သူတို့အာဘော်

အောင်သဇင် – စတင်ခြင်း

အောင်သဇင် – စတင်ခြင်း
(မိုးမခ) ဇန်န၀ါရီ ၉၊ ၂၀၁၅

အခုအခါ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေဖြစ်ရင် ‘နိုင်ငံတော်အစိုးရမှ ငြိမ်းချမ်းရေးဖော်ဆောင်နေစဉ် ကာလအတွင်း တပ်မတော်စခန်းနှင့်စစ်ကြောင်းများကို အကြောင်းမဲ့ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်’ လို့ ဗမာစစ်တပ် ပြည်သူ့ဆက်ဆံရေးနဲ့စိတ်ဓာတ်စစ်ဆင်ရေးရုံးက ဆင်ခြေပေးတာတွေ တွေ့နေရသလို ခုခံပိုင်ခွင့်အရ မတွေ့ခင်မှာ တားရတယ်လို့လဲ ဗမာစစ်ခေါင်းဆောင်တွေက ပြည်သူလူထုထဲမှာရော၊ တပ်ထဲမှာပါ သဘောတရားထုတ် အာဘော် လွှင့်နေကြတယ်။ နိုဝင်ဘာ ၁၉ ရက် KIA ဗိုလ်သင်တန်းကျောင်းကို အမြောက်နဲ့ပစ်တဲ့ကိစ္စကိုလဲ အဲ့သလိုဘဲပြောခဲ့ တယ်။ ဒါကြောင့် လက်တွေ့ဖြစ်စဉ်တချို့ကို ပြန်လေ့လာကြည့်မိပါတယ်။

အရှေ့မြောက်စစ်မျက်နှာ

၂၀၁၄ ခု ဒီဇင်ဘာ ၉ ရက်နေ့လည်မှာ ကွန်လုံအနောက်ဖက် တာမိုးညဲဒေသ နမ့်ကျွမ်းစခန်းက တပ်မ ၁၁ လက် အောက်ခံ ခမရ ၂၁၅ ဟာ MNDAA ကိုးကန့်အဖွဲ့က ရိက္ခာသယ်တပ်ဖွဲ့လေးတဖွဲ့ အင်အား ၂၀ လောက် ဖြတ်သွား တဲ့သတင်းကြားလို့ အပိုင်ဘဲဆိုပြီး တရင်းလုံး အင်အား ၉၂ ယောက်နဲ့ လိုက်သွားခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအင်အား ၂၀ က အင်အား ၅၀ လောက်ရှိတဲ့ ကိုးကန့်-KIA ပူးပေါင်းတပ်စခန်းဆီရောက်သွားတာကို ဗမာစစ်တပ်ကမသိလိုက်တဲ့အပြင် မနီးမဝေးမှာ TNLA တပ်ရှိနေပြီး KIA တပ်မဟာ ၄ တချို့ကလဲ စစ်ကူလာနိုင်တဲ့ အကွာအဝေးမှာရှိနေတာကို မသိ တော့ ၁၀ ရက်နေ့မှာ သူပုန်စစ်ကူတွေက စုစည်းပိတ်ဆို့ ခုခံနိုင်ခဲ့တယ်။ အဲဒီတော့မှ အရပ်ကယ်ပါ လူဝိုင်းပါဖြစ်တော့ ခမရ ၂၁၃ က ၁၁ ရက်မနက်မှာ ကွန်လုံဘက်ကထပ်လိုက်လာရပြီး FUA တပ်တွေကို ဝင်တိုက်ပေမဲ့လဲ အလဲလဲ အကွဲကွဲခံရပြန်ရှာတယ်။ ၁၂ ရက်နေ့ကျမှ ဗမာစစ်တပ်က ၃၅ ယောက်ဘဲ နမ့်ကျွမ်းစခန်း ပြန်ရောက်သွားတယ်လို့ လူထုသတင်းအရ သိရတယ်။ မူလသတင်းရလို့ အလိုက်ခံရတဲ့ ကိုးကန့်အင်အား ၂၀ ကတော့ သံလွင်အရှေ့ကမ်းကို အေးအေးဆေးဆေး ပြန်ရောက်သွားတယ်။

၁၀-၁၁-၁၂ သုံးရက်ပေါင်းလိုက်ရင် ဗမာစစ်တပ်နှစ်တပ်ပေါင်းမှာ တပ်ခွဲမှူး ဗိုလ်ကြီး ၁၊ တပ်စုမှူး ဗိုလ် ၁ အပါအ၀င် အနည်းဆုံး ၁၈ ယောက်သေ၊ ဗိုလ်မှူး ၁ ယောက်အပါအ၀င် အနည်းဆုံး ၂၈ ယောက် ဒဏ်ရာရသွားတယ်။ အလောင်း တွေ သေနတ်တွေ ပုံနေပေမဲ့ ကပစထုတ် MA သေနတ်အစုတ်တွေ မကိုင်ချင်တဲ့ ခေတ်သစ်တော်လှန်ရေးတပ်တွေ ပီပီ စက်လတ်နဲ့ ပစ္စတိုအပါအဝင် ၄ လက်နဲ့ ဆက်သွယ်ရေးစက် ၁ လုံးဘဲ ယူလာခဲ့တယ်။ စက်လတ်ကို TNLA က ယူပြီး၊ ဆက်သွယ်ရေးစက်ကို MNDAA က ယူလိုက်တယ်။ တိုက်ပွဲမှာ MNDAA ရဲဘော် ၂ ယောက်၊ TNLA ၁ ယောက် ကျပြီး KIA ၄ ယောက်၊ TNLA ၁ ယောက် ဒဏ်ရာရခဲ့တယ်။

အဲဒါကို ဗမာအစိုးရဘက်ကကြေညာတော့ အစိုးရတပ်ဘက်က ၇ ယောက်ကျ၊ ၂၀ ဒဏ်ရာရလို့ သတင်းထုတ်တယ်။ ဗမာစစ်သား ၂ ယောက်ကျတာကို အလောင်းရော လက်နက်ရော ဘယ်သို့ဘယ်ပုံ ရဲဝံ့စွန့်စားပြန်ဆွဲယူနိုင်ခဲ့တယ်လို့ ဟာသဇာတ်လမ်းလဲ ရေးလိုက်သေးတယ်။ ‘ငြိမ်းချမ်းရေးဖော်ဆောင်နေစဉ်’ နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေ တဲ့ ဗမာစစ်တပ်ကို ကိုးကန့်တပ်တွေက ‘အကြောင်းမဲ့စတိုက်’တယ်လို့ ပြောင်းပြန်ပြောနေတယ်။ (ဟိုးကတည်းက ဗကပ၊ KIA, TNLA, MNDAA တို့ အဆက်ဆက် တောက်လျှောက်အခြေစိုက်ခဲ့တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ နယ်မြေကို သူ့အပိုင်နယ်မြေလိုလိုနဲ့ လုံခြုံရေးတာဝန်ထမ်းတယ် လုပ်လိုက်သေးတယ်။)

ဒါ့အပြင် စတိုက်ခံရတာက ခမရ ၂၁၃၊ စစ်ကူလိုက်တာက ခမရ ၂၁၅ ဆိုပြီး ပြောင်းပြန်လဲ သတင်းထုတ်လိုက်သေး တယ်။ တကယ်တော့ သိမ်းရတဲ့ဆက်သွယ်ရေးစက်မှာ ခမရ ၂၁၅ လို့ ရေးထားတာဖြစ်တယ်။

ဘူမသိ ကိုးမသိ (ကိုးကန့်မှန်းမသိ၊ တအာင်းမှန်းမသိ၊ ကချင်မှန်းမသိတဲ့) စစ်တပ်လော်ဘီတွေကတော့ KIA ၈၀ လောက်ကျတယ်လို့ အစောပိုင်းက အွန်လိုင်းမှာ လေကျယ်နေလိုက်သေးတယ်။ နောက်တော့မှ သူတို့ခံရမှန်းသေချာ သိသွားတော့ တပ်မတော်ဟာတိုင်းပြည်အတွက် ဘယ်သို့ဘယ်ညာစွန့်လွှတ်တာ၊ သူပုန်တွေကဘယ်လိုဆိုးတာဆိုပြီး၊ နှပ်ချေးထွက်အောင် ငိုပြကြတော့တယ်။ တိုက်ပွဲသုံးနေရာဖြစ်တာမှာ သူပုန်ဘက်က တနေရာမှာ အင်အား ၂၅၀၊ နောက်တနေရာမှာလဲ ၂၅၀၊ နောက်တနေရာကျတော့ အင်အား ၅၀၀၊ စုစုပေါင်းအင်အား ၁၀၀၀ လောက်နဲ့ တိုက်ခဲ့တယ်လို့လဲ စစ်လော်ဘီတွေက ပုံကြီးချဲ့သေးတယ်။

ဒါ့အပြင် အဲဒီဒေသမှာ KIA နဲ့ ဖက်ဒရယ်တပ်မတော်အဖွဲ့ဝင်တွေက ဘိန်းချက်နေတဲ့သဘောမျိုး လွန်ခဲ့တဲ့တနှစ် ကျော်ကသတင်းနဲ့ ဆက်စပ်ပြီး ဖွသေးတယ်။ တကယ်တော့ အဲ့ဒီသတင်းပါ ဘိန်းဖြူ ကျပ်သိန်းသုံးထောင်ဖိုးမိခဲ့တဲ့ တာမိုးညဲဘိန်းချက်စခန်းဟာ ဗမာအစိုးရ-ဗမာစစ်တပ်တပည့်ရင်း မုံးစီးပြည်သူ့စစ်ခေါင်းဆောင် အုံးခိုင် ခေါ် အိုက်ဇိုင်း နဲ့ အားလျံ ခေါ် ယာပါဖှတို့က ရမခတိုင်းမှူးနဲ့ တခြားအကောင်ကြီးကြီးတွေကို ဆက်ကြေးပေးပြီး လုပ်ခဲ့တာဖြစ်တယ်။ တရုတ်နိုင်ငံထဲဖမ်းမိတဲ့ ဘိန်းဖြူတွေကနေ ကွင်းဆက်ပေါ်သွားလို့ တရုတ်အစိုးရက ဗမာအစိုးရကိုဖိအားပေးတဲ့ အတွက် မဖမ်းမရလို့ဖမ်းခဲ့ရတဲ့ ဘိန်းချက်စခန်းဖြစ်တယ်။

၂၀၀၉ ခုနှစ်မှာ BGF လုပ်ဖို့လက်မခံတဲ့ MNDAA ဖုံကျားရှင်းတို့အဖွဲ့ကို ဗမာစစ်တပ်ကတိုက်ထုတ်၊ ခွဲထွက် ပယ် စောက်ချဉ်တို့ကို မြှောက်စားခဲ့ပြီးနောက် ကိုးကန့်လူမျိုးတွေ ပြန်မတော်လှန်ဘဲ မူးယစ်စီးပွားရေးသံသရာထဲ လည်နေ အောင် ဘိန်းချက်ခွင့်၊ မြင်းဆေးချက်ခွင့်တွေ ဖောဖောသီသီပေးနေတာ ဗမာအစိုးရနဲ့ ဗမာစစ်တပ်ဘဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ သံလွင်အရှေ့ကမ်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ ဗမာပြည်မှာ မူးယစ်ဆေးအများဆုံး ထုတ်လုပ်ရာ နံပတ် ၁ ဒေသဖြစ်လာတာကို ရှမ်းပြည်တခွင်လုံးအသိဖြစ်တယ်။ နံပတ် ၂ နေရာကိုတော့ မုံးစီး-တာမိုး ညဲ-ကွတ်ခိုင်အပါအဝင် ရှမ်းပြည်မြောက်ပိုင်း သံလွင်အနောက်ခြမ်းက လီဆူး/ကချင်/ကိုးကန့်ပြည်သူ့စစ်တွေနဲ့ ထိုင်း နယ်စပ်က လားဟူ-ခွန်ဆာလက်နက်ချပြည်သူ့စစ်/BGF တွေ လုနေတယ်။ ဆိုလိုတာက မူးယစ်ဆေးထုတ်လုပ်မှု ပ-ဒု-တ နေရာတွေကို ဗမာအစိုးရလက်အောက်ခံအဖွဲ့အစည်းတွေက ပိုင်ပိုင်နိုင်နိုင်ရထားတဲ့သဘောဖြစ်တယ်။

မြောက်ပိုင်းစစ်မျက်နှာ

KIA တပ်မဟာ ၃ တပ်ရင်း ၂၇ နယ်မြေ နမ်ဆာပရမ် နဲ့ ခါရှန် ကြားလမ်းဆုံမှာ နိုဝင်ဘာ ၁၆ ရက် နေ့လည်က တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၁၇ အင်အား ၈၀ ကျော်ဟာ ပုံမှန်လမ်းကြောင်းမဟုတ်၊ ကြိုအကြောင်းမကြားဘဲဝင်လာ လို့ KIA တပ်နဲ့ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တယ်။
နိုဝင်ဘာ  ၁၆-၁၇ ရက်တွေမှာလဲ  ကချင်ပြည် မံစီမြို့နယ်ထဲမှာ ဗမာစစ်တပ်တဖွဲ့ဟာ နှစ်ဖက်သဘောတူ သတ်မှတ် လမ်းကြောင်းမဟုတ်ဘဲ ဝင်လာလို့ နယ်မြေခံကေအိုင်အေတပ်ဖွဲ့တွေနဲ့ နှစ်ခါတိုက်ခဲ့ရတယ်။

အလားတူဘဲ မိုးမောက်-လွယ်ဂျယ်နယ်နဲ့ ဆမားနယ်တွေက KIA ထိန်းချုပ်နယ်မြေထဲကို ဇွတ်တိုးဝင် တပ်စွဲထားတဲ့ စခန်းတွေ၊ ရိက္ခာပို့လမ်းတွေကလဲ တိုက်ပွဲတွေဖြစ်ဖို့ ထိုးဆွနေခဲ့တယ်။

အဲ့ဒီဖြစ်စဉ်တွေကို KIA ကစတိုက်တာ၊ KIA အပြစ်လို့ ဗမာစစ်တပ်ကပြောပြီး၊ နိုဝင်ဘာ ၁၉ ရက်မှာ ‘သတိပေးတဲ့ အနေနဲ့’ လိုင်ဇာနားက ဗိုလ်သင်တန်းကျောင်းကို ပစ်ခတ်တာလို့ အော်ချက်ထုတ်နေတယ်။ နိုဝင်ဘာ ၁၉ နောက်ပိုင်း ကချင်ပြည်အနေအထားကိုကြည့်ရင်လဲ ဘယ်သူက လက်ဦးမှုယူနေတယ်၊ ရန်စနေတယ် ဆိုတာ သိသာတယ်။

၂၀၁၄ ဒီဇင်ဘာလ ၁၉ ရက် နေ့လည်မှာ KIA တပ်မဟာ ၅ နယ်မြေ ဒေါ့ဖုန်းယန်မြို့နယ်ထဲက အင်အား ၅ ယောက်ရှိ ရှေ့တန်းစခန်းတခုကို ခမရ ၆၀၂ က အလစ်လာတိုက်လို့ စခန်းဘေးချောင်းထဲ ငါးဖမ်းနေတဲ့ KIA ရဲဘော်နှစ်ဦးကျ၊ တဦးကိုဖမ်းမိသွားခဲ့တယ်။ အဲဒီလုပ်ရပ်ကို မြှောက်ပေးတဲ့အနေနဲ့ လက်ရှိမပခတိုင်းမှူး ဗိုလ်ချုပ်ဝင်းဗိုလ်ရှိန်နဲ့ တိုင်းမှူး ဟောင်း ဗိုလ်ချုပ်ထွန်းထွန်းနောင်တို့က ခမရ ၆၀၂ ရင်းမှူး ဗိုလ်မှူးစိုးမြင့်ကျော်ကို ဒီဇင်ဘာလကုန်မှာ ငွေ ၁၀ သိန်း ဆုချခဲ့တယ်လို့ ကြားရတယ်။ လွတ်လပ်ရေးနေ့ ဘွဲ့ထူးဂုဏ်ထူးပေးတော့လဲ ခမရ ၆၀၂ ကို ဖုတ်ပူမီးတိုက်ပေးလိုက် တယ်။

ဒီဇင်ဘာ ၂၈ ရက်ညနေပိုင်းမှာလဲ တပ်မ ၆၆ ဗျူဟာမှူး စောမြင့်ဝင်းအောင်ကိုယ်တိုင်ဦးစီးပြီး ခမရ ၅ နဲ့ တခြား တပ်ရင်းတွေက စုပေါင်းစပ်ပေါင်းအင်အား ၈၀ လောက်ဟာ ကာမိုင်းမြို့နယ်ထဲက တပ်မဟာ ၂ ရဲ့ တပ်ရင်း ၆ စခန်း (အင်အား ၁၀ ယောက်ကျော်) ကို အလစ်ဝင်တိုက် သိမ်းပိုက် မီးရှို့ခဲ့တယ်။ KIA တပ်က အင်အားချင်းမမျှလို့ ကြာကြာခံမတိုက်ဘဲ ဆုတ်ပေးလိုက်တယ်။

တောင်ပိုင်းစစ်မျက်နှာ

ဇွန်လလယ်တုံးက ဘိတ်-ထားဝယ်ခရိုင် တနင်္သာရီမြို့နယ်မှာ ဗမာစစ်တပ် ခမရ ၅၅၇ က KNU တပ်မဟာ ၄ စခန်း တခုကို နှစ်ရက်ဆက်တိုက် လာတိုက်လို့ ကရင်စစ်သားတယောက်ကျပြီး သေနတ် ၂ လက်ဆုံးသွားတယ်။ ဒီဇင်ဘာ ၁၄ ရက်က ကရင်ပြည်ဖာပွန်ခရိုင်ထဲ ဗမာအစိုးရတပ်တွေဟာ သဘောတူခွင့်ပြုထားတဲ့ လမ်းကြောင်း အတိုင်းမဟုတ် ဘဲ ကြိုတင်အကြောင်းမကြား သွေးတိုးစမ်း ခိုးဝင်လာလို့ KNU တပ်မဟာ ၅ တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပြီး ဗမာစစ်သား တယောက်ကျခဲ့တယ်။ မဝင်ရဲလို့ လက်နက်ကြီးနဲ့ အသလွတ်လှမ်းပစ်တာတွေလဲ ရှိခဲ့တယ်။
ပြီးခဲ့တဲ့ ခြောက်လအတွင်း ဗမာစစ်တပ်တွေ အဲ့လိုခိုးဝင်လို့ တပ်မဟာ ၂၊ တပ်မဟာ ၃၊ တပ်မဟာ ၅ နယ်မြေတွေမှာ မိုင်းနင်းမိတာလဲ ၈ ခါတောင်ရှိခဲ့တယ်။

ဒါပေမဲ့ KNU ဗဟိုခေါင်းဆောင်မှုထဲမှာ ဗမာအစိုးရကို လိုက်လျောချင်တဲ့အပိုင်း ရှိနေလို့ ဗမာစစ်တပ်ဟာ KIA ဘက်မှာ လို ‘သတိပေးတာ’တွေ ဘာတွေမလုပ်ခဲ့ဘဲ ငြိမ်နေခဲ့တယ်။ တဖက်မှာလဲ ရ,မယ်ထင်တဲ့အပိုင်းတွေမှာတော့ ဗမာစစ် တပ်ထုံးစံအတိုင်း လက်ဦးမှုယူတိုက်တာတွေ ခိုးကြောင်ခိုးဝှက်လုပ်ခဲ့တယ်။ စက်တာဘာလကုန်က ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ စကခ-၁၀ လက်အောက်ခံ ခမရ ၃၆၁ က KNU တပ်မဟာ ၃ တပ်ဖွဲ့ငယ်တခုကို အလစ်ဝင် တိုက်လို့ ကရင်ဆေးမှူးတယောက်ကျပြီး စစ်သည်တယောက် ဒဏ်ရာရခဲ့တယ်။ အောက်တိုဘာလဆန်းမှာလဲ မုံး မြို့နယ်မှာ ခမရ ၅၉၈ က KNU တပ်ရင်း ၈ ကို ဝင်တိုက်ခဲ့တယ်။

အရှေ့ပိုင်းစစ်မျက်နှာ မှာလဲ SSPP/SSA ကိုတိုက်တဲ့ တာ့ဖာဆောင်တိုက်ပွဲဖြစ်ဖြစ်၊ RCSS/SSA နဲ့တိုက်တဲ့ မိုင်းတုံ မိုင်းပန်နယ်တွေက တိုက်ပွဲတွေဖြစ်ဖြစ် ဗမာစစ်တပ်ဟာ မသွားရမယ့်လမ်းတွေကိုသွားလို့၊ တိုင်းရင်းသားတပ် ထိန်းချုပ် နယ်မြေကိုကျူးကျော် ခိုးဝင်လို့ တိုက်ပွဲဖြစ်ခဲ့ရတာချည်းဘဲဖြစ်တယ်။

အထက်ပါအချက်အလက်တွေကိုကြည့်ရင် တိုက်ပွဲတွေဖြစ်တာဟာ ဗမာစစ်တပ်ဘက်က တိုင်းရင်းသားဘက်ကို အကြောင်းမကြားဘဲ ဝင်ချင်သလိုဝင် သွားချင်သလိုသွားတာ၊ ကြိုတင်သဘောတူထားတဲ့လမ်းကြောင်းအတိုင်း မသွား ဘဲ မရိုးသားတဲ့ရည်ရွယ်ချက်နဲ့ သွားတာ လုပ်ကိုင်တာ၊ နယ်မြေချဲ့ထွင်တာတွေကြောင့် အဓိကဖြစ်နေတယ်။

ဒီနောက်ခံအနေအထားအရ နိုဝင်ဘာ ၁၉ ရက် KIA ဗိုလ်သင်တန်းကျောင်းကို ၁၀၅မမ အမြောက်နဲ့ပစ်ခဲ့တာဟာ  အခြေအမြစ်မရှိတဲ့စွပ်စွဲချက်ကို အခြေခံထားတာဖြစ်တဲ့အတွက် အမှားကျူးလွန်သူဟာ ဗမာစစ်တပ်ဘဲဖြစ်နေတာ ထင် ရှားနေတယ်။ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး မှားယွင်းသူဘက်က တောင်းပန်ဖို့ သို့မဟုတ် ကျေနပ်လောက်ဖွယ် ဖြေရှင်းပေးဖို့ တာဝန်ရှိနေတယ်။ ဒါပေမဲ့ အခုအချိန်ထိ ဗမာစစ်ဗိုလ်ချုပ်တွေဘက်က နည်းနည်းလေးမှ တာဝန်ခံမှု မတွေ့ရရုံမက တဖက်မှာလဲ တိုင်းရင်းသားတွေထဲက ကျောရိုးမဲ့သတ္တဝါတချို့ကို အသုံးချပြီး UNFC-NCCT ဖျက်ရေး ကျော်နင်းရေးလုပ်နေတာ တွေ့နေရတဲ့အတွက် ဗမာစစ်တပ်ဟာ အပစ်အခတ်ရပ်စဲရေး-ငြိမ်းချမ်းရေးဖြစ်စဉ်ကို တမင် တကာဖျက်ဆီးနေတယ်လို့ ကြီးကြီးမားမားသံသယရှိစရာ ဖြစ်နေပါပြီ။

မင်းအောင်လှိုင်ရဲ့ ငြိမ်းချမ်းရေးမူ ၆ ချက်မှာ ငြိမ်းချမ်းရေးရယူရန် အမှန်တကယ်ဆန္ဒရှိရန် ဆိုတဲ့အချက်ကို ထိပ်မှာ တင်ထားပေမဲ့ ပြဿနာတွေ ဖန်တီး ရန်စနေတာ၊ လက်ဦးမှုယူ စတိုက်တာတွေကို ဗမာစစ်တပ်ဘက်ကဘဲ အများဆုံး လုပ်နေတာ တွေ့ရလို့ တကယ်ဆန္ဒမရှိတာ ဘယ်သူလဲ ရှင်းနေပါပြီ။

ဒီတော့ ပင်လုံစာချုပ်ကိုချိုးဖောက်ပြီး တိုင်းရင်းသားနယ်မြေတွေကိုကျူးကျော် တပ်လာစွဲ၊ ခုခံစစ်ဆင်နွှဲတဲ့ တိုင်းရင်း သားတပ်တွေနဲ့ အပစ်အခတ်ရပ်စဲဖို့ လေးလေးနက်နက်မရှိဘဲ လက်ဦးမှုယူ တိုက်ခိုက်ချေမှုန်းဖို့ သို့မဟုတ် စစ်ကျွန် ဇာတ်သွင်းဖို့ဘဲ အားသန်နေသရွေ့ ဗမာစစ်ခေါင်းဆောင် အဟောင်းအသစ်အားလုံးနဲ့ တနိုင်ငံလုံးအပစ်ရပ်ရေးစာချုပ် ချုပ်နိုင်ဖို့ ဝေးနေအုံးမှာဖြစ်ပါကြောင်း။

အောင်သဇင်
Photo Credit – http://moigovnews.blogspot.com/2015/01/blog-post_30.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts