မောင်စွမ်းရည် – ပြည်ပမှာ စာမူခ

(မိုးမခ) ဇန်န၀ါရီ ၂၉၊ ၂၀၁၉

ကြီးကျယ်အောင်ပြောရရင် စာရေးလို့ ထုတ်ဝေသူကပေးတဲ့ အဖိုးအခကို “`ဉာဏ်ပူဇော်ခ” လို့ ခေါ်ပါတယ်။ တော်တော်ကောင်းတဲ့စကားလုံးပါပဲလား။ ဘယ်သူက ဘယ်တုန်းက တီထွင်သုံးစွဲလိုက်တာလဲ မသိလိုက်ရလို့ ဒီစကားလုံးတီထွင်သူကို ဂုဏ်ပြုဂါရဝမပြုလိုက်ရဘူး။ ဘာပဲခေါ်ခေါ် စာမူခလည်း ‘ငွေ’ ၊ ဉာဏ်ပူဇော်ခလည်း ‘ငွေ’၊ ငွေအသပြာပါပဲ။

စာရေးနေရင်းက မရိုးမရွဖြစ်လာလို့ ‘ဉာဏ်ပူဇော်ခ’ ဆိုတာကို မြန်မာစာလုံးပေါင်း အဘိဓာန်ထဲ လှန်ကြည့်လိုက်တယ်။ မပါဘူးဗျ။ အံ့ရော။ အစိုးရကထုတ်တဲ့ မြန်မာစာလုံးပေါင်းအဘိဓာန်ဟာ ပညာရှင်အဖွဲ့နဲ့ ထုတ်တာပါ။ ဒီဘက်ခေတ်မှထုတ်တဲ့ နောက်ဆုံးထုတ်စာအုပ်ပါ။ ရှေးအဆက်ဆက်စာအုပ် တွေကိုလည်း မှီငြမ်းပြုမှာ မလွဲပါ။ ဒါပေမယ့် ဉာဏ်ပူဇော်ခဆိုတာ မတွေ့မိပါ။ ‘ဉာဏ်’ တောင်မတွေ့မိဘူး။ ဒါနဲ့ ယုဒသန် အဘိဓာန် လှန်ရှာကြည့်တော့ ပါသဗျာ။ ‘ဉာဏ်ပူဇော်’ တဲ့။ ‘ခ’ တော့မပါဘူး။ ဒါကတာ့ စာရေးဆရာညဉ်အတိုင်း စကားရင်းမြစ်လိုက်ချင်တဲ့ ဝါသနာပေါ့လေ။ ကျောင်းဆရာ စာရေးဆရာဆိုတော့ ပိုဆိုးတာပေါ့။ လိုရင်းကို မရောက်တော့ဘူး။

ပြောချင်တာ(ရေးချင်တာ)က ဒီလိုပါ။ ကျွန်တော် ဗမာပြည်ရောက်သွားတဲ့အခါမှာဖြစ်စေ၊ အမေရိကကို မြန်မာဧည့်သည်တွေ ရောက်လာတဲ့အခါမှာဖြစ်စေ သူတို့စိတ်ဝင်တစား မေးတတ်တာက အမေရိကမှာ စာရေး သလား၊ ရေးတဲ့အခါ ဝင်ငွေဘယ်လောက်ရသလဲ။ ဘာနဲ့စားနေသလဲ ဆိုတာမျိုးတွေပါပဲ။ စားတာကတော့ အမေရိကန်အစိုးရက အသက်ခြောက်ဆယ့်ငါးနှစ်ကျော်သူတွေကို ဆီ၊ ဆန်၊ ဂျုံ၊ ဆား၊ အသား၊ ငါး စတဲ့ စားစရာဝယ်ယူဖို့ လတ်မှတ်ထုတ်ပေးထားတယ်။ ဆေးလည်း အခမဲ့ကုသခွင့်လတ်မှတ် ထုတ်ပေးတယ်။ လူမှုဖူလုံရေးထောက်ပံ့ငွေဆိုပြီး ငွေလည်းပေးထားပါတယ်။ သားသမီးတွေကလည်း လုပ်ကျွေးပါတယ်။ သမီးငယ်နဲ့အတူနေတော့ အိမ်လကထောင့်လေးရာကျော်ကို သမီးကပဲပေးရတာပေါ့။ စာရေးတဲ့ဝင်ငွေမရှိပါ။

အမေရိကန်ပြည်ထောင်စုမှာသာမက ဂျပန်၊ ဥရောပတို့မှာလည်း စာရေးလို့တော့ဖြင့် ဝင်ငွေမရှိပါ။ မပေးကြပါ။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးအတွက် ရေးကြသားကြ၊ ထုတ်ဝေကြတာဖြစ်လို့ စစ်အာဏာရှင် တိုက်ခိုက်ရေးစာတွေကိုသာ ရေးသားဖြန့်ဝေကြတာကိုး။ ရောင်းရင်တော့လည်း ဝယ်ဖတ်သူ (အားပေးသူ) ရှိတန်သလောက် ရှိမှာပါပဲ။ ဂျပန်မှာလည်း ထုတ်တယ်။ အမေရိကမှာလည်း ထုတ်ကြတာပါပဲ။ အဓိကမှာတော့ စစ်အာဏာရှင်ကို တိုက်ဖျက်ရေးပါပဲ။ တချို့လည်း ဝင်ပြီးကလောင်သွေးကြတာလည်းရှိတာပေါ့။ ဒါပေမယ့် ပြည်တွင်းမှာကတည်းက စာပေရေးသားလာကြသူတွေပဲ များပါတယ်။

ပြည်ပကိုရောက်လာပြီး ပြည်ပထုတ်စာနယ်ဇင်းတွေမှာ စာလုံးဝလောက်မရေးတဲ့ စာရေးဆရာဆိုလို့ စာရေးဆရာမောင်သာရပဲရှိပါတယ်။ သူကတော့ ရှင်းတယ်။ ‘အသပြာမပေး စာမရေး’ဟု ဆိုတဲ့မူချထားတယ်။ စာမူတောင်းလာရင် ဘာစာမျိုးယူမလဲ။ ၀တ္ထုတိုလား၊ ၀တ္ထုရှည်လား။ ဘယ်နှစ်အုပ်ထုတ်မှာလဲ။ စာမူခဘယ်လောက် ပေးမှာလဲ။ မေးလိုက်တာပါပဲ။ ဘယ်လောက်ပေးမလဲဆိုတာထက် ‘ဘယ်လောက်ပေး’လို့ပဲ ပြောလေ့ရှိတာပါ။ ဒေါ်လာ ၁၀၀ ပေး၊ ဒေါ်လာ ၁၀၀၀ ထောင်ပေး စသဖြင့် တောင်းပါတယ်။ မပေးဘူး ဆိုတော့လည်း မရေးဘူးပေါ့။

မောင်သာရပြောလေ့ရှိတာက ‘မင်းတို့က ဈေးဖြတ်တာ’တဲ့။ ဒီမှာတော့ ကျွန်တော်တို့ကိုက ရေးချင်တာကိုး။ သူများက စာနယ်ဇင်းတွေမထုတ်ရင်တောင်မှ ကိုယ့်ဘာသာထုတ်ပြီးတော့တောင် အခမဲ့ ဝေငှချင်တာ။ ကိုယ်ကရေးချင်တာကိုး ဆိုပြီးပြောရပါတယ်။ ရေးချင်တာကလည်း စစ်အာဏာရှင် တိုက်ဖျက်ရေးပါပဲ။ တချို့က အများသူငါ ခံရသလောက်ပဲသိတာ။ စစ်အစိုးရရဲ့ နောက်ခံသဘောသဘာဝနဲ့ သမိုင်းကြောင်းတွေ၊ ယုတ်မာရက်စက် ရိုင်းစိုင်းပုံတွေကို အကျယ်အပြန့် စနစ်တကျသိကြတာမှ မဟုတ်တာ။

ဆရာအောင်ဗလဆိုရင် ပထမ ‘ခေတ်ပြိုင်ဂျာနယ်’ထုတ်တယ်။ နောက်တော့ ‘ဗိုလ်နေဝင်းဇာတ်လမ်း ရှုပ်သမျှ’တို့၊ ‘ဦးနေဝင်း၏ ပြာတဆုပ်’တို့ စတဲ့စာအုပ်တွေ ရေးသားထုတ်ဝေခဲ့ပါတယ်။ လမင်းတရာ စာပေကိုအေးဝင်းဆိုရင် ဖိုးသံချောင်းရဲ့ ‘ယာတောက သာဗျော’စာအုပ်ကိုထုတ်တယ်။ တင်မိုးရဲ့ ‘ဗုဒ္ဓနဲ့တွေ့ ဆုံခြင်း’ ထုတ်ပါတယ်။ မောင်ရစ်တို့ မောင်စိုးချိန်တို့ဆိုရင် စာစောင်တွေလည်းထုတ်၊ စာအုပ်တွေလည်း ထုတ်ပါတယ်။ မောင်စိုးချိန်က မောင်စွမ်းရည်ရဲ့ “ဘာလဲဟဲ့ မောင်စွမ်းရည်’’ ဆိုတဲ့စာအုပ် ဝါရှင်တန်က ဓူဝံစာပေ အောင်ကျော်ဦးကဆိုရင် မောင်စွမ်းရည်ရဲ့ ‘မှိုင်းမှသည် မိုးထိအောင်’ကဗျာစာအုပ်ထုတ်တယ်။ အောင်စောဦးက ‘သခင်ကိုယ်တော်မှိုင်းနှစ် ၁၃၀ မြောက်အထိမ်းအမှတ်စာအုပ်’ထုတ်ပါတယ်။ အဲ မိုးမခ မောင်ရစ် က မောင်စွမ်းရည်ရဲ့ ‘သူငယ်ချင်းတင်မိုး’ စာအုပ်ထုတ်ဝေတော့ သူကလည်း ရောင်းတယ်။ စာရေးဆရာကိုလည်း ဉာဏ်ပူဇော်ခ ဒေါ်လာ ၃၀၀ ပေးပါတယ်။ ဒါအများဆုံးပဲ။ ဒီလောက်လိမ္မာတဲ့ကလေး လည်း တွေ့ဘူးပေါင်။

အသံလွှင့်ဌာနတွေကတော့ ဆောင်းပါးတစ်ပုဒ် ဒေါ်လာ၂၀- ၃၀ လားမမှတ်မိတော့ဘူး။ နှစ်လတခါ ပေါင်းပြီးပေးတာ ၂၀၀ ဆီ ရတာပဲ မှတ်မိတော့တယ်။ လွတ်လပ်တဲ့အာရှအသံမှာ ဦးဝင်းဖေနဲ့တလှည့်စီ လွှင့်ကြတာက ရတာပါ။ စာနယ်ဇင်းတွေကတော့ မရတာများပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ရေးချင်တာရေးရတာ အမြတ်ပေါ့။ နောက်တော့ ဒါတွေပြန်စုပြီး မြန်မာပြည်မှာ စာအုပ်ထုတ်မှာပါ။

စာရေးဆရာဆိုတာ စာမရေးပဲ မနေနိုင်လို့စာရေးကြတာဆိုတာကို ကြာလေသဘောပေါက်လေပါပဲ။ ငွေရဖို့ရေးတာ၊ စာရေးပြီး အသက်မွေးဝမ်းကျောင်းပြုမှာဆိုရင်တော့ ကဗျာဆရာတွေက ငတ်မှာပါပဲ။ ထုတ်ဝေသူတွေက စားလောက် အောင်ပေးကြရင်တော့လည်း ကောင်းတာပေါ့လေ။

မောင်စွမ်းရည်
၂၀၁၈ ဒီဇင်ဘာ ၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ