ကိုသန်းလွင် ရသဆောင်းပါးစုံ

ကိုသန်းလွင် ● မြေကြီးထဲသို့ကျွံဝင်နေသော တီဟီရန်မြို့တော်

ကိုသန်းလွင် ● မြေကြီးထဲသို့ကျွံဝင်နေသော တီဟီရန်မြို့တော်
(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂ဝ၁၉


(၁)
ကမ္ဘာပေါ်တွင် မြေကြီးထဲသို့ကျွံကျနေသော မြို့ကြီးများမှာ အနည်းဆုံး ၁ဝ မြို့ထက်မနည်းရှိပြီး အဆိုးဆုံး ၅ မြို့မှာ ဂျကာ တာ၊ လန်ဒန်၊ ဒါကာ၊ ဘန်ကောက်နှင့် နယူးအော်လင်းမြို့တို့ဖြစ်ပါသည်။ အချို့မြို့များမှာ မြေကြီးထဲသို့ ကျွံဝင်နေသည့် နည်းတူ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုအန္တရာယ်လည်းရှိနေကြပါသည်။ ယခုအဆိုပါ မြို့ကြီးများထက်ပို၍ အီရန် နိုင်ငံ၏မြို့တော် တီဟီရန်မြိုမှာ ဆိုးရွားစွာကျွံကျလျက်ရှိပါသည်။

(၂)
တီဟီရန်သည်အနောက်အာရှတွင်ရှိသော လူဦးရေအထူထပ်ဆုံးမြို့တော်ကြီးဖြစ်ပြီး မြေအောက်သို့ကျဆင်း လျက်ရှိပါသည်၊ ယခုအခါ ဂြိုလ်တုများမှတိုင်းထွာချက်များအရဆိုသော် အများဆုံးတစ်နှစ်လျင် ၂၅ စင်တီမီတာအထိ ကျဆင်းနေပါသည်။ ၎င်းသည် မြို့တော်၏ အပြည်ပြည်ဆိုင်ရာလေဆိပ်အထိ ကျယ်ပြန့်လာနေပါသည်။

ပို့စ်ဒမ်မြို့တွင်တည်ရှိသော GFZ German Research Centre ခေါ် ဂျာမန်သုတေသနဌာနမှပုဂ္ဂိုလ်များက တီဟီရန်မြို့ တော်ကို ၂ဝဝ၃ မှ ၂ဝ၁၇ ခုနှစ်အတွင်းတိုင်းတာ ခဲ့ကြခြင်းဖြစ်ပါသည်။ အရင်က ကျွံဝင်မှုများမှာ မြေကြီးအောက်မှအဝီစိရေ ကိုစုပ်ယူနေခြင်းနှင့် ဆိုင်ပါသည်။ လူဦးရေ ၁၃ သန်းတို့ အသုံးပြုရန် ရေနှင့် အနီးနားမှ လယ်ယာစိုက်ပျိုးရေးအတွက် ရေလို အပ်ပါသည်။

တီဟီရန်မြို့ ပါတ်ပါတ်လည် လူနေထိုင်ရာဒေသများနှင့် စိုက်ပျိုးမြေများပါဝင်သောမြေ (Western Teheran Plain) မှာ ၂၅ စင်တီမီတာနှုန်းဖြင့် ကျွံဝင်နေခြင်းဖြစ်သည်။ မြို့တော်၏ အရှေ့တောင်ဘက်မြေလွှာ (Varamin Plain) မှာ စိုက်ပျိုးမြေများ ပါဝင်ပြီး ၎င်းမှာလည်း အလာတူနှုန်းဖြင့်ပင် ကျွံဝင်နေသည်။ မြို့တော်၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မြို့၏အနောက် တောင်အရပ်မှာရှိပြီး ၎င်းသည် တနှစ်လျင် ၅ စင်တီမီတာနှုန်းဖြင့် ကျွံဝင်လျက်ရှိသည်။ ဤသည်မှာ ကမ္ဘာတွင် အမြင့်ဆုံးနှုန်း များဖြင့် ကျွံဝင်နေကြခြင်းဖြစ်ပါသည်။

ကမ္ဘာမြို့တော်ကြီးများတွင် လူဦးရေတိုးပွားလာမှုနှင့်အတူ ရေများစုတ်ထုတ်ခြင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ခြင်းတို့ ကြောင့် ကျွံဝင်ကြရခြင်းဖြစ်သည်။ နောက်အဆိုးဆုံးမြို့တော်မှာ လူဦးရေ သန်း ၃ဝ ရှိသည့် ဂျကာတာမြို့တော်ဖြစ်သည်။ ဂြိုလ်တုမှတိုင်းထွာမှုများအရ ဂျာကာတာမြို့တော်မှာလည်း ၂ဝ စင်တီမီတာနှုန်းဖြင့် ကျွံဝင်လျက်ရှိသည်။ မြစ် ၁၃ စင်းဖြတ်စီး နေသော ဂျကာတာမြို့တော်ကြီးမှာ မြေတွင်းသို့ကျွံဝင်ခြင်းနှင့်အတူ ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်းပြဿနာမှာ ရော ပေါင်းလျက်ရှိသည်။

တီဟီရန်မြို့တော်ကဲ့သို့ပင် အဝီဇိတွင်းတူးသူများကို မဟန့်တားနိုင်ဘဲရှိသည်၊ မြို့နေလူထုအဖို့မှာလည်း သူတို့ အဖို့လိုအပ် သာ သောက်ရေ သုံးရေ ပြဿနာကို မိမိသိသည့်နည်းနှင့် ဖြေရှင်းနေကြခြင်းဖြစ်သည်။

ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်း၏ အဓိကအကြောင်းရင်းမှာ ရေခဲ၊ ဆီးနှင်း ဂယ်လက်စီယာများ အရည်ပျော် ခြင်းတို့ ကြောင့် ဖြစ်ရပါသည်။ ထို့ပြင် အပူဒဏ်ကြောင့် ရေထုမှာ ပွထလာသည်။ တိုးပွားလာသောရေကြောင့် အဓိက ရေမျက်နှာပြင် မြင့်တက်လာရခြင်းဖြစ်သည်။

မြေကျွံရသည်မှာ အခြေခံအချက် ၃ ချက်ရှိသည် (၁) မြေသားကျစ်လစ်သွားခြင်း (မြစ်ဝများတွင် အနည်ကျသော အလွှာမှာ ဖြစ်လေ့ရှိသည်) (၂) ရေနှင့် ရေနံသဘာဝဓါတ်ငွေ့များထုတ်ယူခြင်း (၃) တက်တိုနစ် ပလိတ် (Techtonic Plate) ကစောင်း နေခြင်းတို့ကြောင့်ဖြစ်ပါသည်။

(San Joaquin Valley) မှာလည်း ကာလီဖိုးနီးယားနယ်မှ မြို့တော်အများအပြားရှိပြီး ၆ဝ စင်တီမီတာအထိ ကျွံ ဝင်မှုများ ရှိသည်။

အများကသဘောတူညီထားသည်မှာ တီဟီရန်မြို့၏ ၁ဝ%မှာ ထိခိုက်မှုရှိပြီး မြို့တော်၏ အနောက်တောင်ဘက်မှာရှိသော ပါတ်ဝန်းကျင် ဧရိယာများဖြစ်သည်။ ထိခိုက်သောနေရာများကို လမ်းလျှောက်၍ကြည့်ပါလျှင် လမ်းဘေးပလက်ဖောင်းများ ရွဲ့စောင်းနေခြင်း၊ အိမ်နံရံများတွင် အက်ကြောင်းများလိုက်နေခြင်း၊ တချို့ကွင်းပြင်များတွင် မြေများအနိမ့်အမြင့် မညီမျှခြင်း၊ တချို့အဆောက်အဦးများမှာ ငဲ့စောင်းနေခြင်းများကိုတွေ့ရသည်။ ထိုစောင်း နေသောအဆောက်အဦးများမှာ ဖျက်ပြစ်မှဖြစ် တော့မည် အခြေအနေဖြစ်ပါသည်။

မြေမျက်အပြင်ဧရာမ အက်ကြောင်းများမှာ ကီလိုမီတာအများကြီးရှည်လျားပြီး တချို့နေရာများတွင် ၄ မီတာခန့်ကျယ်ပြီး နက်သောနေရာများရှိသည်။ အဆိုးဆုံးမှာ မြို့လယ်၏ အရှေ့တောင်ပိုင်းတွင် ဆိုးဆိုးဝါးဝါးတွေ့ရ သည်။ အချို့ နေရာများတွင် ပါဝါကြိုးများကို ထိခိုက်ပြီး အချို့နေရာတွင် ရထားလမ်းများမှာ ကွေးကောက်နေကြသည်။

မြေအောက်တွင် အက်ကြောင်းများရှိနေတတ်ပြီး တခါတရံ (Sink Hole) များကို ဖြစ်ပေါ်စေနိုင်ပါသည်။ တခါက လယ်သမား တယောက်မှာ ထိုကဲ့သို့သော ၆ မီတာနက်သောတွင်းများထဲတွင်ကျ၍ ပိတ်မိနေခဲ့သည်။ မိမိ၏ နင်းထားသော ခြေထောက် အောက်မှမြေက ပြိုဆင်းသွား၍ဖြစ်ပါသည်။ တခါတရံ ထိုသို့ မြေအောက်အက်ကြောင်းများအတွင်းသို့ ရေဝင်ပြီးစိုက်ပျိုး ထားသည့် သီးနှံများထံ ရေမရောက်ဘဲ ပျက်စီးကုန်ကြသည်။

တီဟီရန်မြို့ မြေနိမ့်ကျသော ဧရိယာကိုစာရင်းပြုစုသောအခါ ရထားလမ်းအရှည် ၁၂ဝ ကီလိုမီတာ၊ လမ်းအရှည် ၂၃ဝဝ ကီလိုမီတာ၊ တံတား ၂၁ စင်းနှင့်ရေနံပိုက်လိုင်း ၃ဝ ကီလိုမီတာ၊ ဓာတ်ငွေ့ပိုက်လိုင်းမှာ ၂ဝဝ ကီလိုမီတာ၊ ဗို့အားမြင့် ဓာတ် အားလိုင်း ၇ဝ ကီလိုမီတာ၊ နှင့် အဆောက်အဦးပေါင်း ၂၅ဝ,ဝဝဝ ကျော်မျှပါဝင်ပါတ်သတ်နေ ကြောင်းတွေ့ရှိရသည်။

မြေပြိုမှုမှာ သက္ကရာဇ် ၂ဝဝ၃ ခုနှစ်က စတင်ဖြစ်ပွားပြီး အရှေ့အရပ်သို့ တည်ငြိမ်သောနှုန်းထားဖြင့် ဖြန့်ကားသွားနေသည်။ အခြားမြေကျွံမှုများ၏ ဦးတည်ရာမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်ဘက်ဆီသို့ဖြစ်သည်။

တီဟီရန်မြို့၏လူဦးရေမှာ လွန်ခဲ့သောနှစ် ၄ဝ အတွင်း ၂ ဆမျှတိုးတက်ခဲ့သည်။ ရေခမ်းချောက်ခြင်းနှင့် ကြီးမားသော ရေ ကာတာကြီးများက သဘာဝရေကိုပြန်ထည့်ရမည့် ထုံးစံကိုလျှော့နည်းစေသောအကြောင်းဖြစ်သည်။  မြေကြီးအောက်မှရေကို ဂရုစိုက်၍ ထုတ်ယူကြရန် တာဝန်ရှိသူများ၏ သတိပေးချက်မှာလည်း အရာမထင်ဘဲဖြစ်နေသည်။ မြို့တော်အရာရှိများမှာ မနိုင်နိုင်သောစစ်ပွဲကိုတိုက်နေရသလိုဖြစ်နေသည်။ အဝီစိတွင်း ၁ဝဝ,ဝဝဝ ခန့်ကို ပိတ်ပင်နိုင်ခဲ့သော်လည်း တရားမဝင်ခိုးတူး ထားသူများကို မတားဆီးနိုင်ပေ။ ရေတွင်းပေါင်း ၃ဝ,ဝဝဝ ခန့် တီဟီရန်မြို့တွင်ကျန်ပါသေးသည်။

ယခုကဲ့သို့ မြေကျွံမှုမှာ နောက်ကြောင်းပြန်လှည့်ရန် မဖြစ်နိုင်တော့ပါ။ ထိခိုက်သည့်နေရာများတွင် ရေအနက်ကို တိုင်းထွာ ချက်များအရ မိုးရွာကျသည့်တိုင်မြေကြီးအတွင်းသို့ ရေပြန်ပြီး စီးမဝင်နိုင်တော့သည်ကိုတွေ့ရသည်။ ထုံးစံမှာ မြေလွှာအတွင်း လေခို အောင်းနေပြီး ထိုအပေါက်များထဲသို့ ရေများစီးဝင်ပါက (Bounce Back) ဖြစ် သည်ဟုခေါ်သည်။ ယခုအခါ မြေကြီးက ပွနှုန်း (Porosity) မှာ သုညအထိဆင်းသွားပြီး ပြင်ပမှရေကိုအဝင်မခံသည်ကို တွေ့မြင်ရသည်။ ထိုသို့ မြေကြီးကဲ့သို့ ရေမဝင် နိုင်တော့သောအခါ ပြဿနာတစ်ခုကထပ်တက်လာသည်။ စီးလာသော သဘာဝရေသည် စီးထွက်စရာမရှိတော့သောအခါ ရေကြီးခြင်းဘေးအန္တရာယ်ရှိသည်။

Ref: Tehran’s drastic sinking exposed, by Kate Ravilious  Nature 6 Decenber 2018


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts