မောင်ရစ် – လိမ္မာတဲ့ ဖုန်း၊ လိမ္မာတဲ့ အိမ်
(အတွေးအမြင်၊ ဖေဖော်ဝါရီ ၂၀၁၉) မိုးမခ၊ ဇန်န၀ါရီ ၃၀၊ ၂၀၁၉
ပြောချင်တာက smart phone တို့ smart home တို့ပါ။ လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က အနောက်နိုင်ငံက စစ်ရေးတွေမှာ smart bomb တွေ စသုံးခဲ့တယ်။ ဒုံးလိမ္မာ လို့ ဘာသာပြန်ကြတယ်။ မြန်မာစာနယ်ဇင်းသမား အချို့က။ သူက guided bomb ပါ။ အဝေးထိန်းနဲ့ ဒုံးကျည်ကို လွှတ်ပြီး ပစ်မှတ်ကို တိုက်ရိုက်ထိမှန်အောင် ထိန်းကျောင်းနဲ့ ဗုံး ဆိုပါတော့။ ဗုံးလိမ္မာ ဆိုလိုက်တော့ သည်ဗုံးက လိမ္မာတယ်ဆိုပြီး ဘယ်နှယ့် လူတွေ သတ်နေပါသလဲပေါ့။ မေးခွန်းတွေ မေးကြတယ်။ စဉ်းစားစရာ။ သည်တော့ smart ဆိုတာက လူဆိုရင် တော်သော၊ ထက်သော၊ လိမ္မာသော၊ လည်ဝယ်သော၊ သည်လို ဘာသာပြန်မယ် ထင်တယ်။ smart ဖြစ်တဲ့ ပစ္စည်းဆိုရင် ဘယ်လိုလဲ – အစွမ်းထက်သော အားကိုးရသော ကိရိယာများလို့ ပြောရမလားပဲ။
အခုတော့ မြန်မာပြည်မှာ လူတိုင်းလက်ထဲ စမတ်ဖုန်းတွေ ရှိနေပြီ။ စမတ်လို့ တိုက်ရိုက်ယူသုံးလိုက်တော့ စမတ်ကျသောဖုန်းများပေါ့။ စမတ်ကျတဲ့ဖုန်းကိုင်နေတဲ့ လူတွေကလည်း စမတ်ဖြစ်တဲ့လူတွေလားလို့ မေးခွန်းထုတ်ရမလိုပါ။ smart phone with smart people လားပေါ့။ ပစ္စည်းတွေ စမတ်ဖြစ်လာတာနဲ့ လူတွေက တုံးတုံးလာတယ် ပြောကြပါတယ်။ ဖုန်းက စမတ်ဖြစ်နေတော့ ကိုယ့်ခေါင်းကို အားမကိုးတော့ဘူးလေ၊ နေရာတကာ ဖုန်းပဲ ပြန်ကြည့်ပြီး မေးမေးနေတော့တာပဲ မဟုတ်လား။ တခုခုဆိုရင် စမတ်ဖုန်းလေး ဖွင့်ပြီး ဂူးဂဲလိုက်ဦးမယ်လို့ ပြောကြတယ် မဟုတ်လား။
စမတ်ဖုန်းက ဖုန်းပြောနိုင်တဲ့အပြင် မတ်စိလည်း ပို့နိုင်တယ်။ ပြက္ခဒိန်တွေ၊ လိပ်စာတွေ၊ အီးမေးတွေ၊ ဖေ့စ်ဘွတ်တွေ သုံးနိုင် သိမ်းနိုင်တယ်။ မြေပုံလည်း ရှာပေးတယ်၊ မသိတာမေးဖို့ ဂူးဂဲရှိတယ်၊ ဂဏန်း တွက်စက်ရှိတယ်။ စာလည်း ဖတ်နိုင်တယ်။ တခုခုဆို သူများနဲ့ ရှယ်နိုင်တယ်။ သည်တော့ ဖုန်းတွေက စမတ်ဖြစ်တာပေါ့။ ဓာတ်ပုံတွေ မှတ်တမ်းတွေလည်း သူပဲ သိမ်းထားတော့ ထစ်ခနဲဆိုရင် စမတ်ဖုန်းလေး ဖွင့်ပြီး အားကိုးနေရတာပေါ့။
တကိုယ်ရေသုံး အစွမ်းထက်သော အားကိုးရသော ကိရိယာတွေ သုံးစွဲနေတဲ့လူတွေကနေ လူတွေဟာ သူတို့နေတဲ့ နေအိမ်တွေကိုလည်း စမတ်အိမ် smart home – လိမ္မာသောအိမ်တွေအဖြစ် ပြောင်းလာကြတယ် ဆိုပါတယ်။ ပထမစကားလုံးကတော့ automation – အလိုအလျောက် အလုပ်လုပ်နိုင်တဲ့ ကိရိယာများနဲ့ အိမ်ကို တပ်ဆင်ခြင်းပါ။
မီးတွေ အလိုအလျောက်ပိတ်နိုင် ဖွင့်နိုင်တာ၊ အလိုအလျောက် ဖုန်စုတ်စက်ကို တမြက်လှည်းခိုင်းတာ၊ အိမ်ကို ကင်မရာတွေ တပ်ပြီး လုံခြုံရေးစောင့်ကြည့်တာ၊ ပြတင်း တခါးတွေမှာ ဆင်ဆာတွေ (အာရုံခံတွေ) တပ်ပြီး အဖွင့်အပိတ်စောင့်ကြည့်တာ သည်လိုမျိုးတွေ တပ်ဆင်လာကြတာကို home automation လို့ ပြောကြတယ်။ နောက်ကျတော့ အဲသည် အိမ်သုံးကိရိယာတွေကို အချင်းချင်းဆက်သွယ်ခိုင်းရာကနေ ပိုင်ရှင်ရဲ့ ဖုန်းထဲအထိမှာ connectivity ဆက်သွယ်ပြီး အိမ်နဲ့ အိမ်ရှင်တို့ အပြန်အလှန် ရှယ်ကြ ခိုင်းစေကြတာတွေ လုပ်နိုင်လာတော့ သည်စနစ် သည်ခေတ်ပြောင်းမှုက smart home လို့ ပြောင်းခေါ်လာကြတယ် ဆိုရမယ်။
ကိရိယာတွေက သူ့ဖာသာသူ သတ်မှတ်ထားတဲ့ အလုပ်လုပ်တာကို smart ဖြစ်တယ် မခေါ်ဘူး။ သည်ကိရိယာတွေကို အင်တာနက်ကနေ ချိတ်ဆက်နိုင်တဲ့ အဆင့်ကို အရင် ဖြတ်သန်းကြရပါတယ်။ သည်တော့ သည်ကိရိယာတွေကို IOT – internet of thing – အင်တာနက်အကောင်တွေပေါ့။ မီးခလုပ်ကို IoT ကိရိယာလေး ကြားခံပြီး တတ်ထားတယ်။ IoT လေးက အင်တာနက်ပေါ်ကနေ လှမ်းချိတ်လို့ ရတယ်။ သည်တော့ လူက ကိုယ့်စမတ်ဖုံး APP ကနေ မီး ဖွင့်လိုက် ပိတ်လိုက် လုပ်တယ်၊ အမယ် … မီးခလုပ်ခံထားတဲ့ IoT ကလည်း သူမီးဖွင့်ထားတယ် ပိတ်ထားတယ်ဆိုတဲ့ status ကို လူကို လှမ်းပြောသေးသဗျ။ သည်တော့ စမတ်ဖြစ်ကုန်ပြီဆိုပြီး ဖြစ်ကြတာပေါ့။
လက်ရှိအိမ်သုံးကိရိယာတွေကို IoT တွေ ကြားခံပြီး ဆက်သွယ် ခိုင်းစေ ညွှန်ကြား သတင်းပို့ခိုင်းတာတွေ တိုးပြီး လုပ်လာကြတော့ အိမ်တွေကို smart home တွေလို့ ဆိုလာကြသပေါ့။ အဲသည်မှာ IoT တွေက သူတို့ရဲ့ smart home hub မှာ စုဝေး ချိတ်ဆက်ကြတယ်၊ ပြီးမှ အင်တာနက်ပေါ် တက်ကြတယ်။ သဘောကတော့ အဲသည်ကိရိယာလေးတွေကို အိမ်တွင်းက ဆက်သွယ်ရေးစုရပ်တခုမှာ အရင်ဆုံး မှတ်ပုံတင်၊ သတင်းပို့ပြီး စစ်ဆေးလက်ခံမှု အရင်လုပ်တယ်ပေါ့ဗျာ။ လုံခြုံရေးအရ တစိမ်းတွေ ဖောက်ဝင်မှာ စိုးရတာကိုး။ IoT တွေက home hub မှာ အရင်ဆုံး သန်းကောင်စာရင်းဝင်ပြီးတော့မှ အိမ်ရှင်တွေ ချိတ်ဆက်ထားတဲ့ အင်တာနက်ပေါ်ကို hub ကနေ တဆင့် တက်ပြီး အိမ်ရှင်ရဲ့ smart phone ထဲက သူမှတ်ပုံတင်ထားတဲ့ application ကနေ ဆက်သွယ် ပြောဆို ချိတ်ဆက်တာတွေ လုပ်ကြရပါတယ်။ သည်တော့ ချိတ်ဆက်မှုကလည်း smart ဖြစ်တယ် ဆိုကြပါစို့။
smart TV ဆိုတာ အဲသလိုမျိုးပါ။ တီဗီကို အင်တာနက်ချိတ်ထားတော့ တီဗီကို ဖုန်းကနေ ခိုင်းစေပြီး ချယ်နယ်တွေ ပြောင်းတာ ပိတ်တာ ဖွင့်တာ လုပ်လို့ရတယ်ပေါ့ဗျာ။ နောက်တော့ smart hub တွေကိုယ်တိုင်ကလည်း စမတ် ဖြစ်သည်ထက် ဖြစ်လာတယ်။ Amazon Google Samsung တို့က Smart Home Hub တွေက အင်တာနက်ချိတ်ထားတာအပြင် အိမ်ရှင်က ပါးစပ်နဲ့ မေးတာကိုပါ အမိန့်နာခံ လုပ်ပေးနိုင်တဲ့ အဆင့်ကိုပါ မြင့်တက်လာပါတယ်။ ဥပမာ – ဂူးဂဲရေ အိမ်သာထဲက ရေပိုက် ပိတ်လိုက်ပါဟေ့။ နက်ဖြန် မိုးရွာမလား ကြည့်ပေးပါဟေ့ ဆိုရင် … အဲသည် hub က အသံကို နားထောင်၊ ဘာသာပြန်၊ ရေပိတ်ဆိုရင် IoT ကို လှမ်း ရေပိတ်ဖို့ အချက်ပေး၊ နောက်တော့ Internet ပေါ်တက်ပြီး လက်ရှိ မြေပုံမှာပေါ်နေတဲ့ အရပ်က မိုးလေ၀သကို သွားကြည့်ပြီး စက်ကအသံနဲ့ အိမ်ရှင်ကို ပြန်ဖြေပါတယ်။ အမရေ … သည်နေ့ မိုးရွာဖို့ ၅၀% ဆိုပဲ … ။ အဲသလို ဖြစ်ကုန်ပါပြီ။
ဗမာပြည်မှာတော့ ဗမာသံနဲ့ မရသေးဘူး ထင်ပါတယ်။ သည်တော့ ဘိုလိုတော့ ခိုင်းစေရတာပေါ့ဗျာ။ accessibility တို့ voice recognition တို့ဆိုတဲ့ နည်းပညာတွေက ကိုယ့်လက်ဖျား ပါးစပ်ဖျားမှာ ရောက်လာတယ် ဆိုရမယ်။ နောက်ဆိုရင် smart car တွေက လမ်းမှာ ကိုယ့်ဖာသာကိုယ် မောင်းနေကြတော့မှာလို့ ဒါကြောင့် ဟောကိန်းထုတ်နေကြတာပေါ့။ နည်းပညာက မဖြစ်နိုင်ဘူး မရှိပါ။
လက်ရှိ အိုင်အိုတီတွေ ဘာတွေ ဈေးကွက်ထဲ ရောက်နေပြီလဲ။ smart plug တွေ၊ ပလပ်တွေကလည်း စမတ်ဖြစ်တယ်ပေါ့။ စမတ်ကင်မရာတွေက လှုပ်ရှားမှု ရှိတိုင်း မှတ်တမ်းတင်ပြီး အိမ်ရှင်ကို သတင်းပို့တယ်၊ သိမ်းဆည်းထားတယ်။ စမတ်အိမ်သော့ခလောက်တွေက အိမ်အဖွင့်အပိတ်ကို လုပ်ပေးတယ်၊ သတင်းလည်း ပို့တယ်။ စမတ်အိမ်ခေါင်းလောင်းကတော့ ဘဲလ်တီးရင် ကင်မရာနဲ့ ကြည့်တယ်၊ အိမ်ရှင်စမတ်ဖုံးထဲကို လှမ်းချိတ်တယ်။ ဧည့်သည်နဲ့ စကားပြောဖို့ ချိတ်ဆက်ပေးတယ်။ စမတ်အိမ်အပူချိန်ထိန်းကိရိယာတွေက အိမ်က အပူပေးစက် အအေးပေးစက်တွေကို ထိန်းပေးတယ်။ ဖွင့်ပိတ်ပေးတယ်။ smart lighting ဆိုတာ မီးလုံးထဲမှာ IoT ထည့်ပေးထားတယ်၊ ကိုယ်က မီးလုံးကို လှမ်းပြီး ပိတ်နိုင် ဖွင့်နိုင် သတင်းပို့ခိုင်းနိုင်တယ်။ အို … စုံလို့ စုံလို့ပါပဲ။ တမြက်စည်းလှည်းတာ၊ ရေလောင်းတာ၊ ပန်းကန်ဆေးတာ၊ ဟင်းချက်တာ၊ ရေခဲသေတ္တာထဲက ပစ္စည်းတွေ စာရင်းလုပ်တာ ဒါတွေကို စမတ်ချိတ်ဆက်မှုလုပ်နိုင်ပါပြီ။ တခုရှိတာက အိမ်ထဲမှာ wifi လို့ ခေါ်တဲ့ အတွင်းက စမတ်ကောင်တွေကို ချိတ်ထားတဲ့ ကြိုးမဲ့ဆက်သွယ်တဲ့ စက်ခုံ hub တော့ ရှိရမှာပေါ့ခင်ဗျာ။ သူကနေမှတဆင့် ကိုယ်ခွင့်ပြုတဲ့ အင်တာနက်ပေါ် တက်ပြီး ကိုယ့်ကို ဆက်ကြမှာကိုး။
ကဲ သည်လိုဆိုတော့ဖြင့် လူတွေဆီမှာ smart phone တွေ smart home တွေ ရှိလာကြပြီပေါ့လေ။ smart ဖြစ်အောင် ပံ့ပိုးပေမယ့် လူကိုယ်တိုင်က စမတ်မဖြစ်ရင်တော့လည်း ဘာမှ ထူးမယ် မထင်ပါဘူး။ သုံးမှ မသုံးတတ်တာ ဆိုရင် စမတ်ဖြစ်ပေမယ့် အလကားလို့ ပြောရမှာပေါ့လေ။ သို့သော် သည်နေရာမှာ ပြောချင်တာက smart ဖြစ်အောင် လုပ်လာတဲ့ နည်းပညာတွေဟာ ဘယ်မှာ ပေါ်ထွန်းလာသလဲ ဆိုတာပါ။ ဒါက creativity နဲ့ innovation ကိုး။ တီထွင်ခြင်း ဆန်းသစ်ခြင်းဆိုတာက ငြိမ်းချမ်းစည်ပင်သာယာတဲ့ အရပ်ဒေသတွေကနေ ဖြစ်ထွန်းလေ့ ရှိတယ် ဆိုတာပါ။ မငြိမ်းချမ်းတဲ့ မစည်ပင် မသာယာတဲ့ အရပ်တွေမှာကတော့ စမတ်ဖုန်းတွေ စမတ်ဟုန်းတွေ ဘယ်လို ခေတ်စားတယ်ပြောပြော … အများစုသော လူထုပရိသတ်ကြီးက မခံစားနိုင်ကြပါ။ သူတို့တွေမှာကတော့ သစ်မရှိတဲ့ကြား ၀ါးပေါင်းကွပ်ပြီး စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရတာမို့ သူတို့အတွက်ကတော့ အဓိပ္ပါယ်ရှိမယ် မထင်ပါ။
ဥပမာ – smart home ဆိုမယ့်အစား သူတို့တွေအတွက် အိမ်တွင်းမှုလုပ်သားတွေအဖြစ် ထမင်းနပ်မှန်ဖို့ အလုပ်အကိုင်က အရေးကြီးပါတယ်။ စက်ရုံအလုပ်ရုံတွေက အလိုအလျောက် စက်ရုပ်တွေအစား သူတို့ ကာယအားတွေ ဥာဏအားတွေနဲ့ အလုပ်အကိုင် လုံခြုံစိတ်ချရဖို့ လိုအပ်နေဆဲပါပဲ။ smart phone ဆိုပေမယ့် သူတို့တွေအတွက်ကတော့ မိဘတွေ သားသမီးတွေနဲ့ ရေခြားမြေခြား ကမ္ဘာာခြားနေတဲ့ကြားက ဆက်သွယ်နိုင်ဖို့လောက်မျှသာပါ။ ဖေ့စ်ဘွတ်လေးကနေ စိတ်အပမ်းဖြေစရာ ရှာ၊ အမောဖြေစရာ အာရုံလှည့်စား ယစ်မူးနေမှု မျှသာပါ။ ငြိမ်းချမ်းခြင်း စည်ပင်ခြင်း သာယာခြင်းတွေ ဖြစ်ပေါ်ဖို့ကတော့ ကျနော်တို့တတွေအားလုံးက ကျနော်တို့တိုင်းပြည်ကို smart country ဖြစ်အောင် အရင်လုပ်ကြဖို့ လိုမယ် ထင်ပါတယ်ခင်ဗျာ။ သည်လိုဆိုတော့ လိမ္မာတဲ့တိုင်းပြည် လို့ ဆိုလိုက်ရင် သင့်တော်များနေမလားလို့ တွေးမိပါတယ်။