ကျော်ထင် – ကလိယုဂ်ထဲက အနာဂတနှောင်ကြိုးများ

December 23, 2018

 

fosgrafi


ကလိယုဂ်ထဲက အနာဂတနှောင်ကြိုးများ

ကျော်ထင်
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၁၈



(၁)

   တကယ်​​တော့ သားကြီးကို ကျနော်မွေးချင်ပါ။ ဒါကို ကြည့်ပြီးတချို့က ကျနော့်ကို ကလေးမချစ်တတ်ဘူးလို့ ထင်တတ်ကြတယ်။ မဟုတ်ပါဘူး။ အမှန်က ချစ်တတ်လွန်းလို့သာ ကလေးမယူချင် ဖြစ်​​နေရတာ။ ဒီ့ အတွက် အကြောင်းက အများကြီးပါ။ ကလေးအပေါ်ထားမယ့် ကိုယ့်သံယောဇဉ်ရဲ့ အနက်အရှိုင်းကို ကိုယ်သိတယ်။ သံယောဇဉ် သိပ်ကြီးတယ်။ ပြီးတော့ ကိုယ့် ကြိုးစားအားထုတ်ချင်စိတ်ကိုလည်း ကိုယ်သိတယ်။ လောဘနည်း တယ်။ ဘဝကို အေးအေးလူလူပဲ ဖြတ်သန်းချင်တယ်။ အထူးသဖြင့်ကတော့ ရပ်ပြစ်ရှစ်ပါးကြီးလိုဖြစ်​​နေတဲ့ ကိုယ့်တိုင်း ပြည်ရဲ့အခြေအနေကို ကိုယ်တိုင်​​ တွေ့ကြုံနေရသလို၊ရှေ့လျှေက်ကိုလည်း မှန်းဆမိနေတာက ကလေး မယူချင်ခြင်းရဲ့ အဓိကအကြောင်းအရင်းပေါ့။
   ပြီးတော့ ကိုယ်တိုင်​​ တွေ့ကြုံခံစားလာရတဲ့ ကိုယ့်နိုင်ငံရဲ့ပညာရေးအခြေအနေအကြောင်းလည်းကိုယ်နားလည်နေတာပါတယ်။ နောက်ထပ်အထူးသဖြင့်က ကလိယုဂ်နှစ်​​တွေရဲ့သဘောအရ လူတွေရဲ့ ရာခိုင်နှုန်းအများစုဟာ ကိုယ်ကျင့်တရားယို့ ယွင်းတဲ့သူတွေ ဖြစ်​​နေကြတဲ့ အခါကာလကို တွေးဆမိနေတာကလည်း အခရာကျတာပေါ့။ ဒီလိုအခြေအနေမျိုးထဲမှာ မျိုးဆက်သစ်တစ်ခုကို ချခဲ့ဖို့ ဆိုတာကျနော် မရဲတဲ့ အလုပ်ပါပဲ။ ကျနော် မလုပ်ချင် တဲ့ အလုပ်ပါ။ကျနော် မစွန့်စားချင်ပါဘူး။
   ဒါပေမဲ့လည်း ကျနော့်မှာက မျိုးဆက်တစ်ခုကို ချန်ထားခဲ့ရဖို့ အခြေအနေ အချိန်အခါနဲ့ အခြားရေခံမြေခံတွေက ရှိနေပြီ။တပ်မက်မှုနဲ့ချစ်ခြင်မေတ္တာတရားကို ကျနော် တော်လှန်​​ရေး မဆင်နွှဲနိုင်တော့ဘူး။ တစ်ချက်ကလေးတောင် မော်မကြည့်ဝံ့ခဲ့တဲ့ ချစ်ခြင်မေတ္တာအောက်မှာ နှစ်ကိုယ်တူ၊တစ်အိုးတစ်အိမ်၊အိမ်ယာထူထောင်ထားမှုဆိုတဲ့ ဥပဒေတွေကို ​​ထောက်ခံ အတည်ပြုပေးပြီး လေးစားလိုက်နာခဲ့ရတယ်။ ဒါတောင် အိမ်​​ထောင်သက်ရဲ့ အဦးအဖျားကာလတွေမှာ ကလေးမယူရေး အခြေခံဥပဒေတစ်ရပ်ကို နှစ်ဦးသဘောတူ ပြဋ္ဌာန်းခဲ့ကြတယ်။  အချစ်ရယ်၊အိမ်ရယ်၊လိင်ရယ်၊ဘဝဟာ သိပ်ကိုလှပြီး ကြည့်လို့ မရိုးနိုင်တဲ့ ရှုခင်းတစ်ခုဖြစ်ခဲ့တယ်
   ဒါပေမဲ့ ဘဝဆိုတာ ဖြောင့်ဖြောင့်လေးမှ မဟုတ်တာ။တန်းတန်းလေးမှ မဟုတ်တာ။ကွေ့တွေချည်းပဲ မ ဟုတ်လား။မမြင်နိုင်ဘူး။မမြင်ရဘူး။ရှေ့မှာ ဘာဆိုတာ မြူတွေဆိုင်နေသလိုမျိုး။အဲ့ဒီ့မြူအုပ်​​တွေထဲမှာ ကျနော့် အတွက် ဒါမှမဟုတ် ကျနော်တို့အတွက် ကြိုးလေးတစ်​​ချောင်း ရှိနေတာကို ကျနော်​​ကော ဇနီးမယားကော မမြင်နိုင်ခဲ့ဘူး ။အဲ့ဒီ့ကြိုးလေးဟာ သိပ်ကို ခိုင်ခံ့လွန်းတဲ့ကြိုးလေးပါ။ဘယ်လိုကြိုးမျိုးလဲဆိုတော့ သံယောဇဉ် ကြိုး။ကျနော့်အတွက်​​တော့ ဒါဟာ ဒုတိယကြိုးပေါ့။

(၂)

   ပထမကြိုးက မွန်မွန်။သူက ကျနော့် အမျိုးသမီးပါ။သူ ၁၇ နှစ်မှာ ကျနော် ၃၁ နှစ်။ချစ်သူတွေ ဖြစ်ခဲ့ကြတာ။ကျနော်က အဲ့ဒီ့အချိန်ထိ ဘွဲ့မရသေးဘူး။ဆယ်တန်အောင်တာက အသက် ၂၄ နှစ်မှ အောင်တာ။တချို့က ကျနော့်ကို ဆယ်တန်း မအောင်ဘူးတောင် ထင်ကြတာရှိတယ်။ရပ်ကွက်ထဲက သူငယ်ချင်တွေလောက်ပဲ သိတာရှိတယ်။ဆယ်တန်း ရောက်တော့ ကျနော်က အသက်၂၀ ရှိနေပြီ။အတန်းတူနေရတဲ့ သူငယ်ချင်တွေက ကိုယ့်ထက် ငယ်​​နေကြ ပေမယ့် ဒီကောင်​​တွေက အတန်းတူတော့ ကျနော့်ကို မင်းနဲ့ငါနဲ့ ပြောတယ်။ ဒါကို ကျနော်က သိပ်မကြိုက်ချင်ဘူး။ဒါကြောင့် ၉တန်း ၁၀ တန်း တလျှောက်လုံး သက်မြင့်ဦးဆိုတဲ့သူငယ်ချင်းနဲ့ပဲ တရင်းတနှီး ပေါင်းခဲ့တယ်
    သူနဲ့က သက်​​တူရွယ်တူ။ဝါသနာလည်းတူတယ်။အတွေးအခေါ်ချင်းလည်း တူတယ်။ပြီးတော့ စာမေးပွဲ ကျ တာချင်တွေလည်း တူနေတယ်နောက်ထပ် ပေါင်းမိတဲ့တစ်​​ယောက်က ထွန်းလင်း။ဘူတာနားမှာ ကြံရည် ရောင်းတယ်။မြင်းလှည်မောင်းတယ်။နောက်တော့ ကားမောင်နေတာလည်တွေ့ခဲ့တယ်။ခုတော့ မမြင်​​တော့ ဘူး။နောက်တစ်​​ယောက်က ထိန်ဝင်း။ဒီကောင်က ကျနော်တို့ထက် ၂ နှစ်လောက်ငယ်​​ပေမယ့်အနုပညာသမားမို့ ပေါင်းဖြစ်မိခဲ့တယ်။ခုတော့ ဒီကောင် ရူးနေတာကို စိတ်ကောင်းစွာနဲ့ပဲ ကြည့်နေရတယ်။မရူးခင်က ဒီကောင့်ကို ကျနော်တို့ အနိုင်ကျင့်ခဲ့ဖူးတယ်။ရူးတော့ ဒီကောင်က ကျနော်တို့ကို အနိုင်ပြန်ကျင့်တယ်။ဒါကြောင့်ပဲ ရူးနေတဲ့ သူငယ်ချင်းကို ဖေးဖေးမမ မလုပ်နိုင်ဘဲ အသာကြည်နေရတယ်ရှောင်နေရတယ်။
   တကယ်​​တော့ ကျောင်တွေတက်တယ်၊ဆယ်တန်အောင်တယ်၊ဘွဲ့ရတယ်ဆိုတဲ့ပညာရေးဟာ ကျနော့်အတွက်​​တော့ အပရိကပါ။ဆိုးရွားလွန်းတဲ့ ဗမာပြည်စာမေးပွဲစနစ်ဟာ ကျနော့်အဖို့ အနာဂတ်ဖျက်တစ္ဆေ တကောင် လိုပါ။ကျနော် သိပ်ကို ယုံကြည်တဲ့အထဲမှာ မပါပါဘူး။ကျနော်တို့ သူငယ်ချင်းတွေဆို အများကြီးပဲ ရှစ်တန်းကျပြီး ပညာရေး အဟောသိကံဖြစ်ကုန်ကြတာ။ဆိုရှယ်လစ်ပညာရေးဆိုတဲ့ ပုံဖော်မှုကြီးကို ကျနော် မယုံကြည်ဘူး။အာ ဏာရှင်ပညာရေးကို ကျနော် မကိုးကွယ်ဘူး။
   ကျနော်တို့ ပညာရေး၊ ကျနော်တို့ အသိဆုံးပါ။ဆယ်တန်အောင်တာတွေ ဘွဲ့ရတာတွေ ကြီးကြီးကျယ်ကျယ်​​ပြောနေလည်း ဗမာ့ပညာရေးသံ​​ချေးခေတ်​​မို့ ဘာမှ အထင်ကြီးစရာ မရှိပါဘူးထင်ထားတာ။ဗမာ့ပညာရေး ရွှေခေတ်ဆိုတာ ၁၉၂၀ ပတ်လည်​​လောက်မှာပဲ ဖြစ်ခဲ့တာပါ။နောက်​​တော့ ငွေခေတ်ကြေးခေတ်။ကျနော်တို့လက်ထက် သံခေတ်။ခုတော့ ပလပ်စတစ်​​အိပ်ခေတ်​​ ပြောရမလား။ဒီလိုပြောတာကို ကြိုက်မှ ကြိုက်ပါ့မလားတော့ မသိဘူးပေါ့။

(၃)

   ကျနော် ဗမာစာ အထူးပြုနဲ့ မန္တလေးအဝေးသင်မှာ ၁၉၉၅ ခုနှစ်က စ တက်ခဲ့တယ်။အဲ့ဒီ့မှာတစ်ရက်တည်း စာသင်ခဲ့ဖူးတယ်။အခန်းထဲမှာ လူတစ်ရာကျော်ဝန်းကျင်​​လောက် ပြွတ်သိပ်ထိုင်​​နေတာကို ပွဲဦးထွက် ကြုံရ တယ်။ဆရာက နာမည်ကြီးဆရာတဲ့။ဘယ်သူမှန်တော့ ကျနော် မသိပါဘူး။သူ သင်​​နေတာ မပြီးခင်မှာဘဲ ကျနော် အတန်းထဲကနေ ထွက်လာလိုက်တယ်။အားနာရမယ်လို့ကို မဆင်ခြင်နိုင်​​လောက်​​အောင်ကိုစိတ်ပျက်သွားလို့ပါ။မှတ်မှတ်ရရ အဝေးသင် ပညာရေး လေးနှစ်စလုံးမှာအဲ့ဒီ့တစ်ရက်တည်းကျောင်းတက်ခဲ့ဖူးပါတယ်
   အဲ့ဒီမှာ ဗမာပြည်ဝေးသင်ပညာရေးကို နဖူးတွေ့ဒူးတွေ့မြင်လာခဲ့ပြီမို့ ကျနော် ဆုံးဖြတ်ချက်ချလိုက်တယ်။ ရထားလက်မှတ်ဝယ် အိမ်ပြန်တယ်လေးနှစ်စလုံး ဘယ်​​ကျောင်းမှ မတက်ဘဲနဲ့ ဘယ်ကျူရှင်ဆိုတာကိုမှ မချဉ်း ကပ်ဘဲနဲ့ သင်ရိုးစာအုပ်​​တွေကို သူငယ်ချင်း ဝက်​​ကြီး(အခု ပညာရေးမှူးရုံး အထက်တန်းစာရေး ဦးစိုးသန်း)ကို ထုတ်ခိုင်း၊တလစာအဆောင်ငှါးခိုင်းထားပြီးတော့ စာမေးပွဲဖြေမယ့်ရက်ကျမှ သွားဖြေလိုက်တယ်။စာမေးပွဲ ကလည်မေးချင်ရာမေး။ကျနော်လည်း သူမေးတာကို ကိုယ်သိသလိုဖြေ။လေးနှစ်လုံး အဲ့ဒီလိုသွားခဲ့တာ။
   လေးနှစ် လုံးဆိုပေမယ့် တဆက်တည်းလေးနှစ်တော့ မဟုတ်ပါဘူး။၁၉၉၅ က စလိုက်တာ၂၀၀၁ ရောက် ၇ နှစ်လောက်ကြာမှ ဘွဲ့ တခု ရတာ။ပညာရေးဟာ ပျဉ်းမနား-ကြေးနီ-ကျောက်ပန်းတောင်းသွား လော်ကယ်ရထား  ကြီးလိုပါ။ထုံ့ ပိုင်း ထုံ့ပိုင်းနဲ့ ။ဘွဲ့တခုရတော့ တက္ကသိုလ်ကြီးက ဘာပညာတွေ ပေးလိုက်သလဲဆို ကျနော့်မှာ ပြ စရာ မရှိပါဘူး။ပြောစရာရှိတာကတော့ ခေတ်ကြီးတစ်​​ခေတ်လုံးမှာ မန္တလေးအဝေးသင်တက်သူတွေအားလုံး နီးပါး ပညာရေးအလီလီဘာဘာလုပ်ခဲ့တဲ့အကြောင်တွေပဲ ရှိမှာပါ။
   ပျဉ်းမနား၊တပ်ကုန်း၊လယ်ဝေး၊ရမည်းသင်း၊ပျော်ဘွယ်၊မိတ္ထိလာတွေ၊ရေစကြို စေတုတ္တရာ၊လားရှိုး၊မိုးကုပ်တွေ အဲ့ဒီ့က လာတက်ကြတဲ့သူတွေကို တွေ့ ဆုံခဲ့တယ်။အားလုံးလိုလိုမှာ ပညာရေးနဲ့ ပတ်သက်ရင် ပြောပြီးကျန် နေ ရစ်တာက ကော်ပတ်တွေပါပဲ။ကော်ပတ်ပညာရေးလို့ တောင် ကျနော်က စမိနောက်မိတယ်။ညဆိုရင် စာမေးပွဲဖြေမယ့်အခန်တွေထဲ ဝင်၊ခုံတွေကို ကော်ပတ်​​တွေနဲ့စား။မနက်ဖြန် ပါမယ့်စာတွေကို ရေးထား။စာမေးပွဲဖြေတဲ့နေ့ကျတော့ အဲ့လို ရေးထားတာတွေကိုအဖြေလွှာထဲ ကူးယူ။အဲ့ဒီ့ညမှာဖြေပြီးကူးပြီးတဲ့ဘာသာရပ်တွေကို ကော် ပတ်နဲ့ ပွတ်ဖျက်။နောက်နေ့ ဘာသာရပ်အတွက် ပြန်ကူးရေး။
   အဲ့ဒါဟာ အဲ့တုန်းက( အချို့ မှ လွဲလို့ )တော်တော်များများသောကျောင်းသူကျောင်းသားတွေ စာမေးပွဲအ တွက် ပြင်ဆင်ပုံပါ။မီးတွေက ပျက်တော့ ဖယောင်းတိုင်တွေ ထွန်းပြီး ညည စာကူးနေတာဟာ မန္တလေး တက္က သိုလ်ထဲ ဆီမီးတထောင် ပူဇော်ပွဲများ ကျင်းပနေသလားထင်ရပါတယ်။ဘာစာမှကို မလေ့လာကြတော့ တာပါ။ ရှစ်ပုဒ် ဆယ်ပုဒ်လောက်သင်ပြီး ခြောက်ပုဒ်လောက် အဲ့ဒီ့ထဲက မေးမှာကိုတောင် ဘာမှ မလေ့လာ မလိုက်စား ကြတော့တာ။မိုးခါးရေ သောက်တယ်ဆိုမလား။
   အဲ့ဒီ့အဝေးသင်ပညာရေးဟာ အဲ့ကာလတွေမှာ အဲ့လိုသောက်သောက်လည်း ပျက်စီးနေတာ။ဒါဟာ မျက်မြင် ကိုယ်တွေ့ ကြီးပါပဲ။အပြင် စတိတ်​​ကျောင်တွေမှာ သွားဖြေရတဲ့သူတွေကျတော့ စာမေးပွဲခန်းထဲမဝင်ခင် တစ်ခန်းထဲ ကျသူချင်းတွေဆီကနေ ပိုက်ဆံကောက်။အခန်စောင့်ဆရာကို ပေး။စာခိုးဖြေ။ဒါ သမိုင်းမှာဖြစ်ပျက်ကျန် ရစ်ခဲ့တဲ့ ကျနော်တို့ ခေတ်ပြိုင်တွေ ဖြတ်သန်းခဲ့ကြရတဲ့ ပညာရေးရှုမျှော်ခင်းပါ။ကျနော်ပြောတဲ့ မြို့ တွေက အသက် ၃၀ နဲ့  ၄၅ လောက်ဘွဲ့ ရတွေကိုဒီစနစ်ကို ကြုံခဲ့ဖူးလားမေးကြည့် ကြည့်ပါ။ကြုံဖူးကြတဲ့သူတွေ ချည်း ပါပဲ။
   ဒါပေမဲ့ ဒီလိုပညာရေးစနစ်​​ခေတ်မှာ ဘွဲ့ရလာတာပါလို့ ဝန်ခံဖို့ ကတော့ နည်းနည်းခက်ချင် ခက်ခဲလိမ့်မယ် ပေါ့။ကျနော်ကတော့သမိုင်းမှတ်တမ်းဖြစ်လို့ ရှက်လည်းပြောရမှာပဲလို့  တွေးထားပါတယ်။အဲ့ဒီ့မျိုးဆက်တွေဟာ အခြေခံပညာရေးမှာကတည်းက အကျင့်ပျက်လာကြတဲ့သူတွေဆိုလည်း မမှားပါဘူး။အဲ့ဒီလို ကပျစ်ကညစ်ပညာရေးလေး သွားဖြေနေတဲ့အခါကာလလေးမှာ ကျနော်ဟာ ကျနော့်ရဲ့ ၁၇ နှစ်လေးကို လွမ်းခဲ့တာဗျာ။ဒါကို ကိုတာရဲ့ ကျနော်သည် မျောက်ကဆင်းသက်သည်ဆိုတဲ့စာအုပ်က အသိဆုံး။ဘာလို့လဲဆိုတော့ မန္တလေးမိန်း ပေါက်က ယူနီဆန်မှာ အဲ့စာအုပ်ထိုင်ဖတ်ရင်း”ဘာ့ကြောင့်မို့ ငါ လွမ်ဆွေးနေ” လို့ စာကြောင်လေးတစ်​​ကြောင်ရေးခဲ့မိလို့ပါပဲ။
   ဒီစာကြောင်လေးဟာ ဘဝနဲ့ပဲယှဉ်ယှဉ်၊စာတစ်ပုဒ်အရပဲ ကြည့်ကြည်သေးသေးလေးပါပဲ။ဒါပေမယ့် ကျနော့် ဘဝတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်စွမ်းရှိတဲ့ သေချာမှုတစ်ခုရဲ့ ပန္နက်ဆိုရင်လည်း မမှားနိုင်ဘူးလေ။အဝေးသင်က အပြန်မှာ ကျနော့်ဆီမှာ သယ်​​ဆောင်လာတာ တစ်ခုတည်းပဲရှိပါတယ်။၁၇ နှစ်လေးကို ချစ်​​သော မေတ္တာ။ အဲ့ဒါဟာ ပထမ နှောင်ကြိုးပါ။

(၄)
   ပထမနှောင်ကြိုးနဲ့ပတ်သက်ပြီး ရဟန်းဘဝ အပြီးခံယူသွားတဲ့ ဆရာဦးမြင့်သိန်းက သံယောဇဉ် တစ်ကြိုးကို ဖြတ်တဲ့။မဖြတ်ရင် သံယောဇဉ်ဆိုတာ တိုးလာတာပဲ ရှိတယ်တဲ့။အဲ့လိုပြောတုန်းက သူပြောတာကိုကျနော်က အ လိုက်သင့် ဟုတ်ကဲ့ လိုက်ပေမယ့် နှလုံးသားနေရာမှာတော့ အဲ့ဒီ့စကားကို အငြင်းဝါကျ ဖွဲ့ ဆိုနေမိတာသတိ ထားမိလိုက်ပါတယ်။ကျနော့်သူငယ်ချင်းထိန်ဝင် ဟောတာမှန်တယ်။မင်း အသက်ကြီးမှ အိမ်​​ထောင်ကျမှာဟေ့ကောင်တဲ့။မှန်လိုက်တာ သူငယ်ချင်းရာဆိုပြီး ဒီကောင့်ကို ဖိတ်လိုက်ချင်​​ပေမယ့် အဲ့ဒီ့တုန်းက ဒီကောင့်ကို မတွေ့မိဘူး။ကျနော် အိမ်​​ထောင်ကျတော့ ကျနော် ၃၅။ကျနော် အိုရပြီပဲ။လူပျိုကြီးဘဝကနေ အိမ်ထောင်သည် ဘဝဆီ ကူးလူးသွားပြီ။မြန်လိုက်တာ။အင်းလေ–ဘဝဆိုတာ အဝေးကြီးကို မပြောနဲ့ ၊ဒီနေ့တစ်​​နေ့လုံးနဲ့ မနက်ဖြန်ကိုလည်း မပြောနဲ့၊ ခုခဏမှာကိုပဲ မတူတော့တာကိုး။

(၅)
  ၁၉၉၈ ကျနော် တတိယနှစ် သွားဖြေတုန်းက အိပ်ရေးပျက်မှာကြောက်တဲ့ကျနော်အိပ်ရေး ပျက်စရာ မလိုတဲ့နေ့ အမြန် 3 up ကို စီးသွားတယ်။ဒီရထားက ကျနော်တို့ ဆီကနေ နေ့ လယ် ၃ နာရီ စီးသွားရင်မန္တလေး ဆီ ည ၉ နာရီလောက်မှာ ရောက်တယ်။အိပ်​​ရေးမက်တဲ့ ကျနော့်အတွက် အအိပ်မပျက်​​တဲ့နည်းပဲ။ကျနော်နဲ့ အတူ ထွန်းထွန်းဝင်းဆိုတဲ့ သူငယ်ချင်းပါလာတယ်။သကြားစက်နားက ရွာက။ဒီကောင်က နည်းနည်တော့နွဲ့ တယ်။ဒါပေမဲ့ ဒီသဘောနဲ့ ပတ်သက်ရင်ဘာလက္ခဏာနဲ့မှတော့ သူ့ ရဲ့မိန်းမဆန်မှုကို ဖော်ထုတ်ဖို့ ဒီကောင် ကျနော့်ရှေ့ မှာ မကြိုးစား ပါဘူး။ဒါ ကျနော် ကံကောင်းတယ် ဆိုမလား။
   ဒါပေမဲ့ ကျနော် ကံဆိုးခဲ့ပါတယ်။ရမည်းသင်း အကျော်​​လောက်မှာ မန္တလေး ရောက်ရင် ဘယ်သူမှ အပြင်ကို မထွက်ကြဖို့၊ဘူတာထဲမှာပဲ နေကြဖို့ မီးရထားတွဲစောင်တွေနဲ့ လက်မှတ်စစ်​​တွေက တစ်တွဲပြီး တတွဲ လိုက်​​ပြောနေတယ်။ကျနော် အံ့သြသွားတယ်။စိတ်လည်း ပျက်သွားတယ်။အိပ်​​ရေးတော့ ပျက်ပါပြီပေါ့။ဘာလို့လဲလို့ စုံစမ်တော့ ကုလား-ဗမာ အဓိကရုဏ်းတဲ့။အခြေခံအကြောင်းရင်းက မဟာမုဏိတော်ကြီး ဝမ်ဖောက်ခံရ တဲ့ကိစ္စတဲ့။အဲ့ည ဘူတာမှာ အိပ်စက်ခဲ့ရတယ်။စိတ်​​​ပျက်ခဲ့ရတယ်။အအိပ်ပျက်တဲ့ ဝေဒနာကို နှစ်ရက်လောက် အစားထိုး ကုစားလိုက် ရတယ်။
   ဒါပေမဲ့ နောက်ဆုံးနှစ် ဝေဒနာကျတော့ အဲ့လို မဟုတ်တော့ဘူး။အစားထိုး ကုစားလို့ မရနိုင်ခဲ့ဘူး။ငြိမ်ငြိမ်​​လေးနဲ့ တငြိမ့်ငြိမ်လေး။လှုပ်လှုပ်​​လေးနဲ့ လှပ်လှပ်​​လေး။ကျည်​​တောင်တွဲဖက်​​ကျောင်းကနေ ခွင့် ယူပြီး စာမေးပွဲ သွားဖြေတာ။ဒီနှစ်ပြီးရင် ပြီးပြီ။မချစ်​​ပေမယ်အောင့်ကာနမ်နေရတဲ့ အဝေးသင်ပညာရေးဝဋ် ကျွတ်ပြီ။တွဲဖက်ကျောင်းကိုတော့ ကိစ္စရှိလို့ဆိုပြီးပဲ ခွင့်တစ်ရက်နှစ်ရက် ယူရတာပါ။ဒါကလည်း သီတင်းကျွတ်ပိတ်ရက်နဲ့တိုးလို့ ခွင့် ဆယ်ရက်လုံး ယူစရာ မလိုခဲ့တာ။
   အဲ့ဒီ့ ဆယ်ရက်ခရီးဟာ ကိန္နရီ ချောင်းခြားလို့ ဆိုရမလား။အမည်သိပေမယ့် အမည် မတပ်ချင်တဲ့ ဝေဒနာက ဟဒယမှာ နင့်နင့်သီးသီး။ဘာလို့လဲဆိုတော့ ၁၇ နှစ်လေးဟာ နှလုံးသားတစ်ခုလုံးမှာ နေရာမလပ် ရီးလေးခိုစီးနေတာ။ဝေဒနာက လေးလိုက်တာ။ဝေဒနာ အနိစ္စလို့ တ လိုက်မိပေမယ့်၊ခဏခဏ ဖြစ်လွန်နေတဲ့ ရင်ခုန်သံ ကို ထိန်းမရနိုင်ဘူး။နှလုံးသား နံရံတွေဟာ လူစည်ကားတဲ့ ဘုရားပေါ်က ခေါင်လောင်းထက်​​တောင် တီးခတ်​​ခံရတဲ့အကြိမ်​​တွေက ပိုများမယ်။မစဲဘူး။
   အမြဲတမ်းရွာနေတဲ့ ကမ္ဘာပြုမိုးလို။ရုပ်နဲ့စိတ် တစ်စုံလုံးမှာ အလွမ်းမိုးတွေက ဖွေးလို့လို့ ဆိုရမှာပေါ့။သတိ တခါရတိုင်း ရင်ဘတ်တစ်ခုလုံးဟာ ဒိုင်းခနဲ မြည်​​နေကျ။ရင်မဆိုင်နိုင်ဘူး။၇၃ လမ်းမကျယ်ကြီးတစ်​​လျှောက် မဟာ မုဏိအရေးအခင်းကြောင့်နေရာယူထားတဲ့ သံချပ်ကာကားတွေနဲ့ ဖောကားအပြည့် လက်နက်အပြည့်တပ်ဆင်ထားတဲ့ စစ်သားတွေကို အဆောင်​​ရှေ့လမ်းကနေ လမ်းမထိပ်အထိ ထွက်ပြီး ရင်ဆိုင်ဝံ့တယ်။ စစ်သား တွေ ကို မခံချည့် မခံသာဖြစ်အောင် ပြောဆိုပြီး အဆောင်တွေထဲကနေ အော်ဟစ် လှောင်ပြောင်ဝံ့တယ်။ဒါပေမယ့် ၁၇ နှစ်လေးကို သတိရနေတဲ့ ဒဏ်ကို ကျနော် မထိတထိတောင် မစရဲခဲ့ဘူး။
   တချို့က အချစ်ဟာ စွန်လွှတ်အနစ်နာခံတာလို့ ဖွင့်တယ်။ချစ်သူကောင်းစားနေရင် ဘေးက ရပ်ကြည့်ပြီး မုဒိ တာပွားနိုင်တာတဲ့။အဲ့ဒါမှသာ မြင့်မြတ်တာတဲ့။ဒါကို အလကားအတွေးအခေါ်လို့ ကျနော့်ရင်ဘတ်ထဲက ကန့် ကွက်​​နေတယ်။ချစ်တယ်ဆိုတာ မြင့်မြတ်ဖို့  ချစ်တာမှ မဟုတ်တာ။တကယ်​​တော့ အချစ်ဆိုတာ ရကို ရရမှ ပြီး ပြည့်စုံနိုင်တယ်။ရုပ်၊နာမ်၊လိင် အဲ့ဒီ့တစ်စုံလုံးကို တစ်ထုပ်တည်းထုပ်နိုင်မှ ဖိုနဲ့မ အချစ်မည်မယ်။လောက လိုအပ်ချက်ကို ဖြည့်နိုင်မယ်ထင်တယ်။ဒါဟာ လောကမှာ ရှေ့တန်းက လိုအပ်​​နေတဲ့ လိုအပ်ချက်ပါ။ဒါကို ယနေ့ ကမ္ဘာ့လူဦးရေ သန်း ၇၀၀၀ က သက်​​သေပြနေတာပဲ။ဒီတော့ ချစ်သူ ကောင်းစားဖို့ ရပ်ကြည့်စရာမလိုဘူး။ တွဲခေါ်လာပြီး ရှေ့ဆက်ဖို့ပဲ လိုတယ်။အဲ့ဒါဟာ မြင့်မြတ်တာ၊မမြင့်မြတ်တာထက် လောကဆန္ဒနဲ့ တထပ်တည်းကျ တဲ့ ယောက်ျားတယောက်ရဲ့စိတ်ဖြစ်တယ်လို့ ကျနော်မြင်တယ်။အားလုံးနဲ့တော့ တူစရာ မလိုဘူးပေါ့။
  ကျနော် အကြင်နာပေးလို့ ခင်ဗျားတို့ လိုက်​​ပေးစရာ မလိုပါဘူးလေ။ပို့သတဲ့မေတ္တာကြောင့် ဘယ်သူ မလွမ်း ဘဲ နေလို့ရလို့လဲ။ဆွဲကပ်လိုက်တဲ့အင်အားကို gravity လို့ဆိုရင် ၁၇ နှစ်လေးရဲ့ gravity ဟာ ကျနော့်ကို ဝေးလွင့်ကွာကျ သွားခွင့် မရှိအောင် ဖမ်းယူလိုက်တာပဲလား။မဟုတ်ဘူး။ကြယ်မင်းတို့ရဲ့ရာဇဝင်မှာ မပါ မဖြစ် ပါဝင်​​နေတဲ့ black hole တခု။ဘယ်လိုမှ လွတ်​​မြောက် ရှောင်ကွင်းလို့မရအောင် ခေါင်းငုံခံလိုက်ရမယ့် ဆွဲငင်အားတစ်ခု။ နီးကပ်လာပြီ။ရှောင်ခွါဖို့  မဖြစ်နိုင်တော့ဘူး။ဒါဟာ သားကြီးဖြစ်တည်မှုရဲ့ မူလဘူတပဲလေ။ဒါမှ မဟုတ်–ဒုတိယနှောင်ကြိုးရဲ့ အရုဏ်ဦးလေ။
(၆)
   တကယ်​​တော့ သားကြီးကို ကျနော်လိုချင်ခဲ့တာ မဟုတ်ပါဘူး။အဲ့ဒီလိုပဲ ကျနော်မိန်းမကလည်း ချင်ခြင်းတပ်ခဲ့တာ မဟုတ်ပြန်ဘူး။ဘဝတြိချိုးတစ်ခုဖြစ်ဖို့ ကံတရားဟာ ဘုရားသခင်လို ပြုမူသွားတာ။ဒါကြောင့်ပဲ အဓမ္မလောကထဲကနေ သားကို နွေးထွေးစွာ ကြိုဆိုလိုက်ရတယ်။စိုးရိမ်လိုက်တာ။ဘယ်​​နေရာကြည့်ကြည့် ဓမ္မ လို့ အကြိမ်ကြိမ်​​ ရေရွတ်​​နေကြပေမယ့် သူတို့တွေ တကယ့်တကယ်​​ထွေးပိုက်ထားကြတာက အဓမ္မတွေပါပဲ။ လူ့အ လွှာအသီးသီးဟာ အဓမ္မကိုပဲ အလံထူထားကြတာပဲ။ဘယ်မှာလဲ ဓမ္မ။ဓမ္မ မရှိတဲ့လောကမှာ သားကြီးကို လူဖြစ်​​ခွင့် မပေးချင်​​ပေမယ့် ကျနော်တို့ မတတ်နိုင်ခဲ့ဘူး။သားကြီးဟာ ကျနော်တို့ မျှော်လင့်ခဲ့တာ မဟုတ်ဘဲနဲ့ ရောက်လာခဲ့တယ်။တနေ့ မှာ–တနေ့ မှာပါ။သူများမှာ ကိုယ်ဝန်ရှိနေပြီတဲ့။
   ဒီစကားကို ကြားတော့ ဗမာရုပ်ရှင်ထဲက မင်းသားတွေလို ကျနော်​​ပျော်မယ်ထင်သလား။ဟေး- လူဖြစ်ပြီကွ လို့  ဣနြေ္ဒမရ အငမ်းမရ အော်ပစ်မယ် ထင်သလား။လေးလံတဲ့စိတ်တစ်ခုက ကုပ်ခွစီးလိုက်တာပါ။ငါဟာ မိုက်မဲစွာနဲ့ပဲ ကလိယုဂ်ထဲဆီ ကလေးငယ်တစ်ဦးကို ဆောင်ယူမိလိုက်ပြီ။ဒါဟာ မကောင်းဘူးဆိုရင် ဒါဟာ ကုသလ ဖြစ်ပါတော့ မလား။ဒါပေမဲ့ ဘယ်လိုတွေးမြင်မှုမျိုးတွေဖြစ်ဖြစ် ဘဝပေးအခြေအနေကိုကျနော်တို့ လက်ခံလိုက်ရတယ်။ကျနော်တို့ရဲ့ချစ်ခြင်မေတ္တာ၊လိင်၊ရုပ်နဲ့ နာမ်​​တွေဟာ နောက်ထပ် ရုပ်နာမ်တစ်ခုကို ထပ်ပြီးတော့ ဖြည့် စွက်လိုက်မိကြပြီ။
   ကိုယ်မယုံကြည်​​တော့တဲ့ လူ့အဖွဲ့အအုံကြီးထဲမှာ ကိုယ်သွေးသားကို ထမ်းပိုးပြီး မျှောရတော့မှာကလွဲလို့ နောက်ထပ်ဖြေ မရှိတော့ဘူး။အဆိုးဆုံးကတော့ကိုယ်ကိုယ်တိုင် မယုံကြည်​​တော့တဲ့လူ့ အဖွဲ့ အအုံထဲမှာ ကိုယ်ကိုယ်တိုင်မသတီခဲ့တဲ့ပညာရေးဆိုတာရယ်ကို လောက အလိုကျ သားဆီပေးရဦးတော့မှာပဲ။ခုဆို အဲ့ဒီ့ ပညာရေးထဲမှာ သားကြီးဟာကလေးဘဝကို အဆုံးရှုံးခံဖြတ်သန်နေပြီလေ။ခက်ခဲလိုက်တဲ့ စာမေးပွဲတွေ ရင်ဆိုင်​​နေရပြီ။တကယ်စိတ်ပျက်စရာကောင်းတာက အဲ့ဒီ့စာမေးပွဲတွေကို ဖြတ်သန်းဖို့ ဟာ စဉ်းစားဉာဏ်က အဓိ က မကျဘူးတဲ့လေ။ဒါဟာ ကျနော်တို့ မတိုင်ခင်နဲ့ကျနော်တို့ ကတည်းကရှိနေခဲ့တာပဲ မဟုတ်လား။ခု အစိုး ရလက်ထက်ထိတိုင် တုပ်တုပ်မျှ မလှုပ်သေးပါဘူးလေ။ကျနော့်အနာဂတအတွက်ဘယ်လို ယုံကြည်ကိုးစားရမ လဲလေ။ ။

                                                                                                      ကျော်ထင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာပဒေသာ, မြန်မာပြည်တွင်း

Comments are closed.

Archives