သူတို့အာဘော် မောင်မောင်စိုး

မောင်မောင်စိုး ● ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် တပ်မတော်သဘောထား

မောင်မောင်စိုး ● ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် တပ်မတော်သဘောထား
(မိုးမခ) မေ ၂၉၊ ၂၀၁၈

၂၀၁၁ ခုနှစ်မှစတင်ခဲ့သော မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ယခုအခါတွင် ရပ်တန့်နေသည်။ ရှေ့မတိုးသာ နောက် မဆုတ်သာအခြေအနေတွင် ဆိုက်ရောက်နေသည်ဟူ၍ သုံးသပ်ပြောဆိုနေသည်ကို တွေ့ရပေသည်။ အမှန်တကယ်လည်း လက်တွေ့အခြေအနေတွင် မြန်မာပြည်ငြိမ်းချမ်းရေးသည် မြန်မာပြည်စစ်မီးလျံများကြား လူးလွန့်အသက်ဆက်နေရသည်ဟု ဆိုရပေမည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့မဆက်နိုင်ခြင်းနှင့် စစ်ပွဲများ ပိုမိုပြင်းထန်လာခြင်းသည် နှစ်ပေါင်း ၇၀ ကြာ အသားကျနေသည့် စဉ်းစားမှုများအပြင် လက်တွေ့အခြေအနေကို ကြည့်မြင်သုံးသပ်ပုံများကွဲပြား၍ဖြစ်သည်ဟု ဆိုရမည်။ လက်ရှိမြန်မာပြည်ငြိမ်း ချမ်းရေးဖြစ်စဉ်တွင် တပ်မတော်၏သဘောထားသည် အရေးပါသည်ကို ငြင်းပယ်၍မရပေ။ သို့ဖြစ်ရာ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် တပ်မတော်၏သဘောထားကို ဆန်းစစ်ကြည့်ရန်လိုအပ်ပေသည်။

၂၀၁၁ ခုနှစ်မှစတင်ခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် NCA နှင့်ပတ်သက်၍ အငြင်းပွားခဲ့ကြသည်ဆိုသော်လည်း တကယ် တမ်း ညှိနှိုင်း၍မရခဲ့သည်မှာ NCA ပါအချက်များမဟုတ်ဘဲ MNDAA/TNLA/AA အဖွဲ့ ၃ ဖွဲ့ NCA လက်မှတ်ထိုးရာတွင် ပါဝင်ခွင့်ပြုရေးနှင့်ပတ်သက်၍ ဖြစ်သည်။ ဤအဖွဲ့ ၃ဖွဲ့ အား NCA လက်မှတ်ထိုးခွင့်ပြုရေးနှင့်ပတ်သက်ပြီး တပ်မတော်ဖက် ကလက်မခံကြောင်းကို ၂၀၁၅ ခုနှစ် စက်တင်ဘာလကထဲက ရပ်ခံခဲ့သည်ဟု ဆိုရမည်။ ဤသို့ လက်ခံခြင်းမပြုခြင်းသည် ၂၀၁၅ ခုနှစ် ဖေဖဝါရီလက စတင်ဖြစ်ပွားခဲ့သည့် ကိုးကန့်တိုက်ပွဲများကြောင့်ဟု ဆိုကြသည်။ ထို့ပြင် နောက်မှပေါ်ပေါက် လာသောအဖွဲ့များဖြစ်၍ လက်ခံခြင်းမပြုဟုလည်း ဆိုကြပါသည်။

အဆိုပါ ၃ ဖွဲ့နှင့်ပတ်သက်၍ တပ်မတော်သဘောထားမှာ လက်နက်စွန့်ရေးဖြစ်သည်။ ထိုအဖွဲ့ ၃ ဖွဲ့သာမက KIA တပ်မဟာ ၄ ပါ လက်နက်စွန့်ရမည်ဟု ၂၀၁၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် တပ်မတော်က သဘောထားထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ ၂၀၁၆ ခုနှစ် NLD အစိုးရတက်လာပြီးနောက် ပထမအကြိမ် ၂၁ ရာစုပင်လုံကျင်းပနိုင်ရန် ညှိနှိုင်းနေစဉ်ကာလအတွင်း အဆို ပါ MNDAA/TNLA/AA အဖွဲ့ ၃ ဖွဲ့ အနေနှင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်မည်ဟူသော ကြေညာချက်ထုတ်ပြန်ပေးရန် ညှိနှိုင်းမှုများရှိခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ပါ။

ထိုသို့ ညှိနှိုင်းနိုင်မှုမရှိသည့်တချိန်တည်းတွင် အဆိုပါ MNDAA/AA/TNLA အဖွဲ့ ၃ ဖွဲ့ အပြင် ထိုအဖွဲ့ ၃ ဖွဲ့အား ထောက် ခံသည့် KIA တို့နှင့်ပါ တပ်မတော်တို့ တိုက်ပွဲများ ဆက်တိုက်လိုလို ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများလည်း ပြင်းထန်ခဲ့သည်။ အထူးသဖြင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်း အဆိုပါ မြောက်ပိုင်းစစ်ရေးမဟာမိတ် ၄ ဖွဲ့နှင့် တပ်မတော်တို့ကြား ပြင်းပြင်း ထန်ထန် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

အဆိုပါ ပြင်းထန်သည့်စစ်ရေးတိုက်ပွဲများဖြစ်ပွားပြီးနောက် တပ်မတော်မှ KIA/MNDAA/TNLA/AA အဖွဲ့ ၄ ဖွဲ့အား အကြမ်း ဖက်အဖွဲ့အစည်းအဖြစ်ကြေညာနိုင်ရန် ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့သည်ကို တွေ့ရသည်။ ပြည်သူ့လွှတ်တော်တွင် တပ်မတော်၏ အဆိုအရေးနိမ့်ခဲ့သော်လည်း တပ်မတော်ကိုယ်စားလှယ်နှင့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်အများစုရှိသော ရှမ်းပြည်နယ်လွှတ်တော်တွင် ထပ်မံတင်သွင်းအတည်ပြုထားနိုင်ခဲ့သည်။ ၂၀၀၈ အခြေခံဥပဒေအရ ပြည်နယ်လွှတ်တော် ဆုံးဖြတ်ချက်သည် ပြည်ထောင်စုအစိုးရအပေါ် သက်ရောက်နိုင်ခြင်းမရှိသော်လည်း တပ်မတော်နှင့် တပ်မတော်အား ထောက်ခံသည့် ပြည်ခိုင်ဖြိုးပါတီ၏သဘောထားကို ရှင်းလင်းစွာတွေ့မြင်နိုင်သည့်အချက်ဖြစ်ပေသည်။

သို့ဖြစ်ရာ ရွေးကောက်ခံ NLD အစိုးရအနေနှင့် KIA/MNDAA/TNLA/AA အဖွဲ့ ၄ ဖွဲ့အား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသာဆက်လက်ခေါ်ဝေါ်သုံးစွဲပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်လာစေရန် မျှော်လင့်ချက်ထားရှိနေသေးသော်လည်း တပ်မတော်အနေနှင့် ၎င်းအဖွဲ့ ၄ ဖွဲ့အား အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သဘောထားပြီး စစ်ရေးအရတိုက်ခိုက်သွားရန် ရည်ရွယ်ထားရှိသည်ကို တွေ့နေရသည်ဟု ဆိုရပါမည်။

၂၀၁၈ ခုနှစ် မေလ ၁၁ ရက်နေ့ကလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဖြစ်သူက KIA အနေနှင့် NCA လမ်းကြောင်း ပေါ်တက်မလာပါက နိုင်ငံတော်အစိုးရကို လက်နက်ကိုင်တော်လှန်ပုန်ကန်နေသူများအဖြစ်သတ်မှတ်ပြီး အစွမ်းကုန်ရှင်းပစ် မည်ဟု ဆိုခဲ့သည်။ သို့ဖြစ်ရာ အဆိုပါ အဖွဲ့၎ ဖွဲ့အား တပ်မတော်အနေနှင့် ၂၀၁၅ ခုနှစ်ခန့်က လက်နက်စွန့်ရမည်ဟု သ ဘောထားဖေါ်ပြသည်မှစ၍ ၂၀၁၇ ခုနှစ်ပိုင်းတွင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သဘောထားပြီး စစ်ရေးအရ ရှင်းလင်းရန် ဆုံးဖြတ်ခဲ့သည်ကို တွေ့ရ သည်။ ၎င်းအကြမ်းဖက်အဖွဲ့များအဖြစ် အဆိုတင်သွင်းခြင်းအား လွှတ်တော်က လက်မခံဘဲ NLD အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဟု ဖော်ပြနေဆဲဖြစ်သော်လည်း တပ်မတော်က အကြမ်းဖက်အဖွဲ့အစည်း အဖြစ်ဖေါ်ပြပြီး စစ်ရေးအရအစွမ်းကုန်ရှင်းလင်းရန် ဆုံးဖြတ်ခဲ့ပြီဟု ဆိုရပါမည်။ ဤသို့ဆုံးဖြတ်ထားခဲ့ခြင်းမရှိဟု ဆိုသော်မှ လည်း အကြမ်းဖက်အဖွဲ့အစည်းဟု ခေါ်ဝေါ်သုံးနှုံးသတ်မှတ်ထားပြီဆိုပါက စစ်ရေးအရ ရှင်းလင်းရန်သာရှိတော့သည်ဟု အဓိပ္ပါယ်ကောက်ယူရတော့မည် ဖြစ်ပေသည်။

တဖက်တွင်လည်း အဆိုပါ KIA/MNDAA/TNLA/AA အဖွဲ ၄ ဖွဲ့သည် ၂၀၁၇ ခုနှစ်၌ ဝ နယ် ပန်ဆန်းတွင်ဖွဲ့စည်းခဲ့သော အဖွဲ့ ၇ ဖွဲ့ပါဝင်သော FPNCC ခေါ် မြောက်ပိုင်း မဟာမိတ်အဖွဲ့တွင် ပါဝင်သည်။ FPNCC သည် နိုင်ငံရေးမဟာမိတ်ဟု ကြေ ညာထားသည်ကို တွေ့ရသည်။ ထို FPNCC အဖွဲ့၇ ဖွဲ့အတွင်း UWSA နှင့် NDAA (မိုင်းလား) အဖွဲ့ ၂ ဖွဲ့သည် ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ တပ်မတော်နှင့် အတန်ငယ်တင်းမာမှုများရှိခဲ့သော်လည်း လက်နက်ကိုင် ပဋိပက္ခမရှိချေ။ ဝမ်ဟိုင်း ဗဟိုပြု သည့် SSPP/SSA နှင့် တပ်မတော်ကြား လက်နက်ကိုင်ပဋိပက္ခမှာလည်း ၂၀၁၅ နောက်ပိုင်း လျှော့ချထားသည်ကို တွေ့ရ သည်။ FPNCC အဖွဲ့ ၇ ဖွဲ့တွင် KIA/MNDAA/TNLA/AA အဖွဲ့၎ ဖွဲ့နှင့်မူ ၂၀၁၁ ခုနှစ်မှစ၍ တပ်မတော်နှင့် စစ်ရေးပဋိပက္ခ တောက်လျှောက်ဖြစ်ပွားနေသည်ကို တွေ့ရပေသည်။

FPNCC သည် ၂၀၁၇ ခုနှစ် စတင်ဖွဲ့စည်းစဉ်က ငြိမ်းချမ်းရေးအား NCA လမ်းကြောင်းအတိုင်းမသွားဟု ကြွေးကြော်ခဲ့ပြီး အားကောင်းမောင်း သန်ထွက်ပေါ်ခဲ့သော်လည်း ၂၀၁၈ ခုနှစ် ဒုတိယအကြိမ် FPNCC အစည်းအဝေးကျင်းပပြီးချိန်တွင် ယမန်နှစ်ကလောက် အားကောင်းမောင်းသန်မရှိဟုဆိုရပေသည်။ အစိုးရနှင့်တပ်မတော်က FPNCC တပ်ပေါင်းစုအား အသိ အမှတ်မပြုသဖြင့် FPNCC အနေဖြင့် လှုပ်ရှားနိုင်ခြင်းမရှိသည့်အပြင် တရုတ်သံတမန်က NCA ထိုးရေးအတွက် ဖိအားပေးနား ချနေသည်ကို ရင်ဆိုင်နေရ၍လည်း ဖြစ်ပုံရသည်။ တဖက်တွင်လည်း လက်တွေ့ စစ်တိုက်နေရသည့်အဖွဲ့များနှင့် စစ်ရေးပဋိ ပက္ခဖြစ်ပွားနေသော အဖွဲ့များကြား မတူညီမှုများကြောင့်လည်း ဖြစ်ပုံရသည်။ သို့ဖြစ်ရာ လက်ရှိ FPNCC အဖွဲ့ ၇ ဖွဲ့အနေနှင့် အဖွဲ့ ၇ ဖွဲ့လုံး စုံညီပါဝင်ခွင့်ရမှ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်မည်ဆိုသည့်အချက်ကိုသာ အခြေခံအဖြစ် ဆုပ်ကိုင်ထားသည်ဟု သုံးသပ်ရသည်။

၂၀၁၇ ခုနှစ်က စဖွဲ့ခဲ့သော FPNCC အား ငြိမ်းချမ်းကော်မရှင်နှင့်တပ်မတော်ခေါင်းဆောင်များက တဖွဲ့ချင်းခွဲတွေ့ခဲ့သည်ကိုတွေ့ရသည်။ ထိုသို့တွေ့ရာတွင် တပ်မတော်က အသိမှတ်မပြုဟုဆိုထားသော MNDAA/TNLA/AAအဖွဲ့ ၃ ဖွဲ့မပါဘဲ ကျန် ၄ ဖွဲ့နှင့် သီးခြားစီတွေ့ခဲ့သည်ကိုတွေ့ကြသည်ကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ခပ်စိပ်စိပ်တွေ့ရသည်။ KIA နှင့် တပ်မတော် ခေါင်းဆောင်ပိုင်းတို့ သီးခြားတွေ့ဆုံခဲ့မှုရှိသော်လည်း တပ်ပိုင်းဆိုင်ရာ သဘောတူညီမှု ရရှိခဲ့ခြင်းမရှိဟုဆိုသည်။ လက်တွေ့တွင်လည်း တွေ့ဆုံမှုမတိုင်ခင်ရော တွေ့ဆုံမှုအပြီးတွင်ပါ စစ်ရှိန်မြင့်တက်ခဲ့သည်ကို တွေ့ရသည်။

UWSA /NDAA မိုင်းလားနှင့် SSPP/SSA တို့နှင့် တွေ့ဆုံရာတွင် NCA လက်မှတ်ထိုးရေးကို ဇောင်းပေးဆွေးနွေးနေသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ အဆိုပါ UWSA / NDAA နှင့် SSPP/SSA တို့ နှင့်ပတ်သက်၍ NCA လက်မှတ်မထိုးနိုင်သေးလျင်တောင်မှ စစ်ရေးပဋိပက္ခတွင်း ပါဝင်မလာအောင်ဆွဲဆောင်ထားဘွယ်ရာရှိသည်ဟု ဆိုရပါမည်။

သို့ဖြစ်ရာ FPNCC အဖွဲ့ ၇ ဖွဲ့ထဲမှ KIA/MNDAA/TNLA/AA အဖွဲ့ ၄ ဖွဲ့အား အကြမ်းဖက်အဖွဲ့များအဖြစ်သတ်မှတ်ထားပြီးသကဲ့သို့ စစ်ရေးအရ အစွမ်းကုန်ရှင်းလင်းရန် ရည်ရွယ်သည်ဟု ဆိုရမည်။ ၁၉၉၀ ခုနှစ်နောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်း ပြည်မြောက်ပိုင်းအလယ်ပိုင်းတို့တွင် စစ်ရှိန်လျှော့ချခဲ့ပြီး ကရင်ပြည်နယ် စစ်ရှိန်မြှင့်တိုက်ခိုက်သည့်အခြေအနေမျိုး ကဲ့သို့ပင် ယခုအချိန်တွင် ကျန်ဒေသများတွင် စစ်ရှိန်လျှော့ချပြီး ကချင်ပြည်နယ်နှင့် ရှမ်းမြောက်တွင် စစ်ရှိန်မြှင့်တိုက်ခိုက်သည်ကို ကြုံ တွေ့နေရသည်ဟု ဆိုရမည်။

ဤသည်မှာ တိုင်းရင်းသားလက်နက်ကိုင်ပြဿနာကို မည်သို့ဖြေရှင်းမည်ဆိုသည်နှင့် ကြည့်မြင်ပုံမတူကွဲပြားမှုကို ဖော်ပြ ခြင်းဖြစ်ပေသည်။ လက်ရှိတပ်မတော်အနေနှင့် အကြမ်းဖက်အဖွဲ့များအဖြစ်သဘောထားပြီး စစ်ရေးအရ အစွမ်းကုန်ရှင်း လင်းရေးဆောင်ရွက်ရန် လိုသည်။ စစ်တိုက်၍ ဖြေရှင်းရန်လိုသည်ဟူသည့် စဉ်စားဆောင်ရွက်ချက်ဖြစ်သည်။ ဤသို့စဉ်းစားဆောင်ရွက်သည်နှင့်တပြိုင်နက် ထိုသို့စစ်တိုက်ခြင်းသည် တရားမျှတသည်ဟုသတ်မှတ်မည်ဖြစ်ရာ ထိုစစ်ပွဲကို ထောက် ခံသည့် နိုင်ငံရေးလှုပ်ရှားမှုများလည်း နောက်ဆက်တွဲပါလာတော့မည်ဖြစ်ပေသည်။ ထို့အတူ စစ်ဆန့်ကျင်ရေးလှုပ်ရှားမှု များကိုလည်း ပြန်လည်တုန့်ပြန်ရပေတော့သည်။

ထို့ကြောင့်လည်း ၂၀၁၈ ခုနှစ်အတွင်းထွက်ပေါ်လာသည့် ငြိမ်းချမ်းရေးဆန္ဒပြပွဲများ စစ်ပွဲရပ်ဆိုင်းရေးဆန္ဒပြပွဲများကို ပြန် လည်တုန့်ပြန်သည်မှာလည်း ယခင်နှစ်များနှင့်မတူဘဲ ပြင်းပြင်းထန်ထန် ပြန်လည်တုန့်ပြန်သည်ကို တွေ့နေရပေသည်။ ၂၀၁၈ ခုနှစ် မေလအတွင်း ငြိမ်းချမ်းရေးလှုပ်ရှားမှုများကြောင့် တရားစွဲခံရသည့်အမှုပေါင်း ၁၄ မှု၊ လူဦးရေ ၄၅ ဦးအထိ ရှိခဲ့ သည်ဟု သိရပေသည်။

တဖက်ကလည်း စစ်တိုက်၍ဖြေရှင်းရန်လိုအပ်သည်ဆိုသည့် စဉ်းစားနည်းနှင့်ဆန့်ကျင်သည့် စဉ်းစားနည်းလည်းရှိနေပေ သည်။ ၎င်းမှာ စစ်ဖြင့်ဖြေရှင်းခြင်းနှင့် မြန်မာပြည်ပြည်တွင်းစစ်သည် တိုင်းပြည်အတွက် အကျိုးမရှိ။ တိုင်းပြည်ကို မွဲပြာကျ စေသည်။ လူထုကို ဒုက္ခရောက်စေသည်။ စစ်ပွဲသည် မြန်မာပြည်ကို နှစ်ပေါင်းများစွာဒုက္ခပေးနေသော ပြဿနာဖြစ် သည်။ လက်ရှိထိုပြဿနာကိုပြေလည်စေရန် ပဋိပက္ခတွင်းပါဝင်နေသော ဖက်အားလုံး နိုင်ငံရေးစားပွဲဝိုင်းတွင်ပါဝင်စေပြီး ဆွေးနွေး အဖြေရှာရန် လိုအပ်သည်ဟု ကြည့်မြင်ကြသည်။

ထိုသို့ ကြည့်မြင်သူများက စစ်ပွဲများကို ရပ်တန့်စေလိုသည်။ စစ်ပွဲများကိုရပ်တန့်ပြီး နိုင်ငံရေးစားပွဲဝိုင်းပေါ်တွင် ဖြေရှင်းစေလို သည်။ သို့ဖြစ်ရာ လက်ရှိမြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တခုလုံးအရ ငြိမ်းချမ်းရေးဆောင်ရွက်ရန် မည်သူမှ ငြင်းဆန်ခြင်း မပြုသော်လည်း တစိတ်တပိုင်းအရ မည်သို့ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်နှင့်ပတ်သက်၍ မတူသည့်အမြင်ကွဲလွဲမှုများအား စဉ်းစားမှု အရသာမက လက်တွေ့အရပါ သိသိသာသာကွဲလွဲနေသည်ကို တွေ့မြင်နေရပေတော့သည်။ တိကျစွာပြောရလျင် မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုလုံးအား တပ်မတော်က ငြင်းပယ်ခြင်းမပြုသော်လည်း တစိတ်တပိုင်းအရ အချို့ လက်နက်ကိုင်အဖွဲ့များကို ကိုင်တွယ်ပုံနှင့်ပတ်သက်၍ ကွဲပြားသည့်စဉ်းစားလုပ်ကိုင်မှုရှိနေသည်ကို တွေ့ရသည်။

ဤသို့သောအခြေအနေအောက်တွင် မြန်မာပြည်မြောက်ပိုင်းတွင် စစ်ရှိန်မြင့်တက်ခြင်းကို မလွဲမရှောင်သာ တွေ့ကြုံရမည် ဖြစ်သကဲ့သို့ စစ်ပွဲထောက်ခံသူများနှင့် စစ်ဆန့်ကျင်သူများကြားတွင် ပဋိပက္ခများ ထိပ်တိုက်တွေ့မှု များကိုထပ်မံကြုံ တွေ့ပါ ကလည်း အံ့သြဘွယ်ရာရှိမည်မဟုတ်ပေ။

မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တပ်မတော်သည် အရေးပါသောနေရာမှ ပါဝင်နေသည်။ တပ်မတော်၏သဘော ထားသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ကြီးစွာသက်ရောက်သည်။ ထိုသို့သောအခြေအနေအောက်တွင် လက်ရှိငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အတွင်း တပ်မတော်၏ စဉ်းစားလုပ်ကိုင်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ မပြတ်လေ့လာသုံးသပ်ကြရန် လို အပ်ပေသည်။ သို့မှသာ မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေအား ကောင်းစွာဆုပ်ကိုင်နိုင်မည်ဖြစ်သည်။ ထို့အတူ မြန်မာပြည်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား တဆင့်တွန်းတင်နိုင်ရန် နည်းလမ်းများလည်း စဉ်းစားသုံးသပ်ရှာဖွေ နိုင်ပေလိမ့်မည် ဖြစ်ပါသည်။

မောင်မောင်စိုး

မှတ်ချတ်
ယနေ့ခေတ်ဂျာနယ် ၂၀၁၈ ခုနှစ် မေလထုတ် အတွဲ ၆ အမှတ် ၅ တွင် ဖော်ပြထားသောဆောင်းပါးဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts