ဝတ္ထုတို မြန်မာပြည်တွင်း

သန်းတင့် – စက်ဘီးဆိုင်

စက်ဘီးဆိုင်
သန်းတင့်
(မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၈

အရက်ကို ခုံမင်နှစ်ချိုက်စွာသောက်နေတတ်သော ဆရာသမားတဦးက ပထမဆုံးနေ့မှာအရက်ကို သူ တကယ်သောက်ခဲ့တာဖြစ်ပြီး နောက်နေ့များမှာ ခေါင်းကိုက်ဖြေနေခြင်းသာဖြစ်ကြောင်းပြောပြခဲ့ဖူးသည်။ ဟိုနေ့ကသောက်တာ ဒီနေ့ဖြေ၊ ဒီနေ့ဖြေသည့်ကိစ္စက မနက်ဖြန် ခေါင်း ကိုက်ပြန်တော့ မနက်ဖြန် တခါထပ်ဖြေရပြန်၊ ဒီလိုနှင့်သာ ယခုအထိ ဆက်သောက်နေရပါကြောင်း ပြောချင် ခနဲ့ချင်ပုံရသည်။

ကြားမိစက ပြောလည်းပြောတတ်သူဟု စိတ်ထဲတွေးကာ ပြုံးလိုက်မိ၏။ ထိုစကားကို သာမန်ရယ်စရာ အပျော်အပျက်သဘောသာ အမှတ်ရနေမိတတ်သော်လည်း စက်ဘီးအရောင်းဆိုင်လေးတဆိုင်ကို မြို့တော်ကြီး၏ဆင်ခြေဖုံးရပ်ကွက်တခုတွင်ဖွင့်ဖြစ်ခဲ့ပြီးသည့်နောက် စဉ်းစားဆင်ချင်စရာများရှိလာခဲ့ရ သည်။

ဈေးရောင်းသောအလုပ်၊ အထူးသဖြင့် စက်ဘီးရောင်းသောအလုပ်မှာ ကျွန်တော်နှင့်ဘယ်လိုမှ မရင်းနှီးမကျွမ်းဝင်သော အလုပ်တခုဖြစ်ပါသည်။ တခြားလုပ်ခဲ့ဖူး သမျှ အလုပ်အကိုင်များနှင့် ငတ်တလှဲ့ပြတ်တလှဲ့ ခြေသလုံးအိမ်တိုင်အခြေအနေမှသည် ဒီလိုလေးတော့ဖြင့် စမ်းလုပ်ကြည့်ဦးမှပါလေဟူသော သဘောမျှ သာဖြစ် သည်။ ဂျပန်ပြည်မှာအသုံးပြုပြီးသား ‘ဂျပန်ကျ’ စက်ဘီးဟောင်းလေးများကို ကွန်တိန်နာများဖြင့် မှာယူ၊ ကိုယ့်ဆိုင်ရာက်လျှင် ပြုပြင်တန်တြာ ပြုပြင်၊ ဆေးရောင်ထပ်တင်သည့်အခါထပ်တင်၊ ကိုယ့်ရေမြေ နှင့်မကိုက်ညီသည်များကို နှုတ်ပယ်ပစ်သည့်အခါ နှုတ်ပယ်၊ ထိုသို့ဖြင့် ကျွန်တော့် သံသရာတဆစ်ကို ချိုးဖြစ်ခဲ့၏။

ပထမရောင်းစအချိန်များမှာ ကိုယ်တိုင်ကြိုက်သည့် ကျွန်တော်ကိုယ်တိုင် လှသည်ဟုထင်သည့်စက်ဘီးကလေးများကို ကိုယ့်စိတ်ကြိုက်ပြုပြင်ရောင်းချဖြစ်ခဲ့သော်လည်း နောက်ပိုင်းအချိန်များတွင် အရပ်ဒေသအကြိုက် ဝယ်ယူသူများ၏လိုအပ်ချက် တောင်းဆိုသံများအရသာ ကျွန်တော့စက်ဘီးဆိုင် ကလေးနေ့ပေါင်းများစွာလည်ပတ်နေရသည့်အဖြစ်ကို သတိထားဖြစ်လာရသည်။ ကျွန်တော်ရောင်းနေသောတချို့စက်ဘီးများကို ကျွန်တော်ဘယ်လိုမှမကြိုက်ပါ၊ တချို့လာရောက်ဝယ်ယူသူများကိုလည်း ကျွန်တော်ဘယ်လိုမှကြည့်မရပါ။ သို့သော် ကျွန်တော် ခေါင်းကိုက်ဆက်ဖြေရန်လိုအပ်ပါသည်၊ ပထမဆုံးနေ့က တကယ်စက်ဘီးရောင်းဖြစ်ခဲ့တာသေချာကြောင်းကိုတော့ ဝန်ခံရပါသည်။

ပတ်ဝန်းကျင်လည်း မညစ်ညမ်းဘူး၊ ကျန်းမာရေးလည်းဖြစ် ယဉ်ကြောပိတ်ဆို့မှုအတွက်လည်းအဆင်ပြေ… စသဖြင့် ကျွန်တော့ဆိုင်လေးကို ကြော်ငြာနေတတ်၊ ကိုယ်တိုင်လည်း ကိုယ့်လုပ်ငန်းလေးကို ဂုဏ်ယူနေတတ်သော်လည်း တခါတလေ ဒဏ်ရာအသစ်များ ကြည်နူးမှုအသစ်များ၊ တချို့နေ့ရက်များ ဆိုပါက ခေတ်ကြီးတခေတ်လုံးကျွန်တော့ဆိုင်လေးထဲကို လှိမ့်ဝင်လာသည်များပင် ကြုံခဲ့ဖူးပါသည်။

တခါက ပြိုင်ဘီးတစီးလိုချင်ကြောင်း ညီလိုသူငယ်ချင်းလိုတယောက်က  ရပ်ဝေးမှလှမ်းမှာသည်။ သူနှင့်ကိုက်ညီမည့်စက်ဘီးကို ကျွန်တော်ကိုယ်တိုင်ရွေး ချယ်ထည့်ပေးပါဆိုသောအခါ သူ့နှလုံးလမ်းကြောင်းတွင် ကန့်လန့်တိုက်နေသောကျွန်းများအကြောင်းကို ကျွန်တော်က သိထားသူ ပီပီ အသည်းကွဲအရောင် စက်ဘီးနီနီလေးနှင့် စာတစောင်ပါထည့်ပေးလိုက်ခဲ့ဖူးပါသည်။ စာထဲတွင် ကျွန်တော်သည် ကဗျာနှင့်စက်ဘီးလေးများပြု လုပ်ရာတွင် သစ္စာရှိကြောင်း၊ ကဗျာရေးသည့်လက်များနှင့်ပင် စက်ဘီးလေးများကိုပြုလုပ်ထားသည်မို့ လွင့်မျောဖွယ်အထိအတွေ့အာရုံခံစားမှုကိုပေး လိမ့်မည်ဖြစ်ကြောင်း၊ အိပ်မက်ဟုဆိုလိုက်ပါက ချိုအီဆွတ်ပျံ့ဖွယ်ညများဆီသို့၊ ပန်ခင်းဟုဆိုလိုက်ပါက နှင်းဆီပင်များအနားသို့ ပင်လယ်ဟုသာ စီးရင်းနင်းရင်းတမ်းတကြည့်လိုက်လျှင် လှိုင်းသံတွေအတိုင်းသားကြားလာရစေ့မည့်အကြောင်း၊ ကျွန်တော့်စက်ဘီးများကိုစီးပြီး မည်မျှကြမ်တမ်းသည့် မြိုင်ခြေကန္တာရ ကိုဖြတ်နင်းမိသည်ဖြစ်စေ အားလုံးချစ်သူလမ်းကြားတွေသာပဲဖြစ်နေဖို့အာမခံပါကြောင်း၊ကယ်ရီယာခုံမပါသည့်စက်ဘီးကိုရွေးချယ်ဝယ်ယူသူများ၏ အထီးကျန်မှုကိုနားလည်ပါသော်လည်း လွမ်းဆွေးငိုယိုနေတတ်သော ဘဲလ်လေးတလုံးကို ထပ်ထည့်ပေးလိုက်သည့်အတွက် ခွင့်လွတ်ပါရန်အကြောင်း၊ နောက် တကြိမ်ထပ်ပြီး ကိုယ့်အသည်းကိုခွဲမယ့်သူတွေ ဘေးဖယ်ဟေ့ဟု  ထိုဘဲလ်လေးမှ အော်ပေးလိမ့်မည်ဖြစ်ကြောင်း စသဖြင့်ပါဝင်ခဲ့သည်။ ဘဲလ်သံလေးတွေ ကလင်ကလင်ဖြစ်နေမှာတော့ သေချာလှပါသည်။

မှတ်မှတ်ရရ တခုသောဆယ်တန်းအောင်စာရင်းများထွက်ပြီးနောက်တရက်တွင် သမီးနှစ်ယောက်နှင့်အဖေဖြစ်သူ ပေါင်းသုံးယောက်တို့ စက်ဘီး ၂ စီးလာဝယ်ကြသည်။ သမီး (၂) ယောက်ကို စက်ဘီးတယောက်တစီးဝယ်ပေးရာတွင် သိန်းကျော်တန်အကောင်းစားတစီးနှင့် လေးသောင်းတန် ခပ်ညံ့ညံ့ ရုပ်ဆိုး ဆိုးစက်ဘီးတစီးဝယ်ယူသဖြင့် လိုအပ်သည်များ ကျွန်တော်တပ်ဆင်ပေးနေချိန် သူတို့ပြောနေသောစကားများအရ သမီး ၂ ယောက်လုံး ဆယ် တန်းဖြေရာတွင် တယောက်မှာ ဂုဏ်ထူးနှစ်ဘာသာနှင့်အောင်၍ နောက်တယောက်မှာ စာမေးပွဲရှုံးကြောင်းသိရ၏။

ရှုံးသောကောင်မလေး၏အမည်မှာ စက်တင်ဘာဟုခေါ်သံကြား၍ ကျွန်တော်က စက်တင်ဘာရေ နောက်နှစ်အောင်ရင် သမီးအစ်မလို အကောင်းစားကြီး စီးရမှာ ပေါ့ ကြိုးစားကွဆိုတော့ အဲဒီတသိန်းကျော်တန်ဘီးက ရှုံးတဲ့လူအတွက်လေ၊ အောင်တဲ့လူက လေးသောင်းတန်ကိုပေးမှာဟု အဖေလုပ်သူပြောသည်ကို မင်တက် မိစွာ ကျွန်တော်နားထောင်နေဖြစ်ခဲ့သည်။

ရှုံးလို့အားငယ်နေတဲ့သူကို အားပေးရမယ်လေဗျာ၊ ဒီလိုမှမဟုတ်ရင် တအားသိမ်ငယ်သလို သူခံစားသွားရမှာပေါ့ ဟုဆက်ပြောပြနေသည်။ ရှုံးရှုံးအောင်အာင် ကျွန်တော့သမီးတွေကြီးပဲ၊ တခြားသူရဲ့သမီးတွေမှမဟုတ်တာဟုဆက်ပြောလိုက်သည့်အခိုက် အဖေ့ခါးကိုကျစ်ကျစ်ပါအောင် တဖက်တယောက်ဖက်ထား ကြသော ကလေးနှစ်ယာက်နှင့်အဖေဖြစ်သူတို့ကို ကျွန်တော်ဘာမှဆက်ပြောတတ်တော့ပါ။

ထိုနေ့က စက်တင်ဘာတို့သားအဖတတွေ ကျွန်တော့ကို ကျမ်းစာမဲ့သင်ခန်းစာများအား နှုတ်တိုက်သင်ပြသွားခဲ့ကြပါသည်။ မြင်းမိုရ်တောင်တက်လမ်းမှ သုံးရာသီ သီးပွင့်သောပန်းများအကြောင်းပင် ခမ်းနားတင့်တယ်စွာ ပါဝင်ခဲ့ကြသည်။

စက်ဘီးတစီးဝယ်ချင်ဟန်ဖြင့် တွန့်ဆုတ်ဆုတ်လူတယောက် ဆိုင်ထဲကိုရောက်လာခဲ့သည့် နွေရက်တရက်လည်း ရှိခဲ့ဖူးပါသည်။ ဆိုင်ထဲတွင်ခင်းကျင်းထားသမျ ဒီဟာကတော့ ပြိုင်ဘီးပါ ဂီယာနှစ်ဆက်တချက် ထိုင်ခုံအီတာလျှံ၊ ဒါကဖြင့် မောင်းတိန်းဘီး၊ ဘော်ဒီအလွိုင်း ဖောက်က ကာဗွန်ဖောက်၊ ဒီဖက်က ဘရစ်စတုန်း ဈေးကြီးပေမဲ့ သိပ်လှသိပ်ခိုင်၊ဟောဟို ကာလာအနုဖန်စီဘီးလေတွေရောကြိုက်တယ်မဟုတ်လား၊ ချစ်စံအိမ်ကိုရီယားကားထဲမှာ ရိန်းနဲ့အွန်စောစီးတဲ့ဟာမျိုးလေး တွေပေါ့..စသဖြင့် ကမ္ဘာ့ဈေးကွက်အထိ ကျွန်
တော်အစွမ်းကုန်ဖွင့်ပြခဲ့ဖူးသည်။ ကျွန်တော်ပြန်လှည့်ကြည့်မိချိန်အထိ သူ့ထံမှဘာစကားမှထွက်မလာ။ 
တော်တော်ကြာကြာစောင့်နေပြီးနောက် အဝေးတနေရာမှ ပျပျသဲ့သဲ့ကြားရသည့်အသံမျိုးဖြင့် သူက ကျွန်တော့်အနီးကပ်၍ ပြောပါ သည်။ မနက်ပိုင်း သူ့သမီးနှင့်သားကို ကျောင်းပို့ရန်ဟုဆိုသည်။ ပြီးလျှင် စားသောက်ဆိုင်များမှစွန့်ပစ်သော စားကြွင်းစားကျန်များကို ပလစတစ်ပုံးတဖက်တလုံး ကယ်ရီယာခုံပေါ်ချိတ်၍ သယ်ရမည်။ သူ့မွေးထားသောဝက်များအတွက် အစာဟုဆိုပါသည်။ ထို့နောက် နေ့လည်ပိုင်းတွင် ထိုစက်ဘီးလေးနှင့်ပင် အုန်းမွှေးလုံးကို ရပ်ကွက်ထဲ၌ တလမ်းဝင်တလမ်းထွက်ရောင်းရင်း မောင်တထမ်း ထမ်းပါဦးမည်။

ညနေစောင်းအချိန်တွင်တော့ ကိုရီးယားအကင်ဆိုင်ရောင်းသည့် သူ့မယ်တရွက်အတွက် ပစ္စည်းတွေသယ်၍ ညဈေးကိုပို့ပေးရန်လည်း လိုအပ်သည့်အကြောင်း
ထပ်မံဖြည့်စွက်လာပြန်ပါသည်။ ကျွန်တော်စိတ်ဝင်တစားနားထောင်ပေးရင်း သူ့စကားဆုံးပြီအထင်ဖြင့်ခေါင်းမော့ကြည့်လိုက်ရာ နွေတွင်ရေရှားချိန်ရေခတ်ရန်နှင့် သူ့မိန်းမဖက်မှ အမျိုးများငှားစီးသည့်အခါ အပျက်အစီးနည်းချင်သေးကြောင်းအပါအဝင် ဈေးအသက်သာဆုံး ဘီးလေးတစီးလောက်လိုချင်ပါကြောင်းတို့ဖြင့် သူ့လိုအပ်ချက်ကိုအနားသတ်လိုက်သည်။

ထိုအရာများမှာ သူ့လိုအပ်ချက်များဖြစ်သလို ကျွန်တော်တို့လိုအပ်ချက်များလည်းဖြစ်ကောင်း ဖြစ်ပါလိမ့်မည်။ မြင်းကပါအရပ်၌ စုက္ကတေးကိုထိုးစိုက်ခဲ့သော
အနော်ရထာ၏လှံချက်သည်ပင် လိုအပ်ချက်များရှိ နေနိုင်ပါသည်။ ထားလျှင်လည်းသေချင်သည် သတ်လျှင်လည်း သေချင်သည်ဆိုသော ဗျည်းနွဲ့၏ သစ္စာတရား၌ လည်း လိုအပ်ချက်များရှိနေနိုင်ပါသည်။

ချစ်တာအပြစ်လားဗျာဟူသည့်စကားလေးတခွန်းကြောင့် နယ်နှင်ဒဏ်ခံခဲ့ရသော လက်ဝဲသုန္ဒရခေါ်ကို မြတ်စံ၏အလွမ်းများသည်လည်း လိုအပ်ချက်တချို့ ရှိနေနိုင် ပါသည်။ ဒိုင်အာခီတို့ ခွဲရေးတွဲရေးတို့မှအစ၊ ကရင်တကျပ်ဗမာတကျပ်အလယ်၊ ကိုယ်တိုင်ရေးဖွဲ့စည်းပုံအခြေခံဥပဒေဝတ္ထုကြီးအထိ အားလုံးလိုအပ်နေသေးသည် လား ကျွန်တော်သိချင်နေမိသည်။ အဆင်ပြေမပြေကိုမေးမြန်းချင်သော်လည်း ဝယ်သွားသည့်စက်ဘီးလေးနှင့်သူ့ကို ကျွန်တော်နောက်ထပ်ပြန်မတွေ့မိတော့ပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts