တူမောင်ညို သူတို့အာဘော်

တူမောင်ညို – မြစ်ဆုံစီမံကိန်းအပါအဝင် စီမံကိန်းဆိုင်ရာ စာချုပ်များ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်အသိပေးရေး

 

တူမောင်ညို – မြစ်ဆုံစီမံကိန်းအပါအဝင် စီမံကိန်းဆိုင်ရာ စာချုပ်များ ကျယ်ကျယ်ပြန့်ပြန့် ထုတ်ဖော်အသိပေးရေး
(မိုးမခ) သြဂုတ် ၂၁၊ ၂၀၁၆

၂၀၁၆ ခုနှစ်၊ သြဂုတ် ၁၂ ရက်နေ့၊ နေ့စွဲနဲ့ “ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်” ဖွဲ့စည်းတဲ့ ၊ နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်ကြော်ငြာစာအမှတ် (၅၈/၂၀၁၆) ထွက်လာပါတယ်။

အဲဒီနောက်ရက်ပိုင်းအတွင်းမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တရုတ်ပြည်ခရီးစဉ် (သြဂုတ် ၁၇ မှ ၂၁ ထိ ) စတင်ပါတယ်။ မြစ်ဆုံ စီမံကိန်းကို အချိန်ဆွဲယူလိုက်တာလို့ ယူဆပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့တရုတ်ပြည်ခရီးစဉ်နဲ့ပတ်သက်ပြီး ပြောရရင်တော့ ဒေါ်စုဟာသူ့လက်ထဲမှာ“တရုတ်ဖဲချပ်”ကို အမေရိကန် မြင်အောင်ပြချင်တာလား သို့တည်းမဟုတ် သူ့လက်ထဲက “အမေရိကန်ဖဲချပ်” ကို တရုတ်မြင်အောင်ပြချင်တာလား။ တကယ်တော့ ဒီလိုမျိုးအနေအထားတွေကို ဦးနုတို့၊ ဗိုလ်နေဝင်းတို့ ပြခဲ့ကြဖူးတာပါပဲ။ သိပ်တော့မဆန်းကျယ်လှပါဘူး။ (မဆလ) အလံထောင်ထားတဲ့ ဗိုလ်နေဝင်းကို တရုတ်ကလည်းဆက်ဆံသလို၊ ကွန်မြူနစ်ဆန့်ကျင်ရေးတက်ကြွသူကိုအမေရိကန်ကလည်း နွေးနွေးထွေးထွေး ဆက်ဆံခဲ့တာပါပဲ။

နှစ်နိုင်ငံပူးတွဲကြေညာချက်မှာပါတဲ့ တရုတ်ပြည်ရဲ့ “( the Belt and Road Initiative) တစ်ခုတည်းသောရပ်ဝန်း တစ်ခုတည်း သောလမ်းကြောင်းကိုကြိုဆိုကြောင်းနဲ့တရုတ်တစ်နိုင်ငံထဲမူဝါဒကို ထပ်လောင်းအတည်ပြုခဲ့ပြီးထိုင်ဝမ်၊တိဘက်နှင့်ရှင်းကျန်းဒေသအရေး ကိစ္စတို့နဲ့ပတ်သက်၍ တရုတ်နိုင်ငံ၏ရပ်တည်ချက်အား နားလည်ကြောင်း” ဆိုတဲ့အချက်ကြည့်ပြီး အတိုင်ပင်ခံဟာ တရုတ်ဘက်ယိမ်း သွားပြီလို့သုံးသပ်ရင် လူရယ်စရာဖြစ်မှာပေါ့။ ဒီလိုသဘောထားတွေက ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်တို့ တရုတ်ပြည်သွားခဲ့တုန်းကလည်း “မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးတို့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီးငါးရပ်”တို့ ဆိုတာတွေကို ဒီလိုပဲပြောရိုး ပြောစဉ်ပြောခဲ့ကြရတာပဲမဟုတ်ပါလား။တိဘက်ကိစ္စကတော့လူ့အခွင့်အရေးသမားတွေအတွက်တော့ဝေဖန်ချင်စရာအချက်အလက်တစ် ခု ဖြစ်ချင်ဖြစ် မှာပေါ့။

ဒါကြောင့် (မဆလ) ခေတ်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ချိုးဖောက်နေတာကို သိသော်လည်း အမေရိကန်အစိုးရတွေဟာ မျက်စေ့မှိတ်၊ ရေငုံနေခဲ့ကြပါတယ်။ “၁၉၈၈ ဒီမိုကရေစီရေးတော်ပုံကြီး” ဖြစ်လာတော့မှ အမေရိကန်အစိုးရတွေဟာ ဒီမိုကရေစီနဲ့လူ့ အခွင့်အရေးဗမာပြည်မှာ ချိုးဖောက်ခံနေရတယ်ဆိုတာ ဗြုံးစားကြီးသိသွားရသလိုလိုနဲ့ အသံကျယ်ကျယ်ဟစ်လာခဲ့ကြပါတယ်။

အဓိကတော့ မိမိပြည်တွင်းနိုင်ငံရေးကိစ္စတွေမှာ နိုင်ငံကြီးတွေ ပါဝင်စွက်ဖက်လာအောင် လက်ယပ်မခေါ်မိဖို့နဲ့ ကိုယ့်ပြည် တွင်းရေးပြဿနာကိုကိုယ့်အချင်းချင်းအကြားပြေလည်အောင် ညှိနှိုင်းဖြေရှင်းနိုင်ဖို့သာ ပဓာနပါ။ အရှေ့/အနောက်၊ ဝဲ/ယာဘယ်နိုင်ကြီး တွေရဲ့အကူအညီတွေမှာ မဆို သူတို့အကျိုးမရှိဘဲ အလကားမတ်တင်းကူညီရိုးထုံးစံ ဘယ်တုန်းကမှ မရှိပါဘူး။ အကျိုးလိုလို့ညောင်ရေ လောင်းတာချည်းပဲဖြစ်ပါတယ်။

“ကွမ်းလုံမှာတံတားထိုးပေးမယ်” ဆိုတဲ့အစီအစဉ်ဟာ ဗမာပြည်ထက် တရုတ်ပြည်အတွက်ပိုပြီး အကျိုးအမြတ်ဖြစ်ထွန်း မယ် ဆိုတာ လူတိုင်းတွက်ချက်နိုင်တဲ့ကိစ္စပါ။

“ဧရာဝတီမြစ်ဆုံစီမံကိန်း” ဟာ ရှေ့က အုပ်စိုးသူဟောင်းများ၊ အစိုးရဟောင်းများချန်ထားခဲ့တဲ့ အစုတ်ထုတ်မျိုးစုံထဲက အကဲဆတ်လှတဲ့ အထုတ်စုတ် တစ်ထုတ်ပဲဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကိစ္စမှာ (NCA)စာချုပ်အခြေခံပေါ်ကနေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အုပ်စိုးသူဟောင်းရဲ့အမွေကို မငြင်းပယ် နိုင်ဘဲ လက်ခံပွေ့ပိုက်ထားရသလို “ ဧရာဝတီမြစ်ဆုံစီမံကိန်း” ကိုလည်း ဒီချုပ်ပါတီအစိုးရ ဆက်ခံထမ်းရွက်ရခြင်းဖြစ်ပါတယ်။

“ဧရာဝတီမြစ်ဆုံကိစ္စ” ကို “ နှစ်နိုင်ငံပူးတွဲကြေညာချက်” ထဲမှာလည်း နေရာပေးဖော်ပြထားတာမတွေ့ရသလို အကျယ်အပြန့် ဆွေးနွေးတယ်လို့လည်း မီဒီယာသတင်းတွေမှာ မတွေ့ရပါဘူး။

ဒါပေမယ့် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ လိုက်ပါသွားတဲ့ ပြည်ထောင်စုဝန်ကြီးသုံးဦးဖြစ်တဲ့ ဦးသန့်ဇင်မောင်၊ ဦးဖေဇင်ထွန်းနဲ့ ဦးကျော်ဝင်း တို့ကိုတော့ တရုတ်ကုမ္မဏီတွေက ဥက္ကဋ္ဌတွေ၊ ဒုတိယဥက္ကဋ္ဌတွေ ဦးစီးတဲ့အဖွဲ့တွေက သီးခြားစီ လာရောက်တွေ့ဆုံခဲ့ကြ ပါတယ်။ အဲဒီလိုလာရောက်တွေ့ဆုံတဲ့ ကုမ္မဏီတွေထဲမှာ STATE GRID Corperation of China ၊ State Power Investment Corperation(SPIC)၊ China National Petroleum Corporation(CNPC)၊ China North Industries Corporation (NORINCO) တို့လိုကုမ္ပဏီကြီးတွေပါဝင်ပါတယ်။

ဝန်ကြီး ဦးသန့်ဇင်မောင်၊ ဦးဖေဇင်ထွန်း တို့ဟာ တရုတ်ခရီးစဉ်မတိုင်မီ ပူပူနွေးနွေးဖွဲ့စည်းလိုက်တဲ့ “ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင်” ထဲ က အဖွဲ့ဝင်တွေလည်းဖြစ်ပါတယ်။

တရုတ်ခရီးစဉ်မှာတော့ “ဧရာဝတီမြစ်ဆုံကိစ္စ” ကို အချိန်ကာလအတိုင်းအတာတစ်ခုအရ ရှောင်လွှဲနိုင်ခဲ့ပြီဖြစ်သော်လည်း ဧရာဝတီမြစ်ဆုံစီမံကိန်းအပါအဝင်၊ စီမံကိန်းဆိုင်ရာ စာချုပ်များနဲ့ ပတ်သက်ပြီး မပျက်မကွက်၊ မထိန်မချန်ထုတ်ဖော်ပြီး ပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန်အသိပေးဖို့ ဒီချုပ်အစိုးရမှာ တာဝန်ရှိပါတယ်။ ဒါ့အပြင် အဲဒီစီမံကိန်းကိုအကြောင်းပြုပြီးချမ်းသာသွားတယ်လို့ နာမည် ဟိန်းနေတဲ့ ဗိုလ်တင်အောင်မြင့်ဦး (သူကဗိုလ်သန်းရွှေကို လည်း ခွဲပေးရသလိုလိုကြားရပါတယ်) တို့လိုလူတွေရဲ့ကိစ္စမျိုးတွေ လည်း ဖော်ထုတ်ဖွင့်ချဖို့လိုပါတယ်။ စားထားတဲ့ ငွေတွေပြန်ပေးခိုင်းတာမျိုးနဲ့ ၊ ဒီလိုအမှုတွေကို ဥပဒေအရထိထိရောက်ရောက် အရေးယူ တာတွေလုပ်ရပါမယ်။

ဒီလိုအသိပေးရာမှာ ပြည်သူလူထုရဲ့ ရေတို၊ ရေရှည်အကျိုးစီးပွား၊ ဧရာဝတီမြစ်အရှည်တည်တံ့ရေး၊ မြစ်ဆုံမ မြစ်ကျွန်းပေါ် အထိ ဖြစ်ပေါ်လာနိုင်တဲ့ အကျိးဆက်များ၊ သဘာဝပတ်ဝန်းကျင်မပျက်ပြားစေရေး တို့အတွက် ဦးချက်ထားလေ့လာစိစစ်ရာ မှာဖြစ်သလို ဒီစီမံကိန်းတွေအပေါ်ကနေ အကျိုးအမြတ်တွေကို ဘယ်သူတွေက ဘယ်လို ခိုးဝှက်ယူငင်သွားကြတယ်၊ ပမာဏအားဖြင့် ဘယ်လောက် အတိုင်းအတာရှိတယ် ဆိုတဲ့အချက်ကိုလည်း တိတိကျကျ ဖော်ထုတ်ပြီး ပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန့်အသိပေးဖို့ကိစ္စကိုလည်း မဖြစ်မနေလုပ်ဆောင်ဖို့လိုအပ်ပါတယ်။

တိုင်းပြည်နဲ့လူထုနဲ့ချီတဲ့ ဒီလို ရာဇဝတ်ပြစ်မှုကြီးတွေကို “ ပြန်လည်သင့်မြတ်ရေးပဝါ” နဲ့ကူညီဖုံးကွယ်ပေးဖို့၊ “သဘောထား ကြီးပြဖို့”တော့ ဘယ်လိုမှ မသင့်တော်ပါဘူး။

ဒီလို စီမံကိန်းမျိုးစုံ အပေါ်ကနေ စစ်အုပ်စုနဲ့ အုပ်စိုးသူအစိုးရအဆက်ဆက်ဟာ တိုင်းပြည်နဲ့ ပြည်သူဘဏ္ဍာတွေကို ခိုးဝှက် လုယူသွားခဲ့ကြတာဖြစ်ပါတယ်။ဆက်လက်လုယုနေဆဲဖြစ်ပါတယ်။

ဒီလိုခိုးဝှက်လုယူမှုကြောင့် စစ်အုပ်စုနဲ့ အုပ်စိုးသူအစိုးရအဆက်ဆက်ဟာ မကြုံဖူးမကြားဖူးလောက်တဲ့ ပမာဏနဲ့ ချမ်းသာတဲ့ ကုဋေကြွယ်သူဋ္ဌေးကြီးတွေ၊ တိုင်းပြည်ရဲ့အသက်သွေးကြောသဖွယ်ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကို လက်ဝါးကြီးအုပ်ထားတဲ့ ကုမ္ပဏီပိုင်ရှင်ကြီးတွေဖြစ်လာပါတယ်။

အခြားတစ်ဖက်ဖြစ်တဲ့ တိုင်းပြည်နဲ့ပြည်သူများကတော့ ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲပြာကျခဲ့ရပါတယ်။

ဒါဟာ ၁၉၆၂ ခုနှစ်ကနေ ယနေ့အထိ စစ်အုပ်စုအုပ်စိုးမှုကြောင့် ရရှိလာတဲ့ လားရာဘက်ခြင်းမတူညီတဲ့ အထင်ရှားဆုံး အထွက်ရလဒ်နှစ်ခုပါပဲ။ စစ်အုပ်စုရဲ့အုပ်စိုးမှုဟာ တိုင်းပြည်နဲ့ပြည်သူတွေ ဆင်းရဲမွဲပြာ ကျသထက် ကျစေပြီး၊ စစ်အုပ်စုကိုချမ်းသာသ ထက်ချမ်းသာကြွယ်ဝစေလာစေပါတယ်။

သစ်တော၊သတ္တု၊ရေနံသဘာဝဓါတ်ငွေ့ကျောက်မျက်ရတနာစတဲ့တိုင်းပြည်ရဲ့မြေပေါ်မြေအောက်သယံဇာတတွေကို ဘယ်သူ သေသေ ငတေမာပြီးရောဆိုတဲ့ တကိုယ်ကျိုးအတွက် ထင်သလိုမိုက်မိုက်ကန်းကန်း၊ တူး၊ ခုတ်၊ ထုတ်ဖော်ရောင်းစားခဲ့ကြတဲ့ အကျိုး ဆက်အဖြစ် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်ပြားရပြီး ရေကြီးမှုရေလျှံမှုအန္တရာယ်တွေကို ပြည်သူတွေဟာ တနှစ်ထက်တနှစ် ဆိုးဆိုးဝါး ဝါး ရင်ဆိုင်ကြုံတွေ့လာရပါတယ်။

ပြည်သူတွေ ဒီလို ကပ်ဘေးဒုက္ခသင့်တဲ့အခါမှာ ဒီလိုဝါးစား မျိုဆို့ထားတဲ့သူတွေက ဆင်ပါးစပ်နှမ်းပက်တဲ့ အကူအညီ လေးတွေကိုပေးပြီး သူတို့ကိုယ်သူတို့ ပရဟိတသမား၊ ကယ်တင်ရှင်ကြီးဂိုက်ဖမ်းနေတာတွေဟာ အင်မတန်မှ စက်ဆုတ်ရွံရှာဖွယ်ဖြစ်ပါ တယ်။ တချို့ကလည်း နိုင်ငံတကာအင်န်ဂျီအို (INGOs) တွေဆီကနေ လက်ဖြန့်တောင်းခံထားတဲ့ ငွေတွေနဲ့ ပြည်တွင်းမှာ သူတို့ ကိုယ်သူတို့ တကယ့်စေတနာရှင် တကယ့်သဒ္ဓါရှင်ကြီးတွေဂိုက်ဖမ်းကြပါတယ်။ တကယ်တော့ ဒီငွေတွေကို ပြည်ပနိုင်ငံတွေက သူတို့ အကျိုးစီးပွားအတွက်မြော်မြင်ပြီး ထောင်မြင်ရာစွန့် ဆိုတဲ့သဘောနဲ့ပေးနေကမ်းနေတာပါ။ အလကားမေတ္တာရိပေးနေတာမဟုတ်ပါဘူး။ ပြည်သူတွေရဲ့ဘဝက ပြည်ပကယ်တင်ရှင်၊ ပြည်တွင်းကယ်တင်ရှင်၊ ကယ်တင်ရှင်ကြီးရော၊ ကယ်တင်ရှင်လတ်ရော၊ ကယ်တင်ရှင် ပိစိကွေးကိုရောမျှော်ကိုးနေရတဲ့အဖြစ်ပါ။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ဆိုတဲ့စကားလိုပါပဲ။ ပြည်သူတွေရဲ့ဒုက္ခပင်လယ်ဝေမှုဟာ သူတို့အဖို့တော့ ရတနာပုံဆိုက်တဲ့ကိန်းပါပဲ။

တကယ်တော့ပြည်သူတွေအခုလိုရင်ဆိုင်နေရတဲ့ ကပ်ဘေးဒုက္ခသင့်မှုမျိုးစုံဟာ စစ်အုပ်စုနဲ့မိုက်ဖော်ဆိုးဖက်ခရိုနီတစ်စုက ဒီလို ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ တကိုယ်ကျိုးကွက်ကွက်ကလေးသာကြည့်ပြီး မဆင်မခြင် မိုက်မိုက်မဲမဲ ခိုးဝှက်ခဲ့ကြတဲ့ ကိစ္စတွေ တိုက်ရိုက်အကျိုးဆက်ပဲဖြစ်ပါတယ်။ အခုတော့ ပြည်သူတွေမှာ သူတို့စနက်ကြောင့် ဒုက္ခပင်လယ်ဝေကြရပြီး၊ သူတို့ပေးတဲ့ မစို့မပို့ အကူ အညီဆိုတာကိုလက်ခံရပြီး သင်းတို့ကို ကျေးဇူးတင်နေရပြန်ပါတယ်။ ဘယ်လောက်နာကျည်းခံပြင်းစရာကောင်းပါသလဲ။

ဒါ့အပြင်ပိုဆိုးတာက ဒီလိုဗြောင်ခိုးဝှက်လုယူမှုတွေကို “၂၀၀၈အခြေခံ ဥပဒေအပါအဝင် အခြားသောတည်ဆဲဥပဒေ” ဆိုတာ တွေ နဲ့ အစီအစဉ်ရှိရှိ ကာကွယ်ထားပါတယ်။ ဒါတွေကြောင့် တိုင်းပြည်နဲ့ပြည်သူဟာ အဖက်ဖက်ကနစ်နာလှပါတယ်။

ဒါကြောင့် ဒီလိုစီမံကိန်းတွေနဲ့ပတ်သက်ပြီး ပြည်သူလူထုက ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်သဘောပေါက်ဖို့လိုပါတယ်။ ဒီလိုသိရှိနားလည်းသဘောပေါက်အတွက် ပညာရပ်ဆိုင်ရာပညာရှင်များရဲ့ စူးစမ်းလေ့လာချက်များကို သိရှိဖို့လိုသလို ဘယ်သူတွေ ဘယ်လိုပါဝင်ပြီး ဘယ်အတိုင်းအတာအထိ ခိုးဝှက်သွားကြတဲ့ဆိုတဲ့အချက်ကိုလည်း သိဖို့လိုပါတယ်။ ဒီလိုသိရှိမှသာ ရှေ့မှာ ပြည်သူတွေ အနေနဲ့ ဒီလို ခိုးဝှက်မှုတွေကို ပြတ်ပြတ်သားသားတားဆီးကာကွယ်နိုင်မှာဖြစ်ပါတယ်။

ဒီလို ကျယ်ကျယ်ပြန့်ပြန့်ဖော်ထုတ်တင်ပြမှလည်း“လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်၏ တာဝန်များ” ဆိုတဲ့ အချက်အမှတ် ၃ မှာဖော်ပြထားတဲ့ “ ဒေသခံ ပြည်သူများ နှင့် လူမှုအဖွဲ့အစည်းများ၏ ဧရာဝတီမြစ်အပေါ် ရင်မှာခံစားအလေးထားသည့် ခံစားချက်များ အပါအဝင် သဘောထားအမြင်များကို ထည့်သွင်းစဉ်းစားရမည်” ဆိုတဲ့အချက်ကို တကယ်တန်းသိရှိပြီးထည့်သွင်းစဉ်းစားနိုင်မှာဖြစ်ပါ တယ်။

လာဘ်ပေးလာဘ်ယူမှုဆိုတာ စစ်အာဏာရှင်စနစ်၊ စစ်အုပ်စုဆိုတဲ့ပင်စည်ကြီးကနေ ဖြာထွက်လာတဲ့အကိုင်းအခက်ကြီး တစ်ခု ဖြစ်ပါတယ်။ ကိုင်းဖျားကိုင်းနားလေးတွေဖြစ်တဲ့ အောက်ခြေဝန်ထမ်းအကောင်သေးလေးတွေကို ဖြတ်တောက်သုတ်သင်၊ ဖမ်းဆီးရုံ လောက်နဲ့လာဘ်ပေးလာဘ်ယူမှုကို မတိုက်ဖျက်နိုင်ပါဘူး။ ပင်စည်ပင်မဖြစ်တဲ့ အကောင်ကြီးတွေကို ဖြိုလှဲနိုင်မှဖြစ်မှပါ။

နိဂုံးချုပ်အနေနဲ့ ပြောရရင် ကော်မရှင်ထဲမှာ ယခင်အစိုးရနဲ့ စစ်အုပ်စု သြဇာခံတွေပါဝင်နေတာကို ပြည်သူတွေက သတိပြုမိပါ တယ်။ မည်သို့ပင်ဖြစ်ပါစေ ဧရာဝတီမြစ်ဆုံစီမံကိန်းအပါအဝင်၊ စီမံကိန်းဆိုင်ရာ စာချုပ်များနဲ့ ပတ်သက်ပြီး မပျက်မကွက်၊ မထိန်မချန် ထုတ် ဖော်ပြီး ပြည်သူလူထုကို ကျယ်ကျယ်ပြန့်ပြန် အသိပေးဖို့ ကော်ရှင်မှာရော ဒီချုပ်ပါတီအစိုးရမှာပါ လေးနက်တဲ့တာဝန်ရှိပါတယ်။

ညွန်း

နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ်၊ (၅၈/၂၀၁၆ ) (၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်)

“ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ် သုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းခြင်း”

ကြေးမုံသတင်းစာ (၁၈-၈-၂၀၁၆)

– ကြေးမုံသတင်းစာ (၁၉-၈-၂၀၁၆)

– မြန်မာ- တရုတ် ပူးတွဲကြေညာချက် – ကြေးမုံသတင်းစာ (၂၀-၈-၂၀၁၆)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts