ဘာသာပြန်ကဏ္ဍ အခန်းဆက်များ ဒေါက်တာခင်မောင်ဝင်း (သချာင်္)

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ရေးသားမထားသော ဒီမိုကရေစီစံနှုန်းများကို ချိုးဖောက်သောဖြစ်ရပ်များ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – ရေးသားမထားသော ဒီမိုကရေစီစံနှုန်းများကို ချိုးဖောက်သောဖြစ်ရပ်များ

ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၂၂

(မိုးမခ) ဇန်န၀ါရီ ၁၆၊ ၂၀၁၉

Steven Levitsky နှင့် Daniel Ziblatt တို့ရေးသားသော How Demureness Die မှ The Unraveling ကို ဆက်လက်၍ ဘာသာပြန်ခြင်း ဖြစ်သည်။

ရီပတ်ဘလစ်ကန် (Republican) ပါတီ၏ လွှတ်တော်အမတ် ဂင်ဂရစ် (Gingrich) သည် နှစ်ဦးနှစ်ဖက်သည်းခံခြင်း (tolerance) နှင့် စိတ်ရှည်ခြင်း (forbearance) တို့ကို စတင်၍ တိုက်ခိုက်သော သူ၊ နိုင်ငံရေးကို တိုက်ခိုက်ခြင်းဟူသော မူဝါဒကို စတင်၍ကျင့်သုံးသူအဖြစ် သိကြသည်။ သို့သော်လည်း ၁၉၉၉ ခုနှစ်၊ လွှတ်တော်တွင် သူမရှိတော့သည့် နောက်ပိုင်းကျမှ သူ၏မူဝါဒသည် အကောင်အထည် ပေါ်လာသည်။ နောက်ပိုင်းတွင် ဒီမိုကရေစီစံနှုန်းများကို ထင်ထင်ရှားရှားတိုက်ခိုက်သောသူမှာ တွန်ဒီလေး (Tom Delay) ဖြစ်သည်။ တွန်ဒီလေးသည် တိုက်ခိုက်ခြင်း၊ ညှိနှိုင်းမှုကင်းမဲ့ခြင်း၊ ဟူသောမူဝါဒများကို နှစ်ဆယ့်တစ်ရာစုထဲသို့ သယ်ဆောင်လာသူဖြစ်သည်။

သက္ကရာဇ် ၂၀၀၀, ဒီဇင်ဘာလတွင် သမ္မတဂျော့ဒဘယူဘွတ် (George W. ဘွတ်(ရှ)) တက်လာသည်။ သမ္မတ ဘွတ်(ရှ) သည် ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရေစီပါတီတို့ကို စည်းလုံးရန်၊ ပါတီနှစ်ခုသည် အရာရာကိုညှိနှိုင်း၍ လုပ်ဆောင်ရန် သူသည် စည်းလုံးသူ (uniter) ဖြစ်ရန်၊ ခွဲခြားသူ (divider) မဖြစ်စေ ရန် ဂတိပေးခဲ့သည်။ သို့သော်သူ၏ဂတိများသည် အကောင်အထည်ပေါ်မလာခဲ့ပါ။ သူ့ဘက်က သူဂတိ အတိုင်းမလုပ်နိုင်ခြင်းကြောင့်၊ ဒီမိုကရက်အမတ်များကလည်း၊ လွှတ်တော်၏လုပ်ပိုင်ခွင့် စည်းမျဉ်းများကို အပြည့်အ၀သုံး၍၊ သမ္မတဘွတ်လုပ်သမျှကို ဆန့်ကျင်ခဲ့သည်။ ဒီမိုကရက်အမတ်များသည် ရေးသား၍မထားသောစည်းမျဉ်းဖြစ်သော သမ္မတ၏တရားရေးရာ ၀န်ထမ်းများခန့်ခြင်းကိုပါ ပိတ်ပင်ခြင်းကို လုပ်ခဲ့ သည်။

သမ္မတဘွတ်(ရှ)နှင့် သူ့ကိုဆန့်ကျင်သော ဒီမိုကရက်အမတ်များ၏ ပဋိပက္ခတွင်၊ နှစ်ဖက်စလုံး သည် ရေးသားထားသော စည်းမျဉ်းဥပဒေများကို ချိုးဖောက်ခြင်းမရှိကြပါ။ ရေးသားထားသော စည်းမျဉ်း များအတိုင်း လုပ်ဆောင်ကြပါသည်။ ဒီမိုကရေစီစနစ်ကျဆုံးတော့မည့်အဖြစ် နီးပါးရောက်သွားခဲ့သည်မှာ၊ ရေးသားထားသော စည်းမျဉ်းများကို ချိုးဖောက်ခြင်းကြောင့်မဟုတ်ပါ။ ရေးသားမထားသော်လည်း၊ အလို အလျောက် နှစ်ဦးနှစ်ဖက်နားလည်မှု၊ ထုံးတမ်းများကို ချိုးဖောက်ခြင်းနှင့် တရားဝင်သော်လည်း၊ လုပ်ပိုင်ခွင့် များကိုအပြည့်အ၀သုံးစွဲခြင်းတို့မှ ဖြစ်လာသော ပဋိပက္ခများကြောင့်ဖြစ်သည်။

သမ္မတဘွတ်(ရှ)၏ လက်ထက်တွင် အထင်ရှားဆုံး လက္ခဏာများမှာ သည်းခံခြင်းနှင့်စိတ်ရှည်ခြင်း ပျက်စီးခြင်းတို့ဖြစ်သည်။ သို့သော်လည်းသမ္မတဘွတ်(ရှ)ကို အဖတ်ဆည်စရာတစ်ခုတော့ ကျန်သေး သည်။ ၄င်းသည် ဒီမိုကရေစီစနစ်မပျက်စီးမသွားခြင်းအကြောင်း တစ်ခုဖြစ်သည်။ စက်တင်ဘာ (၁၁)ရက် တိုက်ခိုက်မှု၏ နောက်ပိုင်းတွင်၊ သမ္မတ ဘွတ်(ရှ)သည် ဒီမိုကရေတစ်ပါတီကို နိုင်ငံတော်သစ္စာဖောက်မှု စသည်တို့ကို အမည်တပ်၍၊ တိုက်ခိုက်နိုင်သည့် အခွင့်အလမ်းများစွာရှိသည်။ သို့သော် ထိုအခွင့်အလမ်းများကို သမ္မတဘွတ်(ရှ)သည် မသုံးစွဲခဲ့ပါ။

သို့သော် ဖေါ့(စ)သတင်းဌာန (Fox News) နှင့် အချို့သောသတင်းဌာနတို့သည် ဒီမိုကရက်ပါတီဝင်များသည် နိုင်ငံကိုချစ်သူများမဟုတ်ဟူ၍ လွှင့်ကြသည်။ တစ်ခါတစ်ရံတွင် ဒီမိုကရက်ပါတီဝင်များသည် အကြမ်းဖက်အဖွဲ့ အဲ(လ)ကာလီဒါး (Al Qaeda) နှင့်အဆက်အသွယ်ရှိသည်ဟု သတင်းလွှင့်ကြသည်။

သက္ကရာဇ် ၂၀၀၀ နောက်ပိုင်းတွင် စာရေးဆရာမ အင်ကူလတာ (Ann Conlten) ရေးသောစာအုပ် များတွင် လစ်ဘရယ်ပါတီ (Liberal) နှင့် ဒီမိုကရက်ပါတီဝင်ကို တိုက်ခိုက်ခဲ့သည်။ စာအုပ်များ၏ ခေါင်းစဉ် များသည်ပင်လျှင် တိုက်ခိုက်သောခေါင်းများဖြစ်နေသည်ကို တွေ့နိုင်ပါသည်။ ၄င်းတို့မှာ – ထိခိုက်ခြင်း (Slender) (2002), သစ္စာဖောက်ခြင်း (Treason) (2003) ဘုရားမရှိခြင်း (Godless) (2006), အဖြစ်ရှိ သော (Guilty) (2009), ဒီမိုကရေစီကိုဆန့်ကျင်ခြင်း (Demonic) (2011) အမေရိကန်ကို အပြီးအပိုင် နှုတ်ဆက်ခြင်း Adios, America! (2015).

သစ္စာဖောက်ခြင်းအမည်ရှိသော စာအုပ်တွင် ဒီမိုကရက်ပါတီသည် စစ်အေးကာလအတွင်းတွင် နှစ်ပေါင်းငါးဆယ်တိုင်တိုင်ပင် နိုင်ငံကိုသစ္စာဖောက်ခဲ့သည်ဟူ၍ ရေးသားထားသည်။ ထိုစာအုပ်သည် New York Times သတင်းစာ၏ အရောင်းရဆုံးစာအုပ်စာရင်းထဲတွင် သုံးလကျော်ကျော်ပါဝင်ခဲ့သည်။

2008 ခုနှစ်ရွေးကောက်ပွဲနီးလာသောအခါတွင် ဒီမိုကရက်တစ်ပါတီမှ အရွေးခံမည့် သမ္မတလောင်း အိုပါးမား (Barack Obama) ကို မါ့(စ)၀ါဒီ (ကွန်မြူနစ်)၊ အမေရိကန်နိုင်ငံကို ဆန့်ကျင်သူ၊ လျှို့ဝှက်စွာ မူဆလင်ဘာသာကို ကိုးကွယ်သူ၊ ဟူ၍အပုပ်ချ၍ ဖေါ့(စ)သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။ အိုဘားမားကို အကြမ်းဖက်လုပ်ရပ်များကို အားပေးသူဟုလည်း ဆိုခဲ့သည်။

အိုဘားမားသမ္မတဖြစ်လာသောအခါ နိုင်ငံတွင်သည်းခံခြင်းနှင့် ပူပေါင်းဆောင်ရွက်ခြင်းတို့၏ ခေတ်သစ်တစ်ခု ဖြစ်လာလိမ့်မည်ဟူ၍ မျှော်လင့်ခဲ့ကြသည်။ သို့သော်လည်း ဤသို့ဖြစ်မလာခဲ့ပါ။ အိုဘားမား၏ လက်ထက်တွင် အစွန်းရောက်ဝါဒအချင်းချင်းတိုက်ခိုက်မှုများသာ ဖြစ်လာခဲ့သည်။ သမ္မတ အိုဘားမား၏ သမ္မတဖြစ်ခြင်းနှင့် ပတ်သက်၍ တရားဝင်မှုကို အငြင်းပွားမှုများ ဖြစ်ပေါ်လာခဲ့သည်။ အိုဘားမားသမ္မတဖြစ်လာသောအခါတွင် စာရေးဆရာများ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားသမားများ၊ ဘလောက်ထုတ်လုပ်သူများ၊ Bloggers များစုပေါင်း၍ နိုင်ငံရေးလှုပ်ရှားမှု အသွင်ဆောင်သော လဘက်ရည် ပွဲ (Tea Party) လှုပ်ရှားမှု ကိုပြုလုပ်ကြသည်။ ထိုလဘက်ရည်ပွဲသည် အိုဘားမားကိုဆန့်ကျင်သော ပွဲတစ်ခု ဖြစ်သည်။ နိုင်ငံရေးအရ လှပသောအမည်များစွာ ပေးထားသောလည်း၊ ဤလဘက်ရည်ပွဲမှာ အိုဘားမား၏ သမ္မတဖြစ်ခြင်းကို တရားမ၀င်ကြောင်းပြသရန် ဖြစ်သည်။

ဤလဘက်ရည်ပွဲတွင် အဓိက ဖော်ထုတ်သော အကြောင်းအရာနှစ်ခုရှိသည်။ ပထမတစ်ခုမှာ – သမ္မတအိုဘားမားသည် ဒီမိုကရေစီစနစ်ကို ခြိမ်းခြောက်လျက်ရှိသည်။ အိုဘားမားသမ္မတဖြစ်ခြင်းသည် နာဇီဂျာမဏီ (Nazi Germany) နှင့် ဆိုဗီယက်ယူနီယံ (Soviet Union) တို့နှင့် နှိုင်းယဉ်နိုင်သော အာဏာရှင်စနစ်မျိုးကို ဦးတည်လျှက်ရှိသည်။ သမ္မတအိုဘားမားသည် ဒီမိုကရေစီ၏ အခြေခံမူဝါဒများကို ယုံကြည်သောမဟုတ်၊ ဆိုရှယ်လစ်ဝါဒကိုသာယုံကြည်သောသူဖြစ်သည်- လွှတ်တော်အမတ် ပေါ(လ) ဘရောင်း (Paul Brown) ကပြောသည်။ နောင်တွင် လွှတ်တော်အမတ်ဖြစ်လာမည့် ဂျိုနီအန့် (Joni Ernst) ကလည်း – သမ္မတအိုးဘားမားသည် အာဏာရှင်ဖြစ်လာပြီး – ဟူ၍ ပြောလိုက်သည်။

ဒုတိယအကြောင်းအရာတစ်ခုမှာ – အိုးဘားမားသည် တကယ်အမေရိကန်လူမျိုးစစ်စစ်မဟုတ် ကြောင်း ပြောသည်။ အိုးဘားမားသည် အမေရိကန်နိုင်ငံသား စစ်စစ်မဟုတ်မဟုတ်သကဲ့သို့၊ အမေရိကန် နိုင်ငံကိုမချစ်၊ အမေရိကန်နိုင်ငံ၏ တန်ဖိုးထားသော မူဝါဒများကိုလည်း မယုံကြည်ဟူ၍ လဘက်ရည်ပွဲတွင် ဆိုကြသည်။ လဘက်ရည်ပွဲ၏ အရေးပါသော အဖွဲ့တွင် တစ်ခုဖြစ်သူ လော်ရီရော့ (Laurie Roth) က ဤသို့ဆိုသည် –

အခုအိမ်ဖြူတော်ကို (လူထုရဲ့မဲပေးမှုနဲ့) ရောက်ရှိနေတဲ့ အိုဘားမားဟာ၊ ခရစ်ယာန်မဟုတ်၊ မူဆလင် ဖြစ်ပါတယ်။ သူဟာဆိုရှယ်လစ် – ကွန်မြူနစ်ဝါဒသမားဖြစ်ပါတယ်။ သူဟာအမေရိကန်လူမျိုး ဟန်ဆောင်နေကာ ဖြစ်ပါတယ်။

လဘက်ရည်ပါတီပတ်ဝန်းကျင်မှ ထွက်လာသော ဓာတ်ပုံတစ်ပုံမှာ အိုဘားမားလက်ထဲမှာ စာအုပ် တစ်အုပ်ကိုင်ဆိုင်ထားသော ပုံဖြစ်သည်။ ထိုစာအုပ်၏အမည်မှာ – The Post America World ဖြစ်ပြီး၊ စာအုပ်အမည်သည် အရေးမပါသော်လည်း၊ ထိုစာအုပ်ကိုရေးသောသူမှာ မူဆလင်ဘာသာဝင် တစ်ဦးဖြစ် သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts