သူတို့အာဘော် မောင်ရစ်

မောင်ရစ် – ၂၀၀၈ အလွန် ၁၀နှစ် ကြာလတ်သော်

မောင်ရစ် – ၂၀၀၈ အလွန် ၁၀နှစ် ကြာလတ်သော်

(မိုးမခအယ်ဒီတာ့လက်ရေး) ဒီဇင်ဘာ ၁၊ ၂၀၁၈

၂၀၀၈ မေလ နာဂစ်မုန်တိုင်းအလွန်မှာ ပြည်သူ့ဆန္ဒခံယူပြီး အတည်ပြုခဲ့တဲ့ မြန်မာပြည်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ပါ။ ခုဆိုရင် အတည်ပြုပြီးတာ ၁၀ နှစ် ကျော်ခဲ့ပါပြီ။ မည်သို့ပင် အငြင်းပွားဖွယ်ရာများ ရှိစေကာမူ သူ့ရဲ့ အရိပ်အောက်မှာ မြန်မာပြည်ကြီး ဆက်ရှိနေပါတယ်။ အစိုးရ နှစ်ဆက်တိုင်ခဲ့ပါပြီ။ ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး ပြောင်းလဲရေးတွေလည်း မည်သို့ပင် အသံပြုနေ လုပ်ကိုင်နေကြသည်ဖြစ်စေကာမူ ၂၀၀၈ အခြေခံဥပဒေနဲ့ မြန်မာပြည်အခြေအနေအ၀၀တို့သည် new normal ပုံမှန်အသစ်နဲ့ အလုပ်ဖြစ်နေတယ်လို့ ပြောလို့ ရလေမလား တွေးမိနေမိပါတယ်။

၂၀၀၈ အခြေခံဥပဒေ အတည်ပြုခဲ့စဉ်ကာလ အတိုက်အခံလူထုရဲ့ ဆန့်ကျင်မှုတွေ ရင်ဆိုင်ခဲ့ရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကျင်းပကြတော့လည်း စစ်အစိုးရထောက်ခံတဲ့ ပြည်ခိုင်ဖြိုးပါတီက အင်အားအသာနဲ့ အနိုင်ရခဲ့ပြီး အတိုက်အခံပါတီများ (ဒီချုပ်ပါတီ အပါအ၀င်) ၏ ကန့်ကွက်မှုတွေ ဆန့်ကျင်မှုတွေကို ဖြတ်သန်းခဲ့ရပါတယ်။ သည်လိုနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီချူပ်ပါတီနဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ၀င်ရောက်လာခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီးမှာတော့ဖြင့် အတိုက်အခံပါတီကြီးဖြစ်တဲ့ ဒီချူပ်ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရ လွှတ်တော်ထဲဝင် အစိုးရဖွဲ့နိုင်ခဲ့ပါတယ်။ သည်တော့ ရွေးကောက်ပွဲကြီး ၂ပွဲကို အောင်မြင်စွာ ဖြတ်သန်းနိုင်စေခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေကြီးက တယ်ဟုတ်ပါလားလို့ တွေးချင်စရာပါပဲ။

အသေးစိတ်အချက်အလက်တွေကို ထုတ်ကြည့်ကြမယ်ဆိုရင် ပြည်သူလူထုရဲ့ ပြင်းပြတဲ့ဆန္ဒ၊ အတိုက်အခံပါတီ အင်န်အယ်ဒီအပေါ် ကြီးမားတဲ့ ထောက်ခံယုံကြည်မှု၊ ပြည်တွင်း ပြည်ပက စောင့်ကြည့် ၀န်းယံကြတဲ့ တက်ကြွလှုပ်ရှားသူများ၊ အဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများ၏ ဖိအား တွန်းအားတွေက အများကြီး အရေးပါတယ်လို့ ဆိုနိုင်တဲ့အပြင် စစ်အစိုးရအဖြစ် တောက်လျောက် အုပ်စိုးလာခဲ့တဲ့ တပ်မတော်အစုအဖွဲ့ကြီးနဲ့ ကျောထောက်နောက်ခံများရဲ့ အလှည့်အပြောင်းတွေကလည်း အဓိကကဏ္ဍတွေကနေ ပါတယ်လို့ ပြောနိုင်မယ် ထင်ပါတယ်။ အတိုက်အခံတွေတင်သာမက အာဏာ လက်နက်ချုပ်ကိုင်ထားတဲ့ စစ်အုပ်စုနဲ့ တပ်မတော်အင်အားစုတို့ကိုယ်တိုင်ပါ ၂၀၀၈ အခြေခံဥပဒေကြီးအပေါ် များစွာသော ကိုးစားမှုနဲ့  turn the corner လမ်းတဆစ်ချိုး ကြည့်ခဲ့ကြတယ်လို့ ဆိုချင်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ ရလဒ်နဲ့ အာဏာလွှဲပြောင်းမှု ချောမွေ့စေရေးကို အားလုံးက ရင်မ စိုးရိမ်ပြီး စောင့်ကြည့် သတိကြီးစွာ နေထိုင်ခဲ့ရကြတာတွေဟာ ဖြတ်သန်းသူတွေ အားလုံးစိတ်ထဲမှာ ခုချိန်အထိ ပူနွေးနေဆဲဖြစ်တယ်၊ အေးစက်မသွားသေးဘူးဆိုတာတော့ သေချာပါတယ်။ အဲသည်တုန်းကအဖြစ်ကို ဘောလုံးပွဲနဲ့ ဥပမာပေးပြီး ရေးရရင် အခက်အခဲ အတားအဆီး အနှောက်အယှက်တွေ အမျိုးမျိုးကြားထဲကနေ ဗိုလ်လုပွဲတော့ ပြတ်ပြတ်သားသားအနိုင်ရပါရဲ့ … ပွဲစီစဉ်သူတွေ ပွဲစပွန်ဆာတွေက ဒိုင်လူကြီးတွေက ပြည်ထောင်စုဖလားကို လွတ်လွတ်ကျွတ်ကျွတ် လွှဲပေးပါ့မလား ဆိုတာပါ။ ၂၀၀၈ အခြေခံဥပဒေကြီး၏ အလိုအရ ပြည်ထောင်စုဖလားကို အတိုက်အခံအင်န်အယ်ဒီ ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိနိုင်ခဲ့တယ် ဆိုကြပါစို့။

သည်လိုနဲ့ ၂၀၀၈ အခြေခံဥပဒေကြီး ရှင်သန်ပြီး မြန်မာပြည်သူတွေနဲ့ အတူတကွ ယှဉ်တွဲ နေထိုင်ခဲ့သည်မှာ ၁၀ နှစ် ကျော် ကြာလတ်သော် … ဘယ်လိုများ စခန်းတွေ လမ်းတွေ ရောက်နေပြီလဲလို့ ပြန်ကြည့်ခဲ့သည် ဆိုကြပါစို့။ ဘယ်လိုများ ဖြစ်နေကြပြီလဲ။

ပြည်ထောင်စုလွှတ်တော်ကြီးမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေ အပြိုင်းအရိုင်းနဲ့ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေကလည်း တသွေးတမွေးနဲ့ ဖြစ်နေကြပါပြီ။ လူမှုအဖွဲ့အစည်းတွေ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ စောင့်ကြည့်အဖွဲ့တွေ ပညာပေးအဖွဲ့တွေကလည်း လွှတ်တော်ပြင်ပမှာ အမြောက်အများ တက်ကြွလှုပ်ရှားနေကြပါပြီ။ အစိုးရဆိုတာမှာလည်း ၀န်ကြီးတွေ ဒုဝန်ကြီးတွေ အတွင်းဝန်တွေ အစိုးရအဖွဲ့ဝင်တွေနဲ့ စည်ကားသက်ဝင်လို့ နေကြပါပြီ။ စာနယ်ဇင်းတွေ စာပေလောကတွေမှာလည်း ရုန်းကန်မှုတွေ အကြပ်အတည်းတွေ မည်သို့ပင် ရှိစေကာမူ တက်ကြွလှုပ်ရှားမှုတွေကလည်း အရှိန်ကျသွားတယ်လို့ မရှိသေးပါ။ ပြည်တွင်းငြိမ်းချမ်းရေး ပင်လုံလှုပ်ရှားမှုကြီးကလည်း စီးဆင်းမြဲ စီးဆင်းနေဆဲ မဟုတ်ပါလား။ စီးပွားရေးနယ်ပယ် ပညာရေးနယ်ပယ် နယ်ပယ်အသီးသီးမှာလည်း ခရိုနီတွေနဲ့ နင်လားငါလား ကစားသမားအသစ်တွေ အငယ်တွေနဲ့ နယ်တွေ ကျယ်သည့်ထက် ကျယ်လာသလိုပါပဲလား။ သည်လိုဆိုတော့ဖြင့် ခင်ဗျားတို့ ၂၀၀၈ အခြေခံဥပဒေကြီးက လှုပ်သာ လူးသာ လွန့်သာ ရှိနေလို့ပါလားလို့ ပြောချင်စရာပါ။

ဒီလိုမျိုးရေးလိုက်တော့ ပြုံးသူက ပြုံးသလို မျက်ကြောရှုံ့သူက ရှုံ့ကြပါလိမ့်မယ်။ ပြောချင်တာက မမြင်ရတဲ့ glass ceiling ဆိုတာပါ။ အမျိုးသမီးတွေ တန်းတူရေးအတွက် လှုပ်ရှားကြတော့ အမေရိကမှာ ပြောကြတဲ့ ဆိုရိုးပါ။ ဘယ်လောက်ပဲ မိန်းမတွေ တော်တော် ယောက်ျားတွေနဲ့ တန်းတူနေရာ ဘယ်တော့မှ မရဘူးတဲ့။ မိုးထိအောင် လှေကားထောင်၊ လမ်းလယ်ကောင်မှာ ဖောက်ထွက်လို့မရတဲ့ မှန်မျက်နှာကြက်ကြီးက ခံနေပါသတဲ့။ အဲသည် မှန်ကြီးကို ဖောက်ခွဲထိုးဖောက်ပြီး ထွက်ကြမှ မိန်းမတွေ ထိပ်တန်းရောက်ကြလိမ့်မယ်လို့ ပြောလေ့ရှိကြတာပါ။ ၂၀၀၈ အခြေခံဥပဒေကြီးက ကျနော်တို့ မြန်မာနိုင်ငံသားတွေအားလုံး တန်းတူညီမျှ အတူတကွ ငြိမ်းချမ်းစွာ နေထိုင်ရှင်သန်နိုင်ရေးအတွက် glass ceiling ကြီးလိုမျိုး မမြင်ရတဲ့ အတားအဆီးလို ဖြစ်နေတယ်လို့ မထင်ကြလေဘူးလား။

အခု ၂၀၁၈ လွန်မြောက်လို့ ၂၀၁၉ တောင် ရောက်ပါတော့မယ်။ ၂၀၀၈ အခြေခံဥပဒေကြီးလည်း သက်တမ်း ၁၀ နှစ်ကျော်လာခဲ့ပါပြီ။ ကျနော်တို့တတွေ ၂၀၀၈ မတိုင်ခင်က ဘောလုံးပွဲ ကန်သလို ကန်ခဲ့ကြတာမျိုး ပြောရရင် ကျနော်တို့တွေ အားလုံး တသင်းတည်းစုပြီးတော့ ပြည်ထောင်စုဒိုင်းအတွက် ကန်ခဲ့ကြတာ။ အခုတော့ ကျနော်တို့မှာ ကန်စရာ ဒိုင်းပွဲတွေ ဖလားပွဲတွေက အတော်များနေပါပြီ။ ရွေးကောက်ပွဲဖလား၊ လွှတ်တော်ဖလား၊ ပြည်နယ်နဲ့တိုင်း ဖလား၊ စာနယ်ဇင်းဖလား၊ တက်ကြွလှုပ်ရှားသူများဒိုင်း၊ စီးပွားရေးသမားဒိုင်း၊ ပင်လုံငြိမ်းချမ်းရေးဖလား၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖလားတွေ … မျိုးချစ်သူများဒိုင်းတို့ အစွန်းရောက်ဖလားတို့ နဲ့ … နယ်ပယ်အသီးသီးမှာ ဖလားတွေ ဒိုင်းပွဲတွေ အတော်များကုန်ကြပါပြီ။ ကျနော်တို့တွေလည်း ပန်းတိုင်းပွင့်ကုန်ကြတော့ နေရာတကာမှာ လူတွေ အုပ်စုတွေ ခွဲပြီး ဖလားပွဲတွေ ဒိုင်းပွဲတွေ ၀င်ကန်နေကြရသူတွေ ဖြစ်ကုန်ပြီလို့ ထင်မိတော့တာပါပဲ။

၂၀၀၈ အခြေခံဥပဒေကြီးကတော့ ကျနော်တို့ကို ပြုံးပြုံးကြီး အပေါ်စီးကနေ ကြည့်နေမယ် ထင်ပါတယ်။ ဟိုလူတွေ ဟိုအုပ်စုကလည်း ပြုံးနေကြမယ် ထင်တာပါပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts