ခေတ်ပြိုင်အတွေ့အကြုံ မောင်မောင်စိုး

မောင်မောင်စိုး – လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ -အပိုင်း ၂၆

မောင်မောင်စိုး –  လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ -အပိုင်း ၂၆
(မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၆


ဦးချစ်ဆိုင် ၂

မိမိက ဘလက်ကော်ဖီမှာသည်။ ကျန်သူများကတော့ လက်ဖက်ရည်မှာသည်။ ပြီးတော့ရွှဘဲဆေးပေါ့လိပ်မှာသည်။ တခါတရံမြေပဲဆားလှော်မှာသည်။ ပြီးတော့ ရေနွေးကြမ်း တအိုးပြီးတအိုး မှာသည်။ တခွက်ပြီးတခွက်သောက်၍ တခွန်းပြီး တခွန်းပြောသည်။ တခါတရံတော့ အလုအယက်ပြောသည်။ တခါတရံ စကားသံများတိုး၍ တခါတရံစကားသံများကျယ်လောင်
သည်။ ငြင်းစရာရှိရင်လည်း မလျှော့တမ်းငြင်းသည်။ မသိသေးလျှင်လည်း သူများပြောသည်ကို တိတ်ဆိတ်စွာ နားထောင်သည်။ ဦးချစ်ဆိုင်၏ဗန်ဒါပင်ရိပ်သည် မိမိတို့အတွက် စိတ်အားထက်သန်စေသည့် စကားဝိုင်းများကျင်းပရာ ဖြစ်သည်။

၇ ရက်ဇူလိုင် ကျောင်းသမဂ္ဂ ဗကသ၊ တကသ၊ ဖဆပလ၊ ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလိပ်ကိုလိုနီ ဂျပန်တော်လှန်ရေး ပြည်တွင်းစစ် ပါလီမန်ဒီမိုကရေစီ ၁၉၆၂ စစ်တပ်အာဏာသိမ်းမှုဗိုလ်နေဝင်းနှင့် မဆလ၊ ကွန်မြူနစ်နှင့် CPB ဇာဘုရင်နှင့် ရုရှားအောက်တိုဘာတော်လှန်ရေး လီနင်၊ စတာလင်၊ ခရူးရှော့တို့နှင့် ဆိုဗီယက်ယူနီယံ၊ ချန်ကေရှိတ်၊ မော်စီတုန်းတို့နှင့်တရုတ်ကွန်မြူနစ်ပါတီ၊ တရုတ် တော် လှန်ရေး၊ ကားလ်မတ်၊ အိန်ဂျယ်တို့နှင့် ကွန်မြူနစ်ပါတီကြေညာစာတမ်း၊ အရင်းကျမ်းအစွန်းထွက်တန်ဖိုး၊ နိုင်ငံတော်နှင့်တော်လှန်ရေးအနုပဋိလောမရုပ်ဝါဒ၊ ဂျူရင်းအား ချေပချက်၊ ချေဖျက်ခြင်း၏ချေဖျက်ခြင်း၊ ကျူးဘားတော်လှန်ရေး၊ လူ ၁၂ ယောက် သေနတ် ၁၂ လက် ကတ်စထရိုနှင့် ချေဂွေဗာရား၊ အာဖရိကနှင့် ပက်ထရစ်လူမွန်ဘာ မဆလနှင့် မဇ္ဇျိမပဋိပဋာ
ဝါရှင်တန်လင်ကွန်းတို့၏ အမေရိကကမ္ဘာ့ပုလိပ်ကြီးအဖြစ်နံမည်ပျက်နေသောအမေရိကန်နှင့် စီအိုင်အေ၊ ဗီယက်နမ်နှင့် အင်ဒိုချိုင်းနား ၃ နိုင်ငံနှင့်အမေရိကန်၏ B 52 ဗုံးကြဲလေယဉ်များ ဗိုလ်ကယ်လီနှင့် ဗီယက်နမ်စစ်ရာဇဝတ်မှု၊ အမေရိကန်၊ ဗီယက်နမ်စစ်ဆန့်ကျင်ရေးနှင့်ဟစ်ပီများ အသားရောင်ခွဲခြားမှုဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် ဒေါက်တာမာတင်လူသာကင်း ဦးနု၊ ပဒပနှင့် ထိုင်းနယ်စပ်လှုပ်ရှားမှုများ၊ CPB အရှေ့မြောက်စစ်ရေးသတင်းများ၊ တရုတ်ဗမာအရေးအခင်းနှင့် ဆန်လုပွဲ၊ ကျွန်းဆွယ်အရေးအခင်း၊ မီးလောင်ဒဏ်ရာနှင့်ပစ်ထားသော ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ် မှ တော်ဝင်နှင့်ယုဇနဟုနံမည်ပြောင်းခဲ့သည့်ကာလတန်နှင့်ရွိုင်ရယ်ရုပ်ရှင်ရုံ ၂ ရုံ (ယခုစင်ထရယ် ဟိုတယ်) စသည်တို့အပြင် မင်းမင်းလတ်၊ တက္ကသိုလ်ထွန်းနောင်၊ လားရှိုးသိန်းအောင်တို့နှင့် စတီယို သီချင်းများ၊ ကျော်ဟိန်းနှင့်စိန်ဂေါ်လီလမ်းသရဲဂိုဏ်း စသည်စသည်တို့မှာ ဦးချစ်ဆိုင်လက်ဖက်ရည် ဝိုင်းတွင် မိမိတို့ပြောခဲ့ဆိုခဲ့ကြ ငြင်းခဲ့ခုန်ခဲ့ကြသည့် အကြောင်းအရာအစိတ်အပိုင်းအချို့ ဖြစ်ပေသည်။

သို့သော် လေးနက်သည့် အကြောင်းအရာများသာမက ရွှတ်နောက်နောက်တွေလည်းပါသည်။

ဗန်ဒါပင်ရိပ်အောက်က လက်ဖက်ရည်စားပွဲဝိုင်းသည် ဆွေးနွေးငြင်းခုံစရာများစွာဖြင့် မိမိတို့ပျော်မွေ့ရာ ဖြစ်ခဲ့သည်။ မနက်လည်းထိုင်သည်။ နေ့လည်လည်းထိုင်သည်။ ညပိုင်းလည်းထိုင်သည်။ ဦးချစ်ဆိုင်သည် မိမိတို့ဆုံမှတ်ဖြစ်လာသည်။ စုရပ်ဖြစ်လာသည်။ တယောက်ယောက်ကို ရှာချင်လျှင် လာရှာသည့်နေရာဖြစ်လာသည်။ ရေနွေးကြမ်းအသောက်များလာလျှင် ဦးချစ်ဆိုင်ဘေးက ငှက်ပျော တောထဲ ပြေးရသည်။ ညဘက်ထိုင်လျှင်တော့ ည ၉ နာရီမထိုးခင်ထဖို့လိုသည်။ မင်္ဂလာဒုံပြန်မည့် လိုင်းကားက ည ၉ နာရီနောက်ဆုံးလောက် တောင်ငူဆောင်ရှေ့က ပြည်လမ်းမှတ်တိုင်သို့ ရောက်သည်။ ထိုကားမမီလျှင် အခြားကားမရှိတော့။ ထိုစဉ်က မင်္ဂလာဒုံသို့ အမှတ် ၉ ကား
လိုင်း တခုသာရှိသည်။ ထို့အတူ မင်္ဂလာဒုံအဆောင်ပြန်ရောက်ရန် ကားခပေးဖို့ အနည်းဆုံး ပြား ၃၀ တော့အကြွေချန်ရသည်။ ထိုစဉ်က အကြွေစေ့တချွင်ချွင်သံ ကြားရနေဆဲကာလဖြစ်သည်။ အခုတော့ အကြွေ ဘယ်ရောက်၍ ဘယ်ပျောက်မှန်းမသိလေတော့။ ထိုစဉ်က တက်စီအဖြစ်ပြေးဆွဲသော သုံးဘီးကားက ကားပေါ်စတက်၍ မီတာချိုးလျှင် ပြား ၅၀ နောက် တမိုင်ကို ၁၀ ပြားထပ်
တက်သည်။ သို့သော် ထိုသုံးဘီးကားခ မတတ်နိုင်၍ အထုပ်အပိုးမပါလျှင် သုံးဘီးမစီးနိုင်ခဲ့ပါ။

သို့နှင့်ဦးချစ်ဆိုင်သည် မိမိတို့၏ဆုံမှတ် တွေ့ဆုံရာ ငြင်းခုံရာ ဆွေးနွေးရာပျော်မွေ့ရာ နေရာလေး ဖြစ်သည်။ ညနေဘက် စကားဝိုင်းကြာ၍ ဗိုက်ဟာလာလျှင် ပင်းယဆောင်ရှေ့ဘက်တွင် ဖွင့်ထားသော ဆိုင်တန်းလေးသို့ အသုတ်စာစ၍ ဗိုက်ဖြည့်သည်။ တပွဲကို ပြား ၆၀ လား ၁ ကျပ်လားပေးရသည်ထင်
သည်။ ထို့နောက် ဦးချစ်ဆိုင်ပြန်ထိုင်သည်။ အချိန်လွန်၍ ကားမမီလျှင် ဒဂုံဆောင်၌ဝင်အိပ်သည်။ ပေါ့ပါးလွတ်လပ်သော တက္ကသိုလ်ကျောင်းသားဘဝအဆောင်နေကျောင်းသားဘဝဟု ဆိုရမည်။

ဦးချစ်ဆိုင်အထိုင်ကြာတော့ မိမိသူငယ်ချင်းများအပြင် ထိုင်နေကြသူများနှင့် မျက်မှန်းတန်းမိလာသည်။ ၁၉၇၄ ဒီဇင်ဘာ ဦးသန့်အရေးအခင်းပြီးတော့ ကျောင်းများပိတ်သည်။ မိမိတို့က စာမေးပွဲရှိနေ၍ သိပ်မကြာမီပြန်ဖွင့်သည်။ ပင်မတက္ကသိုလ်ကမဖွင့်သေး၍ ဦးချစ်ဆိုင်၌ လူရှင်းသည်။ မိမိတို့ ထိုင်နေ ကြ ၄ ဝိုင်းတော့ရှိသည်။ တဝိုင်းကတော့ မိမိတို့ဝိုင်းဖြစ်သည်။ နောက်တဝိုင်းကတော့ တက္ကသိုလ် ကျော်ဝင်းမောင်နှင့်ကိုရွှေသိမ်းမင်းတို့ ၂ ယောက်အဓိကထိုင်သည့် ဝိုင်းဖြစ်သည်။ နှစ်ယောက်စလုံးက စာသမားဖြစ်၍ ရန်ကုန်တက္ကသိုလ်နှစ်လည်မဂ္ဂဇင်းထုတ်ဝေရေးကို တက်တက်ကြွကြွ လုပ်နေကြသူများဖြစ်သည်။

ကိုကျော်ဝင်းမောင်က အသားမဲမဲအရပ်ပုပု မျက်မှန်တဝင်းဝင်းနှင့် တိုက်ပုံအင်္ကျီနက် အမြဲဝတ်တတ်သူ ဖြစ်သည်။ တက္ကသိုလ်ကျော်ဝင်းမောင်အမည်ဖြင့် ကဗျာရေးသည်။ ကိုရွှေသိမ်းမင်းကတော့ အသားဖြူ ဖြူ အရပ်မြင့်မြင့်၊ နေကာမျက်မှန်တပ်လေ့ရှိကာ စတိုင်ကျသူ ဖြစ်သည်။ တခါတရံတရံ ဦးချစ်ဆိုင်၌ သူ့အဖော် ကိုယ့်အဖော်မလာ၍ စောင့်ဆိုင်းနေချိန်တွင် ကိုကျော်ဝင်းမောင်နှင့် မိမိ ၂ ယောက်သား ဝိုင်းပေါင်း၍ကဗျာအကြောင်းစာအကြောင်း၊ ကျောင်းအကြောင်း နှစ်လည်မဂ္ဂဇင်းအကြောင်း ရောက်တတ်ရာရာပြောတတ်ကြသည်။ တခါတရံ ဦးချစ်ဆိုင်ရှေ့ ဗန်ဒါပင်ရိပ်အောက်၌ ထန်းပလက် ပြား ပက်လက်ကုလားထိုင်ပေါ်တွင် ငိုက်မြည်းနေတတ်သဖြင့် ” ထန်းပလက်ပြားပေါ် အိပ်ပျော်နေ သောကဗျာဆရာ ” ဟုမိမိကဆိုလျှင် ကိုကျော်ဝင်းမောင်တယောက် ပြုံးနေတတ်သည်။ ယခုတော့ ကွယ်လွန်သွားပြီဟုကြားရသည်။
၂၀၀၀ စွန်းစွန်းလောက်က ကိုရွှေသိမ်းမင်းနှင့် ဆရာပါရဂူအိမ်တွင် တခါဆုံရာ သူကတော့ စာပေထုတ်ဝေရေးနယ်ပယ်တွင် ကျင်လည်နေသည်ကို တွေ့ရသည်။

နောက်တဝိုင်းကတော့ တကိုယ်တော်ဝိုင်းဟုဆိုရမည်။ သူကတော့ အသားဖြူဖြူ အရပ်မောင်း ကောင်းကောင်း၊ လူပုံချောချော၊ ကိုယ်ကြပ်ရှပ်လက်ရှည်၊ ခေါင်းလောင်းဘောင်းဘီရှည်တို့ကို စတိုင်ကျစွာ ဝတ်စားတတ်သည်။ ဦးချစ်ဆိုင်ထောင့်တထောင့်ရှိ စားပွဲတလုံးတွင် တကိုယ်တည်း လက်ဖက်ရည်တခွက်၊ ရွှေဘဲဆေးပေါ့လိပ်တလိပ်ဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေတတ်သည်။
ဆိုင်ထဲဝင်လာသူတိုင်းကို ပြုံးပြလေ့ရှိသူ မျက်နှာရွှင်သူဖြစ်သည်။ ထိုစဉ်က သူနံမည်ကို မိမိတို့မသိပါ။ နောင်များမကြာမီ သူ့အား ရုပ်ရှင်မင်းသားထွန်းထွန်းနိုင်အဖြစ် ရုပ်ရှင်လောကတွင် တွေ့ရသည်။ နောက်တော့ ဒါရိုက်တာနောင်ထွန်းလွင်ဖြစ်လာသည်။ ပြီးခဲ့လေးငါးနှစ်ခန့် သူမကွယ်လွန်မီလမ်း၌ ဖြတ်ခနဲတွေ့လိုက်သည်။ အသားအနည်းငယ်ညိုသွားပြီး မျက်နှာတွင်ဝက်ခြံအဖုအထစ်များနှင့် ဗိုက်ကလည်း အတော်ရွှဲနေသည်။ ငယ်ရုပ်မရှိတော့။
မျက်လုံးမျက်ဖန်တွင်သာ ငယ်ရုပ်ကျန်တော့သည်ဟုဆိုရမည်။

နောက်တဝိုင်းကတော့ တက္ကသိုလ်ဆရာများဝိုင်း၊ ဆရာကြီးများဝိုင်းဖြစ်သည်။ ထိုစဉ်က စာပေလောကတွင် ဇော်မော်သင်း ဟုတွဲလုံးဖြင့် နံမည်ဆရာဦးအောင်သင်း၊ တက္ကသိုလ်မင်းမော်၊ နှင့် ဇော်ဇော်အောင်တို့ဖြစ်သည်။
တက္ကသိုလ်အသီးသီးက မြန်မာစာဆရာများဟု ဆိုရမည်။ ဆရာအောင်သင်းကတော့ နောက်ပိုင်းတွင်” မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့”ရည်မျှော်ကာ ရေးသားဟောပြောမှုများစွာပြုလုပ်ခဲ့သူဖြစ်သည်။ တက္ကသိုလ်မင်းမော်ကတော့ ထိုစဉ်က ” သူငယ်ချင်း ” အစပြုစပ်ဆိုသည့် ကဗျာများဖြင့် နံမည်ရ သည်။
ဆရာဇော်ဇော်အောင်ကတော့ မော်ဒန်စာပေအယူအဆများ တင်ပြနေသကဲ့သို့ ပါတစ်ဖီးလစ်နာရီ ပတ်သော စုံထောက်တယောက်ကိုဖန်တီးနေသည်။

သူတို့ဝိုင်းသို့ အခြားသူများလည်း လာလေ့ရှိသည်။ တဦးကတော့ တက္ကသိုလ်ဝင်းမွန်ဖြစ်သည်။ သူလည်း တက္ကသိုလ်တခုက မြန်မာစာဆရာဖြစ်သည်။ ထိုကလောင်နံမည်ဖြင့်စာများ မိမိနှင့် မရင်းနှီးသော်လည်း အောင်ခန့်ဟူသောအမည်ဖြင့် ဘာသာပြန်သည့် စာအုပ်များကို မိမိထိတွေ့မှု ရှိသည်။
နောက်တဦးကတော့ တက္ကသိုလ်ဆရာမဟုတ်။ ထိုကာလက တက်သစ်စစာရေးဆရာတဦးဖြစ်သော ငြိမ်းကျော်ဖြစ်သည်။ ထိုကာလက ” ငွေတောင်” ဟူသောစာအုပ်ဖြင့် အမျိုးသားစာပေဆုရသည်။ ” နှလုံးသားမြို့ဟောင်းတူးဖော်ချက်နောက်ဆုံးအစီရင်ခံစာ ” ” အတိတ်လွင်ပြင်ကို ဖြတ်သန်းလာ
သောကြင်နာသူ မျက်နှာစိမ်း ” စသည့်စာအုပ်များဖြင့် နံမည်ရသည်။

မည်သို့ဆိုစေ သူ၏စာအုပ်အမည်များက ဆွဲဆောင်မှုရှိသည်။ သူတို့ဝိုင်းကတော့ စာပေ သဘောတရားမျိုးစုံကို အာဘောင်အာရင်းသန်သန် ငြင်းခုံဆွေးနွေးလေ့ရှိသည်။ စာပေသဘောတရားကျမ်းကိုးကျမ်းကားမျိုးစုံကို ကိုးကားလေ့ရှိသည်။ အစပိုင်းက အသံသိပ်မကျယ်လှပေမဲ့ အာဘောင်အာရင်းသန်လာသည့်နှင့်အမျှ အသံတွေကျယ်လာတတ်သည်။ တခါကမိမိတို့ဝိုင်းနှင့်ကပ်ရက်ကျတော့ မိမိနားမခံသာတော့ပေ။ မလုပ်သင့်သောလူငယ်စိတ်နှင့် တုံ့ပြန်သည်။ တုံ့ပြန်ပုံက ဇိနတ္တပကာသနီမှစ၍ကြားဖူးသမျှစာအုပ်ကြီးပေါင်းစုံကိုရွတ်ပြီး ဘယ်စာအုပ် ဘယ်အတွဲ စာမျက်နှာဘယ်လောက်မှာ ဘယ်လိုဆိုသည်ဟူ၍ စာအုပ်တွေထဲမပါသည့် မိမိပြောချင် သည့်တွေ့ကရာအကြောင်းအရာပေါင်းစုံကို ခပ်တည်တည် ကျယ်ကျယ်လောင်လောင် ငြင်းခုံ ပြကြခြင်းဖြစ်သည်။ အသံကိုတမင်မြှင့်၍ ငြင်းကြသည်။
ကိုစိုးအောင်၊ မောင်မောင်ထွေး၊ သိန်းမြင့်၊ မိမိတို့က ဒါမျိုးဆိုလျှင် အတိုင်အဖောက်ညီကြသည်။ လူငယ်ဘဝဆိုတော့ ဆင်ခြင်တုံကင်းမဲ့ခဲ့ပါသည်။ ဆရာများကတော့ အတော်စိတ်ညစ် သွားကြပုံရသည်။ မိမိတို့ကို ဘယ်သူဘယ်ဝါမှန်းမသိသော်လည်း မျက်မှန်းတမ်းမိနေပြီဖြစ်၍ နောင်သူတို့ဝင်လာလျှင် မိမိတို့နှင့် အဝေးဆုံးဝိုင်းမှာ သွားထိုင်ကြတော့သည်။

အဆိုပါ လက်ဖက်ရည်ဝိုင်း ၄ ဝိုင်းကား ကျောင်းဖွင့်ရက်သာမက ကျောင်းပိတ်ရက်တွင်ပါရှိခဲ့ကြသည့် ဝိုင်းများဖြစ်တော့သည်။ ခြောက်ကပ်တိတ်ဆိတ်နေသော ကျောင်းပိတ်ရက်ကာလများတွင်ပင် ဦးချစ်ဆိုင်၌ မိမိတို့နှစ်သက်ခုံမင်စွာ မွေလျော်ခဲ့ကြသည်။ စိမ်းမြမြဗန်ဒါရွက်များ အုံ့ဆိုင်ဝေဆာ
နေသည့်အောက်မှ ဦးချစ်ဆိုင်သည် အေးချမ်းလှပခဲ့သည်။ စည်ကားလှသည့်သက်တမ်းရှည် ရန်ကုန် ပင်မတက္ကသိုလ်ကြီး၏အရှိန်သြဇာက ဦးချစ်ဆိုင်၏အမည်နံမကို ထင်ရှားစေခဲ့သည်။ သို့သော် ရန်ကုန်တက္ကသိုလ်ကြီးကျောင်း ပိတ်ရက်များ ဆက်ခဲ့ပြီး ကျောင်းသားမရှိသည့် ဝင်းတံခါးများ သော့ခတ်ခံထားရသည့် ခေတ်ကာလသို့ ရောက်သည့်အချိန်ကာလ တာရှည်ခဲ့ပြီးနောက် ဦးချစ်ဆိုင်သည်လည်း ရာဇဝင်ထဲတွင် ကျန်ခဲ့ပေတော့သည်။

ထိုအတူ ကမ္ဘာ့တက္ကသိုလ်အဆင့်အတန်းသတ်မှတ်ချက်များ အရှေ့တောင်အာရှ တက္ကသိုလ် အဆင့်အတန်းသတ်မှတ်ချက်များတွင် မကြာမီကာလ၌ နှစ် ၁၀၀ ပြည့်တော့မည့် ရန်ကုန်ပင်မ တက္ကသိုလ်ကြီး အဆင့်ပျောက်နေခဲ့သည်။ ပညာမြင့်မှ လူမျိုးမြင့်မည်ဟု တဖွဖွရေရွတ်နေကြသော် လလည်း လက်တွေ့တွင် တချိန်ကစည်ပင်ခဲ့သော အရှေ့တောင်အာရှနိုင်ငံများမှ အားကျလေးစားခဲ့ ရသော ပင်မတက္ကသိုလ်ကြီးကား ရာဇဝင်ထဲ၌ ကျန်ရစ်နေခဲ့သည်။ တက္ကသိုလ်နယ်မြေ နေဝင်ခဲ့သည်။ သစ်ပုတ်ပင်အိုလည်း တိတ်ဆိတ်စွာ ကြေကွဲဝမ်းနည်း၍ နေပေလိမ့်မည်။

” ပြည်သူ့ခေတ်တွင် တို့တတွေကျောင်းတက်မည် ” ဟူသောတေးသံသည် ကံကော်ပင်တန်းများကြား တိုးညှင်းစွာပျံ့လွင်၍နေပေတော့သည်။

ဆက်လက်ဖော်ပြပါမည်

Mg Mg Soe ( မောင်မောင်စိုး )
photo credit Thein Myint

မှတ်ချက် ။ ။ လွမ်းရစ်ဝေသော နေ့များညများဘဝပေါင်းများစွာ အပိုင်း ၂၇ မှ စသည့် အခန်း ၅ အား မကြာမီ ဖော်ပြသွားပါမည်။ ယခု ခေတ္တရပ်နားပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts