မောင်မောင်စိုး ● တတိယအကြိမ် ၂၁ ပင်လုံကို အနီးကပ်ကြည့်ရှုခြင်း – အပိုင်း (၃)

မောင်မောင်စိုး ● တတိယအကြိမ် ၂၁ ပင်လုံကို အနီးကပ်ကြည့်ရှုခြင်း – အပိုင်း (၃)
(မိုးမခ) သြဂတ်စ် ၅၊ ၂၀၁၈

● မြောက်ပိုင်း ၇ ဖွဲ့ အလားအလာ
မြောက်ပိုင်းအဖွဲ့များအနေနှင့် ယခုအကြိမ်လာရောက်ရာတွင် ဒုတိယအကြိမ်ပင်လုံလာစဉ်ကထက်နှိုင်းစာလျှင် အစိုးရ၊ တပ်မတော်နှင့် PC မှ တာဝန်ရှိသူများ၏ ပျော့ပြောင်းနွေးထွေးစွာ ကြိုဆိုခြင်းခံရသည်ဟု သဘောထားကြပါသည်။ သို့သော် ဆက်လက်တွေ့ဆုံများပြုလုပ်၍ လမ်းကြောင်းရှာဖွေသွားရန်လိုအပ်သည်ဟု KIA မှ ဗိုလ်ချုပ်ဂွမ်မော်က ဆိုပါသည်။ PC မှ တာဝန်ရှိသူများကလည်း တတိယပင်လုံပြီးပါက အမြန်ဆုံးဆက်လက်တွေ့ဆုံသွားမည်ဟု ဆိုကြပါသည်။

သို့သော် ကျော်လွှားရမည့် ဆွေးနွေးဖြေရှင်းရမည့် ပြဿနာများရှိပါသေးသည်။ ပထမပြဿနာမှာ NCA လက်မှတ်ထိုးရေး ဖြစ်သည်။ မြောက်ပိုင်း ၇ ဖွဲ့အနေနှင့် မူလဖွဲ့စည်းစဉ်က NCA လမ်းကြောင်းမဟုတ်ဘဲ သီးခြားလမ်းကြောင်းက သွားမည်ဟု ဆိုထားခဲ့သော်လည်း အစိုးရနှင့်တပ်မတော်က NCA ကိုသာရပ်ခံထားခြင်း၊ တရုတ်ကလည်း NCA လက်မှတ်ရေးထိုးရန် ၂ဝ၁၆ ခုနှစ်မှစ၍ တောက်လျောက်တိုက်တွန်းလာခြင်းတို့ကြောင့် NCA သည် မရှောင်မလွှဲသာ စမှတ်တခုအဖြစ် စဉ်းစား ရသည့်အခြေသို့ ဆိုက်ရောက်နေပေသည်။

KIA/SSPP/TNLA/AA/MNDAA တို့သည် မူလ EAOs ညီလာခံများ တွင် ပါဝင်ခဲ့ကြပြီး UNFC အဖွဲ့ဝင်ဟောင်းများဖြစ်ကြရာ NCA သည် ၎င်းတို့နှင့်မစိမ်းခဲ့ပေ။ NCA နှင့် ပတ်သက်၍ အကြိမ်ကြိမ်ဆွေးနွေးခဲ့ဖူးသူများဖြစ်သည့်ပြင် ၂ဝ၁၅ စက်တင်ဘာ ၉ ရက်နေ့က သမတဦးသိန်းစိန်နှင့်တွေ့ဆုံစဉ်အားလုံးပါဝင်ရေးကိုရပ်ခံခဲ့ကြပြီး TNLA/MNDAA/AA အဖွဲ့ ၃ ဖွဲ့ကိုသာ ထို စဉ်ကလက်ခံခဲ့ပါက NCA လက်မှတ်ရေးထိုးခဲ့ကြပြီးပြီးဖြစ်သည်။ ထိုအဖွဲ့ ၅ ဖွဲ့အနေနှင့် NCA သည် စိမ်းလှသည် မဟုတ်ပေ။

NCA ထိုးရန်မလိုဟု မူလကထဲက ရပ်ခံခဲ့သည့် အဖွဲ့ ၂ ဖွဲ့မှာ UWSA နှင့် NDAA တို့ဖြစ်သည်။ ဦးသိန်းစိန်အစိုးရလက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အားနည်းချက်တခုမှာ NCA နှင့်ပတ်သက်၍ အဆိုပါအဖွဲ့နှစ်ဖွဲ့ သီးခြားဆွေးနွေးခဲ့ခြင်းလည်းမရှိ၊ အခြား EAOs များနှင့်အတူလည်း ဆွေးနွေးခဲ့ခြင်းမရှိဘဲ အခြား EAOs များနှင့်ဆွေးနွေးပြီး NCA ရလဒ်ထွက်လာမှ ထိုနှစ် ဖွဲ့အား NCA လက်မှတ်သွားထိုးခိုင်းခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း တရုတ်၏ ဆက်တိုက်ဖိအားပေးတိုက်တွန်းမှု များကြောင့်၂ဝ၁၈ ခုနှစ်အစောပိုင်း PC မှ တာဝန်ရှိသူများနှင့် UWSA တာဝန်ရှိသူများတွေ့ဆုံရာတွင် NCA နှင့်ပတ်သက်၍ UWSA က သဘောထားပြောင်းလဲဖေါ်ပြခဲ့သည်ကို တွေ့ရ သည်။ ထိုသဘောထားကို တတိယညီလာခံတွင် UWSA က စာဖြင့်အတည်ပြု ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ ထိုသဘော ထားမှာNCA အား ပြင်ဆင်ခွင့်နှင့်သဘောမကျပါက NCA မှနှုတ်ထွက်ခွင့်ရှိပါက NCA လက်မှတ်ထိုးရေးကို UWSA က စဉ်းစားပေးမည်ဆိုခြင်းဖြစ်သည်။ အဆိုပါသဘောထားနှင့်ပတ်သက်၍ အစိုးရတာဝန်ရှိသူများက ဆက်လက်ညှိနှိုင်း၍ ရနိုင် ကြောင်း မှတ်ချက်ပြုထားပါသည်။

သို့သော် NCA ပါ သဘောတူညီချက်များ ချို့ယွင်းချက်ရှိနေ၍ စစ်ပွဲများဆက်လက်ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေး ဆွေးနွေးမှုမူဘောင်မှာလည်း ချို့ယွင်းချက်ရှိနေ၍ အရေးကြီးသော နိုင်ငံရေးပုဒ်မတိုင်း သဘောတူညီချက်မရကြကြောင်း နှင့် မြန်မာပြည်မြောက်ပိုင်းစစ်မရပ်တန့်နိုင်ခြင်းမှာ TNLA/AA/MNDAA အဖွဲ့ ၃ ဖွဲ့ကို အသိအမှတ်မပြုဘဲ စစ်ရေးအရအပြုတ် တိုက်ရေးလမ်းစဉ် ကိုင်စွဲထား၍ဖြစ်ကြောင်း တတိယပင်လုံညီလာခံကာလအတွင်း ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်စွဲနှင့် ထုတ်ပြန်သော UWSA ၏ ဆွေးနွေးတင်ပြချက်တွင်ဖေါ်ပြထားပါသည်။

မည်သို့ပင်ဖြစ်စေ UWSA အနေနှင့် NCA လက်မှတ်ရေးထိုးရေးကိုစဉ်းစားသည့်အခြေအနေရှိသည်ကို တွေ့ရှိရသည်။ NDAA မှာ မူလကထဲကပျော့ပြောင်းသောသဘောထားရှိသည့်အဖွဲ့ဖြစ်ပြီး စစ်ရေးအရ တပ်မတော်နှင့် UWSA ကြားတွင် ရပ်တည်နေသောဒေသလည်းဖြစ်သည်။ UWSA အဖွဲ့ NCA လက်မှတ်ရေးထိုးပါက NDAA အဖွဲ့အနေနှင့် NCA လက်မှတ်ရေးထိုးရန်ခက်ခဲမည်မဟုတ်ပေ။ သို့ဖြစ်ရာ တတိယအကြိမ် ပင်လုံညီလာခံနောက်ပိုင်း မြောက်ပိုင်း ၇ ဖွဲ့ NCA လက်မှတ် ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ရေးသည်မဖြစ်နိုင်သော အရာတော့မဟုတ်ပေ။ တရုတ်၏ကြားဝင်မှု၊ တွန်းအားပေးမှုများအောက်တွင် ညှိနှိုင်း၍ရသောအရာဖြစ်၍လာသည်။ လက်တွေ့ ညှိနှိုင်းကြရန်သာလိုအပ်ပါသည်။

ဒုတိယပြဿနာမှာ TNLA/MNDAA/AA အဖွဲ့ ၃ ဖွဲ့ပြဿနာဖြစ်ပါသည်။ အဆိုပါ ၃ ဖွဲ့အား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်း တရားဝင်အဆင့်နေရာအား အသိမှတ်ပြု ခြင်းဖြစ်သည်။ တတိယ ၂၁ ရာစုပင်လုံတွင် ဒုကာချုပ်နှင့်တွေ့ဆုံရာတွင် ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွင် ပါဝင်ရန် လမ်းဖွင့်ထားသည်ဟုဆိုခဲ့သည်။ ထို့အတူ PC မှတာဝန်ရှိသူများက အဆိုပါ ၃ ဖွဲ့အား NCA လက်မှတ်ရေးထိုးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရန်သဘောထားရှိပြီးဟုဆိုသည်။ သို့သော် တရားဝင်အတည်ပြု ထုတ်ပြန်ခြင်းတော့ မရှိသေးပါ။ တရားဝင်မှု လိုအပ်နေပါသေးသည်။

ထိုသုံးဖွဲ့နှင့် ပတ်သက်သည့်သဘောထားမှာ ထိုသုံးဖွဲ့အနေနှင့် “လက်နက်ကိုင်တော်လှန်ရေးစွန့်လွှတ်ကြောင်း” ကြေညာ ချက် ထုတ်ပြန်ပေးရမည်။ ထိုသို့ထုတ်ပြန်ပြီးနောက် အစိုးရနှင့် ထို ၃ ဖွဲ့တို့ biletral ထိုးမည်။ ပြီးလျင်NCA လက်မှတ်ရေး ထိုးခွင့်ပြုမည်ဟု ဆိုသည်။ ထိုသဘောထားကို ၂ဝ၁၆ ခုနှစ် ထို ၃ ဖွဲနှင့် PC တွေ့ခဲ့စဉ်ကလည်း တကြိမ်ဖေါ်ပြပြီးဖြစ်သည်။ ထိုစဉ်က လည်း ထိုအသုံးအနှုန်းကိုလက်မခံ၍ ပထမအကြိမ်ညီလာခံဖိတ်ကြားမည့် အစီအစဉ်ပျက်ခဲ့ဘူးသည်။ ဤဝေါဟာရ နှင့်ပတ်သက်၍ နှစ်ဖက်လက်ခံနိုင်သည့် အသုံးအနှုန်းကို ရှာဖွေညှိနှိုင်းရန်လိုသည်။ ဤအချက်မှာ ဝေါဟာရ စကားလုံး သက်သက်ပြဿနာမဟုတ်၊ မူဝါဆိုင်ရာပြဿနာလည်းဖြစ်နေသည်။ တိုင်းရင်းသားများက “လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံ ရေးနည်းလမ်းနှင့် ဖြေရှင်းသွားမည်” ဆိုသော ဝေါဟာရကို လိုလားကြပုံရသည်။

ဤအချင်းအရာနှင့်ဆက်နွယ်၍ PSLF/TNLA ဒုဥက္ကဌ တာခူးလန်က ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်ကငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား NCA လက်မှတ်ရေးထိုးပြီး သတ္တိရှိရှိဝင်ရောက်ရန် တိုက်တွန်းခြင်းနှင့် ပတ် သက်ပြီး ၎င်းတို့ တအာင်းများအနေနှင် သတ္တိရှိခဲ့ပြီဖြစ်ကြောင်း၊ လက်နက်စွန့်လွှတ်ပါက မိမိတအာင်းဒေသဖွံ့ဖြိုးရေးနှင့် လုံခြုံရေးအား အစိုးရက တာဝန်ယူမည်ဆို၍ ၂ဝဝ၅ ခုနှစ်က လက်နက်စွန့် လွှတ်ခဲ့ပြီဖြစ်ကြောင်း၊ သို့သော် မိမိတို့တအာင်းများ လက်နက်စွန့်ပြီးနောက်ဒေသတွင်းလုံခြုံ ရေးကင်းမဲ့လာသည့်ပြင် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်းများ အများအပြားဖြစ်လာပြီး ဒေသခံတအာင်းမိသားစုများ မူးယစ်ဆေးစွဲပြီးပျက်စီးမှု များကြုံလာခြင်း၊ ဒေသလုံခြုံ ရေးအတွက် လက်နက် ၄ဝဝ ပြန်လည်ထုတ်ပေးရန် တင်ပြတောင်းဆိုခဲ့သော်လည်း ခွင့်ပြုခြင်းမရှိခဲ့ကြောင်း၊ ထို့ပြင်ဒေသတွင်းဖွံ့ဖြိုးရေးများလည်း လုပ်ဆောင်ပေးခြင်းမရှိ၊ လမ်းတမိုင် မဆိုထားနှင့် တထွာပင် ဖေါက်မပေးသည့်အခြေအနေတွင် မိမိတို့တအာင်းများပြန်လည် လက်နက်ကိုင်ခဲ့ရသည်ဟု ဆိုခဲ့ပါသည်။

ထိုသို့သောအခြေအနေအောက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွင်းအားလုံးပါဝင်နိုင်ရေးအတွက် လမ်းစရှာနေဆဲမှာပင် စိတ်မကောင်းစရာသတင်းတပုဒ်ပေါ်ထွက်လာသည်။ ၎င်းမှာ TNLA တပ်ဖွဲ့မှ အမျိုးသမီးဆေးမှူး ၆ ဦးအား တပ်မတော် စစ်ကြောင်းတခုမှ ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က ဖမ်းမိပြီးနောက် သတ်ဖြတ်ခဲ့ကြောင်း ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ည ၈ နာရီတွင် TNLA သတင်းပြန်ကြားရေးက သတင်းထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ စစ်မြေပြင်တွင် တိုက်ပွဲပြင်း ထန်စွာဖြစ်ပွားပြီး သေဆုံးခဲ့ကြလျင် သီးခြားပြောစရာရှိမည်မဟုတ်သော်လည်း ဖမ်းမိပြီးမှ အသတ်ခံရသည်ဆိုပါက ကျင့်ဝတ်ပြဿနာဖြစ်ပြီး လက်ခံနိုင်ဘွယ်မရှိပေ။ တပ်မတော်ဘက်ကမူ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ တိုက်ပွဲတွင် အသေရမိခြင်းဖြစ်သည်ဟုသတင်းထုတ်ပြန်ပါသည်။ မည်သို့ပင်ဖြစ်စေ ဤကိစ္စသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ထိခိုက်နိုင် သည်ဖြစ်၍ သေချာစွာ စုံစမ်းစစ်ဆေး၍ အမှန်အတိုင်း ဖြစ်စေရန်လိုအပ်သည်။

၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်တွင် KNPP မှ ရဲဘော် ၃ ဦးနှင့်အရပ်သား တဦး သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်ရပ်ပေါ်ပေါက်လာခဲ့ရာ ယနေ့တိုင်ဖြေရှင်းနေရဆဲဖြစ်သည်။ ထို့ပြင် UNFC နှင့် NCA လက်မှတ်ရေးထိုးရေးဆွေးနွေးစဉ် ပြဿနာဖြစ်ပွားခဲ့ခြင်းဖြစ်ရာ KNPP ယနေ့တိုင် NCA လက်မှတ်မထိုးနိုင်သေးဘဲဖြစ်နေခြင်းသည် ထိုဖြစ်ရပ်ကလည်း အရေးပါသော အကြောင်းအချက် တခုဖြစ်ခဲ့သည်။ သို့ဖြစ်ရာ ငြိမ်းချမ်းရေးဆွေးနွေးစဉ် ကာလတွင်း၌ အောက်ခြေမှ ခြေလွန်လက်လွန်ပြုမူမှုများသည် ငြိမ်းချမ်း ရေးကိုထိခိုက်နိုင်သည်ဖြစ်ရာ အထက်အဆင့်ဆင့်မှ ကြပ်မတ်ရန်လိုအပ်ပေသည်။ ထို့ပြင် ထိုဖြစ်ရပ်များနှင့်ပတ်သက်၍ အမှန်အတိုင်းဖြစ်စေခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးအတွက် အရေးပါပါသည်။ ထို့အတူ ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် တပ်မတော်၏သဘောထားသည် အထက်ပိုင်းတွင်သာမက အောက်ခြေပိုင်းတွင်ပါ ဖေါ်ပြရန်လိုအပ် နေပါသည်။

တတိယပြဿနာမှာ အားလုံးအတူတကွလက်မှတ်ရေးထိုးရေး ပြဿနာဟုဆိုရပါမည်။ အစိုးရနှင့်တပ်မတော် ဘက်က လက်ရှိအချိန်ထိ FPNCC ကို အသိမှတ်မပြုပါ။ PC ကတာဝန်ရှိသူ၏အဆိုအရ biletral ထိုးထားသောအဖွဲ့ ၄ ဖွဲ့ဖြစ်သည့် KIA/SSPP/UWSA/NDAA တို့ကို NCA ထိုးဖို့ လက်ခံမည်ဟုဆိုသည်။ (သို့သော် KIA သည် biletral အပြည့်အဝ မထိုးရသေး ပါ)။ ကျန် ၃ ဖွဲ့မှာ ကြေညာချက်ထုတ်ပြန်ပြီးပါက biletral အရင်ထိုးမည်။ ပြီးမှ NCA ထိုးခွင့်ပြုမည်ဟုဆိုသည်။ မြောက်ပိုင်း အဖွဲ့များဖက်ကရပ်ခံမှုမှာ အားလုံးအတူတကွ ပါဝင်လက်မှတ်ရေးထိုးရေး ပါဝင်ဆွေးနွေးရေးဖြစ်သည်။ SSPP ဒုဥက္ကဌ စဝ်ခွန်ဆိုင်းက SSPP သည် အားလုံးပါဝင်ရေးမူကို ဆက်လက်ကိုင်စွဲထားဆဲဖြစ်ပြီး အားလုံးပါဝင်မှ NCA မှ လက်မှတ်ရေးထိုး မှာဖြစ်သည်ဟု ဆိုခဲ့ပါသည်။

တတိယအကြိမ် ၂၁ ရာစုပင်လုံကာလအတွင်း FPNCC သဘောထားအဖြစ် AA မှ ဒေါက်တာညိုထွန်းအောင်၏ဆွေးနွေးတင်ပြချက်တစောင်ထုတ် ပြန်ရာတွင် FPNCC မှအဖွဲ့အစည်းအသီးသီးသည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီး နောက် နိုင်ငံရေးဆွေးနွေးမှုကို FPNCC အနေနှင့် ပြုလုပ်သွားမည်ဟု ဆိုထားသည်။ ဤနေရာတွင် FPNCC အဖွဲ့များသည် NCA ရေးထိုးရေးအား တပြိုင်တည်းလုပ်မည် မလုပ်မည်နှင့်ပတ်သက်၍ သဲကွဲခြင်း မရှိဟု ဆိုနိုင်ူသည်။

PC ကတော့ ၄ ဖွဲ့ နှင့် ၃ ဖွဲ့ ခွဲ၍ လုပ်ရန်ဖြစ်စေ ၊ UWSA/NDAA/SSPP/KIA တို့ထဲမှ တဖွဲ့ချင်းကို ခွဲထုတ်၍ဖြစ်စေ NCA ရေးထိုးစေရန်ဖြစ်စေ အားသန်ရှိပြီး ယခုနှစ်ဆန်းကထဲက ထိုသို့ NCA လက်မှတ်ရေးထိုးလာစေရန် ကြိုးပမ်းနေသည်ကို တွေ့မြင်ရသည်။ သို့ဖြစ်ရာ မြောက်ပိုင်း ၇ ဖွဲ့ အတူတကွNCA လက်မှတ်ရေးထိုးရေးဆိုသည်မှာလည်း ဆွေးနွေးဖြေရှင်းစရာ ပြဿနာတခုအဖြစ်ရှိနေဆဲဖြစ်သည်။

စတုတ္ထပြဿနာအဖြစ် ကျော်လွှားရမည့်အချက်မှာ မြောက်ပိုင်းအဖွဲ့ကညီလာခံအတွင်း တင်ပြထားခဲ့သည့် နိုင်ငံရေးဆွေး နွေးမှုအပိုင်းတွင် FPNCCနှင့် ပြည်ထောင်စုအစိုးရတို့ တိုက်ရိုက်နိုင်ငံရေးဆွေးနွေးသည့်ပုံစံကို ပြု လုပ်သွားမည်ဆိုသည့် အချက်ဖြစ်သည်။ ထိုအချက်အရ မြောက်ပိုင်းအဖွဲ့များသည်အစိုးရနှင့် တိုက်ရိုက်နိုင်ငံရေးဆွေးနွေးမည့်ပုံစံအား ဖေါ်ပြထား ပြီး အစိုးရနှင့်တပ်မတော်ဘက်ကမူ NCA လက်မှတ်ရေးထိုးပြီးနောက် NCA အင်စတီကျူးရှင်းများဖြစ်သည့် UPDJC ၊ JMC ၊ JICM ၊ UPC တို့တွင် ပါဝင်ဆွေးနွေးရေးဖြစ်သည်။ သို့ဖြစ်ရာ ထိုအချက်အားလည်း ဆွေးနွေးဖြေရှင်းကျော်လွှားရန် လိုအပ် နေသည်ဟုဆိုရပါမည်။

● UNFC နှင့် NSCN (K)
၂ဝ၁၈ ခုနှစ် ဖေဖဝါရီလ ၁၃ ရက်နေ့နေ့တွင် UNFC အဖွဲ့ဝင် NMSP နှင့် LDU နှစ်ဖွဲ့ NCA လက်မှတ်ရေးထိုးခဲ့သည်။ ထို့ နောက် NCA လုပ်ငန်းစဉ်ထဲတွင် ထိုနှစ်ဖွဲ့ပါဝင်နေပြီဖြစ်သည်။ ANC အား PC အနေနှင့် သီးခြားဆွေးနွေးမှု မပြုတော့ဟု ဆိုသည်။ လက်ရှိ KNPP နှင့်ဆွေးနွေးမှုများပြုလုပ်နေသော်လည်း NCA ထိုးသည့်အဆင့်သို့မရောက်သေးပေ။   ၂၁ ရာစုပင် လုံတွင်လည်း KNPP အားဖိတ်ကြားခဲ့၍ တက်ရောက်ခဲ့သော်လည်းNCA ထိုးရေးအတွက် ဆက်လက်ညှိနှိုင်းဆဲဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲစကထဲက ပါဝင်လာခဲ့သော ANC အား ယခုချန်ထားသည်မှာ သင့်လျော်ပါ၏လော စဉ်းစားဘွယ်ဖြစ် သည်။ တမျိုးတဖုံထည့်သွင်းစဉ်းစားပါက ပို၍ကောင်းမည်ဟု ယူဆမိသည်။ လက်ရှိအချိန်တွင်အင်အားချိနဲ့သွားသည့် UNFC သည် ဆက်လက်တည်ရှိနေသေးသည်လောသို့မဟုတ် ပျက်ပြယ်သွားပြီလော ဆိုသည်မှာ ပြောဆိုရန်ခက်ခဲနေပေသည်။မြောက်ပိုင်းရှိ KIA/SSPP တို့နှင့် မူလ UNFC အဖွဲ့ဝင်များကား အဆက်အစပ်ရှိနေဆဲဖြစ်ပြီး နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ခွင့်ရကြပါက ပြန်လည်နီးစပ်မှု ရလာနိုင်ပါသည်။

မိမိတဦးချင်းအမြင်အရ နာဂ NSCN(K) အဖွဲ့ နှင့်ပတ်သက်၍ လောလောဆယ်တွင် သီးခြားဖြေရှင်းသည်က ပို၍ကောင်းပါ သည်။

● တတိယပင်လုံနှင့် သဘောတူညီမှုများ
ဒုတိယပင်လုံနှင့်တတိယပင်လုံကြား တနှစ်နီးပါးကြာခဲ့သည့် ပထမအကြောင်းမှာ NCA ပါ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရေးနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှု အားဖြေရှင်းနိုင်ခြင်းမရှိ၍ ဖြစ်သည်။ ယနေ့တိုင် ရှမ်း၊ ရခိုင်တို့တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ပြု လုပ်နိုင်ခြင်းမရှိသေးပေ။ ဒုတိယအချက်မှာ နိုင်ငံရေးကဏ္ဍ၌ အရေးပါသော တိုင်းရင်းသားအခွင့်အရေးနှင့်ပတ်သက်၍၎င်း လုံခြုံရေးကဏ္ဍနှင့်ပတ်သက် ၍၎င်း သဘောတူညီမှု ရယူနိုင်ခြင်း မရှိ၍ဖြစ်သည်။

ပင်လုံညီလာခံခေါ်ဆိုကျင်းပပါက မည်သို့ဖြစ်စေပြည်ထောင်စု သဘောတူညီချက်ရယူရမည်ဖြစ်ရာ သဘောတူညီချက်ရ ယူနိုင်မည့် အချက်အချို့အားရွေးထုတ်ပြီး အဓိက ညှိမရသည့် နိုင်ငံရေးကဏ္ဍမှ တိုင်းရင်းသား အခွင့်အရေးပြဿနာနှင့် လုံခြုံရေးကဏ္ဍအား ချန်လှပ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။ လက်ရှိညီလာခံတွင် နိုင်ငံရေးကဏ္ဍ၌ ထည့်သွင်းဆွေးနွေးသည် မှာလည်း ကျား/မခွဲခြားမှု ပြဿနာသာဖြစ်ခဲ့သည်။

မည်သို့ဆိုစေ ဤသို့ကျင်းပခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အားအသက်ဆက်ခဲ့သည်ဟုဆိုနိုင်သည်။ ကောင်းသည့်ဖက်က ကြည့်လျင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်သူများ ထိတွေ့ခွင့်ရရှိသောကြောင့် ယုံကြည်မှုနှင့် နားလည်မှု ပိုမိုတည် ဆောက်နိုင်သည့် အခွင့်အလမ်းရခဲ့သည်။ ထို့ပြင် ဖြတ်ကျော်ရမည့် နိုင်ငံရေးသဘောတူညီချက်များနှင့်ပတ်သက်၍ ပို၍လေး နက်စေပါသည်။ ထို့ပြင်မြောက်ပိုင်းအဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်း ပါဝင်လာရေးအတွက် နည်းလမ်းများရှာဖွေထိတွေ့နိုင်ခဲ့သည်ဟု အကောင်း ဖက်ကတွေးဆနိုင်ပါသည်။

သို့သော် တတိယအကြိမ်ပင်လုံညီလာခံမှ တွေ့ရှိရသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ပါဝင်ရေးအတွက် NCA ထိုးရေးသည် ပြဿနာတရပ် ဖြစ်သကဲ့သို့ NCA ထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ခဲ့ပါကလည်း အရေးကြီးသည့် သဘောတူညီချက်များ ရရှိရေးသည်လည်း လွယ်ကူလှသည်မဟုတ်ဆိုသည့် အချက်ပင်ဖြစ်သည်။

တကယ်တမ်းအားဖြင့်လည်း နိုင်ငံရေးသဘောတူညီချက်များမရပါကမြေယာ၊ စီးပွားရေးစသည့်ကဏ္ဍများတွင် သဘော တူညီချက်ရယူရန်ခက်ခဲပေရာ မူလက မြေယာကဏ္ဍ၌ သဘောတူညီချက် ၄ ချက်ရယူရန် ရည်မှန်းထားခဲ့သော်လည်း ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က တနေကုန် ပြု လုပ်သည့် UPDJC အစည်းအဝေးတွင် သဘောတူညီမှု မရသည့် အချက် ၂ ချက်ကို ချန်ထားခဲ့ရသည်ကို တွေ့ရပါသည်။

တတိယအကြိမ် ၂၁ ရာပင်လုံညီလာခံတွင် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၂ အဖြစ် နိုင်ငံရေးကဏ္ဍအခြေခံမူ အချက် ၄ ချက်၊စီးပွားရေးကဏ္ဍ အခြေခံမူ အခြေခံမူ အချက် ၁ ချက်၊ လူမှုရေးကဏ္ဍအခြေခံမူ အချက် ၇ ချက်၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ အခြေခံမူ အချက် ၂ချက် စုစုပေါင်း ၁၄ ချက် ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း ၂အဖြစ် သဘောတူညီချက်ရခဲ့သည်ကိုတွေ့ရသည်။ဒုတိယအကြိမ်ညီလာခံတွင်ပြည်ထောင်စုသဘောတူညီချက်အစိတ်အပိုင်း ၁ အဖြစ် နိုင်ငံရေးကဏ္ဍ အခြေခံမူ ၁၂ ချက်၊ စီးပွားရေးကဏ္ဍအခြေခံမူ ၁၁ ချက်၊လူမှု ရေးကဏ္ဍအခြေခံ
မူ ၄ ချက်၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍအခြေခံမူ ၁ဝ ချက်၊ စုစုပေါင်းအခြေခံမူ ၃၇ ချက်ရ ရှိခဲ့ရာ အခြေခံမူ ၅၁ ခု သဘောတူခဲ့ပြီဖြစ်သည်။

● အနာဂါတ်ရည်မှန်းချက်အခြေအနေ
၂၁ ရာစုပင်လုံညီလာခံအား ၂ဝ၁၈ ခုနှစ်အတွင် တကြိမ်၊ ၂ဝ၁၉ ခုနှစ်အတွင်း ၂ ကြိမ်ပြု လုပ်ရန် ရည်ရွယ်ထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုပါသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၂ဝ၂ဝ အတွင်း ကျင်းပမည့် ညီလာခံ ၂ ကြိမ်တွင် ပြီးပြတ်ရန် ရည်ရွယ်သည်ဟုဆိုပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ NLD အစိုးရ၏ အချိန်သတ်မှတ် ချက်အား မတွေ့ရသော်လည်း တပ်မတော်၏ အချိန်ကန့်သတ်မှုအား စတင်တွေ့ရသည်။ တဖက်ကဆိုရလျင်လည်း အချိန်အကန့်အသတ်မရှိ ဆွေးနွေးနေမည်ဆိုသည်မှာလည်း နည်းလမ်းမကျ။ အဓိပ္ပါယ်လည်းမရှိပေ။ သို့သော် လက်ရှိအချိန် ကန့်သတ်မှုများအတိုင်း ပြီးမြောက်အောင်မြင်ရန် လွယ်ကူလှသည်တော့မဟုတ်ပေ။

ဦးစွာအားဖြင့် သတ်မှတ်ချိန်တိုင်းပြီးမြောက်အောင် ဆောင်ရွက်လိုပါက UPDJC တွင် အချိန်ဇယားရေးဆွဲဆောင်ရွက်ရန် လို အပ်သည်။ ဒုတိယ အချက်မှာ ဆွေးနွေးညိနှိုင်းမှု များတွင် ပါသောဖက်အားလုံးလက်ခံနိုင်သည့် အဖြေတခုရှာနိုင်ဖို့ဖြစ်သည်။ မိမိရပ်ခံထားသော မူဝါဒကိုသာ ကိုယ်စီမြဲမြံစွာ ဆုပ်ကိုင်ထားကြမည်ဆိုပါက ညှိနှိုင်းအဖြေရှာရန်ခက်ခဲပေမည်။၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအား ကာကွယ်မည့်ဟု ခံယူထားသည့် တပ်မတော်ကမူ ၂ဝဝ၈ အခြေခံဥပဒေမှန်ကန်ကြောင်း သက်သေပြနေ မည်သာဖြစ်သကဲ့သို့ တိုင်းရင်း သားများကလည်း မိမိအခွင့်အရေးဘက်က ရပ်ခံနေမည်သာဖြစ်ပေသည်။

● ငြိမ်းချမ်းရေးအကျိုးဆောင်များ
တတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကာလတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး၏မြန်မာနိုင်ငံ အထူးကိုယ် စားလှယ် Ms Christine Schraner Burgener သည်၎င်း ၊ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးကိုယ်စားလည်နှင့် နိပွန်းဖေါင်ဒေးရှင်း၏ဥက္ကဌဖြစ်သူ မစ္စတာရိုဟေးဆာဆာကာဝါသည်၎င်း၊ တရုတ်အစိုးရ အာရှရေး ရာ အထူးသံတမန် မစ္စတာဆွန်ကော့ရှန်သည်၎င်း ရောက်ရှိနေပြီး အစိုးရခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သည်။

အဆိုပါမြန်မာပြည်ငြိမ်းချမ်းရေးတွင် အစဉ်တစိုက်ပါဝင်နေသော သံတမန်များအနက် တတိယအကြိမ် ၂၁ ရာစုပင်လုံတွင် တရုတ်သံတမန်တို့က ရှေ့တန်းရောက်နေပေသည်။ တရုတ်တို့၏ OBOR မျှော်မှန်းချက်နှင့်အတူ ပြီးခဲ့သောရက်ပိုင်းအတွင်းက တရုတ်မြန်မာနယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်ဇုံ ၃ ခု (ကန်ပိုင်တီ၊ မူစယ်၊ ချင်ရွှေဟော်) တည်ဆောက်ရေး MOU အပါအဝင် MOU ၅ ခု လက်မှတ်ရေးထိုးခဲ့သည်ဟုဆိုပါသည်။ သို့ဖြစ်ရာ ရှေ့လာမည့် မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်းတွင် တရုတ်တို့ OBOR အကျိုးစီးပွား ယှက်နွယ်မှုများကို တွေ့မြင်ရမည်ဖြစ်ပေရာ ၎င်းအချင်းအရာ သည် မြန်မာ ပြည်ငြိမ်း ချမ်းလုပ်ငန်းစဉ်ပတ်သက်၍ အလေးထားရမည့် အကြောင်းအရာဖြစ်လာတော့မည်ဖြစ်သည်။ ထို့ပြင် တရုတ်တို့ သည် ၎င်းတို့၏စီးပွားရေးစီမံကိန်းများ၏ကာလအနားသတ်များပေါ်တည်မှီပြီး မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ကြား ဝင်ညှိနှိုင်းပေးသည့်ထက် ပို၍ တွန်းတွန်းတိုက်တိုက် ဖိအားပေးဆောင်ရွက်လာဘွယ်ရှိသည်ဟုသုံးသပ်ရပါသည်။

ပြီးပါပြီ
မောင်မောင်စိုး