လှကျော်ဇော သူတို့အာဘော် နိုင်ငံတကာရေးရာ

လှကျော်ဇော – နိုင်ငံတကာအခြေအနေအပြောင်းအလဲများ

လှကျော်ဇော –  နိုင်ငံတကာအခြေအနေအပြောင်းအလဲများ
(မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၆

ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေးအဆင့်အတန်း (order)ဟာ အလျင်အမြန် အပြောင်းအလဲတွေ ဖြစ်ပေါ်နေပါတယ်။ ဒါတွေကိုအမီလိုက်နိုင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် အခုတလောဖြစ်ပေါ် လာနေတဲ့အခြေအနေတွေ၊ အဲဒါတွေအပေါ် ပညာရှင်တွေ၊ သုတေသနသမားများရဲ့သုံး သပ်ချက်များကိုလက်လှမ်းမီသမျှ စုဆောင်းရေးသားလိုက်ပါတယ်။ မှီငြမ်းနိုင်ဖို့ပါ။

(မှတ်ချက်။ ။ အချက်အလက်များအားလုံး တရုတ်မီဒီယာများကပါ။)

၁။ ကမ္ဘာစီးပွားရေးအခြေအနေ။ နလံမထူသေးပါ။ ဒါ့အပြင် globalization အရှိန်ကျ လာမှု ကြောင့် နိုင်ငံရေးဂယက်ရိုက်ခတ်မှုများလည်း များလာပါတယ်။ (ဥပမာ Brexit ကိစ္စမျိုး။ Trumpသြဇာကြီးလာမှု) သဘောက နဂိုရှိရင်းစွဲ establishment ကို ဆန့်ကျင်တဲ့စိတ် ဓာတ်တွေပေါ်လာနေမှုတွေ မြင်လာရပါတယ်။(ဒါတွေကို လက်ဦးမှုရှိရှိမဖြေရှင်းရင် လူမှု ရေး တည်ငြိမ်မှုတွေ ထိခိုက်လာနိုင်ပါတယ်။) အရှင်းရှင်စနစ်ရဲ့အပြောင်းအလဲကို မုချလုပ်ရ ပါလိမ့်မယ်။ ဆေးမြီးတိုများနဲ့တော့ မဖြစ်နိုင်တော့ပါ။(ဥပမာ) ရွှေ့ပြောင်းနေထိုင်လာသူများ ကို ဈေးပေါပေါနဲ့ ခိုင်းစားပြီး ဖြေရှင်းနည်းမျိုး။ အဲဒီနည်းရဲ့မကောင်းတဲ့အကျိုးဆက်(ဥပမာ အကြမ်းဖက်ဝါဒ) တွေကလည်း ပေါ်လာနေပါတယ်။

အဆောက်အအုံအရပြောင်းလဲမှု structural changes-တွေ လုပ်ရလိမ့်မယ်။ တကယ်တော့-ဆိုရှယ်လစ်စနစ်ရော အရင်းရှင်စနစ်ရော သီးခြားသန့်သန့်သွားလို့မရတော့။ Globalization ကအတော် နက်ရှိုင်းနေပြီ။ အဲဒီအခြေပေါ်မှာပဲ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရမှာပါ။

ဒီနေရာမှာတရုတ်တင်လာတဲ့- ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေး အားလုံးပါဝင်လာရေး အားလုံး အကျိုးအမြတ်ရရှိရေး (အခုနောက်ပိုင်း တရုတ်က win-winဆိုတဲ့စကားထက် all inclusive ဆိုတဲ့စကား ပိုသုံးလာပါတယ်။)– ဆိုတဲ့အခြေပေါ်မှာတင်လာတဲ့ သေနင်္ဂဗျူဟာ စီမံကိန်း များ ဖြစ်တဲ့ ၁။ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ်။ (AIIB) နဲ့ ၂။ ပိုးလမ်းမ (၂) သွယ် (ကုန်းလမ်း-ရေလမ်း) one belt one road (OBOR) စီမံကိန်း(၂) ခုမှာ ၀င် ရောက်ပူးပေါင်းလာတဲ့ နိုင်ငံများစာရင်းကိုကြည့်ပါ။ ဖွံ့ဖြိုးဆဲနိုင်ငံများသာမက (အမေရိကန် မဟာမိတ်များအပါ) ဖွံ့ဖြိုးပြီးနိုင်ငံများပါ ပါဝင်နေတာတွေ့ရပါတယ်။ တရုတ်ကိုယ်တိုင် တောင် အတော်အံ့သြနေပုံရပါတယ်။

(ဥပမာ–AIIB မှာ တရုတ်က ၅၁ရာခိုင်နှုန်း ရင်းနှီး မြှူပ်နှံဖို့ရာထားပေမဲ့ ၀င်ရောက်ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံတွေများလွန်းလို့ (ဒီနှစ်ကုန်မှာ-နိုင်ငံ- ၈၀ ကျော်မယ်။) အခုတော့ ၃၀ ရာနှုန်းပဲ မြှုပ်နှံရပါတော့တယ်။ AIIB အောင်မြင်မှုမှာ အကြောင်း တွေရှိတယ်။ တရုတ်က ဗီတိုမသုံးဘူး။ တရုတ်စီံမံကိန်းများအတွက်မသုံး။ … ဆိုတဲ့ကတိ (၂) ခု ပေးထားတဲ့အတွက်လည်း ဖြစ် တယ်။ တရုတ်က သုံးစရာလည်း မလိုဘူး။ သူ့မှာ တခြားဖွံ့ဖြိုးတိုးတက်ရေး ဘဏ်တွေရှိ တယ်။)

ဒီနေရာမှာ ၁၉၄၉ ခုနှစ်က (အဲဒီတုန်းကဆိုဗီယက်ယူနီယံ) က ဟိုက်ဒရိုဂျင်ဗုံး (အနုမြူဗုံးထက် အဆင့်မြင့်) ထုတ်လုပ်ပေးတဲ့ သိပ္ပံပညာရှင်-အင်ဒရေ-ဆားခရော့ဗ်ရဲ့စာတမ်း (၁၉၆၇ထုတ်) အကြောင်းပြောပြချင်ပါတယ်။

(ကိုးကား။ ။  ၁။ အိုးဝေလဖက်ရည်ကြမ်းဝိုင်း (ပထမအုပ်) ညိုမြ ။နှာ-၂၁၂-၂၂၀)
၂။ Wikipedia။

ဒီစာတမ်းက အကြောင်းအရာအတော်များများဟာ အခုခေတ် တရုတ်တွေ တင်လာနေတဲ့ကြွေးကြော်သံတွေ (တချိုများဆို- စကားလုံးက အစ) နဲ့တူညီနေတာတွေ တွေ့ရပါတယ်။

အခု အဲဒီစာတမ်းရဲ့အကျဉ်းချုပ်အချက်များကိုကြည့်ရအောင်ပါ။

၁။ အနုမြူပေါ်ပေါက်လာချိန်မှစပြီး ကမ္ဘာကိုဝါဒရေးရာအရ ခွဲခြားလို့မရတော့။ လူသား အားလုံး အနုမြူလောကကြီးအတွင်း စုပြုံရောက်သွားပြီ။ (အခု ရှီကျင့်ဖင်သုံးနေတဲ့ ကံတူ အကျိုးပေးနိုင်ငံများ- shared-destiny ဆိုတာနဲ့တူ) အနုမြူဗုံးများအပြိုင်အဆိုင် ထုတ်လုပ်ကြ ပြီး အခု စုပုံလာနေတဲ့ဗုံးများရဲ့အာနိသင်ဟာ ဒီကမ္ဘာကြီးကိုတကြိမ်သာမက အကြိမ်ပေါင်း (၃၀) ဖျက်ဆီးနိုင်ပြီ။ ဒါကြောင့် သူရော ငါရော အကုန်သေပြီး ကမ္ဘာပျက်တဲ့လမ်းစဉ်ကို လိုက်ကြ မလား။

အပြုလမ်းစဉ်” အားလုံးတိုးတက်ရေး၊ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေး၊ လွတ်လပ်စွာ တွေးတောမော်ျခေါ်ရေး” (Peace-Coexistence and Intellectual Freedom) ဆိုတဲ့အားလုံး ကောင်းစားရေး (တရုတ်ကသုံးတာ inclusive တဲ့။) ကိုလိုက်ကြမလား …တဲ့။

၂။ လူဦးရေတိုးနှုန်းဟာ ၅၀ ရာနှုန်း၊ ရိက္ခာတိုးနှုန်းဟာ ၇၀ ရာနှုန်း ဒါကြောင့် ဆင်းရဲမှုပပျောက်သင့်တယ်။ ဆင်းရဲမှုက မုန်းတီးမှုအပါ အနိဋ္ဌာရုံအမျိုးမျိုးကို ပေါ်ထွက်စေ တယ်။ ဒါကြောင့် ဖွံ့ဖြိုးတိုးတက်ရေး ညီမျှဖို့အတွက် ချမ်းသာတဲ့နိုင်ငံများက ၀င်ငွေတွေကို နှစ်စဉ်အချိုးကျအလှုငွေထည့်ဝင်ပြီး (မိမိတို့ဝင်ငွေရဲ့ ၂၀ ရာနှုန်း) ဆင်းရဲတဲ့နိုင်ငံတွေကို ကူညီရမယ်။(အခု ကုလသမဂ္ဂလုပ်ဆောင်နေတဲ့(ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေး MDG စဉ် ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး SDG17 စတာတွေဟာ ဒီအပေါ်မှာ အခြေခံထားပါ တယ်။) တရုတ်ရဲ့ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေး…. ဆိုတဲ့ကြွေးကြော်သံရဲ့အခြေခံ အတွေး အခေါ်ဟာ….ကမ္ဘာပေါ်မှာရှိရှိသမျှ အရင်းအမြစ်အားလုံးကို တရားမျှတစွာ ခွဲဝေမယ်ဆို ရင် ကမ္ဘာလူဦးရေ (၇ )ဘီလီယံအတွက် လုံလောက်တယ် … ဆိုတဲ့ယူဆချက်ပေါ်ဖြစ်ပါတယ်။

၃။ ရုရှားဟာ ကွန်မြူနစ်စနစ်လက်အောက်မှာ ပြောသလောက် မတိုးတက်ဘဲ အမေရိကန်ပြည်ကြီးဟာလည်း ဓနရှင်စနစ်အောက်မှာ ပြောသလောက် မဆုတ်ယုတ်ကြောင်း၊ ဒါ ကြောင့် ၀ါဒ မတူညီတဲ့နိုင်ငံကြီးများ တိုးတက်မှုညီမျှလာအောင် အမေရိကန်များက ဆိုရှယ် လစ်စနစ်ရဲ့ကောင်းကွက်များကို ကူးယူကျင့်သုံးပြီး ရုရှားကလည်း ဓနရှင်စနစ်ရဲ့အောင်မြင် မှုများကို အတုယူသင့်တယ်။ ဒါ့အပြင် ဘာထရင်ရပ်ဆယ်ရဲ့ပြောစကားတချို့ကို ကိုးကား ထားပါတယ်။” တဖက်သားကို အပြုတ်တိုက် အနိုင်ယူလိုတဲ့ စိတ်ဓာတ်များကို စွန့်ပယ်နိုင်မှ သာ ဒီကမ္ဘာကြီးဟာ အနုမြူစစ်ပွဲကလွတ်ကင်းနိုင်မှာ” … တဲ့။ (ဒါကလည်း အခုတရုတ်တွေ ပြောနေတဲ့ Cold –War mentality. Zero-sum game တွေ ပပျောက်အောင်လုပ်ရမယ်။ ဆိုတာနဲ့ ကိုက်နေပါတယ်။)

၎။ ဒီအမြင်တွေကိုစုစည်းပြီး ဆာခါးရော့ကရှေ့ရေးခန့်မှန်းချက်တွေ တင်ပြထားပါသေး တယ်။ ဒီအထဲက အံ့သြစဖွယ်မှန်ကန်လာတဲ့အချက်များအနက် တခုကိုတင်ပြချင်ပါတယ်။

၁၉၈၀ ပြည့်နှစ်မှ၂၀၀၀ ပြည့်နှစ်အတွင်း ကမ္ဘာတခုလုံးတိုးတက်မှု အဆင့်အတန်းများ တူညီ လာပြီမို့ ကမ္ဘာတခုလုံးကို တာဝန်ခံယူအုပ်ချုပ်တဲ့ ကမ္ဘာအစိုးရအဖွဲ့ကြီး ပေါ်ပေါက်လာမယ် တဲ့။ ရုရှားနဲ့ အမေရိကန်တို့ကပဲ ဒီလိုအစိုးရမျိုးပေါ်ပေါက်လာအောင် ကုလသမဂွနဲ့ ပူးတွဲ ဆောင်ရွက်ကြလိမ့်မယ်တဲ့။ (တရုတ်က အခုတင်နေတဲ့ Global Governance အယူအဆနဲ့ တူနေပြီး ဒါကို တရုတ်က ကုလသမဂွနဲ့အတူ G 20 နိုင်ငံများရဲ့ အခန်းကိုဖော်ထုတ်နေတာ တွေ့ရပါတယ်။ ဒီနှစ် ၉ လပိုင်း ဟန်ကျိုးမှာကျင်းပမဲ့ ဂျီ-၂၀-အစည်းအဝေးရဲ့အစီအစဉ်များ ဟာ စိတ်ဝင်စားဖွယ်ပါ။ ထူးခြားတဲ့ အမြင်တွေ ထွက်လာနိုင်ပါတယ်။)

ဒါတွေကတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း(၇၀)က ပေါ်ထွက်ခဲ့တဲ့ စာတမ်းအကြောင်းနဲ့ တရုတ်ရဲ့လက်ရှိပေါ်လစီများ တိုက်ဆိုင်နေမှုအကြောင်းများပါ။

ဒါ့အပြင် အရင်းရှင်စနစ်ရဲ့အကြပ်အတည်းနောက်တခုက အခုထွက်လာနေတဲ့ Chilcot Report အဲဒါက အီရတ်စစ်ပွဲအတွင်း ဗြိတိသျှတို့ပါဝင်မှုအပေါ်စုံစမ်းစစ်ဆေးပြီး ထွက်လာတဲ့ အစီရင်ခံစာ။ တိုနီဘလဲကို အရေးယူဖို့တောင်းဆိုလာတာတွေ။ ဘလဲက သူ့အမှားအတွက် တောင်းပန် စကားဆိုလာ။

(ဒါမျိုးက ဆက်လာမဲ့အကျိုးဆက်တွေ ရှိတယ်။ ၂၀ ရက်နေ့က မြထွန်းဦး သတင်းစာရှင်းပွဲ ကြည့်ပါ။ အမှားဝန်ခံပြီးရင် တာဝန်ခံမှု၊ နောင်မဖြစ်အောင် ကာကွယ်ရေး စသဖြင့် ဒါတွေ ဘယ်လိုလုပ်မလဲ။ မရှောင်မလွှဲသာ ၂၀၀၈ ပြင်ဆင်ရေးများ ပါလာနိုင်) ။

Regime change အတွက်စစ်ရေးအရ၀င်စွက်ဖက်မှု ရဲ့အကျိုးဆက်တွေ။ သတင်းအချက်အလက် မှားယွင်းမှု တွေ (တမင်လုပ် မလုပ်)။ သေဆုံးရသူများ (အီရတ်မှာ အများစုအရပ်သားများ ခံနေရမှုများ) ကို ဘယ်လိုတာဝန်ခံကြမလဲ။ (accountability) အကျိုးဆက်အဖြစ်ပေါ်ထွက်လာတဲ့ အကြမ်းဖက် ၀ါဒကို ဘယ်လိုတိုက်မလဲ။ … ဆိုတဲ့ငြင်းခုံမှုတွေဟာ ကမ္ဘာနိုင်ငံရေး အဆင့်နေရာ (International Political Order) အပြောင်းအလဲဘက် တာစူနေပါတယ်။

(အင်္ဂလိပ် အနေနဲ့ အမေရိကန်ရဲ့နောက်လိုက်အဖြစ်ကနေ ရုန်းထွက်မဲ့လက္ခဏာများပေါ်ထွက်လာ တာ ကြည့်ပါ။ ၁။ ဆီးရီးယားကိစ္စ။ ၂။ AIIB ကိစ္စ။ ၃။ Brexit ကိစ္စ။ အခု တရုတ်နဲ့ Free Trade Agreemnt; လွတ်လပ်စွာကုန်သွယ်ခွင့်… FTA လုပ်မဲ့ကိစ္စ။) ဒါတွေက အမေရိကန်ရဲ့ hegemony အဆင့်ကို ကျသွားစေတယ်။ သူပြောတိုင်းမပြီးတော့။

ဒီလိုအကြပ်အတည်းတွေက လွတ်ဖို့ အရင်းရှင်နိုင်ငံများရဲ့ကြိုးပန်းမှုတွေပေါ်လာပြီး တခြား အလျှင်အမြန်တိုးတက်လာနေတဲ့နိုင်ငံများ (အထူးသဖြင့်တရုတ်နဲ့) ထိတ်တိုက် တွေ့ တွေ့နေတာဖြစ်ပါတယ်။

ဥပမာ။ အမေရိကန်ရဲ့အာရှ-ပစိဖိတ်ပြန်လှည့်လာတဲ့ပေါ်လစီဆိုပါစို့။

US ကတသက်လုံးကိုင်စွဲလာတဲ့ အရှေ့အလယ်ပိုင်းဦးစားပေးရေးမူကို ဘာလို့ စွန့် လွှတ်လိုက်တာလဲ။ ၁။ အဲဒီကရေနံကိုသိပ်အားကိုးစရာမလိုတော့။ (US ဆီမှာ ရှေးလ်ရေနံ အလုံအလောက်ရှိနေပြီ။)

၂။ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ လက်နက်ဈေးကွက်က ပြည့်စုံလုံလောက်နေပြီ။ ပိုလျှံ တောင်နေပြီ။

နောက်ထပ်ရောင်းရဖို့ မမြင်တော့။ ဒီမှာတင် ဈေးကွက်သစ်ရှာဖို့ လိုလာပါတယ်။

အာရှ- ပစိဖိတ်နိုင်ငံတွေ- စီးပွားရေးအရှိန်အဟုန်ကောင်းလာမှုကြောင့် မျက်စိကျလာပြီး တောင်တရုတ်ပင်လယ်ကိစ္စ တမင် တင်းမာလာအောင်လုပ်နေတာ/

တရုတ်ရဲ့အရှိန်အဟုန် မြင့်လာတာကိုလည်း ထိန်းချုပ်နိုင်၊ အဲဒီပတ်လည်က နိုင်ငံများကိုလည်း စစ်လက်နက် ပစ္စည်းများရောင်းနိုင်။ ဒါဟာ US ရဲ့Military-Industrail Complex-လုပ်ဟန်တွေပဲ။ သိပ် အလုပ်မဖြစ်တော့။

တနေ့က တရုတ်တီဗီဆွေးနွေးပွဲ တခုမှာ အိန္ဒိယပါမောက္ခ တယောက်က တရုတ်နဲ့ ငါတို့စစ်ဖြစ်ရင် တို့ (၂) နိုင်ငံလုံး နာမယ်။ တို့(၂) နိုင်ငံလုံးကို ခွပြီး လက်နက်ရောင်း တဲ့ နိုင်ငံတွေက ပွမှာ။ တို့ဘယ်တော့မှ ဒီလိုမျိုးထောင်ချောက်ထဲ ပြန်မဆင်းတော့ဘူး…တဲ့။ ဒါကြောင့် တောင်တရုတ်ပင်လယ်ကိစ္စလည်း သိပ်ကြီးကြီးမားမား ပြဿနာ ပေါ်နိုင်စရာမရှိ။ တရုတ်နားရွက် တံထွေးဆွတ်ရုံလောက်ပါပဲ။ (ဖီလစ်ပိုင်-ဆီနိတ်တာ တယောက်ကတော့ ငါတို့တိုင်းပြည်အတွက် အမေရိကန်က ဘယ်စစ်တိုက်ပေးမှာလဲ။ ငါတို့နိုင်ငံတကာ တရားရုံးအတွက် ကုန်ကျစရိတ်တွေကို အမေရိကန်ကိုတောင်းရမယ် … လို့တောင် ပြော သွားသံကြားရပါတယ်။)

ဒီနေရာမှာ နိုင်ငံတကာပင်လယ်ပြင် ဥပဒေတွေနဲ့ ပတ်သက်လို့လည်း ပြောစရာတွေရှိပါတယ်

၁။ ဥပဒေတမျိုးက…. ကျွန်းတွေကို အရင်ဆုံးတွေ့ရှိပြီး နံမည်ပေးတာ မိမိနိုင်ငံရဲ့အုပ်ချုပ်မှု အောက်သွင်းထားခဲ့ရင် အဲဒီနိုင်ငံပိုင်တယ်လို့ သတ်မှတ်ပါတယ်။ (တရုတ်ရဲ့ အခုကျွန်းတွေ (ရှီရှားနန်ရှားကြုံရှား စတာတွေ) ဒါတွေက အဲဒီဥပဒေအောက်မှာဖြစ်တယ်။

၂။ နောက်ဥပဒေတမျိုးက နိုင်ငံတွေရဲ့ကမ်းခြေက မိုင်(၂၀၀)အတွင်း အဲဒီနိုင်ငံရဲ့စီးပွားရေး ဇုံနယ်ဖြစ်တယ်။ (EEZ) လွတ်လပ်စွာဖြေရှင်းခွင့်ရှိတယ်။ (ဥပမာ-ငါးဖမ်းခွင့်၊ သယံဇာတတူးဖော်ခွင့်စသဖြင့်) အဲဒီဥပဒေအောက်မှာ ဖီလစ်ပိုင်ပြောနေတဲ့ ဟွမ်ယွင်ကျွန်း (နန်ရှား ကျွန်းစုထဲက ကျွန်း တကျွန်း ) ကိစ္စပါဝင်နေတာ။

သဘောကတော့ ပိုင်ဆိုင်တဲ့မျဉ်းတွေ ထပ်ကုန်တာပါ။

ဒါ့အပြင် …UNCLOS ဆိုတဲ့ ကုလက တင်ထားတဲ့ ဥပဒေတွေလည်း အမျိုးမျိုး ရှိသေးတယ်။ လိုသလိုဆွဲယူနိုင်တဲ့ဥပဒေတွေပါ။

ဒါကြောင့် တရုတ်က-ပိုင်ဆိုင်မှုကိုငြင်းမနေကြဘဲ ပူးတွဲစီးပွားရှာရေးကို တင်နေတာဖြစ် တယ်။ သူ့ဘက်ကိုယ့်ဘက် အမှန်ချည်းဖြစ်လို့ပြဿနာတွေကို သက်ဆိုင်ရာနိုင်ငံများနဲ့ ငြိမ်း ချမ်းစွာဆွေးနွေးဖြေရှင်းဖို့ အာစီယံနီုင်ငံများနဲ့ သဘောတူပြီးသား။ (ဖီလစ်ပိုင်သမ္မတဟောင်း ရာမို့စ်လက်ထက်က) အခုလားအိုးမှာ ကျင်းပတဲ့အာစီယံ + အစည်းအဝေးတွေမှာလည်း အိမ်ရှင်လားအိုးက ဒီကိစ္စ အတင်တောင်မခံပါ။

ဒါ့အပြင် ဇူလိုင်(၁၂) ရက်နေ့ကချမှတ်ခဲ့တဲ့ တရားရုံး award ကိုတရုတ်က”စက္ကူတရွက် လို့ပဲ သဘောထားတယ်” လို့အပြတ်ပြောထားပြီး စစ်ရေးအတွက်လည်း ပြင်ဆင်ထားပါ တယ်။ ဇူလိုင်(၁၈) ရက်နေ့က ပီကင်းကို အလည်အပတ်ရောက်လာတဲ့ အမေရိကန်ရေတပ် စစ်ဦးစီးကို တရုတ်ရေတပ်က ဗိုလ်ချုပ်ပြောတဲ့စကားတွေကို ကြည့်ပါ။

“ကျွန်တော်တို့ ဘယ်သူကိုမှ ဒုက္ခမပေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကိုဒုက္ခတွေ ပေးလာရင်လည်း မကြောက်ဘူး။ ရင်ဆိုင်ဖြေရှင်းသွားမှာပဲ ”

“ကျွန်တော်တို့အနေနဲ့  တောင်တရုတ်ပင်လယ်တွင်းက ကျွန်းတွေအပေါ် တည်ဆောက်ရေး တွေ ဆက်လက် လုပ်ဆောင်သွားမယ်။ တရုတ်ရေတပ်အနေနဲ့ တိုင်းပြည်ရဲ့အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ခြိမ်းခြောက်မှု ထိပါးမှုတွေကိုရင်ဆိုင်ဖို့ လုံလောက်တဲ့ ပြင်ဆင်မှုများ ပြု လုပ်ပြီး ဖြစ်တယ်။”

“တရုတ်အနေနဲ့ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာညှိနှိုင်းဆွေးနွေးပြီး နိုင်ငံတကာ ဥပဒေများ ထုံထမ်းများနဲ့အညီ ဖြေရှင်းသွားမယ်။”

“ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ဘိုးဘွားတွေက ချန်ထားပေးခဲ့တဲ့အမွေကို တလက်မမှ အဆုံးရှုံးခံမှာ မဟုတ်ဘူး။ ကိုယ်မပိုင်တဲ့မြေ တလက်မကိုမှလည်း မလိုချင်ပါဘူး။”

အဲသလို အမေရိကန်စစ်ဗိုလ်ချုပ်တယောက်ကို မူအရ ပြတ်ပြတ်သားသား ပြောလိုက်ပေမဲ့ တဖက်ကလည်း (သူတို့ပြောထားတဲ့ ပူးတွဲဖွံ့ဖြိုးတိုးတက်ရေး-ဆိုတဲ့လမ်းကို ဖေါ်ဆောင်ဖို့) အဲဒီပတ်လည်က နိုင်ငံများနဲ့ စီးပွားရေးလုပ်ငန်းများလုပ်နိုင်မဲ့ စီမံကိန်းများကို (အထူးသဖြင့် ခရီးသွားလာရေးနဲ့ ပတ်သက်တဲ့) လည်း တဖြေးဖြေး လုပ်နေပါတယ်။

ဥပမာအားဖြင့် ဒီစာတမ်းနဲ့အတူ ပူးတွဲပို့လိုက်တဲ့ပုံကို ကြည့်ပါ။ (China Daily- 21-7-2016) ဟိုင်နန်ကျွန်းမြို့တော် စန်းရဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့အပျော်စီးသင်္ဘော ဖြစ်ပါတယ်။ အခုပြေးနေတဲ့ခရီးစဉ်ဟာ ဟိုင်နန်းကျွန်းတပတ်နဲ့ အနီးအနားကျွန်းတွေကိုပဲ ဖြစ်ပေမဲ့ နောင်(၅)နှစ်အတွင်း အဲလိုသင်္ဘောမျိုး (၈)စီး ထပ်ဖြည့်ပြီး နိုင်ငံတကာခရီးများ (ဗီယက်နမ် စင်ကာပူ ၾသစေတ်းလ်… အမေရိကန်) ကိုသွားမှာ ဖြစ်တယ်။ (အခု လောလောဆယ်မှာလည်း တျန်းကျင်းကနေ တောင်ကိုးရီးယား-ဂျပန်တို့ကို ပြေးနေတဲ့ အပျော်စီး သင်္ဘောတွေရှိတယ်။)

တရုတ်ရဲ့ခရီးသွားဧည့်သည်များကို နိုင်ငံတိုင်းက သိပ်လိုလားပါတယ်။ (ငွေဖြုန်း နိုင်လို့) ဥပမာအားဖြင့် ၂၀၁၅ ခုနှစ်က တရုတ်ကမ္ဘာလှည့်ခရီးသွားသူ သန်း (၁၂၀) ကျော် တယ်။ သုံးတဲ့ငွေက ဒေါ်လာဘီလီယံ (၁၀၅) ကျော်တယ်။ ဂျပန်နိုင်ငံရဲ့ခရီးသွားဌာန ၀င်ငွေ ရဲ့ ၄၈ ရာနှုန်းဟာ တရုတ်ခရီးသည်တွေဆီက ဖြစ်တယ်။ (ဒါကြောင့် ဂျပန်ဝန်ကြီးချုပ် အာဘေး ဆုပ်စူး စားရူးဖြစ်နေရတာ။)

ဒါ့ကြောင့်ပဲ အခုသမ္မတရှီကျင့်ဖင်တင်နေတဲ့ အင်အားကြီးနိုင်ငံများအကြား ဆက်ဆံရေး အသစ်.. ဆိုတဲ့လုပ်ဟန် အတော်အောင်မြင်လာတာပါ။

၁။ AIIB လုပ်ငန်းများမှာ တခြားနိုင်ငံတကာအဖွဲ့အစည်းတွေ(WB IMF ADB) ပါဝင်လာမှု။

၂။ ရုရှားက ပူတင်တင်ထားတဲ့ – ယူရေရှား (အရင် ဆိုဗီယက်က ခွဲထွက်ခဲ့တဲ့ နိုင်ငံများပြန် စည်းရုံးဖို့လုပ်တာ)

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို တရုတ်ရဲ့ပိုးလမ်းမစီမံကိန်းနဲ့ဆက်စပ်လိုက် နိုင်တာ။
…စတာ တွေဟာ …သက်သေတွေပါပဲ။

အခုဆက်စောင့်ကြည့်ရမဲ့ ကိစ္စကတော့ (ပူတင် တင်နေတဲ့)- အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် နိုင်ငံတကာ တပ်ပေါင်းစုဖွဲ့ရေး ဆိုတာပါ။

US အပါ အနောက်နိုင်ငံတွေက အကြမ်းဖက်ဝါဒကို ကြည့်မြင်ရာမှာ စံ(၂)မျိုးနဲ့ ကြည့်နေ တာကို ပြင်ရမှာခက်နေတယ်။ ရုရှားက ချက်ညာ၊ တရုတ်က စင်ကျန်း စတာတွေကို သူတို့က ရုရှားနဲ့တရုတ် နားရွက် တွံထွေးဆွတ်ဖို့ မွေးထားချင်နေတာ။ အကြမ်းဖက်အထဲ မထည့်ချင်ဘူး။

ဒါ့အပြင် ရရှိထားတဲ့ ထောက်လှမ်းရေးသတင်းတွေ ဖလှယ်ရေးဆိုတာကလည်း Cyber security ကိစ္စပါနေပြန်တယ်။ ဒါကို USအနေနဲ့ တရုတ်-ရုရှား တို့နဲ့ ပူးတွဲမလုပ်နိုင်ဘူး။

ဘယ်လိုဘဲဖြစ်ဖြစ် အခုလောလောဆယ်မှာတော့ ဆီးရီးယားမှာတော့ အမေရိကန်တွေ ဟာ မလွှဲမရှောင်သာ ရုရှားနဲ့ပူးပေါင်းလုပ်ဆောင်နေရပြီး အာဖဂန်မှာလည်း တရုတ်နဲ့ ပူး ပေါင်း လုပ်နေရပါပြီ။

ဒါဟာ တဖြည်းဖြည်းနဲ့ Multi-Polar World Order ဖြစ်လာနိုင်တဲ့ အကြောင်းအချက် တွေပါပဲ။

အဲဒီကနေ-ကမ္ဘာနိုင်ငံရေးအဆင့်အတန်း …International Political Order.

ကမ္ဘာဘဏ္ဍာရေးအဆင့်အတန်း-International Financial Order.

အပြောင်းအလဲတွေဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီအပြောင်းအလဲများပေါ်မူတည်ပြီး ဗမာပြည်လို အင်အားချိနဲ့တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများ အနေနဲ့နိုင်ငံကြီးများအကြား သင့်တင့်မျှတစွာ နေထိုင် ဆက်ဆံနိုင်လျှင် မိမိနိုင်ငံအတွက် မိမိ ပြည်သူလူထုအတွက် အကျိုးရှိနိုင်ပါတယ်။

လှကျော်ဇော


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts