စာအုပ်စင်

K ငြိမ်းချမ်း ● ဘဝထဲက ရေးလက်စတွေ (သို့မဟုတ်) ရန်လင်းအောင် ကဗျာ


K ငြိမ်းချမ်း ● ဘဝထဲက ရေးလက်စတွေ (သို့မဟုတ်) ရန်လင်းအောင် ကဗျာ

(မိုးမခ) ဇန်နဝါရီ ၂၉၊ ၂၀၁၉

ရခိုင်အရေး၊ မြစ်ဆုံအရေး အရေးပေါင်းများစွာနဲ့ ကျနော်တို့မြန်မာနိုင်ငံမှာ လူတိုင်း အံ့အားသင့်သွားစေတဲ့ အရေးသတင်း တခုကတော့ ဇန်န၀ါရီ ၂၈ ရက် သတင်းဌာနတွေကတဆင့်တက်လာတာကတော့ လက်ရှိ NLD အစိုးရက စစ်အစိုးရလက် ထက်က ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်အစိမ်းကြီးကို ပြင်ဆင်ဖို့ အဆိုကို ၂၉ ရက်နေ့ လွှတ်တော်မှာတင်သွင်း တော့မယ်ဆိုတာပါပဲ။

ရွှေးကောက်ပွဲမှာ လွတ်လွတ်ကျွတ်ကျွတ်နိုင်ခဲ့သော်လည်း NLD အစိုးရဟာ ပြည်သူလူထုရဲ့သဘောထားဆန္ဒတွေ မပါတဲ့ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကြီးကြောင့်ပဲ အစိုးရရဲ့ဆောင်ရွက်နိုင်မှုအခြေအနေတွေဟာ သုံးလှမ်းတလှမ်းတင်ဖြစ်နေရတယ်ဆိုတာ အားလုံးအသိဖြစ်ပါတယ်။ ခု ပြင်ဖို့ အဆိုကိုတင်တော့မယ်တဲ့။ လွှတ်တော်ထဲရှိနေတဲ့ အစိတ်သားကရော ဒီအတိုင်းငြိမ်နေပါ့မလား။ ပြင်ဖို့ရော အားသာပါ့မလား၊ ဘယ်လောက် ပြင်ခွင့်ရမှာလဲ။ မေးခွန်းတွေကတော့ ဆက်တိုက်ထွက် ရှိလာပါတော့တယ်။

ခက်ခဲနိုင်မယ်လို့ယူဆနေသူတွေလည်း ဒုနဲ့ဒေးပါပဲ။ ဘာကြောင့်လဲဆိုရင် အဲဒီစာအုပ်အစိမ်းကြီးက မာရ်နတ်ရဲ့ရေးလက်စ သွေးညှီနံ့မပျောက်သေးတဲ့စီရင်ပိုင်ခွင့်တွေရှိနေသေးလို့ဖြစ်ပါတယ်။ သူတော်စင် သူတော်ကောင်းတွေမှ ရေးလက်စ ပြော လက်စ လုပ်လက်စ ရှိတာမဟုတ်ဘဲ သူယုတ်မာ မာရ်နတ်တို့မှာလည်း ကြံစည်ဆောင်ရွက် ရေးလက်စဆိုတာရှိနေ တတ်တာကိုး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ရေးလက်စ၊ ဦးသန့်ရဲ့ ရေးလက်စ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရေးလက်စတွေဟာ အ ကြွင်းမဲ့စိုးရိမ်စရာတွေမရှိပေမယ့် မြန်မာပြည်ရဲ့ထိပ်သီးအာဏာရှင်ရက်စက်မှုသရဖူဆောင်းတွေဖြစ်တဲ့ ဂဠုန်ဦးစော၊ ဗိုလ် နေ၀င်း၊ ဗိုလ်သန်းရွှေတို့ရဲ့ရေးလက်စတွေကတော့ အဆုံးမတိုင်ခဲ့ရင် တိုင်းပြည်အတွက် အကြီးမားဆုံးအန္တရာယ်တွေယူဆောင်လာဖို့သေချာနေလို့ဖြစ်ပါတယ်။

အဲဒီလိုပဲ ကဗျာဆရာတွေ၊ စာရေးဆရာတွေ သီချင်းရေးဆရာတွေ ပန်းချီဆရာတွေ အစရှိသဖြင့် အနုပညာနယ်ပယ်က သူတွေမှာလည်း ရေးလက်စတွေ ဆောင်ရွက်လက်စတွေရှိခဲ့ကြမှာပါပဲ။ ကွယ်လွန်သူ ကမ္ဘာသိ ဂီတပညာရှင်ကြီး အလင်္ကာ ကျော်စွာ မြို့မငြိမ်းရဲ့ရေးလက်စကတော့ ငြိမ်းချမ်းရေးဆိုတာ လူတိုင်းအသိဖြစ်ပါတယ်။ ထိုနည်းတူစွာ ငြိမ်းချမ်းရေးကဗျာ ဆရာကြီး ဒဂုန်တာရာ အစဉ်တစိုက်တောင်းဆို လှုပ်ရှားခဲ့တာလည်း ငြိမ်းချမ်းရေးပါပဲ။ ဒါဖြင့် သူတို့ အပြီးတိုင်အဆုံးသတ် အိပ်မက်ကတော့ ငြိမ်းချမ်းရေးဆိုတော့ သူတို့ရေးလက်စတွေက ကျန်ရစ်သူများဆက်လက်ထမ်းရွက်နိုင်တာပေါ့။ အာဏာ ရှင်စစ်ဝါဒီတွေ ရဲ့ရေးလက်စ တွေနဲ့က နံ့သာဆီနဲ့အီးဆိုတော့ ဂုဏ်ယူကူရွက်စရာရေးလက်စတွေဖြစ်နေတော့တာပေါ့။

ဒီလိုပဲ ကဗျာဆရာရန်လင်းအောင်ကလည်း သူ့ရဲ့ရေးလက်စတွေကို စာအုပ်တအုပ်တအုပ်အဖြစ် ထုတ်ဝေလာခဲ့ပါတယ်။ ရေးလက်စဆိုတော့ မပြီးဆုံးသေးတဲ့သဘော၊ ပန်းချီစကားနဲ့ဆိုရင် ကင်းဗတ်ပေါ် ရေးဆွဲသူ ပန်းချီဆရာရဲ့လက်မှတ် မခတ် နှိပ်ရသေးတဲ့ပုံစံ။

လူတိုင်း လူတိုင်းမှာ ဆောင်ရွက်လက်စတွေ ယုံကြည်လက်စတွေ ဖော်ဆောင်လက်စတွေဟာ ရှိနေတတ်ပါတယ်။ မာရ်နတ် ရဲ့ရေးလက်စတွေကတော့ သူကွယ်လွန်သွားတဲ့တိုင် မြေကမ္ဘာမှာ မြေမှုန်အဖြစ်တောင် မကြွင်းကျန်ကောင်းပေမယ့် သူတော်စင်သူတော်ကောင်းတို့ရဲ့ရေးလက်စတွေကတော့ သူတို့အသက်ရှင်စဉ် အဆုံးတိုင်မဖော်ဆောင်နိုင်ခဲ့တောင် သူတို့ အိပ် မက်ကိုဆက်မက်ဖို့ကတော့ လူသားရဲ့တာဝန်တခုလို့မြင် မိပါတယ်။

ကဗျာဆရာ ရန်လင်းအောင်ရဲ့ရေးလက်စတွေကို ဖတ်ရှုကြည့်ကြရအောင်။

စာအုပ်မှာ ရေးလက်စ ခေါင်းစဉ်နဲ့ပဲ ရေးလက်စ ၁၀၉ ပုဒ် ပါဝင်ပါတယ်။ မြကြိုးကြာစာအုပ်တိုက်နေ ၂၀၁၈ ဒီဇင်ဘာမှာ တန်ဖိုး ၂၀၀၀ ကျပ်နဲ့ဖြန့်ချိထားပါတယ်။ တဦးတယောက်ရဲ့အမှာစာမပါဝင်တာကိုက စိတ်ဝင်စားစရာကောင်းစရာတခု ဖြစ်နေပါတယ်။

သူတောင်းစားက စပြီး
သမ္မတအထိ
အားလုံးရေးလက်စတွေပါပဲ။

ကဗျာဆရာကတော့ အဲဒီလို စဖွင့်ထားပါတယ်။ ဟုတ်ပါတယ်။ သူကတော့ သူတောင်းစားမို့လို့၊ သူကတော့ သမ္မတမို့လို့၊ သူကတော့ ဘာမို့လို့ညာလို့ မရှိပါဘူး။ သူတို့လျှောက်နေတဲ့လမ်းပေါ်က သူတို့ယုံကြည် ချက်သာ သူတို့အိပ်မက်ပါပဲ။ ဆုံးခန်းတိုင်ခဲ့တာလည်း ရှိမယ်။ တ၀က်တပျက်လည်း ရှိမယ်။ တချို့လည်း ခု အိပ်မက်အစပဲရှိသေး။ ပြေးလမ်းပေါ်က ဆင်းပေးလိုက်ရတာတွေရှိမယ်။ ထားပါ။ ကဗျာဆရာကတော့ အားလုံးဟာ ရေးလက်စတွေပါပဲလို့ အခိုင်အမာဆိုထည့် လိုက်ပါတယ်။ အဲဒီရေးလက်စတွေကရော အမှန်တွေချည်းပဲလားဆိုတော့

မှားပါ မှန်ပါ
ပြင်ပါ ဆင်ပါ
ဖြည့်ပါ စွက်ပါ

လူသားတွေရေးခဲ့တာဖြစ်တော့  မှားချင်လည်း မှားမယ် ကိစ္စမရှိပါ။ မှားတာကို မှားတယ်လို့ ၀န်ခံရဲတာကိုက စွမ်းရည်တမျိုး ပါပဲ။ သာမန်ပြည်သူတယောက်မှားသွားရင် အန္တရာယ် သိပ်ကြီးကြီးမားမားမရှိနိုင် ပေမယ့် ခေါင်း ဆောင်တယောက်လို နေရာမျိုးယူထားသူ မှားသွားရင်တော့ ၁။ မှားကြောင်း သိရမယ်။ ၂။ ၀န်ခံရဲရမယ်။ ၃။ ပြင်ဆင်ရဲရမယ်။ အဲဒါတွေတခုမှ မလုပ်ရင်တော့ သူ့နောက်ကသူတွေပါ ချောက်ထဲကျပြီသာ မှတ်ဖြစ်ရပါမယ်။

ဒါပေမယ့် မှားမှာ ကြောက်ပြီး ဘာမလုပ်ပြန်ရင် မရွေ့တဲ့ ကျောက်တုံးတုံးဟာ အဲဒီနေရာမှာ သေသည့်တိုင် နိဂုံးချုပ်သွားရ မှာဆိုတော့။ ကဗျာဆရာက ဒါကိုလည်း မမေ့မလျော့ရေးခဲ့ပါတယ်။

ရေးချင်လည်း ရေး
မရေးချင်လည်း ရေး
အသေခံရေးသူလည်း ရှိ
သေအောင်ရေးသူလည်းရှိ
မသေရုံတမယ် ရေးရသူလည်း ရှိ
မသေအောင် ရေးကြသူတွေလည်း ရှိ

တချို့က ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံအတွက် ရေးတယ်။ တချို့က ကိုယ့်လူမျိုးအတွက်ရေးတယ်။ တချို့က ကိုယ့်မိသားစုဆွေမျိုးအတွက်ရေးတယ်။ တချို့က ကိုယ့်အတွက်ပဲ ကိုယ်ရေးတယ်။ ဘာပဲပြောပြော ကိုယ်ရေးတာ ကိုယ့်သမိုင်း၊ ကိုယ်ခြေ ရာ။ အမှားအမှန်ကို နောင်လာမယ့် အနာဂတ်မျိုးဆက်တွေက ဆုံးဖြတ်မယ်။ ဒါဟာ ရှောင်လွှဲလို့မရတဲ့ လောကဖြစ် စဉ်လေ။ ရေးရင်း တွေ့ရ ကြုံရတာတွေလည်း ကဗျာဆရာက ထည့်သွင်းထားတာ သတိပြုမိပါတယ်။

ဂုတ်ပေါ် ၀ဲနေတဲ့ ဓားလို
ရေးလက်စနေ့တွေ
နားရင်းနား ၀ီခေါ်နေတဲ့ ကျည်ဆန်တွေလို
ရေးလက်စနေ့တွေ
တနေ့နေ့
ရာဇပလ္လင် ဖင်ကပ်နိုးနိုး
တနေ့နေ့
စကြာရတနာ ဆိုက်နိုးနိုး
ရေးလက်စနေ့တွေ။

ဒီလောက်ဆို ကဗျာဆရာရဲ့ခြေဆင်းကို မြင်လောက်ပြီလို့ ယူဆရပါတယ်။ လူဆိုတာ ကိုယ်လျှောက်လမ်းနေတဲ့ လမ်းပေါ် မျှော်လင့်ချက်လေးတခုခုတော့ ထည့်သွင်းထားရတာပဲလေ။ မျှော်လင့်ယုံကြည် ချက်လေးမှ မပါရင်လည်း လူ့ဘ၀ဆိုတာ အဓိပ္ပာယ်မဲ့သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကဗျာဆရာ ရန်လင်းအောင်ရဲ့ရေးလက်စတွေထဲက သူမျှော်လင့်ယုံကြည်ရာတွေ ကို ရှာဖွေဖတ်ရှုကြည့်ဖို့ အချိန်တန်ပြီလို့ဆို လိုက်ရပါတယ်။

ငါ
အမြဲ ငတ်တယ်
ဂုဏ်သရေရှိရှိ
လောင်မြိုက်ချင်ပါတယ်
သိက္ခာရှိရှိ ဆာလောင်တယ် (ရေးလက်စ-၄ မှ)

အမှန်တရားက
အမှန်တရားပါလို့ ပြောပြီး
လူလုံးထွက်ပြတတ်တာမျိုး
မဟုတ်တော့
ခက်ပါတယ်၊ (ရေးလက်စ-၈ မှ)

သေမှာ
မကြောက်ရုံနဲ့
ဘ၀ဟာ
မလုံလောက်သေး- (ရေးလက်စ-၁၁ မှ)

ရထားပေါ်က လွဲ ဘာမှ မသဲကွဲ
ငါ ဘယ်ရောက်နေလဲ-(ရေးလက်စ-၁၂ မှ)

ဘယ်နှာခေါင်းပေါက်နဲ့
အသက်ရှူသံ နပ်မှန်နေသလဲ
နဖူးရေဒူးရေကြည့် (ရေးလက်စ-၂၁မှ)

နောက်က ကပ်ပြီး
ငါ့ဖိနပ်ကို တက်မနင်းပါနဲ့
ကျော်တက်သွား- ရပါတယ် (ရေးလက်စ-၂၆မှ)

အချိန်ရှိတိုင်း
အချိုးပြင်ပေါ့-
အလောင်းမလှတော့မှ
အရပ်ကို ပုံမချနဲ့-(ရေးလက်စ-၃၄မှ)

ကိုယ့်ရဲ့
သေရေးရှင်ရေး
ကိုယ့်လက်ရေးနဲ့ ကိုယ်
မြင်ချင်တာဟာ ကိုယ့်နိုင်ငံရေး- (ရေးလက်စ-၄၂မှ)

ငြီးငွေ့မှုဟာ
သိပ်ဈေးကြီးတယ်- (ရေးလက်စ-၄၃မှ)

ဘယ်တုန်းက ငြိမ်းချမ်းဖူးလဲ
ဘယ်တုန်းက ငြိမ်းချမ်းဖူးလဲ
ဘယ်တုန်းကများ ငြိမ်းချမ်းဖူးလို့လဲ- (ရေးလက်စ-၈၅မှ)

မျှော်လင့်သလိုလည်း မနီးဘူး
မယုံနိုင်လောက်လည်း မဝေးဘူး- (ရေးလက်စ-၁၀၀မှ)

တရားမမျှဘဲ
နားပင်းကိုးကားနဲ့
တရား တနေတော့လည်း
ခက်သားလား-(ရေးလက်စ-၁၀၆မှ)

ငါတို့ဟာ
ဘာဆို ဘာမှ မတူကြပါလား-
အဲဒါ
ပိုပြီး ကြည့်မကောင်းလား- (ရေးလက်စ-၁၀၈မှ)

ဒါတွေကတော့ ကဗျာဆရာ ရန်လင်းအောင်ရဲ့ရေးလက်စတွေထဲက ရေးလက်စတချို့တွေကို ကောက်နုတ်ဖော်ပြလိုက်တာဖြစ်ပါတယ်။ စာအုပ်မှာ ထူးခြားချက်က ကဗျာတပုဒ်ချင်းစီရဲ့အဆုံးမှာ ပုဒ်ထီးပုဒ်မများ ချထား တာ မတွေ့ရပါဘူး။ ရေးလက်စ ဆိုတဲ့အတိုင်း မပြီးဆုံးသေးကြောင်း ပြသချင်တဲ့လက္ခဏလားဆိုတာကတော့ ကဗျာရေးသူကမှ ပိုပြောနိုင်ပါလိမ့်မယ်။ ကျနော့်ဘက်ကတော့ ကဗျာထဲက ကဗျာဆရာပေးချင်တဲ့ Message တချို့ကို သာကောက်နုတ်ဖော်ပြနိုင်တာမို့ စာဖတ်သူ တို့ပဲ ရန်လင်းအောင်ရဲ့ရေးလက်စတွေကို ဖတ်ရှုဖို့သာ တိုက်တွန်းလိုပါတယ်။

စာရေးသူ – ရန်လင်းအောင်
စာအုပ်အမည် – ရန်လင်းအောင်ရေးလက်စ၊ ရေးလက်စ ရန်လင်းအောင်
အမျိုးအစား – ကဗျာစုစည်းမှု
ထုတ်ဝေသည့်တိုက် – မြကြိုးကြာ စာအုပ်တိုက်
ထုတ်ဝေသည့်ကာလ – ၂၀၁၈၊ ဒီဇင်ဘာ
တန်ဖိုး – ၂၀၀၀ ကျပ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts