K ငြိမ်းချမ်း စာအုပ်စင်

K ငြိမ်းချမ်း – ကာလီဆိုရှယ် ဒီမိုကရေစီနတ်သမီးတမ်းချင်း


K ငြိမ်းချမ်း  – ကာလီဆိုရှယ် ဒီမိုကရေစီနတ်သမီးတမ်းချင်း

(မိုးမခစာအုပ်စင်) မေ ၂၊ ၂၀၁၈

စာရေးသူ- မောင်သာနိုး
စာအုပ်အမည်- ODE TO THE GODDES
ကာလီနတ်သမီးသို့ တမ်းချင်း
အမျိုးအစား- ကဗျာရှည်
ထုတ်ဝေသည့်တိုက်- အညာသားယဉ်ကျေးမှု
တန်ဖိုး- ၂၀၀၀ ကျပ်

မြန်မာစာပေလောကမှာ မောင်သာနိုးလို့ဆိုလိုက်ရင် ထင်းရှူးပင်ရိပ်၊ ဘောင်းဘီဝတ်မိုးတိမ်၊ အစရှိ သဖြင့် ကဗျာ လောကရဲ့သမ္မာကျမ်းစာလိုမျိုး စာအုပ်တွေနဲ့ တွဲလျက် မြင်ယောင်ကြပါတယ်။

ဇင်နိုးကြူးဂိုဏ်းရယ်လို့ တချိန်က မြန်မာစာ ပေတိုက်ပွဲများထဲက ဆရာ မြဇင်၊ မောင်သာနိုး၊ မင်းလှ ညွန့်ကြူးတို့ထဲက တဦး အပါအဝင် ဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ်ထွက် စာပေအကျော်အမော်တွေထဲက တင်မိုး၊ မောင်သာနိုး၊ မောင်စွမ်းရည်၊ ကြည်အောင်၊ မောင်မိုးသူတို့ သက်ကြီးစာပေပညာရှင်တွေထဲက တယောက်လည်းဖြစ်ပါတယ်။

ဆရာမောင်သာနိုးရဲ့အခြားထင်ရှားတဲ့ ကလောင်တခုကတော့ မောင်သိင်္ဂါဖြစ်ပါတယ်။ မောင်သိင်္ဂါ အမည်နဲ့ရေးခဲ့တဲ့ မလင်း ပြာ ကဗျာကလည်း မြန်မာကဗျာအရွေ့မှာ မှတ်ကျောက်တင်ကဗျာတပုဒ် ဖြစ်ပါတယ်။

ဆရာဟာ ၁၉၃၂ ခုနှစ်မှာ မွေးဖွားခဲ့ တာဆိုတော့ ယခုဆိုရင် အသက်(၈၇)နှစ် ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ကန်တောခံသက်ကြီးစာပေပညာရှင်တယောက် အရွယ်ရောက်နေသော်လည်း မြန်မာစာပေလောကအတွက် အကျိုး တစုံတရာ ဖြစ်ပေါ်စေရန် မြန်မာစာအရေးအသားနဲ့ ပတ်သက်တဲ့ပညာရပ်ဆိုင်ရာတွေကို ထောက်ပြရေးသားနေတုန်းဖြစ်ပါတယ်။

ယခုစာအုပ်ကတော့ ကဗျာရှည်တပုဒ်ကို အင်္ဂလိပ်မြန်မာ နှစ်ဘာသာနဲ့အပြင် ဆရာမောင်သာနိုး ကိုယ်တိုင် ရွတ်ဆိုထားတဲ့ အသံ CD တချပ်လည်း ပါဝင်ပါတယ်။ ကာလီနတ်သမီးသို့တမ်းချင်း အမည်ရတဲ့ ကဗျာရှည်ကို ၁၉၈၄ခုနှစ်မှာ ဆေးတက္ကသိုလ် (၂) မဂ္ဂဇင်းမှာ ပုံနှိပ်ခဲ့တာဆိုတော့ ကဗျာရဲ့အသက်ကိုက ( ၃၃ )နှစ် ရှိပြီဖြစ်ပါတယ်။

ဆရာမောင်သာနိုးကိုယ်တိုင် အမှာစာရေးသားထားပြီး စာအုပ်နဲ့ပတ်သက်ပြီး အမှာစာမှာ “ကျွန် တော်ရဲ့ကာလီဟာ Karl ကို ယူထားတာပါ။ Karl Marx က Karl ကို ပြောတာပေါ့။ ကာလီနတ် သမီးဆိုတာ မက်စ်ဝါဒ သို့မဟုတ် ကွန်မြူနစ်ဝါဒ ဆိုရှယ်လစ်စနစ်၊ ဆိုရှယ်လစ်ဝါဒတခုလုံးကို ပြောတာပါပဲ။ ဒါကြောင့် ကာလီနတ်သမီးသို့တမ်းခြင်းကဗျာဟာ ဆိုရှယ်လစ်စနစ်ကို မယုံကြည် တော့ကြောင်း ထုတ်ဖော်ကြေညာတဲ့ ကြွေးကြော်သံဖြစ်ပါတယ်”လို့ရေးထားပါတယ်။

ဆရာမောင်သာနိုးဟာ ကျောင်းသားဘဝကစလို့ ကွန်မြူနစ်ဝါဒဆိုရှယ်လစ်စနစ်ကို သက်ထက်ဆုံး ယုံကြည်လေ့လာခဲ့ရာမှ အဲဒီစနစ်ကြောင့်ပဲ မြန်မာနိုင်ငံအပါဝင် အခြား ဆိုရှယ်လစ်စနစ် ကျင့် သုံးနေတဲ့နိုင်ငံများကို သုံးသပ်ဆင်ခြင်ရင်း စနစ်ရဲ့ အကျိုးအပြစ်တွေကို မြင်ယောင်ကာ ထိုစနစ်ကို စွန့်လွှတ်လိုက်ကြောင်းက ယခုကဗျာရဲ့ မူလဘူတဖြစ်ပါတယ်။

သံသယဖြစ်လာစရာကောင်းတဲ့ ဆိုရှယ်လစ်စနစ်ကို ဓမ္မပဒအဌာကထာမှာ ကာဠီယက္ခိနီဘီလူးမဝတ္ထုလာ ကလေးမွေးတိုင်း ဘီလူးစားရင်းအဖြစ်နဲ့ ခိုင်းနှိုင်းဖွဲ့ဆိုထားတာ ဖြစ်ပါတယ်။ ကာလီနတ်သမီးနဲ့ ဆိုရှယ်လစ်စနစ်ကို နိမိတ်ပုံပြုပြီး စွဲလန်း သက်ဝင်မှုတွေ ကုန်ဆုံးကာ လမ်းခွဲကြဖို့ ကဗျာရှည်နဲ့ ကြွေးကြော်ထားတာဖြစ်ပါတယ်။

နတ်သမီး၊ ခွဲစို့

နှလုံးသားမှာ နာကျင်သော်လည်း သွားတော့
ငါ့မျက်လုံးတွေမှာ မျက်ရည်အပြည့်နဲ့
ငါ နင့်ကို ခွင့်ပန်နှုတ်ဆက်ပါတယ်။

ရုတ်တရက် ဖတ်လိုက်ရင် နတ်သမီးရဲ့ချစ်သူက သူတို့ချင်း ခွဲခွာမှုကို မြင်ရပေမယ့် ကိုယ်တသက်လုံးနီးပါး ယုံကြည်သက် ဝင်ခဲ့တဲ့ စနစ်တခု၊ ယုံကြည်ချက်တခုကို လွယ်လွယ်ဖြတ်မရကြတာ ထုံးစံပါ။ တချို့ မှားလို့မှားမှန်း မသိ၊ တဘဝလုံး ဖက် တွယ်အမှောင်ဖုံးခဲ့ကြပါလိမ့်မယ်။

မိမိနှလုံးသားနဲ့နီးစပ်တဲ့အရာက ခွဲခွာရတာ
လူတယောက်အဖို့ ခက်ခဲတယ်
နှလုံးသားကိုယ်တိုင်က ခွဲရမယ်ဆိုတော့ ပိုခက်ပါတယ်
နတ်သမီး၊ နင့်ဟာ ငါ့အသည်းနှလုံး၊ ငါ့အချစ်ဦး
ရှိစေတော့
ခွဲစို့။

တိုင်းပြည်အတွက်၊ လူမျိုးအတွက် ကျင့်သုံးတဲ့စနစ်တခုမှားရင် တိုင်းပြည်လည်း ချောက်ထဲက တက်ရမှာမဟုတ်ပါဘူး။ မြန် မာနိုင်ငံဆိုရင် စနစ်တခု မှားယွင်းခဲ့တယ်ဆိုတာ မွဲပြာကျခဲ့ပုံတွေကို ကြည့်ရင် အထင်အရှားပါပဲ။ ဒီကြားထဲ အာဏာရှင် ဗိုလ် နေဝင်းက မြန်မာ့နည်းမြန်မာဟန် ဆိုရှယ်လစ်စနစ်ကိုတောင် ထူထောင်ခဲ့ပြီး ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ တော်လို့တောင် လုပ်ခဲ့သေးတာလေ။

ဆိုရှယ်လစ်စနစ်အတွက် တိုက်ပွဲဝင်၊ ကျင့်သုံးခဲ့တဲ့တိုင်းပြည်တွေအခြေအနေများကိုလည်း ကဗျာမှာ ထည့်သွင်းရေးထားခဲ့ပါ တယ်။

နင့်ကို ကိုးကွယ်လေရာရာမှာ
ကျေးကျွန်၊ မြေကျွန်စခန်းတွေသာ တိုးတက်လာတယ်
အေးစက်မည်းမှောင်
မြေအောက် အကျဉ်းထောင်ခန်းတွေသာ များပြားလာတယ်
မိဘမဲ့တွေ၊ သူတောင်းစားတွေ၊ ခါးပိုက်နှိုက်တွေ
ပြည့်တန်ဆာတွေသာ ပွားများလာတယ်။

လက်ရှိကို တိုင်းပြည်ခွေးဖြစ်စေတဲ့ စနစ်အပေါ် ကျင့်သုံးရင်း စနစ်၊ မူဝါဒတွေ မှားမှန်းမသိ၊ ပြည်သူ လူထုနဲ့ အခြားဖြစ်စဉ် တွေအပေါ် ပုံချရင်း မိုက်တွင်းနက်နေသူခေါင်းဆောင်တွေ ကမ္ဘာမှာ အများ ကြီးရှိနေပါတယ်။

စနစ်တခုကို ကျင့်သုံး ပြည်သူလူထုက အထိနာ၊ ခုခံဝေဖန်ပြောဆိုသူတွေကို ချေမှုန်းနှိပ်ကွပ် အာ ဏာရှင်လုံးလုံး ဖြစ်သွား ကြပြီး တိုင်းပြည်လည်း ဆင်းရဲသည်ထက် ဆင်းရဲ လူတစုရဲ့ အစမ်းသပ် ခံကြီးကို ဖြစ်လို့။ နောက်ဆက်တွဲလူထုတွင်း ညီ ညွတ်ရေးတွေ မဲ့ပြီး ကိုယ့်အကျိုးစီးပွား ကိုသာ ရှေ့တန်းတင်လာကြပါတယ်။

ညီညွတ်ရေးကို တင်ပြသူငဲ့
နင်ဟာ ညီနဲ့အကို
သားနဲ့အဖ
တပည့်နဲ့ဆရာကို ရန်တိုက်ပေးခဲ့တယ်။

လွတ်လပ်မှုကို ဟောပြောသူကြီးရေ
နင်ဟာ ပြည်သူတွေရဲ့မျက်လုံးတွေ နားတွေကို ပိတ်
ပါးစပ်တွေကို ဆို့
တေးသံတွေကို ဆိတ်
မျှော်လင့်ချက်တွေကို မြေမြှုပ်ခဲ့တယ်။

မြန်မာနိုင်ငံမှာ ဆိုရှယ်လစ်စနစ်ကြောင့်ပဲ ပြည်တွင်းစစ်တွေ၊ ဝါဒတိုက်ပွဲတွေ၊ သွေးချောင်းစီးမှုတွေ၊ မွဲပြာကျမှုတွေ မျိုးစုံ ဖြစ်ပေါ်ခဲ့ရပါတယ်။ သို့သော်လည်း ယနေ့ထိ တာဝန်ရှိသူတွေက ကျနော်တို့တိုင်းပြည်ကို ချစ်ခဲ့သော်ငြား စနစ်တွေ၊ မူတွေ၊ လူတွေ မှားယွင်းခဲ့ပါတယ်လို့ တယောက်မှ ပြောသံမကြားဖူးဘူး။

ဆရာမောင်သာနိုးကတော့ စာပေပညာရှင်တဦးအနေနဲ့ကို သူ့တသက်လုံးသက်ဝင်ယုံကြည်ခဲ့တဲ့ ကွန်မြူနစ်ဝါဒဆိုရှယ်လစ် စနစ်ကို ကာလီနတ်သမီးနဲ့ တင်စားပြီး ကာလီမရဲ့ဆိုးပြစ်တွေနဲ့ ကဗျာရှည်ရေးပြီး ဝန်ခံကြေညာခဲ့တာဖြစ်ပါတယ်။

နင်နဲ့ နင့်ဂိုဏ်း သွားပေတော့
နင့်မိစ္ဆာဒိဌိအယူ ကျဆုံးပါစေ လို့ ကြွေးကြော် မြည်ဟီးလိုက်တာလည်း ဖြစ်ပါတယ်။

ဒီကဗျာရှည်ကို ဖတ်ရင်း ယခုလည်း မြန်မာနိုင်ငံမှာ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီစနစ်ကြီး အကောင်အထည် ဖော်လျက်ရှိရာ အကျိုးဘယ်လောက်ရှိ၊ ဆုံးရှုံးမှု ဘယ်လောက်လို့ တွက်ဆဖြေ ရှင်းနိုင်မယ့် ပညာရှင်မျိုးကိုလည်း မျှော်လင့်မိပါတယ်။ ပြည်သူလူထုဆိုတာ အစမ်းသပ်ခံ မဟုတ်ဘူး ဆိုတာ သိစေချင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts