ကဗျာ

မျိုးတေဇာမောင် ● အထက်တန်းကျောင်းမှာ ကဗျာသင်ခြင်း

မျိုးတေဇာမောင် ● အထက်တန်းကျောင်းမှာ ကဗျာသင်ခြင်း
(မိုးမခ) ဇန်နဝါရီ ၂၊ ၂၀၁၈

ဟော့ဒီကဗျာတွေကို
မင်းတို့ အလွတ်ကျက်နိုင်ရင်
မင်းတို့ အမှတ်ဘယ်လောက်ရမယ် ဆိုတာနဲ့
“ဟော့ဒီကဗျာကို ကျနော်တော့ ဟော့ဒီလိုခံစားမိတယ်
ခင်ဗျားတို့ရော ဘယ်လိုလဲ ”
အဲ့သလို ကျွန်းနှစ်ခုကြား
အသက်မွေးဝမ်းကျောင်း ငါးမန်းတွေ
အစူးတောင် တလက်လက်
အစွယ် တဖြဲဖြဲ။

ပုပ္ပါး နတ်တောင်ဟာ
အခေါင်မြင့်ဖျားမှာ ဘာမှမဟုတ်တော့သလို
ပစ်လိုက်တဲ့မြှား၊ ဆိုလိုက်တဲ့ တေးဟာ
အုတ်တံတိုင်းအထပ်ထပ်ကိုမကျော်နိုင်ရှာဘူး။

တကယ်တော့
အထက်တန်းကျောင်းမှာ
ကဗျာသင်ရတဲ့ ကဗျာဆရာဆိုတာ
နှစ်စဉ်နှစ်တိုင်း
ကိုယ့်အသည်းကို ဓားနဲ့ မွှန်းနေရတဲ့လူပါ။

မျိုးတေဇာမောင်
၁ ၊ ဇန်နဝါရီ ၊ ၂၀၁၉


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts