ဇင်လင်း ● ဆိုးသွမ်းသံသရာထဲ၌ အချင်းချင်း ရန်လိုတိုက်ခိုက်နေကြလျှင် ဆင်းရဲခြင်းနွံထဲမှ ရုန်းထွက်မရနိုင်

December 23, 2018

 

ဇင်လင်း ● ဆိုးသွမ်းသံသရာထဲ၌ အချင်းချင်း ရန်လိုတိုက်ခိုက်နေကြလျှင် ဆင်းရဲခြင်းနွံထဲမှ ရုန်းထွက်မရနိုင်
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂ဝ၁၈

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး အခြေအနေသည် တိမ်တောင်သဖွယ် မင်းရေးကျယ်ဟု ဆိုနေရဆဲရှိသည်။ ပုဂ္ဂလဒိဋ္ဌာန် အယူအဆ များကို အသေဆုပ်ကိုင်ကာ ဆန္ဒစွဲဖြင့် လွန်ဆွဲနေကြဆဲရှိသည်ကို မြင်နေကြားနေရသည်။ စစ်ရေးပဋိပက္ခနွံအတွင်းမှ ရုန်း ထွက်၍မရနိုင် ဖြစ်နေသည်။ အထူးသဖြင့် ငြိမ်းချမ်းရေးပြဿနာ အဖြေရှာနေဆဲကာလအတွင်း ရခိုင်ပဋိပက္ခ အခြေအနေက ကြာလေ ရှုပ်လေ ဖြစ်လာနေသည်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာဖိအားများနှင့်ပါ ရင်ဆိုင်လာရသဖြင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးကိုပါ သိသိသာသာ ထိခိုက်လျှက်ရှိသည်။ လက်ရှိ NLD အစိုးရသက်တမ်း ၃ နှစ်ပြည့်တော့ မည်ဖြစ်သော်လည်း၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်-NCA လက်မှတ်ရေးထိုးပြီးခဲ့သည်မှာ ၃ နှစ်ကျော်ခဲ့ပြီ ဖြစ်သည်။ NCA ကို ကရင် အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ရခိုင်လွတ် မြောက်ရေးပါတီ  (ALP) နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) စသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့တို့ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။

ထို့ကြောင့် လက်ရှိ ငြိမ်းချမ်းရေးအလားအလာ အခင်းအကျင်းကို လေ့လာကြည့်လျှင် ဦးစွာပထမ အမျိုးသားပြန်လည်သင့် မြတ်ရေး အောင်မြင်စေရန် စစ်ရေးထိပ်တိုက်တွေ့မှုများ လျှော့ချရေးကို အဓိကဝါယမစိုက်ထုတ် ဆောင်ရွက်သင့်သည်။ နိုင်ငံရေးဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ပြုလုပ်ကြဖို့လည်း လိုသည်။ ဆွေးနွေးညှိနှိုင်းခြင်းသည် စစ်ရေးဖက်ပြိုင်ခြင်းထက် အကျိုးသက်ရောက်မှု ပိုရှိသည်ကို လျစ်လျူမပြုဖို့လည်း လိုသည်။ တိုင်းရင်းသားများ၏ ဆန္ဒဖြစ်သည့် တန်းတူရေးနှင့် ကိုယ် ပိုင်ပြဌာန်းခွင့်ကိစ္စကိုလည်း ဆွေးနွေးခွင့် လမ်းဖွင့်ပေးစေလိုသည်။ အမျိုးသားအဆင့်၊ လူမျိုးအဆင့်ကဏ္ဍများ ပါဝင်ခြင်း မရှိ သဖြင့် ငြိမ်းချမ်းရေးခရီးစဉ် ရှေ့တစ်လှမ်းတိုးရေး အခက်တွေ့နေရကြောင်း သုံးသပ်ပြောဆိုမှုများရှိနေသည်ကိုလည်း ဂရုပြု စေလိုသည်။

၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲသည်လည်း (၃) နှစ်ပြည့်ခဲ့ပြီ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လာမည့် ၂ဝ၂ဝ ခုနှစ် မတိုင်မီ ၂၁ ရာစု ပင်လုံညီလာခံတွင် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ အပြီးအပြတ် ချမှတ်နိုင်ရေးအထိ ရည်မှန်းထားသည်။ ယင်းရည်မှန်းချက် အောင်မြင်စေရန် ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းလျှက်ရှိသည်။ အခြေခံမူများ  ထွက်ပေါ်လာ ပြီး နောက်၊ အသေးစိတ်မူများကို ဆက်လက် ဆွေးနွေးရန် ပြင်ဆင်နေကြောင်းလည်း ကြားနေရသည်။  ဒေါ်အောင်ဆန်းစုကြည်က သူ့အစိုးရ ယခုသက်တမ်းအတွင်း အခြေခံမူများကို အကြေအလည် ဆွေးနွေးပြီးပြတ်ခဲ့ပါက ဖက်ဒရယ်မူဆိုင်ရာ ခိုင်မာသည့် အုတ်မြစ်တစ်ချပ် ထွက်ပေါ်လာနိုင်မည်ဟု မျှော်မှန်းထားပုံရသည်။

လက်ရှိ ကမ္ဘာနိုင်ငံပေါင်း ၁၂၇ နိုင်ငံ၏ စစ်အင်အားများကို နှိုင်းယှဉ်ဖော်ပြထားသော Global Fire Power (GFP)၏ ၂ဝ၁၇ ခုနှစ်  စာရင်းအရ မြန်မာတပ်မတော်တွင် စစ်သား ၄ဝ၆,ဝဝဝ ယောက်၊ တင့်ကား ၅၉၂ စီး၊ သံချပ်ကာယာဉ် ၁,၃၅၈ စီး၊ အ မြောက်လက်နက် ၁,၃ဝဝ ခန့်၊ တိုက်လေယာဉ် ၅၆ စီးအပါအဝင် စစ်ဖက်သုံးလေယာဉ် ၂၄၉ စီး နှင့် စစ်ရေယာဉ်မျိုးစုံ ၂ဝ၃ စီးရှိကြောင်း သုတေသနပြုထားသည်။ မြန်မာ့ကာကွယ်ရေး အသုံးစရိတ် GFP ညွှန်းကိန်းအရ ဒေါ်လာသန်းပေါင်း ၂,၄ဝဝ ရှိသည်ဟု ဆိုသည်။ တချိန်တည်း၌ နိုင်ငံတကာကြွေးမြီ ဒေါ်လာ ၉,ဝ၄၁ သန်းရှိကြောင်း ဖေါ်ပြထားသည်။ ယင်း အခင်း အကျင်းကို လေ့လာလျှင် မြန်မာနိုင်ငံသည် ပြည်ပရန် မရှိဘဲ စစ်အင်အား ကြီးမားလွန်းနေကြောင်း တွေ့ရသည်။ ဖြစ်သင့် သည်မှာ လေးလံလှသော စစ်စရိတ်များကို လျော့ချနိုင်ရန် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ခိုင်မာအောင် တည်ဆောက် သင့်သည်။၊ ငြိမ်းချမ်းရေးသို့ ရှေးရှု၍ အပြုသဘောဆောင် နိုင်ငံရေးဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ပြုလုပ်ရမည်ဖြစ်သည်။ နိုင်ငံနှင့် ပြည်သူအပေါ် အမှန်တကယ် စေတနာထားလျှင် စစ်ပွဲများ အမြန်ရပ်ရေးအတွက် ပုဂ္ဂလဓိဋ္ဌာန် မာန်မာနများကို လျှော့ချနိုင်ရမည် ဖြစ်သည်။ တိုင်းပြည် ဆင်းရဲမွဲတေနေရခြင်းသည် စစ်စရိတ် အဆမတန်ကျခံနေရသောကြောင့် ဖြစ်သည်။ ပြည်သူအများ လူတန်းစေ့ နေထိုင်စားသောက်နိုင်ရေးအတွက် စစ်စရိတ် ဝန်ထုပ်ဝန်ပိုးကို လျှော့ချနိုင်ရန် အနီးဆုံး ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ထည့်သွင်းစဉ်းစားကြစေလိုသည်။

ကာကွယ်ရေးအသုံးစရိတ် နှစ်စဉ်ကုန်ကျမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၄ ဘီလီယံခန့်ရှိနေသဖြင့် ယင်း ဘဏ္ဍာငွေကြေး ပမာဏသည် GDP ပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး၏ ၄ ရာခိုင်နှုန်းဖြစ်သည်ကို အထူးသတိပြု သင့်သည်။ တိုင်းပြည်အတွက် စစ်စရိတ်များသည် ဝန်နှင့်အား မမျှလောက်အောင် ကြီးမားနေသည်။ အခြေခံအဆောက် အအုံနှင့် လူသားအရင်းအမြစ် အရည်အသွေးကို မြှင့်တင်၍ စီးပွားရေး ပြုပြင်ပြောင်းလဲမှု ဆက်လက်လုပ်ဆောင်လျှင် ၂ဝ၃ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ လူတစ်ဦးချင်းဝင်ငွေ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ငါးထောင်အထိရလာနိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၏ ၂ဝ၁၄ အစီရင်ခံစာ၌ ဖော်ပြခဲ့ဖူးသည်။ အာရှဖွံ့ဖြိုးရေးဘဏ်၏ အစီရင်ခံစာအရ တစ်ဦးချင်း ဝင်ငွေ မြင့်တက်ရန် ပညာရေးအသုံးစရိတ်တိုးမြှင့်ခြင်း၊ မူလတန်းနှင့် အလယ်တန်းကျောင်းများအတွက် အဆင့်မြှင့်တင်ရန် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သင့်သည်ဟု အကြံပြုထားသည်။

ထို့ပြင် ရင်းနှီးမြှုပ်နှံမှုများအတွက် လမ်းပန်းဆက်သွယ်ရေး၊ စွမ်းအင်နှင့် နည်းပညာဆိုင်ရာအခြေခံ အဆောက်အအုံများ ပိုမို ကောင်းမွန်ရန်လိုကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယခုအခါ နိုင်ငံ၏ စီးပွားရေးသည် ကျဆင်းလျှက်ရှိသည်။ အာရှဖွံ့ဖြိုးရေးဘဏ်၏ အကြံပြုချက်များကို အကောင်အထည်ဖေါ်လိုပါက စစ်စရိတ်ကို ထက်ဝက်မက လျှော့ချမှ ဖြစ်မည်။ ငြိမ်းချမ်းရေးမရှိဘဲ စစ်ပွဲများ ဆက်လက်ဆင်နွှဲနေပါက ၂ဝ၃ဝ ပြည့်နှစ်တွင် လူတစ်ဦးချင်းဝင်ငွေ တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၅ဝဝဝ အထိရလာရေးဆိုသည်မှာ လေထဲဆောက်သည့် တိုက်အိမ်သာ ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် ပြည်သူတို့၏ ကောင်းကျိုးချမ်းသာကို ရည်မျှော်၍ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နေသည့် ခေါင်းဆောင်အားလုံး “ပြည်တွင်းစစ် အမြန်ရပ် စဲရေး” ကို ပဓါနတာဝန်အဖြစ် မဖြစ်မနေ ဇွဲစိတ်ထက်ထက်သန်သန်ဖြင့် ကြိုးပမ်းအားထုတ်ကြစေလိုကြောင်းပါ။

မကြာသေးမီက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်  စာ ရင်းအရ မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပ ကြွေးမြီများကို ပြည်သူ့လွှတ်တော်၌တင်ပြခဲ့ကြောင်း သိရသည်။ ပြည်ပမှချေးယူ ထားသည့် ကြွေးမြီများအနက် လက်ရှိအချိန်အထိ ပေးဆပ်ရန် ကျန်ရှိနေသော ကြွေးမြီပမာဏမှာ ၂ဝ၁၈ မတ်လ ကုန်အထိ  အမေရိကန်ဒေါ်လာ ၁ဝ ဒဿမ ၂ ဘီလီယံရှိသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုဝင်ဘာ ၂၉ ရက်နေ့ကကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံက ပြန်လည်ပေး ဆပ်ရမည့် ကြွေးမြီ အများဆုံးနိုင်ငံမှာ တရုတ်ဖြစ်သည်ဟု ဆိုသည်။ ဒုတိယကြွေးရှင်မှာ ဂျပန် နိုင်ငံဖြစ်ပြီး၊ ၎င်းနောက်တွင် ကမ္ဘာ့ဘဏ်ဖြစ်သည်ဟု သိရသည်။ တချိန်တည်းတွင် ပြည်တွင်းချေးယူငွေ ကြွေးမြီမှာလည်း ကျပ်ငွေ ဘီလီယံပေါင်း ၂ဝ,၇ဝဝ ကျော်ရှိသည်ဟု ဒုတိယဝန်ကြီးက ဆိုသည်။ သို့ဖြစ်၍ ပြည်တွင်းပြည်ပ ကြွေးမြီ စုစုပေါင်း ကျပ်ဘီလီယံပေါင်း ၃၄,၃ဝဝ ကျော်ရှိသည်ဟု ဆိုသည်။ အဆိုပါ ကြွေးမြီကိန်းဂဏန်းအရဆိုလျှင် မြန်မာနိုင်ငံ လူဦးရေ ၅၂ သန်းဖြင့်တွက်ပါက၊ တစ်ဦးလျှင် ကျပ် ၆၅ဝ,ဝဝဝ/- အကြွေးတင်နေသည့် အခြေအနေဖြစ်သည်။

“ငြိမ်းချမ်းရေးရဖို့ အချိန်ကြာလေ နိုင်ငံနာလေပဲ” ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂ဝ၁၇ ခုနှစ် ဧပြီလ ၁၁ ရက်ကပြုလုပ်သည့် ကျေးလက်တောရွာနေ လူငယ်များနှင့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပြောကြားခဲ့ဖူးသည်။ ထိုမှတ်ချက်သည် အလွန်မှန်ကန်သော စကားရပ်ဖြစ်သည်။ လွတ်လပ်ရေးရကတည်းက ပြည်တွင်းစစ်မီး တောက်လောင် ခဲ့ရာ ယခုအထိ ငြှိမ်းသတ်မရနိုင်သည့် အနေအထားဖြစ်နေသည်။ ငြိမ်းချမ်းရေးမရှိခြင်း၏  အကျိုးဆက်များသည် အလွန်  ရှည်သည့်အတွက် ဒုက္ခသည် စခန်းများရှိ တိုင်းရင်းသူ တိုင်းရင်းသားများ မိမိတို့နေရပ်သို့ပြန်လာပြီး သူတို့ဘဝများကို ပြန် လည်ထူထောင်ရန်ပင်လျှင် နေ့ချင်းညချင်း မဖြစ်နိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပြခဲ့ဖူးသည်။ သို့ဖြစ်၍ သူ့အ နေဖြင့် လက်နက်ကိုင်တပ်ဖွဲ့များကို စားပွဲဝိုင်းတွင်ထိုင်၍ ဆွေးနွေးစေလိုသည်။ လိုချင်သည့်အရာကို တောင်းဆိုရန်၊ လက် နက်ကိုင်၍ ငြင်းခုန်မည့်အစား ပါးစပ်နှင့်ဦးနှောက်နှင့် ငြင်းကြခုန်ကြစေလိုသည်ဟုအမြဲပြောခဲ့ကြောင်း နိုင်ငံတော်၏အတိုင် ပင်ခံက ရှင်းပြခဲ့ဖူးသည်။

၂ဝ၁၇ ခုနှစ်က  အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) အနေဖြင့် ငြိမ်းချမ်းရေးရန်ပုံငွေ တစ်ရပ် ထူထောင်ခဲ့ရာ၊ ကျပ် ၁၄ ဘီလီယံခန့် ကောက်ခံရရှိခဲ့ကြောင်း၊ ထည့်ဝင်လှူဒါန်းကြသော အလှူရှင်ပြည်သူများအား ကျေးဇူး တင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ဖူးသည်။ ငြိမ်းချမ်းရေးရန်ပုံငွေ ဘဏ်စာရင်း စတင်ဖွင့်လှစ်ခဲ့သည့် ၂ဝ၁၇ ခနှစ် ဇန်နဝါရီ ၉ ရက်နေ့မှ မတ်လ ၂ဝ ရက်နေ့အထိ ရန်ပုံငွေကျပ် ၁၃ ဒဿမ ၉၄၈ ဘီလီယံခန့်ရရှိခဲ့သောကြောင့် အထူးအံ့သြဝမ်းမြောက် ဖြစ်ရကြောင်း NRPC က ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NLD  အစိုးရ တာဝန်ယူမှု တစ်နှစ်ပြည့်အထိမ်းအမှတ် ပြောကြားသည့်မိန့်ခွန်းတွင် ပြည်သူများက ငြိမ်းချမ်းရေးရန်ပုံငွေထည့်ဝင် ခြင်းကြောင့် ခွန်အားဖြစ်ရသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။ “အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန” NRPC ၏  ၂ဝ၁၇ ဧပြီလ ၃ ရက်နေ့ထုတ်ပြန်ချက်တွင်  မြန်မာပြည်အနှံ့မှ  ပြည်သူလူထု၏ လှူဒါန်းမှုကို ထောက်ရှု လျှင်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ပြည်သူလူထုက မည်မျှတောင့်တမျှော်လင့်နေကြသည်ကို ဖော်ပြရာရောက်သည်ဟု ဖေါ်ပြခဲ့သည်။

လက်ရှိအခြေအနေတွင် NLD အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံအမည်အောက်၌ တတိယ အကြိမ်အထိ ကျင်းပနိုင်ခဲ့သည်။ ယခင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့၊ ယခုအစိုးရနှင့် ၂ ဖွဲ့ NCA စာချုပ် သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ မူဝါဒသဘောတူညီချက် ၅၁ ချက်ကို  ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) ၏ အစိတ်အပိုင်း(၁) နှင့် (၂) အဖြစ် အစုအဖွဲ့အသီးသီး၏ခေါင်းဆောင်များနှင့် အသိသက်သေများက လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ NCA သဘောတူစာချုပ်အရဆိုလျှင် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိုရေးဆွဲ သဘောတူပြီး  နောက်၊ “အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ”၊ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကျင်းပခြင်း”၊ “ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုခြင်း” “ပြည်ထောင်စုလွှတ်တော်သို့တင်သွင်း၍ အတည်ပြုချက်ရယူခြင်း”၊ “ပြည်ထောင်စု သဘော တူစာချုပ် (Union Accord)” ပါ သဘောတူညီချက်များကို အကောင်အထည်ဖေါ်ခြင်း” အစရှိသော နိုင်ငံရေး လုပ်ငန်းစဉ် များကို ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပေသည်။ ၂ဝ၂ဝ ရွေးကောက်ပွဲ မတိုင်မီ “ပြည်ထောင်စု သဘောတူစာချုပ်” ချုပ်ဆိုနိုင်ဖွယ်ရှိ/မရှိဆိုသော မေးခွန်းကိုဖြေဆိုနိုင်ရန် လက်ရှိအစိုးရ၌ တာဝန်ရှိနေသည်ဟု ဆိုရမည်ဖြစ်သော်လည်း၊ မြေ ပြင်လက်တွေ့အခြေအနေများအရ တပ်မတော်ကာကွယ်ရေး ဝန်ကြီးဌာန၌လည်း မလွဲမသွေ တာဝန်ရှိသည်ဟု ဝေဖန်သုံး သပ်မှုများ ရှိနေသည်။

NCA ပါ အချက်အလက်များအပေါ် အဓိပ္ပာယ်ဖွင့်ဆိုမှု မတူခြားနားမှုများရှိနေခြင်းတို့ကြောင့် နှစ်ဖက်စိုးရိမ်မှုများ ရှိကြသည်  ဟု ဆိုသည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) လုပ်ငန်းစဉ် ရှေ့တစ်လှမ်း တိုးရေးကိစ္စ မှာ အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ လုပ်ငန်းအဆင့်ဆင့်  ဆက်လက် ဆောင်ရွက်ရန်ကိုပင် ရက်အတိအကျ မသတ်မှတ်နိုင်သေးသည့် အခြေအနေ ဖြစ်သည်။ လက်နက်ကိုင်  နှစ် ဖွဲ့စလုံးသည် ကိုယ့်ယုံကြည်ချက်နှင့် ကိုယ် ပြည်သူလူထု၏ အကျိုးစီးပွားကို စောင့်ရှောက်ကာကွယ်နေခြင်း ဖြစ်၍ ပစ်ခတ်မှု ဖြစ်စဉ်များကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူလူထု၏အကျိုးစီးပွားကို ထောက်ထားခြင်းဖြင့် ၎င်းတို့၏နေ ရပ်ပြန်ရေး၊ တပ်များ ပြန်လည်ရုပ်သိမ်းနိုင်ရေးနှင့် နှစ် ဖက်တပ်များအကြား အလားတူဖြစ်စဉ်မျိုး ထပ်မံ မဖြစ်စေရေး ညှိနှိုင်း တွေ့ဆုံမှုများ အမြန်ဆုံးပြုလုပ်ရန် လိုအပ်နေသည်။

ထို့ကြောင့် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်ကို ဆက်လက်အကောင်အထည်ဖေါ်ရာ၌ NCA စာချုပ်၏ ရည်ရွယ်ချက်နှင့် အညီ လုပ်ဆောင်သင့် သည်ကို တာဝန်ခံခေါင်းဆောင် အားလုံး သတိပြုသင့်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည် ဖေါ်ရာတွင် တစ်ဖက်၌ ဆွေးနွေးနေခိုက်၊ အခြားတစ်ဖက်၌ ထိုးစစ်ဆင်ခြင်း မလုပ်သင့်ဟု သုံးသပ်မှုများလည်း ရှိသည်။ ထိုသို့ ရှေ့နောက်မညီ လုပ်ဆောင်နေပါက ပြည်တွင်းစစ်ရပ်စဲရေး အောင်မြင်ရန် ခက်ခဲမည်။ စာချုပ်တွင် နိုင်ငံရေး ပြဿနာ ကို စစ်ရေးနည်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ၊ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဟု လက်မှတ်ရေးထိုးသည့်အတိုင်း လက်တွေ့ကျင့် သုံးသင့်သည်။  မှားပြီးသား အမှားများများ ထပ်မမှားဖို့ လိုသည်။  သို့ဖြစ်၍ နိုင်ငံရေးနည်းဖြင့် မရှင်းသမျှ အများလက်ခံနိုင်သည့် အဖြေထွက်မည်မဟုတ်ပါ။ စစ်အင်အားဖြင့် အပြတ်တိုက်ခိုက် ချေမှုန်း၍လည်း မရနိုင်ပါ။ ဆယ်စု နှစ်ပေါင်းများစွာ စစ်ပွဲများ၏ ရလဒ်မှာ စစ်ဒဏ်ကြောင့် သေကြေ အနာတရဖြစ်ကာ တိုင်းပြည် ဆင်းရဲမွဲတေခြင်းသာ အဖတ်တင်သည်။ ဆင်းရဲမွဲတေမှု အောက်တွင် အပြန်အလှန် ရန်လိုတိုက်ခိုက်နေကြလျှင် ဆင်းရဲခြင်းနွံထဲမှ ရုန်းထွက် မရနိုင်ဘဲ ဆိုးသွမ်းသံသရာ လည်နေ မည် ဖြစ်သည်ကို အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များအနေဖြင့် ဆင်ခြင်တုံတရား လက်ကိုင်ထား၍ စဉ်းစားဆုံးဖြတ်နိုင်ကြပါစေဟု တိုက်တွန်းအပ်ပါသည်။

Vol.1, No.229: 22 December 2018, Saturday နေ့ထုတ် သူရိယနေဝန်းဂျာနယ်၌ဖေါ်ပြသည့် ဆောင်းပါး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: , , , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဇင်လင်း, သူတို့အာဘော်

Comments are closed.

Archives