(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၁၈
(တစ်)
အိမ်နားမှာ ချောင်းကလေးရှိတယ်။ အဲ့ဒီချောင်းကလေးက မြို့ရဲ့ရင်ခွင်ထဲဖြတ်ပြီးစီးနေတာ။ မြန်မာပြည်ကချောင်းဆိုတော့ ဗင်းနစ်မြို့ကတူးမြောင်းလိုတော့ ဘယ်လှလိမ့်မလဲ။ လှေကလေးတွေလှော်နေကြတာမရှိပါဘူး။ လှေလှော်လို့ရတဲ့ရေအနက်ရှိပါတယ်။ ဒါပေမဲ့ လှေစီးပြီးတော့ ဘယ်သွားကြမလဲ။ အလုပ်မဖြစ်နိုင်ပါဘူး။ ချောင်းကမ်းစပ်မှာ ကော်ဖီဆိုင်မရှိဘူး။ လှေအဆင်း မြင်းအတက်တဲ့။ လှေကလေးကမ်းကပ်ဖို့ သေသေချာချာပြုပြင်ထားတဲ့ လှေဆိပ်လည်းမရှိပါဘူး။ ချောင်းကမ်းစပ်မှာ ငါးထိုင်မျှားနေကြတဲ့သူတွေရယ် အမှိုက်ပုံရယ် ရှိပါတယ်။ နယ်မြို့လေးဆိုတော့ ကျူးကျော်တဲတွေတော့မရှိဘူးပေါ့။ ငါးမျှားသူတွေအတွက် အမှိုက်ပုံရှိတာအဆင်ပြေတယ်။ တစ်ထွာတစ်မိုက်လောက် ဆွလိုက်ရုံနဲ့ တီကောင်တွေတထွေးကြီးရ ပါတယ်။ တီကောင်တွေအတွက်လည်း အမှိုက်ပုံရှိတာ အဆင်ပြေတယ်ထင်ပါရဲ့။ သူတို့ကို ကြည့်ရတာ အမှိုက်ဆွေးတွေအောက်မှာ ပျော်မြူးနေကြပုံပါပဲ။
“မြက်ခင်းပေါ်မနင်းရ”၊”ငါးမမျှားရ၊ ရေမချိုးရ”၊ “စုံတွဲများ မဖွယ်မရာမပြု” ဆိုတဲ့ စာတန်းတွေ၊ဆိုင်းဘုတ်တွေကိုလည်း ချောင်းလေးဘေးမှာ ရှာမနေနဲ့။ မရှိပါဘူး။ မြက်ခင်းပြင်လည်း မရှိဘူး။ ပေါက်ချင်သလိုပေါက်နေကြတဲ့အလေ့ကျအပင်လေးတွေပဲ ရှိပါတယ်။ ကျန်တာတွေကိုလည်း ပြောနေလို့အပိုပါပဲ။ အမိန့်ပေးဝါကျတွေ။ စေခိုင်းဝါကျတွေဟာ ချောင်းကလေးရဲ့ ကမ်းစပ်မှာ အသုံးမတည့်ဘူး။ အသုံးမတည့်တာနဲ့အလုပ်မဖြစ်တာ အတူတူပဲလား။ သီးခြားစီလား။ “အမှိုက်မပစ်ရ”ဆိုင်းဘုတ်ကတော့ အမှိုက်ပုံနဲ့ရောပြီးပါသွားတယ်လို့ ပြောသံကြားဖူးပါတယ်။
(နှစ်)
ကျနော့်ကို အမှိုက်ပစ်ခိုင်းလိုက်တိုင်း အမှိုက်အိတ်ကလေးဆွဲပြီး အဲဒီကိုသွားရတယ်။ စာဖတ်နေတုန်းခိုင်းလိုက်ရင်လည်း သွားရတာပါပဲ။ စာဖတ်နေတာ အလုပ်ဟုတ်သလား မဟုတ်ဘူးလား တစ်ခါမှမစဉ်းစားမိဘူး။ စာရေးဖို့ စာဖတ်တယ်။ စာရေးတာကအလုပ်ဖြစ်တယ်။ အဲတာကြောင့် စာဖတ်တာအလုပ်လို့ ကွေ့ပတ်ဆက်စပ်ပြီးလည်း မတွေးဖူးပါဘူး။ ဒါပေမဲ့ တစ်ခါတလေတော့ အမှိုက်အိတ်ကြီးသယ်လာရင်း စိတ်ကစာဖတ်နေပြန်တယ်။ အမှိုက်တွေကို ချောင်းထဲသွန်မချပါဘူး။ ကမ်းစပ်ကအမှိုက်ပုံမှာပဲ သွန်ချထားခဲ့တယ်။ အမှိုက်တွေထဲကို တစ်ခါတလေတော့ကြည့်မိသေးတယ်။ မီးဖိုချောင်က အမှိုက်တွေနဲ့အိမ်သန့်ရှင်းရေးလုပ်ရာက အမှိုက်တွေ များတာပါပဲ။ စာအုပ်အဟောင်းတွေလည်းပါတတ်တာပေါ့။ ဗလာစာအုပ်ဟောင်းတွေဆိုတာကလည်း အရင်တုန်းကသာ ဈေးကောင်းရတာ။ အခုက ရောင်းပန်းလှတော့တာမှမဟုတ်တာ။ စကားပြောရတာပင်ပန်းပါတယ်။ အလုပ်မဖြစ်မဲ့အတူတူ သွားတော့အမှိုက်အိတ်ထဲပဲပေါ့။
အမှိုက်သွားပစ်တဲ့အခါ ကော်နဲ့ဂျပ်လိုက်ကောက်တဲ့သူတွေနဲ့ ကြုံရတတ်တယ်။ သူတို့က အချိုရည်ဗူးခွံတို့အသင့်စားခေါက်ဆွဲဂျပ်ခွံတို့ လိုက်ကောက်တဲ့သူတွေ။ ဟိုတုန်းက အဲသလိုမျိုးလိုက်ကောက်ကြတဲ့သူတွေဆိုတာ ကလေးတွေနဲ့အမျိုးသမီးတွေပဲ မြင်ရတတ်တာပါ။ အခုတော့ ယောက်ျားလေးအရွယ်စုံကို တွေ့နေရတယ်။ ပြန်ရောင်းလို့ ရတဲ့ပိုက်ဆံကို ဆန်ဝယ်ချင်လည်း ဝယ်ကြမှာပေါ့။ ဆေးဝယ်ချင်လည်းဝယ်ကြမှာပေါ့။ တစ်နေ့လုံးလိုက်ကောက်မှ ပိုက်ဆံနည်းနည်းပဲ ရကြတယ်တဲ့။ ဆန်ဝယ်ဖို့နိုင်နိုင်ပါ။ ဆေးကတော့ ဈေးကျနေတယ်လို့ ပြောကြတယ်။ ဆေးသုံးထားရင် အလုပ်ဖြစ်သတဲ့။ ထမင်းမစားပဲ တစ်နေကုန် အမှိုက်ပုံဖွပြီးနေနိုင်တယ်လို့ ပြောကြတယ်။ အလုပ်ဖြစ်တယ်တဲ့။
ကျနော့်အမှိုက်အိတ်သွန်လိုက်ရင် တစ်ခါနှစ်ခါလောက် ဖွကြည့်ကြသေးတယ်။ နောက်တော့ အလုပ်မဖြစ်ပါဘူးလို့ပြောကြတယ်။ ပြောပြီး ကျနော့်ကို အားနာသွားပုံရတယ်။ ကျနော်ကလည်း တွေ့နေကြဆိုတော့စ,တတ်တယ်။ အလုပ်ဖြစ်လားပေါ့။ ပြုံးတဲ့အခါပြုံးကြ မဲ့တဲ့အခါမဲ့ကြ။ သူတို့အလုပ်ဖြစ်အောင် အိမ်မှာအချိုရည်သောက်ဖြစ်တဲ့အခါ ဗူးခွံလေးတွေကို စုထားပေးလိုက်တယ်။ အမှိုက်သွားပစ်တဲ့အခါ ယူသွားပေးမိတယ်။ အဲဒီလိုနေ့မျိုးကြတော့ သူတို့နဲ့မကြုံပြန်ဘူး။ ဒီအတိုင်းပစ်ချထားခဲ့ရတယ်။ တစ်ယောက်ယောက်တော့ ကောက်သွားမှာပဲ။ အဲဒီလိုအခါမျိုးကျရင် ဒီကောင်တွေနဲ့တော့အလုပ်မဖြစ်ပါဘူးလို့ ကျနော်ကရေရွတ်မိတယ်။
အလုပ်ဖြစ်ခြင်းမဖြစ်ခြင်းကို ရူပဗေဒဘာသာရပ်မှာ ပုံသေနည်းတွေနဲ့ သင်ရတယ်လို့ သူငယ်ချင်းတစ်ယောက်ပြောဖူးပါတယ်။ အမှိုက်ပုံကို စည်ပင်သာယာကားက တစ်ပတ်တစ်ခါလာသိမ်းတယ်။ ”နေမပူခင်အလုပ်ဖြစ်အောင် လုပ်ကြဟေ့”လို့ ဘောင်းဘီရှည်နဲ့လူကအော်ပြောပြီး ဆိုင်ကယ်လေးနဲ့ ပြန်ထွက်သွားတယ်။ အမှိုက်တွေကို စည်ပင်သာယာက မသိမ်းပဲထားလိုက်ရင် အများကြီးဖြစ်နေလောက်ပြီ။ တီကောင်တွေလည်း အများကြီးဖြစ်နေမှာပဲ။ မိုးရာသီရောက်တဲ့အခါ ချောင်းရေတက်လာလိမ့်မယ်။ အဲဒီအခါမှာ အမှိုက်ဆွေးတွေ၊ကြွတ်ကြွတ်အိတ်တွေဟာ ရေစီးနဲ့ပါသွားကြမှာပဲ။ အခုနေရာလေးမှာ ရှင်းသွားပြီး ဘယ်နေရာမှာ သွားရှုပ်နေမလဲ။ အလုပ်ဖြစ်ရဲ့လား။ အလုပ်ဖြစ်လို့လား။ “နေမပူခင်မြန်မြန်ဟေ့”လို့ အလုပ်သမားတစ်ယောက်က အော်နေပြန်တယ်။ အမှိုက်တွေကားပေါ်ပါသွားကြတယ်။ တီကောင်တစ်ချို့လည်းပါသွားလောက်တယ်။ ငါးမျှားတဲ့သူတွေက အမှိုက်သိမ်းပြီးကာစ မြေမည်းမည်းကို အသာလေးဆွလိုက်ရုံနဲ့ တီကောင်နီနီရဲရဲကြီးတွေ ထွက်လာတယ်။ “တီရိုင်းကြီးတွေ အလုပ်မဖြစ်ဘူးဟေ့”။ နောက်တစ်နေရာကို ဆွကြပြန်တယ်။ တီရိုင်းကိုငါးမဆွဲရဲတာလား။ သတ်လိုက်လည်း အလုပ်မဖြစ်ဘူးတဲ့။ ငါးတွေက လွန့်လွန့်လူးလူးတီအသေးလေးတွေကို ပိုပြီးမျက်စိကျကြသတဲ့။
တီကောင်အသေးလေးတစ်ကောင်ကို ငါးမျှားချိတ်မှာ အရှင်လတ်လတ်တပ်လိုက်မယ်။ ပြီးရင် ချောင်းအလယ်လောက်ကိုမှန်းပြီးပစ်ချလိုက်မယ်။ ဆေးလိပ်လေးဖွာရင်း ကွမ်းယာကလေးမြုံ့ရင်း တွေးမိတွေးရာတွေးရင်း ဖော့ကလေးကို ငေးနေကြတယ်။ ငါးလေးတွေက လွန့်လွန့်လူးလူး တီကောင်လေးကို ဟပ်တဲ့အခါ ဖော့ကလေးမြုပ်သွားတယ်။ ငါးမျှားသူက ဖျပ်ခနဲသုတ်လိုက်တယ်။ ဆန္ဒစောလွန်းရင်လည်း မမိလိုက်ဘူး။ ချိန်ဆတာကြာသွားတော့လည်း တီကောင်မရှိတော့တဲ့ ချိတ်ပဲမြင်ရတော့တယ်။ အလုပ်မဖြစ်ပါဘူးကွာ။ တီကောင်လေးကို တယုတယကိုင်ပြီးချိတ်ဖျားလေးနဲ့ အလျားလိုက်ဖောက်သီလိုက်တယ်။ နောက်တစ်ခေါက်ထပ်ပြီး ကြိုးစားနေပြန်တယ်။ နေရောင်အတော်လေးရင့်လာတဲ့အခါ ချောင်းကမ်းစပ်က သစ်ရိပ်ဝါးရိပ်လေးမှာ ကွမ်းလေးမြုံ့ရင်း ဆေးပေါ့လိပ်လေးဖွာရင်း တွေးငေးလို့ ဖော့လေးကို မျက်ခြည်မပြတ်ရဲဘူး။
ညနေစောင်းတဲ့အချိန်အထိ ငါးမျှားနေသူတွေ မပြန်ကြသေးဘူး။ တစ်နေ့ထက်တစ်နေ့ မျှားသူများလာတဲ့ ချောင်းကမ်းစပ်လေးကို အမှိုက်ပစ်ရင်းရောက်ရောက်သွားတယ်။ တစ်ချို့က နေသာဝင်တော့မယ် တစ်ကောင်မှမျှားလို့မရတာလည်းရှိကြတယ်။ အလုပ်မဖြစ်ပါဘူးလို့ ရေချိုးနေရင်း ကျနော့်ကို လှမ်းပြောတယ်။ ရေချိုးပြီးအိမ်ပြန်ရုံပဲတဲ့။ သူရေထဲကတက်လာတော့ အနားကလူတစ်ယောက်က ငါးမျှားတံကို ဆတ်ခနဲသုတ်လိုက်တယ်။ ငါးကြီးတစ်ကောင် ပါလာတယ်။ ငါးမျှားတံဟာ ကွေးညွှတ်နေတယ်။ အခုမှပဲ အလုပ်ဖြစ်တော့တယ်ကွာ လို့ ဝမ်းသာအားရပြောနေတယ်။ ဘေးကလူတွေလာကြည့်ကြတယ်။ အရင်တုန်းက ဘယ်လိုအစာနဲ့မှမျှားလို့မလွယ်တဲ့ငါးမျိုး။ ဒီနေ့တော့ သေနေ့စေ့လို့ နေမှာပေါ့တဲ့။
(သုံး)
ဗင်းနစ်မြို့ကတူးမြောင်းကြီးလို အိမ်နားကချောင်းကလေးကို ပြုပြင်ဖန်တီးလိုက်ရရင် ဘယ်လောက်ကောင်းမလဲလို့ ကျွန်တော်တွေးမိသေးတယ်။ အမှိုက်ပစ်လို့တော့ ရမှာမဟုတ်တော့ဘူး။ အလုပ်မဖြစ်ပါဘူး။ စာအုပ်တွေထဲက ဗင်းနစ်မြို့ဟာ သိပ်လှတာပဲ။ ကမ္ဘာကျော်ပဲ။ အမြဲတမ်းကမ္ဘာကျော်နေပါ့မလား။ ငါးမျှားသူတွေလည်း တီကောင်ရှာဖို့ခက်ကုန်ရော့မယ်။ အစာတုတွေကို ချောင်းငါးလေးတွေက မကြိုက်ကြဘူးတဲ့။ တစ်နေ့ကရသွားတဲ့ ငါးကြီးဟာ အစာတုကိုဟပ်လိုက်တာလို့ ပြောတယ်။ ဗင်းနစ်မြို့က တူးမြောင်းဘေးမှာ တီကောင်တွေနဲ့ငါးမျှားနေကြသူတွေ ရှိလားမရှိလား စာအုပ်ထဲပြန်ရှာရအုံးမယ်။
ကျနော့်အိမ်နားက ချောင်းကလေးလိုမျိုး မြို့လေးတွေအတော်များများမှာ ရှိနေကြမယ် ထင်ပါတယ်။ အမှိုက်ပုံတွေ၊တီကောင်တွေ၊ကော်ဗူးနဲ့ဂျပ်စက္ကူကောက်သူတွေလည်း ရှိကြမှာပါပဲ။ တွေးတွေးဆဆနဲ့ငါးမျှားနေသူတွေ ဘယ်လောက်များရှိနိုင်ပါ့မလဲ။ အစာအတုတပ်မလား။ တီကောင်လေးတွေတပ်ကြမလား။ ရေခြင်းတူပေမဲ့လည်း ငါးမျိုးစိတ်ခြင်းက တူချင်မှတူမှာပေါ့။ ရင်ဘတ်ထဲဖြတ်စီးခံရတဲ့ ချောင်းဖြစ်တိုင်း ဗင်းနစ်မြို့က တူမြောင်းလေးလို ဖြစ်ချင်မှဖြစ်မှာပေါ့လို့ မြို့လေးကလည်း တွေးနေနိုင်ပါတယ်။
ဗင်းနစ်မြို့ကတူးမြောင်းထဲမှာ လှေစီးရင်း ငါးမျှားကြည့်ချင်မိတယ်။ အဲဒီမှာ ခြောက်ဆယ်သားလောက်ရှိတဲ့ငါးတစ်ကောင်ရခဲ့ရင် ပျော်စရာပဲ။
စိတ်ကူးဟာ အလုပ်မဖြစ်လောက်ပါဘူး။ ကြီးကြီးကျယ်ကျယ်သာ လျှောက်တွေးနေမိတာ။ နိုင်ငံကူးလက်မှတ်တောင်မှ ကျနော့်မှာမရှိပါဘူး။ အမှိုက်ပုံအောက်မှာမှ တီကောင်တွေရှိသေးတယ်။ တီကောင်တွေက ငါးမျှားတဲ့သူတွေအတွက် အလုပ်ဖြစ်စေတယ်။ ငါးသေးသေးတော့ ရမှာပါ။ ကြီးကြီးဟပ်စေချင်ရင်တော့ အစာတုတပ်ရမှာပဲ။ မြို့လေးရဲ့ရင်ဘတ်ထဲဖြတ်စီးသွားတဲ့ချောင်းထဲမှာ ငါးတွေရှိသေးတယ်။
ကျော်ကျော် (မြရည်စမ်း)