်ရှိ မြန်မာနိုင်ငံသုံးစွဲနေသည့် အလုပ်ရှင် အလုပ်သမား ပဋိပက္ခဥပဒေမှာ ကိုလိုနီခေတ်ကတည်း ကပြဋ္ဌာန်းထားသည့် ဥပဒေဖြစ်ပြီး အခြားသော နိုင်ငံများမှာကဲ့သို့ ဥပဒေဖြင့် အနိမ့်ဆုံး လုပ်ခသတ်မှတ်ချက် ပြဋ္ဌာန်းထားခြင်းမျိုးလည်း မရှိသေးပေ။

ဝါဏိဇ္ဖတရားရုံးဆိုသည်မှာ အလုပ်ရှင်နှင့်အလုပ်သမားများကြားဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို ကိုင်တွယ်သည့်တရားရုံးဖြစ်သည်။        ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “Workers’ Strike – ၀ါဏိဇ္ဖတရားရုံး၏ အဆုံးအဖြတ် တရားမျှတရန်မသေချာဟု ဦးဖိုးဖြူဆို
  1. စက်ရုံတွေ အထည်ချုပ်တွေမှာ လခနည်း အချိန်ပိုးကြေးတွေးမမှန်မကန်လုပ်နေကြတာကြာပါပြီ။
    အကျိုးအမြတ်အများစုကတော လူကြီးတွေရဲ့ အိမ်ထဲ အိပ်ထဲ ရောက်သွားတယ်ဆိုတာကိုသေခြာလေ့လာရင်တွေပါလိမ့်မယ်။
    အဲဒီစက်ရုံတွေရဲ့ ဖြစ်တည်မှူ့ကသက်သေပြမှာပါ။

Comments are closed.