သူတို့အာဘော် မောင်ရစ်

မောင်ရစ် – ၂၀၁၈ မှာ သူတို့ကို ထားရစ်ခဲ့

မောင်ရစ် – ၂၀၁၈ မှာ သူတို့ကို ထားရစ်ခဲ့

အယ်ဒီတာ့လက်ရေး (မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၈

၂၀၁၈ နှစ် ကုန်ပါတော့မယ်။ ၂၀၁၈ ထဲမှာ စာပေလောကနဲ့ ပညာရှင်လောကထဲက ပုဂ္ဂိုလ်အချို့ကို ချန်ထားရစ်ခဲ့ရပါပြီ။ ကဗျာဆရာမောင်အောင်ပွင့်၊ မီးမီး (၈၈ မျိုးဆက်)၊ ကိုရဲလွင်၊ ဦးအုန်း၊ ဦးနိုင်ဖေသိန်းဇြာ၊ ကဗျာဆရာ ညိုသစ်၊ သားထွေး၊ ကဗျာဆရာလူအိမ်၊ အထက်ဗကသ ကိုစန်းယု၊ ရိုးဒီ၊ ခင်မောင်တိုး(မိုးမိတ်)၊ ကောက်နွယ်ကနောင် ၊ ဦးနိုင်ငွေသိမ်း၊စသည်ဖြင့် အများအပြားသော စာပေအနုပညာရှင်တွေ စွန့်လွှတ်စွန့်စားသူတွေ ကို ထားရစ်ခဲ့ရပါပြီ။ အခုအမည်တွေက အခုလေးတင် ခေါင်းထဲဝင်လာတာ ချရေးလိုက်တာပါ။

အမေရိကန်မှာ သူတို့နိုင်ငံရေးခေါင်းဆောင်တွေထဲက ဆီနိတ်တာ မက်ကိန်း၊ သမ္မတ ဘွတ်ခ်ျအကြီးတို့ ကွယ်လွန်ခဲ့ကြတယ်။ သိပ္ပံပညာရှင်ဲ စတီဗင်ဟော့ကင်း ကွယ်လွန်ပါတယ်။ ဒါ့အပြင် အများအပြားသော ခေါင်းဆောင်တွေ ပါရမီရှင်တွေ ကွယ်လွန်ခဲ့ကြတာကိုလည်း ၂၀၁၈ ထဲမှာ ထားခဲ့ကြရပြီ ဖြစ်ပါတယ်။

၂၀၁၈မှာ အဓိကရ အထင်ကရအကြောင်းအရာတွေကို တွေးမယ်ဆိုရင် ဘေးဒုက္ခတွေကြောင့် လူအများအပြား အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ကြရတာကို ပြောရမယ် ထင်ပါတယ်။ မြန်မာပြည်မှာဆိုရင် အကြမ်းဘက်အစွန်းရောက်တွေကြောင့် ဘင်ဂါလီလူမျိုးစုတွေ ထွက်ပြေးကြတယ်၊ အာဖရိကနဲ့ အာရပ်ဒေသမှာဆိုရင်လည်း အကြမ်းဘက်တွေရန်ကြောင့် မူဆလင်နဲ့ အခြားဘာသာဝင်တွေ ဥရောပဆီကို ပြောင်းရွှေ့ခိုလှုံကြပါတယ်။ အမေရိကတိုက်ကြီးတွေဘက်မှာလည်း အကြမ်းဖက်ရာဇ၀တ်ဂိုဏ်းတွေ ဒေသဆိုင်ရာ မငြိမ်သက်မှုတွေကြောင့် မိသားစုတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးနေကြရပါတယ်။ မြန်မာပြည်မှာလည်း ပြည်တွင်းစစ်ကြောင့် လူတွေ အစုလိုက်အပြုံလိုက် ပြေးနေကြရတာပဲ။

၂၀၁၈ မှာ ထိပ်တန်းက နိုင်ငံခေါင်းဆောင်တွေ အချင်းချင်း အငြင်းပွားမှုတွေ နိုင်ငံရေးတိုက်ပွဲတွေလည်း ရှေ့တန်းရောက်လာခဲ့ပါတယ်။ အမေရိကနဲ့ မြောက်ကိုရီးယား၊ အမေရိကနဲ့ အီရန်၊ အမေရိကနဲ့ ဥရောပ၊ အမေရိကနဲ့ မက္ကဆီကို၊ အမေရိကနဲ့ ကနေဒါ၊ အမေရိကန်နဲ့ တရုတ်၊ အမေရိကန်နဲ့ ရုရှား … နိုင်ငံရေးအရ စီးပွားရေးအရ အငြင်းပွားမှုတွေ အကြပ်အတည်းတွေ ရင်ဆိုင်ကြရပါတယ်။ ဗြိတိန်နဲ့ ဥရောပ၊ ဥရောပနဲ့ ရုရှား၊ ဆော်ဒီနဲ့ အုပ်စုကွဲနိုင်ငံများ၊ အီရန်နဲ့ ဆော်ဒီ၊ ဆီရီးယားနဲ့ အခြားနိုင်ငံများ သည်လိုမျိုး သဘောကွဲလွဲမှု အငြင်းပွားမှု အကြပ်ဆိုက်မှုတွေလည်း တွေ့ရပါတယ်။ အငြင်းပွားခြင်းရဲ့ အဓိကအကြောင်းအရင်းကို ကြည့်လိုက်ရင် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ကြတဲ့နေရာမယ် အမျိုးသားရေး မျိုးချစ်စိတ်အရေးကို တဖက်စွန်းဦးစားပေးလာတာတွေကြောင့်များပါတယ်။

၂၀၁၈ ထဲမှာ လူထုတွေကြားထဲမှာလည်း အမုန်းတွေ ရန်လိုမှုတွေ ရှေ့ရောက်ရောက်လာတယ်ဆိုရာမှာ အစက အကောင်းကို သယ်ဆောင်လာတဲ့ ဆိုရှယ်မီဒီယာတွေဟာ အဆိုးမြင်မှု ခွဲခြားမှုတွေ အမှားတရားတွေကို မီးမွှေးလာသလို မီးလောင်ရာ လေပင့်သလိုဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။ အကြမ်းဘက်မှုတွေ မတရားမှုတွေ ရာဇ၀တ်မှုတွေ ဖြစ်ပွားတိုင်း မကောင်းမှုကို ရှုတ်ချ ဆန့်ကျင်မှုနဲ့ တုန့်ပြန်ကြတာထက် အငြင်းပွားတာ၊ ဘက်ရွေးပြီး အစွန်းရောက်ကြတာတွေလည်း ဖြစ်လာကြတယ်။ ဒီလိုမျိုး သွေးခွဲမှုတွေ သံသယတွေကို အဖျက်အမှောက်အုပ်စုတွေ၊ နိုင်ငံတော်တွေ၊ အစွန်းရောက်တွေကိုယ်တိုင်က အသုံးချနေလာကြတာကိုပါ တဆက်တည်း ရိပ်မိကြရပါတယ်။

ရောဂါဘေးတွေ အကြီးအကျယ်ဆိုက်ရောက်တာ၊ ငတ်မွတ်ခေါင်းပါးမှုတွေ ကပ်ဆိုက်တာကို ဆိုးဆိုးရွားရွား မမြင်တွေ့ကြရသော်လည်း သဘာဝဘေးအန္တရာယ်တွေကြောင့် နိုင်ငံတကာမှာ ဘေးရင်ဆိုင်ရတာကို ၂၀၁၈ မှာ တွေ့ကြရပါတယ်။ အမေရိကားက မုန်တိုင်းတွေ၊ တောမီးတွေ၊ အခြားနိုင်ငံတွေမှာ ငလျင်တွေ ဒါတွေကို ပြည်သူတွေ ရင်ဆိုင်ခံစားကြရပါတယ်။

၂၀၁၈ မှာ မီဒီယာတွေ သတင်းသမားတွေလည်း ဘေးသင့်ကြတာပါပဲ။ အမေရိကန်ခေါင်းဆောင်ကိုယ်တိုင်က သတင်းစာမဏ္ဍိုင်ကို မလေးမစား မဖွယ်မရာလုပ်လာတွေက စလို့ ဒေသအသီးသီးမှာ မီဒီယာသမားတွေ ဖိနှိပ်ခံရတာတွေ အများအပြား ဖြစ်ရတယ်။ မြန်မာပြည်မှာလည်း သတင်းစာလွတ်လပ်ခွင့်ဟာ မေးခွန်းထုတ်ခံနေရပါတယ်။ ဒါတွေက ၂၀၁၈ ကို ပြန်လှည့်ကြည့်လိုက်တော့ တရေးရေး သိသာထင်ရှား မြင်မိတာပါ။

၂၀၁၈ ထဲမှာ အကောင်းမြင်စရာ တက်ကြွ လှုပ်ရှား အားအင်ရှိစရာတွေကော ဘာတွေများ ရှိမလဲလို့ ပြန်တွေးနေမိပါတယ်။ ဘောလုံးပွဲတွေ၊ ကမ္ဘာဖလားပွဲတွေ၊ အိုလံပစ်တွေ၊ အားကစားပွဲတွေမှာ ပရိသတ်က ပျော်ရွှင်ဝမ်းသာ အားပေးကြရသော်လည်း တာရှည်မခံပါ။ အားကစားအဖွဲ့ချုပ်တွေရဲ့ မသမာမှုတွေ၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု သတင်းတွေက ရှေ့ရောက်လာပြန်တယ်။ လူတွေကို မျော်လင့်ချက်တွေ အကောင်းမြင်စိတ်တွေနဲ့ တက်ကြွ အားဖြစ်စေတဲ့ ခေါင်းဆောင်တွေ ပညာရှင်တွေ ပေါ်ထွန်း ရှေ့ရောက်လာတာလည်း သိပ်မမြင်ကြရဘူးလို့ ပြောရမလိုပါ။

အမေရိကမှာတော့ လေယျာဉ်အင်ဂျင်တလုံး မီးပေါက်ကွဲတဲ့ကြားက အားလုံးကို ဘေးမခအောင် ဆင်းသက်နိုင်တဲ့ အမျိုးသမီးလေယျာဉ်မှူးက အားရစရာ တခုပေါ့။ သဘာဝဘေးအန္တရယ်တွေကြားက လူတွေကို အသက်စွန့်ကယ်ဆယ်ကြတဲ့ မီးသတ် ရဲ ကြက်ခြေနီ အညတရသူရဲကောင်းတွေ ရှိနေသေးတာပေါ့။ နည်းပညာတွေ ဖုန်းတွေ စမတ်ပစ္စည်းတွေက စားသုံးသူတွေကို အများကြီး ဆွဲဆောင်ထားကြတော့ လူထဲက လူတွေအကြောင်းကို ကျနော်တို့ ပြောကြဆိုကြ အားကျ အတုယူ ဂုဏ်ယူကြဖို့ နဲနဲတော့ မေ့ကြတယ် ထင်မိပါတယ်။ အေး ဒါက ရှယ်လို့ ကောင်းတယ်ဟေ့၊ လိုက်ခ်ပေးလိုက်ဟေ့၊ ငါ့ပို့စ်တွေ လိုက်ခ်တွေ ရှယ်တွေ ဘယ်လောက် များပြီလဲဟေ့ ဆိုတာနဲ့ နစ်မနေကြ ကောင်းတာပေါ့ဗျာ။

မြန်မာပြည်မှာကတော့ အသက်ရှုချောင်ရမယ်လို့ မျော်လင့်နေလို့မှ စကားမဆုံးသေးဘူး … အကြပ်အတည်းတွေက လူတွေ စကားဝိုင်းထဲမှာ တလည်လည်နဲ့။ ကားကြပ်တာ၊ ၀န်ထမ်းတွေ လာဘ်စားတာ၊ တရားရေးမဏ္ဍိုင် မခိုင်မြဲတာ၊ ဒေါ်လာဈေးတက်၊ စစ်ပွဲတွေ မရပ်နိုင်တာ၊ စီမံကိန်းတွေ ၀န်ပိလာတာ၊ ပတ်ပို့လျောက်တာ လူတန်းရှည်ကြီး၊ ငွေအတုတွေ၊ မူးယစ်ဆေးဝါး၊ လူသတ်မှုတွေ …။ တကယ်တန်းပြောရရင် ၂၀၁၈ မှာ မသေချာ မရောမှုတွေက နိုင်ငံတကာမှာပါ ပြန့်နှံ့နေတာလို့ ဆိုနိုင်ပါတယ်။ အဆိုးမြင်တဲ့ အသံတွေ ကျယ်ပြီး အကောင်းမြင်တဲ့ အသံတွေ နည်းနေသလား ထင်မိတယ်။ ဥပမာ အခု ဆောင်းပါးလိုမျိုးပေါ့။ ကောင်းကွက်တွေလည်း မပါဘူး။

အဲသလိုပြောတော့ ၂၀၁၈ မှာ ကျန်ရစ်ခဲ့တဲ့ မက်ကိန်းတို့ ဘွတ်ခ်ျအကြီးတို့ဟာ မကောင်းတွေကြားထဲက အကောင်းတွေကို ချီတက်ဖို့ သင်္ကေတတွေ ထားခဲ့ပါတယ်။ မက်ကိန်းက အမေရိကားဆိုတာ အဆိုးမြင်သူနဲ့ ဖွဲ့ထားတာမဟုတ်ဘူးလို့ ပြောခဲ့တယ်၊ ဘွတ်ခ်ျအကြီးကတော့ အားလုံးအတူတူ လက်တွဲလုပ်ကြဖို့ အကောင်းမြင်စကား ပြောခဲ့ပါတယ်။ စတီဗင်ဟော့ကင်းကလည်း မဆုံးနိုင်တဲ့ လေ့လာသင်အံနေကြဖို့ ကိုယ့်ခြေရာခွက်လေးထဲကနေ ကျော်ပြီး စကြာဝဠာကို ဖြန့်ကြည့်ဖို့ စကား ထားခဲ့ကြတာပါပဲ။ ကိုအောင်ပွင့်ကလည်း ငြိမ်းချမ်းရေးဆိုတာ ကိုယ့်ရင်ထဲက စတင်ကြရတာလို့ ပြောခဲ့တာပဲ။ မီးမီး (၈၈ မျိုးဆက်) ဆိုတာ နောက်ဆုံးအချိန်ထိ အများပြည်သူအတွက် အချိန်တွေ ပေးပြီး အပြုံးမပျက် ပေးဆပ်သွားခဲ့တဲ့ သူပါ။

သို့သော် ကောင်းတာတွေ ပြန်ကြည့်တော့ တနေ့က သမ္မတဟောင်း အိုဘားမား လက်ဆောင်ထည့်ထားတဲ့ အ၀တ်အိတ်ကြီးထမ်းပြီး ဆေးရုံထဲကို ၀င်လာ၊ လူနာကလေးတွေကို လက်ဆောင်တွေ လိုက်ပေး၊ အားပေးစကားပြော၊ ဆေးရုံတရုံလုံး ပျော်ရွှင်ကြ၊ ရုပ်သံကို ကြည့်ရသူ ပရိသတ်တွေလည်း ၀မ်းမြောက် ရွှင်လန်းကြ … ဒါဟာ ကောင်းတဲ့ မြင်ကွင်းပါ။ မြန်မာပြည်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စာတတ်သူတိုင်း စာဖတ်ဖို့ ကလေးတွေအတွက် စာအုပ်တွေ ရှိဖို့ ညီလာခံကြီးကနေ ပြောကြားတယ် ဆိုတာလည်း ကြားရသူ ပရိသတ်အတွက် မင်္ဂလာတမျိုးပါ။ လူကြီးတွေက သူတို့စိတ်ညစ်တာတွေချည်း ရှေ့တန်းတင်နေကြတော့ ကိုယ့်ကလေးတွေ ပျော်ရွှင်ကျန်းမာဖို့ မေ့သလို ဖြစ်နေတာကို သတိပေးလိုက်တာ မဟုတ်လား။

၂၀၁၈ မှာ ကွယ်လွန်သွားတဲ့ ချစ်ခင်လေးစားသူတွေကို ထားရစ်ခဲ့ရပါပြီ။ ၂၀၁၈ မှာ အဆိုးတရားတွေကို ချန်ထားရစ်ခဲ့ချင်ပါပြီ။ နောက်နှစ်ကို ၂၀၁၉မှာ အကောင်းတရားတွေနဲ့ ဆက်ပြီးသာ ချီတက်ချင်ပါတော့တယ်။ ၂၀၁၈ မှာ သူတို့ကို ထားရစ်ခဲ့ကြရအောင်ပါ ခင်ဗျား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts