ဆောင်းယွန်းလ ● ရင်ဘောင်တန်းရင်း ကန်းသွားတဲ့မျက်လုံးတွေအကြောင်း
(မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၁၉
ကိုယ်ရပ်နေတဲ့ မြေပြင်ဟာငြိမ်သက်နေလို့ 
ကမ္ဘာကြီးလည်ပတ်နေတာကို သတိမထားမိတော့
ရောက်တတ်ရာရာကို လျှောက်လည်နေမိတယ်
တယောက်တည်း ပေါက်ကွဲချင်ရင်လည်း
အလွယ်ကလေးဘဲ
ထိုင်နေရာက ရီမုဒ်ကွန်ထရိုးခလုတ်ကို တချက်နှိပ်လိုက်ရုံမှာ
မယုံနိုင်စရာ မြင်ကွင်းတွေထွက်ကျလာတတ်စမြဲ
တရက်လောက် အချိန်ပိုအိပ်လိုက်တာနဲ့
ရှေ့ကပြေးသွားတဲ့ ကမ္ဘာကြီးနောက်ကို
တလလောက်ပြန်လိုက်ယူနေရတဲ့ ခေတ်ကြီးပေါ့
အပေါ်ကိုမော့ကြည့်ရင်
ထူထပ်သိပ်သည်းတဲ့ တိမ်တိုက်တွေကိုတွေ့ရပြီး
အောက်ကိုငုံ့ကြည့်တော့
စည်းမဲ့ ကမ်းမဲ့ လေလွင့်အမှိုက်တွေကိုတွေ့ ရနိုင်တယ်
ကိုယ့်အထင်နဲ့ကိုယ် တိုးတက်နေတဲ့အခါ
ဘတ်စ်ကားပေါ် တိုးတက်နေရတာ ပျော်စရာကောင်းတယ်
ကိုယ့်အသစ်နဲ့ကိုယ် မျက်နှာသစ်နေတဲ့အခါ
သူများနေဝင်မိုးချုပ်သွားတာလည်း ပျော်စရာကောင်းတာဘဲ
ကိုရီးယားကားကြည့်ပြီး
ကိုရီးယားကေညှပ်လိုက်တော့လည်း အပြတ်မိုက်သွားတာဘဲ
မမမေက မတ်မတ်မေဖြစ်သွားတဲ့
စကားလုံးတိုးတက်လာမှုကြီးဟာ နဲတာမှတ်လို့
ပွင့်ပွင့်လင်းလင်းပြောရင် ဒီမိုကရေစီဆန်တယ်ဆိုလို့ 
အင်တာဗျူးအဖွင့်မှာ ပွင့်အောင်ပြောပစ်လိုက်ကြရင်း
ဘွင်းဘွင်းကြီးပွင့်သွားကြတဲ့ အမှောင်တွေ
ကိုယ့်အကျိုးနဲ့ ကိုယ့်အကြေမှာတော့
အားလုံးဟာ ခပ်ချေချေတွေဘဲ။
ဆောင်းယွန်းလ