စာစုတို

မိုနေးသစ် ● အရိုးကျဲလက်​တံ​တွေနဲ့ မြ​စ်​ကွေ့


မိုနေးသစ် ● အရိုးကျဲလက်​တံ​တွေနဲ့ မြ​စ်​ကွေ့
(မိုးမခ) မေ ၁၊ ၂၀၁၈

ကျ​နော်​​တို့ရွာက​လေးဆီ​ ကွေ့ဝင်​လာတယ်​ထင်​ရတဲ့ မြစ်​။

နွေရာသီ​ရောက်​တဲ့ အခါသဲ​သောင်​ပြင်​​တွေ​ပေါ်လာတယ်​။ ကျောက်​​ဆောင်​​တွေ​ပေါ်လာ​တော့ ​ရေချိုးဆိပ်​တစ်​ခုရလိုက်​ပါ တယ်​။ သ​င်္ဘော​တွေ ​လှေ​တွေ စက်​​လှေ​တွေ ဆိုက်​ကပ်​ရပ်​နားဖို့ရာဆိပ်​ကမ်းတစ်​ခုအဖြစ်​​ပေါ့။ ရှုခင်း​လေးကချစ်​စရာ။ ပါလာ တဲ့ ဖုန်းက​လေးနဲ့ ကုန်း​တော်​​ပေါ်​ရောက်​တဲ့အခါ လှမ်းရိုက်​လိုက်​မိပါတယ်​။ အရိုးကျဲ​နေတဲ့သစ်​ရွက်​​ကြွေပြီးဖြစ်​တဲ့ သစ်​ပင်​နဲ့ ဥသြသံ​လေးကိုထည့်​လိုက်​တဲ့အခါ ​နွေရာသီရှုခင်း​လေးတစ်​ခုထဲ ​ရောက်​ရှိလို့သွားပါ​တော့တယ်​။

ဓာတ်​ပုံဝါသနာရှင်​​တွေဆိုရင်​ မြစ်​ရှုခင်း​တွေက ဘယ်​လိုမှလက်​မလွှတ်​နိုင်​​အောင်​ ရှုခင်း ရှု​ထောင့်​အမျိုးမျိုးက​နေ ​စောင့်​ပြီး​ချောင်း​မြောင်းပြီး ရိုက်​ကူးရတဲ့ ရိုက်​ကွင်းများပဲဖြစ်​ပါတယ်​။ ကျ​နော်​တို့နိုင်​ငံရဲ့ အလှပဆုံးရှုခင်း​တွေကိုပြပါဆိုရင်​ မြစ်​နဲ့​ တောင်​​တွေက​တော့ ​ရှေ့ဆုံးက ရှိ​နေမှာပါ။

ကျ​နော်​တို့​နေထိုင်​ရာ ​နေရာ​လေးရဲ့အ​နောက်​ဖက်​မလှမ်းမကမ်းမှာ ဧရာဝတီမြစ်​ကြီး စီးဆင်း​နေပါတယ်​။ ခုလို​နွေရာသီ​ရောက်​​တော့​ ရေ​တွေကျသွားပြီး သဲ​သောင်​​တွေ​ကျောက်​​ဆောင်​​တွေ​ပေါ်လာပြီး မြစ်​မှာ နည်းနည်းကျဉ်းသွားပါတယ်​။ ရေလှိုင်း​တွေလည်းမရှိ​တော့ ​ရေလည်းပြန်​လည်​ကြည်​လာပြီဖြစ်​ပါတယ်​။ ခုလိုအချိန်​ဆို မြစ်​ထဲပဲ ကျ​နော်​တို့များ​သောအား ဖြင့်​​ ရေသွားချိုး​လေ့ရှိကြပါတယ်​။ ရေထဲစိမ်​ပြီးချိုးရတာ၊ နောက်​​ရေကူးခတ်​ရတာ တကယ့်​ကို စိတ်​ကြည်​နူးစရာ​ကောင်းလှပါတယ်​။ နွေ​နေပူထဲမှာ ​အေးချမ်း သွားပါတယ်​။

ကျောက်​​ဆောင်​​တွေ​ပေါ်လာ​တော့ အဲဒီ​ကျောက်​​ဆောင်​​တွေ​ပေါ်မှာ အဝတ်​ပါ​လျှော်​လို့ရပါတယ်​။ သဲနုနု​တွေ​ပေါ်ဖြတ်​ပြီးလမ်း​ လျှောက်​ရတာကလည်း ကျန်းမာ​ရေးအတွက်​ ပို၍​ကောင်းပါ​သေးတယ်​။ ​ပေါ်လာတဲ့​မြေနုကျွန်း​တွေ​ပေါ်မှာ စိုက်​ပျိုး သူများက​တော့ သီးနှံ​တွေကိုစိုက်​ပျိုးလေ့လည်းရှိကြပါတယ်​။

ကိုင်းသီးနှံ​တွေကလည်း မိမိတို့ မီးဖို​ချောင်​အတွက်​​ရော ​ရောင်းချပြီး အပိုဝင်​​ငွေပါရတာမို့ စိုက်​ပျိုးရေးလုပ်​ကိုင်​သူ​တွေ အတွက်​ အထူးအားထားရာလည်းဖြစ်​ပါတယ်​။ ကျ​နော်​တို့မြို့ငယ်​​လေးဆီ ကိုင်းထွက်​သီးနှံ​တွေကို ​လှေ​တွေနဲ့တင်​​ဆောင်​လာတယ်​။ စက်​အ​သေးစားတပ်​​မော်​​တော်​အငယ်​​လေး​တွေနဲ့ သယ်​​ဆောင်​လာတယ်​။ သူတို့အတွက်​​ ဈေးကွက်​​နေ့တိုင်း ရ​နေကြပါတယ်​။ ဗူးရွက်​ ဗူးသီး​တွေက ​လှေနဲ့အပြည့်​မို့​ လှေအလာကို​စောင့်​ပြီး​ ဖောက်​သည်​ယူတတ်​တဲ့ ကုန်​စိမ်းသည်​​လေး​တွေလည်း​ တွေ့ရတတ်​ပါတယ်​။

ခုလိုအချိန်​ဆို ငါးဖမ်း​လှေ​တွေ အများအားဖြင့်​ ပို​တွေ့ရ​လေ့ရှိပါတယ်​။ သူတို့အ​ခေါ်​ ဘောလုံးပိုက်​​တွေနဲ့ ​လှေ​ပေါ်က​နေ ချချသွားပါတယ်​။ ထို့​နောက်​ လူအားနဲ့ ကမ်းစပ်​ကို ​ဘောလုံးပိုက်​ရှည်​ကြီးကို ဆွဲယူပါတယ်​။ ကမ်းစပ်​ကို​ရောက်​လာတဲ့​ဘောလုံးပိုက်​ထဲမှာ ငါး​ပေါင်းစုံလင်​လှပါတယ်။ ​ပုစွန်​ ကဏန်း​တွေပါ ပါလာ​လေ့ရှိပါတယ်​။ တခါတ​လေ ​မြွေ​တွေ​တောင်​ပါလာတတ်​ပါ​သေးတယ်​။ ​ဘောလုံးပိုက်​ဆွဲတဲ့အချိန်​ ကမ်းစပ်​သွားပြီး ငါးဝယ်​ရင်​​တော့ အပိုလက်​​ဆောင်​​တွေပါ အများကြီးရ တတ်​ပါတယ်​။

မြစ်​​ကွေ့နားမှာ သ​င်္ဘော​တွေတစ်​စီးပြီး တစ်​စီးဆန်​တက်​သွားတာ စုန်​ဆင်းသွားတာကိုလည်း မြင်​​နေရပါတယ်​။ နွေရာသီဆို ငါးဖမ်းတဲ့ တံငါတဲ​လေး​တွေ ကမ်းနားသဲ​သောင်​ပြင်​​ပေါ်မှာ အစီအရီ​ပေါ်လာပါပြီ။ ကျ​နော်​တို့ဆီမှာ​ ရေဆင်းချိုးခါနီး အ​ပျော်​တမ်းမြစ်​ကမ်းနား​တွေမှာ ပုစွန်​ငုပ်​ကျွမ်းကျင်​တဲ့သူ​တွေလည်း ရှိပါတယ်​။ ကမ်းနားတ​လျှောက်​​ ရေငုပ်​ရင်း ကမ်းနားကပ်​လာ​လေ့ရှိတဲ့ ပုစွန်​​တွေကို လိုက်​ဖမ်းတာပါ။ အပြန်​ကုန်း​ပေါ်တက်​လာ​တော့ သူတို့ရဲ့ခါးပိုက်​​ထောင်​ထဲမှာ ပုစွန်​​တွေ​ လေးငါးဆယ်​သားအထိ ပါလာတတ်​ပါတယ်​။ ည​နေဟင်းစား​လေးရ​တော့ သူတို့​ပျော်​ရွှင်​​နေတာလည်း မြင်​​တွေ့ရပါတယ်​။ တံငါ​တွေလည်း မြစ်​ထဲမှာ​ လှေက​လေး​တွေကိုယ်​စီနဲ့ ချထားတဲ့ပုစွန်​ခြင်း​လေး​တွေ လိုက်​​ဖော်​​နေကြပါတယ်​။ သီချင်း​လေး​တေ တ​ကြော်​​ကြော်​နဲ့ သူတို့ဘဝက​လေး​တွေကလည်း အပူအပင်​ကင်းတဲ့ပုံ​ပေါ်​နေပါတယ်​။

မြစ်​ကမ်းနားဆိပ်​မှာ ည​နေ ည​နေဆိုရင်​ ​ရေချိုးလာသူ​တွေ ကမ်းနားဖက်​လမ်း​လျှောက်​လာသူ​တွေနဲ့ စည်​ကား​နေတတ်​တာပါ။ ကမ်း​ခြေအလှမှာ ဆယ်​ဖီဆွဲသူ​တွေလည်း များလှ​ပေါ့။ ကျ​နော်​တို့ငယ်​ငယ်​ကဆို ဓာတ်​ပုံတစ်​ပုံရိုက်​ဖို့ အချိန်​အ​တော်​​လေး​ပေးရပါတယ်​။ ဓာတ်​ပုံဆရာ​ပြေး​ခေါ်ရတယ်​။ ဓာတ်​ပုံဆရာကလည်း တစ်​ပုံနှစ်​ပုံ​လောက်​နဲ့ ကိုယ်​​ခေါ်မယ့်​​နေရာကို လိုက်​ရိုက်​​ပေး​လေ့မရှိပါ။ ဆယ်​ပုံ​လောက်​ကို​ တောင်း​တောင်းပန်​ပန်​နဲ့ အနူးအညွှတ်​​ပြောပြီးမှ မလိုက်​ချင်​လိုက်​ချင်​နဲ့ လိုက်​ရိုက်​​ပေး​လေ့ရှိပါတယ်​။

ခု​ခေတ်​လို လူတိုင်း ဖုန်းကိုင်​နိုင်​ ကိုယ်​ကြိုက်​တဲ့ရှုခင်း​လေး​တွေ​တွေ့ရင်​ မှတ်​တမ်းတင်​နိုင်​တာဟာ တကယ်​ဝမ်းသာစရာ အခွင့်အ​ရေးလည်းဖြစ်​ပါတယ်​။

မိုးတွင်းတုန်းက ကမ်းလုံးလျှံခမ်းနားလှတဲ့မြစ်​ဟာ ခု​တော့ အ​တော်​​လေး ကျုံလှီသွားခဲ့ပါပြီ။ မြစ်​​ရေကြီးမှုကလည်း နှစ်​စဉ်​လိုလိုပါ။ စိုက်​ပျိုးထားတဲ့သီးနှံ​တွေလည်း ပျက်​စီးမှုကို နှစ်​စဉ်​နဲ့အမျှ​ တွေ့ကြုံကြရပါတယ်​။ အိမ်​​တွေနစ်​လျှံတဲ့အခါ ​နေ​ရေးထိုင်​​ရေးကအစ​ ပြောင်းရ​ရွှေ့ရနဲ့ အ​တော်​​လေး ဒုက္ခများလှပါတယ်​။ မိုးတွင်းတုန်းက ရွာအနားမှာ ရစ်​သီ ရစ်​သီ လုပ်​​နေ တဲ့မြစ်​ဟာ ခုလို​နွေ​ရောက်​​ ရေနည်းသွား​တော့လည်း ရွာနဲ့သဲ​သောင်​ပြင်​ကြီး ခြား​နေပြန်​ပါတယ်​။ ​ရေခပ်​ဖို့ ​ရေချိုးဖို့ အ​တော်​​ဝေး​ဝေးသွားရပါ​တော့မယ်​။ မြစ်​နဲ့အလှမ်း​ဝေးတဲ့​ ကျေးလက်​​တွေမှာ ​ရေဒုက္ခကိုလှလှကြီး​ တွေ့​နေကြရပါပြီ။ မိုးတွင်းမှာ​လှောင်​ထားတဲ့​ရေကန်​​တွေ တစ်​​နွေရာသီလုံးတည်​ရှိ​နေဖို့ဆိုတာက​တော့ အ​တော်​မလွယ်​ကူတဲ့ကိစ္စပါ။ ကျ​နော်​တို့ပတ်​ဝန်း ကျင်​မှာ ​မြေကြီး​တွေကလည်း တစ်​​နေ့တခြား​ သွေ့​ခြောက်​လာ​နေပါတယ်​။ မြေအစိုဓာတ်​ကို ကြာရှည်​ထိန်းသိမ်းထားနိုင်​စွမ်း မရှိ​တော့ပါ။ ထို့​ကြောင့်​ ​ရေကန်​အများစုမှာ ​ကောလာခြင်းလည်းဖြစ်​နိုင်​ပါတယ်​။ အရမ်း​ခြောက်​​သွေ့​သော​ဒေသများတွင်​အဝီစိတွင်းမှ​ရေထွက်​ဖို့ကို ခက်​ခက်​ခဲခဲ တူးယူကြရပါတယ်​။

ကျ​နော်​တို့ရွာက​လေးက​နေဖြတ်​သန်းသွား​နေကျ ရွာက​လေးတစ်​ရွာရဲ့ အရင်​တုန်းက ကြာမျိုးစုံ​ပေါက်​​နေတဲ့​ရေကန်​ကြီး​နွေ မိုး​ဆောင်း ရေ​တွေ​လျော့သွားခန်းသွား​လေ့မရှိတဲ့​ ရေကန်​ကြီးဟာ အခု​တော့ ကြာ​ဝေးစွ​ နွေဦးရာသီပင်​လျှင်​​ ရေတင်​ကျန်​ နိုင်​ခြင်းမရှိ​တော့ပါ။ သဘာဝတရားကြီးက ပဉ္စလက်​ဆန်​စွာပင်​ အ​ပြောင်းအလဲမြန်​ဆန်​လွန်းလှတယ်​။

ရေစီး​ရေလာ သန်​လွန်းမြန်​လွန်းတဲ့အချိန်​ မြစ်​ကျဉ်းတစ်​ချို့နေရာ​တွေမှာ​ ရေစီး​တွေ တ​ဝေါ​ဝေါ ဆန်​တက်​​နေတဲ့ သ​င်္ဘော​လေးစက်​ရှိန်​မိုင်​ကုန်​တင်​လို့ တစ်​လက်​မ​ ရေမိုင်​​ရွေ့ဖို့အ​ရေး မီးခိုး​တွေသာ အူထွက်​ခဲ့တယ်​။ ဒီလိုစက်​ကုန်​ဖွင့်​ရင်း အင်​ဂျင်​အပူချိန်​လွန်​ကဲလှသဖြင့်​ မီးပါထ​လောင်​တဲ့အဖြစ်​အပျက်​​တွေကိုပါ တခါတ​လေ မြင်​​တွေ့ကြရပါတယ်​။

မြစ်​ဆိပ်​ဆိုတာကလည်း တခါတ​လေ ​လှေခါးထစ်​ထိတိုင်​​အောင်​မဟုတ်​​တော့ အိမ်​ထဲထိပါ​လှေဖြင့်​ ဆိုက်​ဆိုက်​မြိုက်​မြိုက်​ကြီးလည်း ​ရောက်​ရှိလာတတ်​ပါ​သေးတယ်​။

ဟိုးတမြန်​နှစ်​ မြစ်​​တွေ​ရေကြီးတုန်းက ဆိုရှယ်​မီဒီယာတွင်​ ကျ​နော့်​အိမ်​က​လေး​ရေနစ်​​နေတဲ့ ဓာတ်​ပုံတင်​လိုက်​ရာ ကျ​နော့်​ မိတ်​​ဆွေကဗျာဆရာက အမြန်​လာခဲ့မယ်​ ကျ​နော့်​မှာ​ရေ​ဘေးအတွက်​ လှူထားတာ​တွေလည်း အရန်​သင့်​ပဲဆိုပြီး ဖုန်းဆက်​လာပါတယ်​။ ကျ​နော့်​မှာ မိတ်​​ဆွေကဗျာဆရာကို အထူးပင်​​ကျေးဇူးတင်​ပါ​ကြောင်း ကျ​နော့်​အတွက်​​တော့ အကူအညီမလိုအပ်​​ပေမယ့်​ ကျ​နော့်​ထက်​အများကြီးဒုက္ခ​ရောက်​​နေတဲ့ သူ​တွေအများကြီးရှိပါ​ကြောင်း သတင်းစကားပါးလိုက်​ပါတယ်​။ ကျ​နော့်​ မိတ်​​ဆွေက ချက်​ချင်းဆိုသလို အဲဒီ​နေရာ​တွေကိုလိုက်​ပြဗျာ၊ ကျ​နော်​တို့ကူညီကြမယ်​ ကျ​နော်​လည်း တတ်​နိုင်​သူတွေဆီ ဆက်​ အလှူခံလိုက်​မယ်​ဆိုပြီး အားတက်​သ​ရော​ပြောရှာပါတယ်​။ အဲဒီလိုနဲ့ ကျ​နော်​တို့အဖွဲ့ မြစ်​ကိုဖြတ်​ပြီး မြစ်​အ​နောက်​ဖက်​က​တောရွာ​တွေထိ ကိုယ်​တိုင်​ကိုယ်​ကျသွား​ရောက်​ပြီး ကူညီခဲ့ကြပါတယ်​။

လှိုင်း​လေ​တွေထန်​​နေတဲ့ မြစ်​ပြင်​ထဲမှာ ​မော်​​တော်​ကငယ်​ငယ်​ အသက်​ကယ်​အင်္ကျီကမပါဆို​တော့ ကျ​နော်​တို့အဖွဲ့ ရတနာ သုံးပါးကိုပဲ အာရုံပြု အရဲစွန့့်​သွားခဲ့ကြရပါတယ်​။

အဲဒီအချိန်​မှာ မြစ်​​လည်း ​ဒေါသပုန်​ထ​တတ်​တယ်​ဆိုတာကို ကိုယ်​​တွေ့ မြင်​ရ သိခဲ့ရပါတယ်​။ ​ဒေါသပုန်​ထ​နေတဲ့မြစ်​ထဲ ဖြတ်​ရတာ အ​တော်​​လေး​ကြောက်​စရာ​ကောင်း လှပါတယ်​။ မြစ်​ထဲစွန့်​စားပြီးအမြဲသွားလာ​နေတဲ့သူ​တွေကိုလည်း ချီးကျူးမိပါတယ်​။ လှေထိုးသမားတံငါ​တွေက​တော့ အဲဒီလို လှိုင်း​လေ​တွေဟာ ရိုးအီ​နေပြီထင်​ပါတယ်​။ တခါတ​လေမှ မြစ်​ပြင်​ကိုဖြတ်​ဖူးတဲ့ ကျ​နော်​တို့တ​တွေက​တော့ ​ကြောက်​စရာပါ။

မြစ်​ကိုဖြတ်​လာ​တော့ ​ရေနစ်​​နေတဲ့ရွာက​လေး​တွေ​ တောက်​​လျှောက်​လှမ်းမြင်​​နေရပါတယ်​။ ကမ်းကပ်​ပြီဆို ​ရေနစ်​ပြီးပြန်​ကျ တဲ့နွံပြင်​​တွေကိုပါ ဖြတ်​​နေရပါတယ်​။ တချို့​နေရာ​တွေက​ ပေါင်​ရင်းထိ​အောင်​​ရောက်​ပါတယ်​။ စက်ေ​လှက​တာ့ ရှေ့ဆက်တိုး လို့မရ​​တော့ပါဘူး။ ​ရေသန့်​ဗူး​တွေ​၊ ခေါက်​ဆွဲ​ခြောက်​​တွေ၊ ဆီဗူး​တွေ၊ ဆန်​အိတ်​​တွေကို ရွာသား​တွေ​ရော ကျ​နော်​တို့ပါ ဝိုင်း ထမ်းပြီး သယ်​ကြရပါတယ်​။

အလှူရှင်​​တွေလှူဒါန်းထားတဲ့ပစ္စည်းတွေကို သွား​ရောက်​ပို့ဆောင်​ရ​ပေမယ့်​ ကိုယ်​လှူ​နေသလို ခံစားပီတိလည်းဖြစ်​ရပါတယ်​။ အများအားဖြင့်​ ဘုန်းကြီး​ကျောင်းမှာပဲ စုကြပါတယ်​။ ရွာဦးဘုန်း​တော်​ကြီးမှဦး​ဆောင်​ပြီး ရွာသူရွာသားများ အဆင်​​ပြေ​ချော​မွေ့​အောင်​ ကူညီလုပ်​​ဆောင်​​ပေးပါတယ်​။ အလှူရှင်​မလာ​သေးတဲ့အချိန်​​တွေမှာလည်း ​ရေ​ဘေးဒုက္ခသည်​​တွေကို ရွာဦးဘုန်း​တော်​ကြီးကပဲ စားစရာ​တွေ ​နေစရာ​တွေ​ပေးထားတာဖြစ်​ပါတယ်​။ ဘုန်းကြီး​ကျောင်းထဲ လှူဒါန်းပစ္စည်း​တွေစုထားပြီး သာဓု အနု​မောဒနာတရား​တော်​နာယူပြီး​ ရေစက်​ချရပါတယ်​။ ပြီးရင်​ ရွာမှလူ​တွေအားလုံးစု​ဝေး​ခေါ်​ဆောင်​ထားပြီး တစ်​​ယောက်​ချင်း အား ပစ္စည်း​တွေကို ညီတူ ညီမျှ ခွဲ​ဝေ​ပေးပါ​တော့တယ်​။

ရေ​ဘေးကူညီမှုလုပ်​အား​ပေးခဲ့တုန်းက အမှတ်​တရအ​တွေ့အကြုံ​လေးတစ်​ခုလည်း ဖြစ်​ပါတယ်​။

နေပူရှိန်​က တအားပြင်း​တော့လည်း မိုးကို​မျှော်​မိတာပါပဲ။ တန်​ခူးလသင်္ကြန်​မိုး ဟုတ်​တိ ပတ်​တိ မရွာခဲ့တဲ့အတွက်​ မိုးဦး​စော​စောကျဖို့ပဲ​ တောင့်​တ​နေမိပါတယ်​။ ဒီနှစ်​​ လေ​တော့ အ​တော်​ထန်​မယ့်​ပုံပါ။ ဟိုမှာ ဒီမှာ​ လေပြင်း​ကြောင့်​ အိမ်​​တွေယာ​တွေပျက်​စီးတာ​တွေကြား​နေရတယ်​။ မိုးက ပုံမှန်​အ​နေအထားအတိုင်းရွာရင်​​တော့ သီးနှံ​တွေအတွက်​ အကျိုးဖြစ်​ထွန်းမှာ အ​သေအချာပါ။ ပုံမှန်​မဟုတ်​ပဲ ရွာမယ့်​မိုး​ကြောင့်​​ လေမုန်​တိုင်းဒဏ်​​ကြောင့်​ စိုက်​ခင်း​တွေသီးနှံ​တွေပျက်​စီးရတာလည်း​တွေ့ ကြုံကြရပါတယ်​။ စိမ်းစို​နေတဲ့မြက်​ခင်းလွင်​ပြင်​​တွေထဲကမြစ်​ကို​တွေ့ရတာက​တော့ တကယ်​ရင်​​အေးစရာပါ။

ကဆုန်​လပြည့်​​နေ့မတိုင်​ခင်​ မိုးရွာလိမ့်​ဦးမယ်​လို့​မျှော်​လင့်​ရပါတယ်​။ ကောင်းကင်​မှာ တခါတရံမိုးသားတိမ်​လိပ်​​တွေ​ကြောင့်​ အုံ့မှိုင်း​နေလို့ပါ။ မိုးနံ့ပါတဲ့​လေက​လေး တိုက်​ခတ်​တဲ့အရသာဟာ ခုလိုအပူ​တွေများ​နေချိန်​မှာ အရမ်းကို​ကောင်းတဲ့အရသာပါ။
မြစ်​က​တော့ သဲ​သောင်​​တွေ အ​တော်​များများကိုဖြစ်​ထွန်း​နေပါတယ်​။ တနှစ်​နဲ့ တစ်​နှစ်​ ​​ရေကျ​သောင်​ထွန်းပုံ​နေရာ​တွေက မတူညီကြပါဘူး။ မြစ်​​ကြောင်းကလည်း တစ်​ရာသီနဲ့တစ်​ရာသီ မတူပဲကွဲပြား​ပြောင်းလဲ​လေ့ရှိပါတယ်​။ သဲနုန်းပို့ချမှုမတူလို့ ​ရေချိုးဆိပ်​​တွေ​တောင်​​ ပြောင်းလဲသွားခဲ့ပါတယ်​။

မြစ်​ထဲ​ကျောက်​သဲစုပ်​တဲ့​မော်​​တော်​​တွေ​ကြောင့်​​ သောင်​ပိုထွန်းရတယ်​လို့လည်း တစ်​ချို့က​ပြောကြပါ​သေးတယ်​။ ဒီက​နေ့ စီးဆင်း​နေတယ်​ဆိုတာ မနက်​ဖြန်​​တွေအတွက်​ သမိုင်း​တွေဖြစ်​ပါတယ်​။ မ​နေ့ကရှိခဲ့တဲ့ မြစ်​​ကြောင်း​တွေ မနက်​ဖြန်​မှာ​ ပြောင်း လဲသွားရင်​သွားမှာပါ။ မြစ်​ကို ကျ​နော်​တို့မှီတင်း​နေထိုင်​​နေကြပါတယ်​။ ​သောက်​​ရေ သုံး​ရေ စိုက်​ခင်းအတွက်​​ ရေ၊ လယ်​ယာများအတွက်​​ရေ ​ရေမရှိပါက လူ​တွေအသက်​ရှင်​ရပ်​တည်​စရာမရှိ​တော့ပါ။

နွေထဲ​နေပူရှိန်​​ကြောင့်​လည်း ​လေ​တွေထန်​လာပါတယ်​။ တိမ်​တိုက်​​တွေဖြစ်​လာနိုင်​တယ်​။ ဒါ​ပေမယ့် မိုးက ရွာချင်​မှ ရွာဦးမှာပါ။ ​နေပူရှိန်​​ကြောင့်​ ​နေရထိုင်​ရခက်​ခဲတဲ့ရာသီဖြစ်​​တော့လည်း ​ရေကိုပိုပြီး​တောင့်​တကြတာပါပဲ။ ​လေပြင်း​တွေ​ကြောင့်​ မိုးရိပ်​​တွေပါသွား​ပေမယ့်​ ခဏတာ​တော့ ​အေးမြနိုင်​ခဲ့ပါတယ်​။ည​နေခင်းဆို ​နေဝင်​သွားတဲ့မြစ်​ဖက်​ကိုကြည့်​ရင်း ကျ​နော်​တို့တစ်​​နေ့တာကို အပန်း​ဖြေလို့ရနိုင်​ပါတယ်​။ မြစ်​က ကျ​နော်​တို့လိုအပ်​​နေတဲ့ ​ရေခိုး​ရေ​ငွေ့ပါတဲ့​လေ​တွေကို​ ပေးနိုင်​စွမ်းပါတယ်​။ သစ်​ရွက်​နု​တွေက​တော့​ နွေကိုအန်​တုပြီး ထွက်​လာ​နေကြပါပြီ။

ပူအိုက်​လွန်းတဲ့ ဧပြီမှာ ​ရေပက်​တဲ့ ရိုးရာသင်္ကြန်​ကျတာကလည်း လို​နေတဲ့​ရေနု​အေးကို ခဏတာသွန်း​လောင်း​ပေးတဲ့ အမှတ်​သ​င်္ကေတလည်းဖြစ်​ပါတယ်​။

တန်​ခူးအကုန်​ ကဆုန်​လပြည့်​မှာ ​ညောင်​​ရေသွန်းပွဲ​တော်​နဲ့ ကျ​နော်​တို့ ​ညောင်​ပင်​ရိပ်​မှာ​ရေစင်​သွန်း​လောင်းကုသိုလ်​ယူနိုင်​ကြပါတယ်​။ တစ်​နှစ်​တာပတ်​လုံး ​ရေလို​အေးချမ်းနိုင်​ပါ​စေ​ကြောင်း ဆု​တောင်း​တွေနဲ့ အတူတူ​ပေါ့။ ကမ်းရိုးတန်းဖက်​မှာ​ညောင်​မုတ်​ဆိတ်​ပင်​​တွေ ​ပေါက်​​နေပါတယ်​။ အမြစ်​​တွေအများကြီး ကုပ်​တွယ်​ထားလို့. ကမ်းပါးကို​ရေတိုက်​စားခြင်းမှ အကာ အကွယ်​အများကြီး​ပေးထားပါတယ်​။ မန်​ကျည်းပင်​အိုများ ကုက္ကိုပင်​အိုများ​ ညောင်​ပင်​အိုများက ကျ​နော်​တို့ရွာ​တွေကို ထိန်း သိမ်းထားတာပါ။ ဘယ်​အပင်​ပဲဖြစ်​ဖြစ်​ လက်​လွတ်​စပယ်​ခုတ်​လှဲပစ်​သူများကို​တော့ သ​ဘောမကျချင်​ပါ။ သစ်​တစ်​ပင်​ကြီးထွားရှင်​သန်​လာဖို့ နှစ်​အများကြီး ​စောင့်​ကြရပါတယ်​။ လမ်းနဲ့မလွတ်​လို့ အခုတ်​ခံရတဲ့သစ်​ပင်​​တွေကိုကြည့်​ရင်း နှ​မျော တသဖြစ်​မိတာ အကြိမ်​ကြိမ်​ပါ။ လယ်​ကွင်း​တွေများလှ​ပေမယ့်​ သစ်​​တောအုပ်​က​လေး​တွေရှိ​နေလို့သာ ကျ​နော်​တို့​ချောင်း​တွေ​ မြောင်း​တွေ မြစ်​​တွေ​ ရေရှည်​ရှင်​သန်​​နေနိုင်​တာဖြစ်​ပါတယ်​။ တောင်​ကို​ တောက​စောင့်​​ရှောက်​တယ်​​။ တောကို သစ်​ပင်​က​ စောင့်​​ရှောက်​တယ်​။ သစ်​ပင်​​တွေကို မြစ်​ကပြန်​လည်​​စောင့်​​ရှောက်​ပါတယ်​။ ငွေ့ရည်​ဖွဲ့ ပြန်​လည်​ရွာချဖို့ မြစ်​​တွေစီးဆင်း​နေပါတယ်​။

ကျ​နော်​အလုပ်​သွား​နေကျလမ်းက​လေးမှာ သစ်​ပင်​​တွေအုပ်​ဆိုင်း​နေတဲ့​တောင်​​ပေါ်လမ်းက​လေးတစ်​ခုရှိပါတယ်​။ အဲဒီ​နေရာ​လေးဖြတ်​သွားမိတဲ့အခါတိုင်း ​တောအုပ်​​လေးတစ်​ခုထဲ​ရောက်​ရှိသွားရသလို ခံစားရပါတယ်​။ သစ်​ပင်​အရိပ်​​တွေနဲ့မို့ ​အေးမြ​နေပါတယ်​ ။ မောပန်းမှု​တွေကို ခဏတာ​အပန်း​ဖြေရပါတယ်​။

ပူ​လောင်​လှတဲ့​နွေထဲဖြတ်​ဖို့ရာ အခုလိုလမ်းက​လေး​ပေါင်းများစွာ လိုအပ်​လှပါတယ်​။ သစ်​တစ်​ပင်​ခုတ်​​ ထောင်​သုံးနှစ်​ဆိုတဲ့ စာတမ်းက​လေးကိုသ​ဘောကျမိတဲ့ အချိန်​​တွေ ရှိခဲ့ပါတယ်​။ ကျ​နော့်​အကိုတစ်​​ယောက်​က​တော့ အားအားရှိ သစ်​ပင်​​တွေ လိုက်​စိုက်​​နေပါတယ်​။ ကျွန်းစိုက်​ခင်း​တွေကိုလည်း ကျွန်းပျိုးပင်​​တွေဝယ်​ကိုယ်​တိုင်​စိုက်​နိုင်​သမျှ လိုက်​စိုက်​ရှာပါတယ်​။ သူ စိုက်​ထားတဲ့အပင်​​လေး​တွေ နည်းနည်း​လောက်​ကြီးလာတာနဲ့ သစ်​ပင်​ခုတ်​သူများက မျက်​စိကျလာကြပါတယ်​။ ခုတ်​သူ​တွေက ခုတ်​ဖို့စိတ်​ဝင်​စား​မေ​ပေမယ့်​ စိုက်​ပျိုးသူ​တွေက သစ်​ပင်​စိုက်​ဖို့ စိတ်​ဝင်​စားကြပါတယ်​။

မြစ်​ဟိုဖက်​ကမ်းကိုလှမ်းကြည့်​လိုက်​​တော့ ​ရွှေ​ရောင်​ဝင်း​ပြောင်​​နေတဲ့​စေတီက​လေး​တွေလည်း ဟိုမှာသည်​မှာ​တွေ့​နေရပါ တယ်​။ ရွာက​လေး​တွေဘယ်​​လောက်​ငယ်​ငယ်​ဘုရား​ကျောင်းကန်​​စေတီ​တွေနဲ့မို့ ကျ​နော်​တို့လူမျိုး​တွေရဲ့ဘာသာ​ရေးကိုင်​ရိုင်းမှုကို မြင်​​တွေ့​နေရသလိုပါ။

မနက်​​စော​စောဘုရားကုန်း​တော်​​ပေါ်ကို ဘုရားဝတ်​ပြုဖို့တက်​လာခဲ့ပါတယ်​။ စေတီရဲ့ဆည်းလည်းသံနဲ့အတူ အ​နောက်​ဖက်​မှာစီးဆင်း​နေတဲ့ မြစ်​ကို အ​ပေါ်စီးက​နေ လှမ်းမြင်​​နေရပါတယ်​။ နွေ​ရောက်​​တော့​ ရေနည်းသွားခဲ့ပါပြီ။ သဲ​သောင်​ပြင်​​တွေက ဟိုမှာဖက်​ကမ်း​ရော ဒီမှာ ဖက်​ကမ်းပါ​ပေါ်​နေကြပါပြီ။ သဲ​သောင်​ပြင်​​တွေ​ ကျောက်​​ဆောင်​​တွေကြားထဲမှာ ခက်​ခက်​ခဲခဲ​ကွေ့ဝိုက်​စီးဆင်း​နေရတယ်​လို့ ခံစားမိပါတယ်​။ သစ်​ရွက်​လဲထားတဲ့ သစ်​ပင်​အိုကြီးကလည်း ရွက်​နု​တွေမ​ဝေ​သေးတဲ့အချိန်​ အရိုးကျဲလက်​တံ​တွေနဲ့​ပေါ့။ အ​တွေးထဲ စာသားတစ်​ခုအဖြစ်​ လှမ်းဝင်​လာပါတယ်​။

မြင်​ကွင်းအစိမ်းနဲ့ အရိုးကျဲလက်​တံ​တွေ နဲ့မြစ်​။

မိုနေးသစ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts