လင်းသက်ငြိမ် ● ပေါင်မုန့်အသိုးများ

January 29, 2019

လင်းသက်ငြိမ် ● ပေါင်မုန့်အသိုးများ
(မိုးမခ) ဇန်နဝါရီ ၂၉၊ ၂၀၁၉


ကျွန်တော့် အိပ်ယာနံဘေးမှာ အနက်ရောင်ကြွပ်ကြွပ်အိတ်ကြီးတစ်လုံး ရှိနေခဲ့သည်မှာ ရက်သတ္တပတ်ခန့်ရှိပေပြီ။ ထိုကြွပ် ကြွပ်အိတ်ထုပ်ကြီးနှင့် ညတွေကို ကျွန်တော်ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ ထိုကြွပ်ကြွပ်အိတ်ထုပ်ကြီးသည် ကျွန်တော့်ကြွပ်ကြွပ်အိတ်ထုပ်ကြီး မဟုတ်ပါ။ ကျွန်တော့်မိတ်ဆွေကို သူ့မိတ်ဆွေတစ်ယောက်က လက်ဆောင်ပေးခဲ့သည့် ကြွပ်ကြွပ်အိတ်ထုပ်ကြီး သာဖြစ်ပါသည်။ ကျွန်တော့်မိတ်ဆွေသည် ရန်ကုန်မြို့သို့ ခရီးဆက်သွားရမည်ဖြစ်၍ သူ့အိတ်ကြီးကို ကျွန်တော့်ဆီမှာ ထား ခဲ့ခြင်းဖြစ်သည်။  ထိုကြွပ်ကြွပ်အိတ်ထုပ်ကြီးကို စာအုပ်ချုပ်သည့်ပစ္စည်းများထည့်ထားသည့် စက္ကူပုံးနံဘေးမှာ နေရာချထားခဲ့ သည်။  ထိုကြွပ်ကြွပ်အိတ်ထုပ်ကြီးကို တစ်ခါမျှဖွင့်မကြည့်ခဲ့၍ ထိုကြွပ်ကြွပ်အိတ်ထုပ်ကြီးထဲ မည်သည့်ပစ္စည်းများ ပါဝင် ကြောင်းကို ကျွန်တော်မသိပါ။ ကိုယ်နှင့်မသက်ဆိုင်လျှင် ဖွင့်မကြည့်ရ ဘာညာဆိုသည့် လောကစည်းကမ်းအရ ကျွန်တော် ဖွင့်မကြည့်ဖြစ်ခြင်းလည်း မဟုတ်ပါ။  ကျွန်တော့်ပစ္စည်းမဟုတ်သဖြင့် ကျွန်တော်ဖွင့်မကြည့်ခဲ့ခြင်းသာ။ ကျွန်တော့်မိတ်ဆွေ သည် မြို့ကြီးမှာ သူ့ခန့်မှန်းထားသည်ထက် ပိုကြာသွားသည့်အတွက် ကြွပ်ကြွပ်အိတ်ထုပ်ကြီးသည် အချိန်အတော်ကြာသည် အထိ ကျွန်တော့်ဆီမှာ သောင်တင်နေခဲ့ပါသည်။

တစ်ရက်။ ကျွန်တော့်မိတ်ဆွေက သူပြန်လာပြီဆိုသည့်အကြောင်းကို နေ့လယ်ခင်းမှာပင် ဖုန်းဆက်၍ အကြောင်းကြား လာသည်။ သူစီးလာသည့်ရထားသည် ညအချိန်တွင် ကျွန်တော်တို့မြို့ဘူတာကို ဆိုက်ကပ်ပေလိမ့်မ်။ ကျွန်တော့်မိတ်ဆွေ သည် ရထားပေါ်မှမဆင်းတော့ပဲ သူနေထိုင်ရာမြို့ကို တစ်ခါတည်း တန်းပြန်ရမည်ဖြစ်၍ ဘူတာရုံသို့ကျွန်တော်သွားတွေ့ပြီး သူ့ကြွပ်ကြွပ်အိတ်ထုပ်ကြီးကို ပေးရမည်ဖြစ်သည်။ ကျွန်တော့်အတွက် ရန်ကုန်မှပါးပေးလိုက်သည့်လက်ဆောင်စာအုပ်များလည်းသူ့မှာ ပါလာသည်ဟု သိရသည်။ ကျွန်တော့်မိတ်ဆွေသည် အက်ဆေးရေးဆရာဖြစ်ပြီး။ ရန်ကုန်မြို့သို့ သူ့အက်ဆေး စာအုပ်ကိစ္စနှင့် သွားရောက်ခြင်းဖြစ်ပါသည်။ အထူးအမြန်ရထားဆိုက်ချိန်ကို ကျွန်တော်မသိပါ။ အရင်ကရထားနှင့်မကြာခဏ ခရီးသွားဖြစ်သော်လည်း ယခုနှစ်ပိုင်းထဲ ဘယ်မှမသွားဖြစ်ပါ။ ရထားချိန်ကို ဘူတာမှာစုံစမ်းကြည့်တော့ ညဆယ်နာရီခွဲ၊ ဆယ့်တစ်နာရီခန့် ဆိုက်မည်ဟု သိရသည်။

ညနေပိုင်းတွင် ကျွန်တော့်မိတ်ဆွေ၏ ကြွပ်ကြွပ်အိတ်ထုပ်ကြီးကို ကျွန်တော်ဖွင့်ကြည့်ဖြစ်သည်။ ကျွန်တော်ဆီမှာရောက်နေတဲ့ ကျွန်တော့်မိတ်ဆွေ၏ စာမူပါဝင် မဂ္ဂဇင်းစာအုပ်တချို့ကို တစ်ပါတည်းထည့်ပေးလိုက်ရန် ရည်ရွယ်၍ ဖွင့်လိုက်ခြင်းဖြစ်သည်။ ကြွပ်ကြွပ်အိတ်ထုပ်ကြီးမှာ ဖုန်မှုန့်များပေကျံ၍နေလေပြီ။ ဖုန်မှုန့်များ၏ ခရီးကို မည်သည့်အရာကမျှ ရပ်တံ့ဟန့်တား၍ မရနိုင်ချေ။ ကျွန်တော်မဖိတ်ခေါ်ထားပေမယ့်ကျွန်တော့်အခန်း ပြတင်းပေါက်များမှတဆင့် ဖုန်မှုန့်များ တံခါးမရှိ ဓားမရှိ နယ်ချဲ့ဝင်ရောက်နေခြင်းဖြစ်ပါလိမ့်မည်။ ကြွပ်ကြွပ်အိတ်အနက်ရောင်ကြီးကို ကိုင်လိုက်သည်နှင့် လက်ချောင်းရာများ ထင်ကျန်၍ နေတော့သည်။ ဖုန်မှုန့်များကို သေချာသန့်ရှင်း၍အထုပ်ကိုဖြည်ကြည့်လိုက်သည့်အခါ မှိုတက်နေသည့် ပေါင်မုန့်များနှင့် နေကြာစေ့ထုပ်များကိုတွေ့ရသည်။ နေကြာစေ့ထုပ်များ က လတ်ဆတ်၍ နေကြသေးသော်လည်း ပေါင်မုန့်များမှာမူမှိုတက်၍ ပုပ်သိုးနေကြလေပြီ။ ထိုအခြင်းအရာကို ကျွန်တော်တွေငေး ကြည့်နေမိပြီး အတွေးများ လွန်းထိုးနေမိတော့သည်။ ကြွပ်ကြွပ် အိတ်ကြီးထဲမှ အလဟသ ပုပ်သိုးသွားသည့်ပေါင်မုန့်များက ကျွန်တော့်ကို တစ်ခုခုပြောနေသည်ဟု ခံစားရသည်။

ကြွပ်ကြွပ်အိတ်ထုပ်ကြီးထဲ ပေါင်မုန့်များပါရှိသည်ကိုကြိုတင်သိခဲ့လျှင် သို့မဟုတ် ကျွန်တော့်မိတ်ဆွေက ရန်ကုန်မှာ ယခုလို ကြာမည်ဟု ကြိုသိရလျှင် ထိုပေါင်မုန့်များကိုကျွန်တော်စားကောင်းစားပစ်လိုက်လို့ရသည်။ သို့မဟုတ်တစ်စုံတစ်ယောက်ကို စားသုံးရန် ပေးကောင်းပေးဖြစ်ပါလိမ့်မည်။ သို့သော် ထိုအိတ်ကြီးထဲတွင် ပေါင်မုန့်များပါသည့်အကြောင်းကို ကျွန်တော်မသိလိုက်သလို၊ကျွန်တော့်မိတ်ဆွေလည်း မသိခဲ့ပါ။ ယခုတော့ ပေါင်မုန့်များပုပ်သိုး၍နေပါပြီ။

ပေါင်မုန့်အသိုးများက ကျွန်တော့်ကို လှောင်နေကြသည်ဟုကျွန်တော်ထင်မိသည်။ ထိုပေါင်မုန့်များသည် ဆာလောင်ငတ်မွတ် နေသူများ အတွက် အကောင်းဆုံးနှင့် အလိုအပ်ဆုံးအရာတစ်ခုဖြစ်မည်မှာ သေချာသည်။ အကောင်းအတိုင်း မပုပ်မသိုး ရှိခဲ့ လျှင်ပေါ့။ လတ်ဆတ်နေခဲ့လျှင်ပေါ့။ အချိန်မှီစားသုံးဖြစ်ခဲ့လျှင်ပေါ့။ ယခုတော့ ပေါင်မုန့်များ ပုပ်သိုး၍ နေကြလေပြီ။

ကမ္ဘာကြီး၏ တစ်နေရာရာမှာ တစ်စုံတစ်ယောက်သည်ပေါင်မုန့်တစ်လုံးကို တောင့်တကောင်း တောင့်တနေပါလိမ့်မည်။ ယခုတော့ ကြွပ်ကြွပ်အိတ်ထုပ်ကြီးထဲမှ ပေါင်မုန့်များ ပုပ်သိုး၍နေခဲ့ပြီး ဖြစ်ပါသည်။ ကျွန်တော့်မိတ်ဆွေ၏ မိတ်ဆွေသည်လတ်ဆတ်သောပေါင်မုန့်များကို ငွေကြေးဖြင့်ဝယ်ယူခဲ့ပေလိမ့်မည်။ ထိုပေါင်မုန့်များကို ကျွန်တော့်မိတ်ဆွေ စားသုံးဖို့သူရည်ရွယ်ခဲ့ပေလိမ့်မည်။ ယခုတော့ ထိုပေါင်မုန့်များသည်ပုပ်သိုးသွားခဲ့ပြီး ဖြစ်သည်။

ပုပ်သိုးနေသည့် ထိုပေါင်မုန့်များကို မုန့်ဖိုမှထုတ်လုပ်ခဲ့မည်မှာ သေချာသည်။ ပေါင်မုန့်အဖြစ်မရောက်မီ အဆင့်ဆင့်ကို ဖြတ် ကျော်လာခဲ့ပြီးမှ ထုပ်ပိုးပြီးစီးကာ အသင့်စားသုံးနိုင်သည့်ဘအခြေအနေအထိ အလုပ်သမ (သို့မဟုတ်) အလုပ်သမားများက အဆင့်ဆင့် လုပ်ကိုင်ဆောင်ရွက်ခဲ့ရမည်မှာသေချာပါသည်။ လူတို့၏ ချွေးစက်များ၊ အချိန်နာရီများဖြင့် ရင်းနှီးထုတ်လုပ်ခဲ့ရ သည့် ထိုပေါင်မုန့်များသည် ယခုတော့ ပုပ်သိုး၍သွားကြလေပြီ။ ကမ္ဘာကြီးထဲ ပေါင်မုန့်တစ်လုံးရောက်ရှိလာရန် လိုအပ်သည့် အရင်းအနှီးသည် များပြားလွန်းလှသည့်အကြောင်းကို ကျွန်တော်သာ စာရေးကောင်းမွန်သူတစ်ယောက်ဖြစ်လျှင် ယခုထက် ပိုမိုသာလွန်ကောင်းမွန်အောင် ရေးဖွဲ့နိုင်ပါလိမ့်မည်။ ပေါင်မုန့်အသိုးများကိုကြည့်ရင်း ငိုသံတချို့ကို ကျွန်တော်ကြားယောင် လာမိသည်။ ပေါင်မုန့်အသိုးများသည် ကောက်ကျစ်သည့် လူများအတိုင်း ကျွန်တော့်ကိုကြည့်နေကြသည်ဟုလည်း ကျွန် တော် ခံစားရပါသည်။ ထိုပေါင်မုန့်များကို ပိုက်ဆံဖြင့်ဝယ်ယူခဲ့သည့်အတွက် ထိုပိုက်ဆံများကိုရရှိရန် ကျွန်တော့်မိတ်ဆွေ၏ မိတ်ဆွေသည် မည်ကဲ့သို့သော အရာများကို ရင်းနှီးခဲ့ရမည်နည်း။ လုပ်အားလား၊ အချိန်လား၊ စာနာမှုလား၊ ကိုယ်ကျင့်တရား လား၊ မည်သို့ပင်ဖြစ်စေ ကျွန်တော့်မိတ်ဆွေကိုချစ်ခင်သည့်စိတ်ဖြင့် ထိုပေါင်မုန့်များကို ဝယ်ယူခဲ့သည်မှာ သေချာပါသည်။ မည်သို့ပင်ဖြစ်စေ ကြွပ်ကြွပ်အိတ် အနက်ရောင်ကြီးထဲမှ ပေါင်မုန့်များသည် ပုပ်သိုး၍ နေကြလေပြီ။

ကြွပ်ကြွပ်အိတ်ကြီးထဲမှ ပုပ်သိုးနေသည့် ပေါင်မုန့်များသည် အမည်းရောင်မှိုများတက်ကာ ပေါင်မုန့်ကို ထုပ်ပိုးထားသည့် ကြွပ်ကြွပ်အိတ်အတွင်းထဲတွင် ချွေးသီးများတွဲခိုနေကြသည်။ ဖွင့်ဖောက်စရာမလိုပဲ ထိုပေါင်မုန့်များအားလုံး ပုပ်သိုးနေ သည့်ကြောင်းကို ကျွန်တော်သိပါသည်။ ထိုမြင်သိစိတ်မှာလည်း လူ့ဘဝကိုဖြတ်သန်းခဲ့ရသည့် နှစ်ကာလနှင့်အလေ့အကျင့်များအရဖြစ်မည်ဟု ထင်ပါသည်။ ပုပ်သိုးနေသည့်ပေါင်မုန့်များသည် ကျန်းမာရေးအတွက် ဘယ်လိုနည်းနှင့်မှမကောင်းနိုင်တော့ပါ။ ကျွန်တော်တို့ မသိလိုက်၍ဖြစ်စေ၊သတိမမူမိ၍ ဖြစ်စေပေါင်မုန့်အသိုးများကို စားသောက်ခဲ့မိသည့်အဖြစ်အပျက်များကို ကြုံတွေ့ခဲ့ဖူးကြလိမ့်မည် မှန်သော်လည်း။ ပုပ်သိုးနေမှန်းသိနေရသည့် ပေါင်မုန့်များကို စားသောက်ရန်ကျွန်တော်မတွေးမိပါဆာလောင်ငတ်မွတ်ခြင်းကို အပြင်းအထန် ဆင်းဆင်းရဲရဲခံစားရ၍လည်းဖြစ်ပေလိမ့်မည်။ ပုပ်သိုးနေသည့်ပေါင်မုန့်များကိုစွန့်ပစ်လိုက်ရမည်လား၊မိတ်ဆွေကို အသိပေးလိုက်ရမည်လား ကျွန်တော်စဉ်းစားနေမိသည်။ အတူနေသည့် သူငယ်ချင်း ကို ပေါင်မုန့်တွေအကြောင်းပြောပြတော့ ဒီအတိုင်းပဲထည့်ပေးလိုက်ပေါ့ဟု အကြံပေးသည်။ သူအကြံပေးသည်မှာလည်း မမှားပေ ထိုကြွပ်ကြွပ်အိတ်အထုပ်ကြီးကို ဖွင့်ကြည့်မှသာ ပေါင်မုန့်များပုပ်သိုးနေသည်ကို တွေ့ရမည်မဟုတ်ပါလား။ သူတစ် ပါး၏ ပစ္စည်းဥစ္စာကို ပိုင်ရှင်မသိပဲ ဖွင့်ဖောက်ကြည့်ခြင်းသည် ယဉ်ကျေးသည့် ကိစ္စတစ်ခုမဟုတ်ချေ။ သည်အတိုင်းဟန်မပျက် ထားလိုက်လျှင် ကျွန်တော်ဖွင့်ကြည့်မှန်း ကျွန်တော့်မိတ်ဆွေမသိနိုင်ပါ။ သို့ပေမယ့် ကြွပ်ကြွပ်အိတ်အနက်ရောင်ကြီးထဲမှ ပေါင်မုန့်များမှာ ပုပ်သိုး၍ နေခဲ့ပြီးဖြစ်ပါသည်။

ကျွန်တော့်မိတ်ဆွေလိုက်ပါလာမည့်ရထားဆိုက်ချိန်သည် နီးကပ်၍ လာခဲ့ပါပြီ။ ကြွပ်ကြွပ်အိတ်ကြီးနှင့် ကျွန်တော့်စဉ်းစားခန်း ကား မပြီးဆုံးသေး ။ အကယ်၍ ကြွပ်ကြွပ်အိတ်အကြည်သားနှင့်ပေါင်မုန့်များကို ထည့်ထားလျှင် ဖွင့်မကြည့်ပဲကျွန်တော်သိနိုင်မည်ဖြစ်သည်။ ထိုအခါ ပေါင်မုန့်များ ပုပ်သိုးမသွားမီ ကျွန်တော် စားကောင်းစားပစ်လိုက်လို့ရမည်ဖြစ်သည်။ သို့သော် ကြွပ်ကြွပ်အိတ်မှာ အနက်ရောင်ကြီးဖြစ်နေခဲ့သည်။ ပေါင်မုန့်များ၊ ကြွပ်ကြွပ်အိတ်အနက်ရောင်နှင့် ရက်သတ္တပတ်အချိန်ကာလ သည် ထိုပေါင်မုန့်များကို ပုပ်သိုးသွားရန်အားကြီးသည့် ကံတရားတစ်ခုဖြစ်၍နေလေတော့သည်။ ပေါင်မုန့်များကိုပုပ်သိုးသွားစေရန် ကြွပ်ကြွပ်အိတ်အမည်းရောင်ကြီးနှင့်ထည့်ပေးလိုက်ခြင်း မဟုတ်သည်မှာလည်း သေချာပါသည်။ မည်သူမျှ ကြိုတင်စီမံ၍ မထားခဲ့သော်လည်း ကြွပ်ကြွပ်အိတ်အမည်းရောင်ကြီးထဲမှ ပေါင်မုန့်များမှာ ပုပ်သိုး၍ နေကြလေပြီ။ ရထားချိန် နီးကပ်လာသည့်အခါ ကြွပ်ကြွပ်အိတ်အနက်ရောင်ကြီးကို ဆိုင်ကယ်ပေါ်သို့တင်၍ ဘူတာရုံသို့ ကျွန်တော်ထွက်လာခဲ့သည်။

ဘူတာရုံသို့သွားရာလမ်းတစ်လျှောက်တွင် ကျွန်တော့်မိတ်ဆွေကို ပေါင်မုန့်များ ပုပ်သိုးသွားသည့် အကြောင်းကိုမည်သို့ ပြောပြရမည်ကို စဉ်းစားနေမိသည်။ ဆိုင်ကယ်ရှေ့ခွကြားတွင် ကြွပ်ကြွပ်အိတ်ထုပ်ကြီးကို တင်ပြီး ဘူတာရုံသို့ကျွန်တော်ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။ ပေါင်မုန့်အသိုးများကိုသယ်ဆောင်လာသည့် ဆိုင်ကယ်တစ်စီးကို မည်သူမျှဂရုတစိုက် စောင့် ကြည့်မနေကြသော်လည်း စိတ်ထဲ မလုံခြုံသလိုခံစားနေရသည်။ ဘာမျှသုံးမရတော့သည့် ပေါင်မုန့်အသိုးများကို သယ် ဆောင်လာရခြင်းသည် အဓိပ္ပါယ်မဲ့သည့် လုပ်ရပ်တစ်ခု ဖြစ်၍ မနေဘူးလား။ ကျွန်တော့် မိတ်ဆွေလက်ထဲရောက်သွားသည့် အခါမှာလည်း ပေါင်မုန့်အသိုးများသည်ကောင်းမွန်တဲ့ ပေါင်မုန့်များဖြစ်မသွားနိုင်ပါ။ သို့ပေမယ့်ပေါင်မုန့်အသိုးများသည် ကျွန် တော့်ကို အပ်နှံထားခဲ့သည့်ကျွန်တော့်မိတ်ဆွေနှင့် ကျွန်တော့်အကြား အယုံအကြည်မလျှော့ပါးသွားစေရန်အတွက် အရေး ကြီးသည့် သက်သေဖြစ်သည်ဟု ကျွန်တော်ခံယူမိ၍ ပေါင်မုန့်အသိုးများကို စွန့်မပစ်ပဲ သယ်ယူလာခဲ့ခြင်းပဲဖြစ်ပါသည်။ ကျွန် တော့်မိတ်ဆွေနှင့်ကျွန်တော်၏ ဆက်ဆံရေးမှာ ရင်းနှီးနက်ရှိုင်းလှပေမယ့်လည်းပေါင်မုန့်များအသိုးများနှင့်ပတ်သက်ပြီး တစ်စုံတစ်ခု အစွန်းအထင်းဖြစ်သွားမည်ကို ကျွန်တော်စိုးရိမ်မိပါသည်။

ရယ်စရာကောင်းသည့် အတွေးခေါင်မှု တစ်ခုဖြစ်သော်လည်းကျွန်တော့်အတွက်မူ ခိုင်မာနေသည့် ကိစ္စတစ်ရပ်ဖြစ်နေသည်ဟု ကျွန်တော်ယုံကြည်နေမိပါသည်။ အကြာကြီးတည်ဆောက်ထားရသည့် ခင်မင်ရင်းနှီးမှုသည် အသေးအမွှားကိစ္စကလေး အတွက်နှင့် ပျက်စီးသွားမည်ကို ကျွန်တော်မလိုလားပါ။ ကြွပ်ကြွပ်အိတ်ကြီးထဲမှ ပေါင်မုန့်များကို သူတို့သတိမပြုမိဘဲ စား မိကြရင်ကောဆိုသည့်အတွေးကလည်း ဝင်လာတော့ အာရုံတွေ ပြန်လည်နောက်ကျိသွားရသည်။

ပေါင်မုန့်အသိုးများအကြောင်းစဉ်းစားရင်း ဘူတာစင်္ကြန်ဘေးတွင်ကျွန်တော်ရပ်နေမိသည်။ ကျွန်တော် ဆွဲထားသည့်ကြွပ်ကြွပ်အိတ်ထုပ်ကြီးထဲတွင် ပုပ်သိုးနေသည့် ပေါင်မုန့်များပါလိမ့်မည်ဟု မည်သူမျှ တွေးထင်ထားမည်မဟုတ်ပါ။ သို့ပေမယ့် ကျွန်တော့်လက်ထဲက ကြွပ်ကြွပ်အိတ်အနက်ရောင်ကြီးထဲမှပေါင်မုန့်များ ပုပ်သိုး၍နေကြသည်။ သံရှည်ဆွဲလာ သည့်ဥသြ နှင့်အတူ မီးရောင်ဝါဝါကြီးထွန်းထားသည့် ရထားသည် ဘူတာရုံကလေးထဲသို့ ထိုးဆိုက်ဝင်ရောက်ခဲ့လေပြီ။ ကျွန်တော့် မိတ်ဆွေသည် တွဲတစ်တွဲပေါ်မှ ခုန်ချလာပြီး လက်ကိုဝှေ့ယမ်း၍နှုတ်ဆက်နေသည်။ သူ့ဆီရောက်သွားတော့ လက်ထဲကကြွပ် ကြွပ်အိတ်အမည်းရောင်ကြီးကို ထိုးပေးလိုက်သည်။ သူ့အက်ဆေးစာအုပ်နှင့် ရန်ကုန်မှပါးလိုက်သည့်စာအုပ်များကို ပေးသည်။ ရန်ကုန်နေ့ရက်များကို အကျဉ်းဖောက်သယ်ချပြီးပြောသည်။ ကျွန်တော်ကလည်း သိလိုသည်များကိုမေး၍ နှစ် ယောက်သား စကားကိုအလုအယက် ပြောနေမိကြသည်။

တိုက်ပွဲတစ်ခုမှပြန်လာသည့် တပ်သားတစ်ယောက်နှင့်သူ့ညီအစ်ကိုတစ်ယောက်တွေ့ဆုံခန်းနှင့်တူသည်ဟု ထင်မိသည်။ ထိုအခိုက်အတန့်တွင် ကြွပ်ကြွပ်အိတ်အမည်းကြီးထဲမှပေါင်မုန့်အသိုးများအကြောင်းကို ကျွန်တော်မေ့လျော့သွားမိသည်။ ဆယ့်ငါးမိနစ်ခန့်ရပ်နားပြီးသွားသည့် ရထားသည်ဆက်လက်ထွက်ခွာရန် ဥသြသံရှည်တစ်ခုကိုဆွဲလိုက်သည့်အခါ ကျွန် တော့်မိတ်ဆွေသည် ရထားပေါ်သို့ တက်ဖို့ဟန်ပြင်လိုက်သည်။ ထိုအခါမှ ပေါင်မုန့်အသိုးများအကြောင်းကို ကမန်းက တမ်း ပြောရသည်။ သူက ဘာမှမဖြစ်ဘူး သိုးကုန်မှတော့ပစ်လိုက်တာပေါ့ အရေးမကြီးဘူးဟု ပြန်ပြောပြီး လက်ပြကာ ရထားပေါ် တက်သွားလေတော့သည်။ သူ့စိတ်ထဲတွင်ပုပ်သိုးနေသည့် ပေါင်မုန့်များကို ဘာကြောင့်ပြန်ထည့်ပေးလိုက်ရသည်ကို တွေး ပြီး ကျွန်တော့်ကို အတော်အူကြောင်ကြောင်နိုင်သည့်ကောင်ဟု တွေးကောင်း တွေးနေပေလိမ့်မည်။ ပုပ်သိုးနေသည့် ပေါင် မုန့်များ ပါဝင်သည့်ကြွပ်ကြွပ်အိတ်ထုပ်ကြီးကိုတင်ဆောင်၍ ရထားထွက်ခွားခဲ့လေပြီ။ လမ်းဘူတာတစ်ခုခုတွင် ကျွန်တော့် မိတ်ဆွေက ထိုပေါင်မုန့်အသိုးများကိုပစ်ချထားခဲ့မည်မှာ သေချာသည်ပါသည်။ အဘယ်ကြောင့်ဆိုသော် သူသည်ပေါင်မုန့် အကြောင်းကို ကောင်းကောင်းသိသည့် ပေါင်မုန့်ဖုတ်သမား တစ်ယောက်ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ပေါင်မုန့်ဖုတ်သမား လက်ဆောင်အဖြစ်ရရှိခဲ့သည့် ပေါင်မုန့်များ ပုပ်သိုးသွားခဲ့ပြီးဖြစ်သည်။ ထိုအကြောင်းကို သူ့မိတ်ဆွေသိသွားခဲ့လျှင် မည်သို့ ပြောမည်နည်းဟု ကျွန်တော်သိချင်နေမိပါသည်။

လင်းသက်ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags: , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကဗျာ

Comments are closed.

Archives