ဝင်းအောင်ကြီး ခေတ်ပြိုင်အတွေ့အကြုံ

ဝင်းအောင်ကြီး – ပုဂံနှင့် မျက်ရည်

ဝင်းအောင်ကြီး – ပုဂံနှင့် မျက်ရည် 
ကျနော်တွေးမိသလို ရေးပါမည် (၁၅၆)
(မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၆

၁၉၆၀ ခုက ကိုမြသန်းတင့်၏ ညီများနှင့် ပုဂံသို့ ပထမအကြိမ် ရောက်ဖူး၏။ နောက်တာဝန်နှင့် ရောက်သွားပြီး မြန်မာ့အသံ သာယာရှုခင်း ဒို့ပြည်တွင်း အစီအစဉ်ကနေ ၂ ပိုင်းအသံလွှင့်နိုင်ခဲ့ရာတွင် ဆရာဇော်ဂျီ၏ ဆောင်းပါးများလေ့လာ ကိုယ်တိုင်လည်းမေးမြန်းခဲ့သည်။

၁၉၆၆ ခု၊ ဆိုဗီယက်ယူနီယန်တွင် ၁၁ ရာစု အဆောက်အဦများဆီရောက်ခိုက် ရှင်းပြသူက ပုဂံနှင့်ခေတ်ပြိုင် ပိသုကာလက်ရာများဟု ထောက်ပြသည်ကို မှတ်မိနေသည်။ ၁၉၉၈ ခု၊ အမေရိကန်တွင် သမီး၏ Green Card အတွက် စစ်ဆေးအပြီး လူဝင်မှုအရာရှိက ကျနော့အား “ ဦးဘိုကေကို သိလား၊ ပုဂံကလေ သူ့ကိုလွမ်းလို့” ဟုမေးသံ ကြားယောင်လာ၏။ ပုဂံကို ပြင်ချင်သလိုပြင်၊ လုပ်ချင်သလိုလုပ်၊ ဖြစ်ချင်သလိုဖြစ်နေသည်များကို မနေနိုင်သူတို့ FB ကနေတင်ပြ၍ မကြာခဏမြင်ရသည်။ ပုဂံခေတ်ပန်းချီကားများမှ အ၀တ်အစားများကိုပင် ပြင်ဆင်ရေးဆွဲလိုကြောင်း လေသံများကြားဖူးပါ၏။ ပုဂံကျောက်စာကို စာလုံးပေါင်းကိုပင် ပြင်လို့ရနေကြသောကာလကိုး။

ပုဂံကား ကမ္ဘာအံ့ဖွယ်ပါ။ လုပ်ချင်တိုင်းလုပ်နေကြသည်က ပိုပြီးအံ့သြဖွယ်ကောင်း၏။ ငလျင်ကြောင့် ပျက်သည်များကို ကျန်သလောက် ထိန်းသိမ်းလို့ရသည်။ လူဖျက်လို့ ပျက်ရင်း ပျက်ရင်း နာမည်ပင်ပျောက်ကွယ်သွားမည်။ တန်ဖိုးထားလေးစားသူတို့၏ အသံကိုကြားရတော့ အားတက်စရာ။

မနေနိုင်၍ သိမ်းထားသည့် ဓာတ်ပုံလေးပြန်ကြည့်ရင်း ဗိုလ်မှူးဘရှင်၊ ဦးဘိုကေ၊ဆရာမင်းသုဝဏ်နှင့် ပါမောက္ခ လုစ်တို့ … ။ သူတို့ချစ်သည့် ပုဂံမှာ သုတေသနလုပ်ရင်း ပုံ။ ကျနော့မျက်စိ အခြေအနေ မကောင်းသေးသည့်ကြား ကြိုးစားရေးရသမို့လား ပုဂံအပျက်အစီးသတင်းကြောင့်လားမသိ၊ မျက်ရည်ကျလာ၏။ ပုံထဲကပညာရှင်များ တဆက်တည်း ဆရာဇော်ဂျီ စသဖြင့် … ။ အင်း အနော်ရထာ ကျန်စစ်သား စသဖြင့် သူတို့လည်း သိရလျှင်ဝမ်းနည်းကြပေလိမ့်မည်။ ငလျင်ကြောင့်ထက် အသိဥာဏ်မရှိ တာဝန်မဲ့သူတွေကြောင့် ပျက်နေသည်ကို သိလို့ မျက်ရည်ကျပါက ဧရာဝတီမြစ်တောင် ရေလျှံသွားနိုင်ဟု တွေးမိကြောင်းပါ။

ဝင်းအောင်ကြီး (မောင်အောင်မွန်)
၂၀၁၆ ခု၊ သြဂုတ်လ ၂၄ ရက်နေ့။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts