ကဗျာ

ခက်သီ ● ချစ်ခြင်းရဲ့ ဒုတိယစာမျက်နှာ

ခက်သီ ● ချစ်ခြင်းရဲ့ ဒုတိယစာမျက်နှာ
(မိုးမခ) ဇန်နဝါရီ ၁၅၊ ၂၀၁၉

တရားက တရား
ဓားကဓားပဲ
တရားမပါရင် ဓားလည်း မကိုင်သင့်။

ပညာရေးဟာ ဗဟုသုတ သက်သက်မဟုတ်ဘူးတဲ့
ကိုယ်ကျင်တရားကို မွေးမြူလေ့ကျင်ပေးရာနေရာတဲ့
BC 550 မှာ မွေးခဲ့သူ ကွန်ဖြူးရှပ်ရဲ့စကားပါ။

ဘာသာစကားဆိုတာလည်း
ဖရဲသီးကို ထက်ခြမ်းခွဲလိုက်သလိုပါပဲ
တခြမ်းမှာ စကားလုံးနဲ့ အမွေအနှစ်တွေ
ကျန်တဲ့တခြမ်းမှာ နှလုံးသားနဲ့တည်ဆောက်မှုတွေ။

မဆိုင်တာ ငမြိုင်ရာ
ဆိုက်ကား ဒေါက်တပ်ရမယ်လို့
မဆိုင်ပါ ငပိုင်ရာ
လင်းပိုင် ကျားကိုက်ရမယ်လို့
လုပ်သင့်တာ လုပ်ခဲ့ပြီး ပြောသင့်တာ ပြောခဲ့ရမှာပဲ မဟုတ်လား။

ဘယ်ခလုပ်နှိပ်မှမီးလင်းမှာလဲ
ငါတို့အချင်းချင်းတွေကြားထဲမှာ
အလင်းရောင်တွေ ထိန်ညီးနေတာ
ဟိုကောင်တွေတောင် မျက်စိ ကျိန်းစေခဲ့တယ်မို့လား။

ဆိုင်းလန့်
ဆိုင်းလန့်
ဆိုင်းလန့်ပါ။

အာရပ်ကမ္ဘာကို မင်းခေါ်လို ငါရောက်သွားရ
စွံပလွန်သီးလေးစားရင်း မင်းစေတနာကို ငါမြည်းမိ။

မင်း ဘုရားနဲ့ ငါ့ဘုရားနဲ့ အတူတူပါပဲ
အလုပ်ဟာ ဘုရားပဲ
ဒုက္ခဟာလည်း ဘုရားပဲ။

ဘယ်ဘုရားပဲ ဖြစ်ဖြစ် ကောင်းတာပဲ ညွှန်းကြမှာမို့လား
ငါတို့အလုပ်နဲ့ ငါတို့ဒုက္ခကလည်း ကောင်းတာတွေပဲ ညွှန်းခဲ့ပါတယ်
နှောင်းလူတွေ ဒုက္ခမရောက်ကြပါစေနဲ့ဆိုပြီးတော့ပေါ့
သငရရိုးညွှန်းတမ်းမှာ ငါတို့နောက်ပြန်လှည့်လို့ မရတော့။

ခက်သီ
၂၆၊ ၁၂၊ ၂၀၁၈
(မျိုးတေဇာမောင်သို့ ….)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts