ရသဆောင်းပါးစုံ

မြတ်မိုး (ပုသိမ်) – သံမဏိဝိဉာဉ်နှင့် ကျမ

သံမဏိဝိဉာဉ်နှင့် ကျမ
မြတ်မိုး (ပုသိမ်)
မေ ၂၃၊ ၂၀၁၄
 
 

ဒီနေ့ နှစ်ဆယ်ရက်နေ့ ကျမတို့ကို ခွဲခွာသွားတာ တလပြည့်တဲ့နေ့ …။ သူရဲ့ ရုပ်ခန္ဓာက ခွဲခွာသွားခဲ့ပေမယ့် သူရဲ့ သံမဏိစိတ်ဓာတ်နဲ့ ၀ိဉာဉ်တွေဟာတော့ ကျမနှင့်အတူ သူ့ကိုချစ်တဲ့သူတွေနားမှာ ဘယ်တော့မှ မပျောက်ပျက်မှာ မဟုတ်ပါဘူး။ သူကတော့ ကျမတို့ခေတ်ရဲ့ သူရဲကောင်း သူတော်စင် ဟံသာဝတီ ဦးဝင်းတင်ပဲ။ သူနဲ့ ကျမ တခါမှ အပြင်မှာ မဆုံဘူးပါဘူး။ ဒါပေမယ့် သူ့ရဲ့ဝိဉာဉ် စိတ်ဓာတ်တွေဟာ ကျမ နှလုံးသားထဲမှာ ၁၉၉၅ ခုကတည်းက ၀င်ရောက်ခဲ့တာပါ။ အဲဒီချိန်က မပြီးသေးတဲ့ ကျမရဲ့ပညာရေးခရီးကို အပြင်ဆောင်မှာနေပြီး ရန်ကုန်တက္ကသိုလ်မှာတက်ရင်း ရံဖန်ရံခါဧရာဝတီတိုင်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့အိမ်မှာ သွားအိပ်တတ်ပါ တယ်။ ကိုယ်ရဲ့အပေါင်းအသင်းတွေနဲ့ တွေ့စရာရှိရင်လည်း မြို့ထဲနဲ့လည်းနီး၊ လ္ဘက်၇ည်ဆိုင်လည်းပေါတဲ့ အဲဒီအိမ်ကို ချိန်းပါတယ်။ ကိုယ်ရဲ့ဧည့်သည်တွေကိုတော့ အိမ်ထဲမ၀င်ခိုင်းပါဘူး။ အဆင်သင့်ပြင်ထား တံခါးလာခေါက်ရင်၊ ဒါမှမဟုတ် အောက်က ခေါင်းလောင်းကြိုးကို ဆွဲလိုက်ရင် ကိုယ်ကဆင်းသွားပေါ့။ အပေါင်းသင်းတွေအားလုံးကလည်း မိန်းကလေးတစ်ယောက်မှမပါ ယောက်ကျားလေးတွေချည်းဘဲ။အားလုံးကလည်း လူဘောင်သစ်အုပ်စု၊ ကိုတိတ် (AAPP) တို့အုပ်စု၊ ကြည်မြင်တိုင်ပက်စ်စီဆိုင်ကာလနဲ့ မြောက်ဥက္ကလာဆေးကျောင်းနားက ဆေးဆိုင်ကာလတွေပေါ့။ အဲဒီအိမ်ကိုတော့ ကြုံရင်ကြုံသလို မိတ်ဆက်ပေးတတ်ထားတော့ ကျမ ဘယ်သူတွေနဲ့ သွားလာပေါင်းသင်းနေတာ သိနေတာပေါ့လေ။

မိသားစုနှစ်ခုက ရင်းနှီးနေတာရယ်၊ ပြောရမှာ အားနာတာ တကြောင်းရယ်ကြောင့် ထင်တယ်။ တော်တော်နဲ့တော့ ဘာမှမပြောပါဘူး။ တနေ့တော့ လွှတ်တော်ကိုယ်စားလှယ်က သမီကို သတိပေးရဦးမယ်တဲ့။ သမီးအဖေကိုလည်းထိမှာစိုးလို့တဲ့။ အဲန်အယ်လ်ဒီက ဦးဝင်းတင် ကို သိလားတဲ့။ သူဘာကြောင့် ထောင်ကျလဲ သိလားတဲ့။ လူငယ်တွေနဲ့ပေါင်းလို့ ထောင်ထဲမှာလည်း အဲဒီလူငယ်တွေနဲ့ပေါင်းပြီး စာတွေထုတ်၊ ရေဒီယိုတွေနားထောင်လို့ နှစ်တွေထပ်တိုးပြီး ကျတယ်တဲ့။ သမီးကို ဦးနားလည်ပါတယ်တဲ့။ အကို (ကျမအမေ) အတွက်လည်း အန္တရာယ်ရှိလို့ပါတဲ့။

ကျမက ဟုတ်ကဲ့တခွန်းပဲပြောပြီး ဘာမှထပ်မပြောနိုင်ပါဘူး။ လိမ္မာပါးနပ်စွာ နှင်သလို၊ လိမ္မာပါးနပ်စွာလုပ်တဲ့ နိုင်ငံရေးသမားပေါ့ဆိုတဲ့ ကျမအတွေးနဲ့ ဘယ်တော့မှာ ကျမ အဲဒီအိမ်ကို ခြေဦးမလှည့်တော့ပါဘူး။ ရင်းနှီးမှုတခုကို အစိမ်းလိုက်ဖြတ်တဲ့အခါ ကိုယ့်ရင်မှာ နာကျင်ခံ ခက်ပေမယ့် ကိုယ့်ခံယူချက်အရ အာဏာရှင်စနစ်ကို တော်လှန်တဲ့ မည်သူ့မဆို (မြေပေါ် မြေအောက်မကလို့) ဘာပဲဖြစ်ဖြစ် ကျမရဲ့ အရင်းနှီးဆုံး မိတ်ဆွေတွေပဲ။ (ပေါ်ပင်ဝင်လုပ်တဲ့ နေရာယူချင်သူတွေကတော့ တပိုင်းပါ)။ ဒီနေရာမှာ အဖေ့အတွက်လို့ ပြောခဲ့ပေမယ့် ၁၉၈၈ ကစလို့ နိုင်ငံရေးနဲ့ ပတ်သက်ရင် “လုပ်တာတော့ မျက်စိဖွင့်ပြီး ကိုယ့်အန္တရာယ် ကြည့်ရှောင်၊ ဒီကောင်တွေက လူလိုဆက်ဆံတာ မဟုတ်ဘူး” ဆိုတဲ့ စကားတခွန်းပဲပြောပြီး ဒီနေ့ထိ ဘာဝေဖန်ချက်မှမပေးတော့ဘူး။

ပုသိမ်မှာ အကြပ်အတည်း အဖမ်းအဆီးတွေများလာရင် ကိုယ့်လူတွေကို အလွန်တရာမှ ကြောက်တတ်ပါတယ်ဆိုတဲ့ အဒေါ်အပျိုကြီးအိမ် ပို့ထား၊ ကိုယ်လည်း လွတ်ရာပြေးခဲ့ရတာပဲ။ ကိုယ်ရဲ့ လူ့ဘောင်သစ်ရဲဘော် အကိုတွေကလည်း ကိုယ်တို့အဖေကိုဖမ်းချိန်၊ အဖေ့ရဲ့ အဖေက ဆုံးချိန်၊ အဘိုးရဲ့အသုဘရွာထိ သူတို့မရောက်ဘူးတဲ့ဒေသကို မိုးတွင်းကြီးလိုက်လာပြီး နင်တို့ညီအမပြေးတော့၊ ငါုတိ့လည်း ပြေးတော့ မယ်ဆိုပြီး ရဲဘော် ရဲဘက်စိတ်ဓာတ်နဲ့ တယောက်အန္တရာယ် တယောက်ကာကွယ်ခဲ့ကြတဲ့ လူငယ်တွေရဲ့ စိတ်ဓာတ်ပါ။

လွှတ်တော်ကိုယ်စားလှယ်ရဲ့စကားလုံးတွေထဲက ဦးဝင်းတင်ဟာ လူငယ်တွေနဲ့ပေါင်းလို့ဆိုတာ ကျမနားထဲ ဒီနေ့ထိ မထွက်တော့ပါဘူး။ ဒီအဲန်အယ်လ်ဒီက ဦးဝင်းတင်က ဘာလဲ ဘယ်လဲဆိုတဲ့ မေးခွန်းပေါင်းများစွာနဲ့ ဦးဝင်းတင်အကြောင်း ကျမရှာဖွေခဲ့တော့တာပါပဲ။ ကျမက ဘာမှမဟုတ်သလို ဘာကိုမှလည်း စွမ်းစွမ်းတမံ မလုပ်ခဲ့ပါဘူး။ မခံချင်တာတခုနဲ့ မဟုတ်တာကိုတော့ ဘယ်တော့မှလက်မခံဘူးဆိုတဲ့ စိတ်ကလေးတခုနဲ့ ကြောက်ကြောက်နဲပ လက်မထောင်နေတာပါ။ အဲလိုလူသား ကျမအတွက် လူငယ်တွေနဲ့ ပေါင်းတဲ့ ဦးဝင်းတင်ဟာ (အမှန်တကယ်တော့ အဲဒီကတည်းက သူ့ဝိဉာဉ်ဟာ) ကျမအတွက် မဟာအားဆေးပါပဲ။

ထိုင်းနိုင်ငံ (ယခု မြန်မာနိုင်ငံ) နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သူ့ရဲ့ ဘာလဲဟဲ့ လူ့ငရဲ ထုတ်ဝေပြီး သတင်းကြားကြားခြင်းကို ကိုတိတ် (AAPP) ကို ချက်ချင်းဆက်သွယ်ပြီး ကိုယ်နိုင်သလောက် လှမ်းမှာလိုက်ပြီး ရုံးကအပြန် တနေ့ စောင့်ကြို နေတဲ့ စာအုပ်ပုံးကြီးကိုဖွင့်၊ ကိုယ်နဲ့ အတူဖတ်ချင်လို့ မှာသူရော၊ ကိုယ့်အားနာပြီး မှာသူတွေအတွက် စာအိပ်ထဲထည့်ပြီး နောက်တနေ့ စာတိုက်ကနေ (စာအိတ်ဖိုး၊ တံဆိပ်ခေါင်းဖိုး ကိုယ်စိုက်ပြီး) ပို့ဖို့ စီစဉ်ပြီးတာနဲ့ ကိုယ့်အတွက် စာအုပ်ကိုကိုင် သူရဲ့ ငရဲခန်းထဲကို ကိုယ်ပါ ရောက်ရှိ ကြေကွဲခဲ့ရတာ မနက်လင်းအားကြီးတိုင်ပါပဲ။ မနက်ရုံးရောက်တော့ အတူလုပ်ဖော်ကိုင်ဖက်လဲဖြစ် ညီအမလိုလည်းဖြစ်နေတဲ့ သူငယ်ချင်းကို စာအုပ်လည်းပေး ပြောလည်းပြော နာကျည်းကြေကွဲခဲ့ရတယ်။

အသက်ခြောက်ဆယ်အရွယ်ကစပြီး လွတ်မြောက်လာချိန် ခုနှစ်ဆယ့်ရှစ်ထိ နှစ်ပေါင်းများစွာ လူမဆန်စွာ မိုက်မဲကြမ်းတမ်း ရက်စက် နှိပ် စက် ညှဉ်းပမ်းမှုတွေကို သံမဏိအဘိုးရဲ့ ရဲရဲတောက်စိတ်ဓာတ်နဲ့ ဘာမထီစွာ ကြံ့ကြံ့ခံယူပြီး ယုံကြည်ချက်ခိုင်မာစွာ မယိုင်မလဲ နေထိုင်မှုတွေ ကို ပြောဖတ်တဲ့ သူတိုင်းအတွက် ရင်နှင့်မမျှ ကြေကွဲခဲ့ရတာဖြစ်တယ်။ ဒီလိုစံနစ်ဆိုးကြီးကို နောင်မျိုးဆက်အတွက် ကွင်းလုံးကျွတ်လွတ် မြောက်ဖို့ နောက်ဆုံးချိန်ထိ “အဟမ်း အဟမ်း…ထွီ” ဆိုပြီး ပြတ်သားစွာ တော်လှန်ဆန့်ကျင်ခဲ့တယ်။

သူလွတ်မြောက်လာပြီးတဲ့နောက် အဖေကနေတဆင့် နှုတ်ဆက်ကြောင်းနဲ့ သူရဲ့စာအုပ်အကြောင်းလေးကို စကားပါးဖြစ်တာပဲရှိပြီး၊ သူ့ရဲ့စ ကား၊ သူ့အတွေးအမြင်၊ သူ့ရဲ့နိုင်ငံရေးသဘောထားတွေကို သူနဲ့တွေဆုံမှုတွေအများဆုံး တစိုက်စိုက်မတ်မတ်ဖော်ပြလေ့ရှိတဲ့ မိုးမခအင်တာ နက်စာမျက်နှာကနေ လေ့လာမိသလို၊ အခြားသတင်းစာမျက်နှာများအပြင် နောက်ပိုင်း ဒီလှိုင်းစာစောင်ကနေ လက်လှမ်းမီသလောက် ရှာ ဖတ်ခဲ့တယ်။ လူကြီး လူငယ်မရွေးပဲ ရင်ဘတ်ထဲကစကားလုံးတွေနဲ့ တလေးတစား ပြောဆိုဆက်ဆံတတ်သလို၊ ဘယ်သောအခါမှ မှားယွင်း ပြောဆိုတာမတွေ့ရဘုး။သူ့ရဲ့အပြုံးဟာ နှစ်လိုဖွယ်ကောင်းပြီး သူ့ရဲ့စကားလုံးတွေ ခံယူချက်တွေဟာ ရှင်းလင်းပြတ်သားတယ်။ သွေးဖယ် သွားတဲ့လမ်းကြောင်း ဘယ်သောခါမှမတွေ့ရဘူး။

သူ့ရဲ့ အတွေးအမြင်တွေကို တစိုက်မတ်မတ် ဖတ်လာသလို သူ့နားမှာနေသူတွေရဲ့ စကားလုံးတွေကိုပါ တစိုက်မတ်မတ် လိုက်ဖတ်ဖြစ်တယ်။ သူလို သန့်စင်တဲ့နိုင်ငံရေးသမားမျိုး၊ စာပေသမားမျိုး၊ သတင်းစာဆရာမျိုးရဲ့ တန်ဘိုး အစားထိုးလို့မရတဲ့ ပုဂ္ဂိုလ်လို့ သိလာတဲ့အချိန်မှာ သူ့ရဲ့ ကျန်းမာရေးဟာ စတင်ပြီး ယိုယွင်းလာပါပြီ။ သူ့လို မသန့်စင်တဲ့ နိုင်ငံရေးသမားတွေကတော့ သူ့ကို အမာလိုင်းတဲ့။ တကယ်တော့ ဆင်ဖြူ့မျက်နှာ ဆင်မဲ မကြည့်ရဲတာပါ။

မကြာခဏ ဆေးရုံတက်ရတဲ့သတင်းတွေ ဖတ်ရ မြင်ရတဲ့အခါ ကိုယ့်နောက်မှာ အရိပ်မဲကြီးလိုက်လာသလို ကိုယ့်စိတ်တွေ ကြောက်လန့်ခဲ့ ရတယ်။ သွားတွေရိုက်ချိုးခံရတဲ့ အသက်ရှစ်ဆယ် အဘိုးဘို၊ အားအင်ဖြစ်အောင် ဘယ်လိုနေ့စဉ်စားသောက်နေလဲဆိုတဲ့ ပူပန်မှုတွေဖြစ်မ တယ်။ ဒီဗွီဘီက သူ့ရဲ့မှတ်တမ်းကိုကြည့်ရချိန်က စိတ်မှာ ဘ၀င်မကျသလို ဤခရီးနီးနေပြီးလား။ (မှတ်တမ်းတခုကျန်ရစ်တာပေါ့လို့ ကိုယ့် စိတ်ဖြေတွေခဲ့ရတယ်) နောက်ဆုံးဆေးရုံတက်ချိန်မှာတော့ ရတဲ့အချိန်လေး ဖေ့ဘုတ်ခ်စာမျက်နှာဖွင့်လိုက်ရင် လက်ချောင်းနဲ့ မျှားကိုဆွဲတဲ့ အချိန်တိုင်း ကိုယ်မကြားနိုင် မမြင်နိုင်တဲ့သတင်းပေါ်လာမှာကို ကြောက်တယ်။ အခြေအနေကောင်းတယ်ဆိုတဲ့ ခေါင်းစီးလေးဖတ်မိရင် ကွန်တိန်းနယူး ရိတင်း (Continue Reading) ဆိုတာလေးကို အလိုလိုနှိပ်မိတယ်။

တနေ့ နေလည် သူငယ်ချင်းမိသားစုနဲ့ နေ့လည်စာစားချိန်မှာတော့ ကိုယ်က ထမင်းပန်းကန်လေးကိုင်ပြီးလာစဉ် “မြတ်မိုး အဘဆုံးပြီလို့” သူငယ်ချင်းက လှမ်းပြောလိုက်တဲ့အချိန်မှာ “သေချာလို့လား” (တကယ်တော့ မေးစရာမလိုတာ သိနေပြီးသား)။ စားပွဲခုံမှာထိုင်လိုက်တဲ့ အချိန်မှာတော့ ထိန်းထားတဲ့ကြားက မျက်ရည်တွေ အလိုလိုကျလာတယ်။ ကိုယ့်ရဲ့ဗလုံးဗထွေးနဲ့ “အရမ်းနှမြောဖို့ ကောင်းတာ” (သူတို့ ကြားလား မကြားလား ကိုယ်မသိ)။

အိမ်ကိုပြန်ရောက်တဲ့အချိန်မှာတော့ သူ့ရဲ့သတင်းတွေဖတ်ရင်း မျက်ရည်မဆည်နိုင်ဘူး။ မိုးလင်းလို့ထချိန်မှာလည်း ကိုယ့်အိပ်ခန်းလေးက တော့ တကယ့်အသုဘအိမ်ဘဲ။ ကိုယ့်ရဲ့မိသားစုအရင်းအချာဆုံးရှုံးသလို ခံစားရတယ်။ အလုပ်မသွားခင် ပြင်ဆင်ချိန်လည်းငို၊ မနက်စာ စားလည်းငို၊ မြန်မာနိုင်ငံအတွက် အကြီးမားဆုံးဆုံးရှုံးမှုကြီးကိုး။ ကိုယ့်လိုဘဲ သူ့ကိုချစ်တဲ့သူတွေ တန်ဖိုးထားသူတွေနဲ့ အွန်လိုင်းကနေ ရင် ဖွင့် ပူဆွေးကြရတယ်။ ကိုယ်ထင်မထားတဲ့ ပြည်တွင်းက မျိုးဆက်သစ်လူငယ်လေးတွေကလည်း သူ့တန်ဘိုးရဲ့အရေးပါးမှုနဲ့ ဆုံးရှုံးမှုကို ကြေ ကွဲဝမ်းနည်းစွာခံးစားရကြောင်းတွေ အွန်လိုင်းမှာ ပြောပြကြတယ်။ သူရဲ့နောက်ဆုံးခရီးကို ဂါရ၀ပြူနိုင်ဘို့ အလုပ်တွေခွင့်ယူပြီး မနက် ခုနှစ်နာရီလောက်ကနေ အိမ်ကနေစတင်ထွက်နေကြပြီ။ လူငယ်တွေရဲ့တန်ဘိုး၊ လူငယ်တွေရဲ့ စွန့်လွှတ်နိုင်မှုတွေကို အလေးထားတတ်တဲ့သူရဲ့နောက်ဆုံးခရီးမှာ သူချစ်တဲ့လူငယ်တွေက သူ့ကိုဂါရ၀ပြုနှုတ်ဆက်သလို၊ သူတန်ဖိုးကိုသိတဲ့ နယ်ပယ်အသီးသီးက လူကြီး လူငယ် ပရိတ်သတ်များနဲ့အတူ သူတန်ဖိုးထား သစ္စာရှိရှိ အလေးထားခဲ့တဲ့ လူထုခေါင်းဆောင်ကလည်း လူထုကြီးနဲ့အတူ တသားတည်း သူ့ကို ဂါရ၀ပြုခဲ့ကြတယ်။

ဦးဝင်းတင်သေရင် ဘာဖြစ်မယ်ဆိုတဲ့သူတွေ၊ ဘယ်ရောက်မယ်ဆိုတဲ့သူတွေကို ပြောချင်တယ်။ သံမဏိဦးဝင်းတင်ရဲ့မသေခင် ကျင့်ကြံနေ ထိုင်မှုတွေဟာ နှလုံးစင်ကြယ်ပြီး၊ မကွေ့မကောက်ယုံကြည်ချက် ဖြောင့်ဖြောင့်လျှောက်ပြီး၊ နိမ့်ချနေထိုင်၊ မာန်မာနကင်း၊ တင်းတိမ်ရောင့်ရဲ နေထိုင်မှုဟာ၊ သူတော်စဉ်တစ်ယောက်ပါဘဲ။ မသေခင်ကတည်းက ပုဂ္ဂိုလ်စွဲ၊ မိမိကိုယ်ကြိုးအတွက် ပါဝင်မှုမရှိဘဲ၊ မြန်မာပြည်သူလုထု တရပ်လုံး စိတ်လုံခြုံအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် စွန့်လွှတ်နစ်နာခံတိုက်ပွဲဝင်သွားတဲ့ လူထုခေါင်းဆောင်ဖြစ်သလို၊ မသေခင်မှာ ကတည်းက သူ့ရဲ့ တကိုယ်ရေငြိမ်းခြမ်းမှု အပြည့်အ၀ရရှိပြီး အစွဲအလမ်းကင်းစွာနေနိုင်တဲ့ဘ၀ကို ပိုင်ဆိုင်ပြီးသားပါ။ သူ့အတွက်ဆုတောင်း စရာမလိုပါဘူး။ မြင့်မြတ်တဲ့ဘုံဘ၀မှာ သူရောက်ရှိပြီးသားဆိုတာ အကြွင်းမဲ့ယုံကြည်ပါတယ်။

သူ လူ့ငရဲကထွက်လာပြီးနောက် သူအတွက် စောင့်ရှောက်မှု၊ ၀န်းရံပေးတဲ့ မိသားစုနဲ့ လူကြီးလူငယ်အပေါင်းကိုလည်း လေးစားဂုဏ်ယူ ရပါတယ်။ အခုတော့ သူရဲ့ရုပ်ခန္ဓာကြီးကတော့ ကျမတို့ကိုစွန့်ခွာသွားပါပြီ။ သူဝိဉာဉ်တွေကတော့ ကျမတို့ခေတ်ရဲ့မီးရှူးတန်ဆောင် သံမ ဏိသူရဲကောင်းအဖြစ် ကျမတို့နဲ့ အတူရှိနေမှာဖြစ်ပါတယ်။

(ဟံသာဝတီဦးဝင်းတင်ရဲ တစ်လပြည့်အထိမ်းအမှတ်ကို ဒီစာနဲ့ ဆရာ့ကို ဂါရ၀ပြူပါတယ်)
မိုးမိုး (ပုသိမ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts