ဗိုလ်ထက်မင်း မှတ်စုမှတ်တမ်း

ဗိုလ်ထက်မင်း – DKBA ဘိုးတော်နဲ့ အမှတ်မထင် တိုက်ပွဲကြုံတွေ့ခဲ့စဉ်က – ၂ (နိဂုံး)

ဗိုလ်ထက်မင်း –  DKBA ဘိုးတော်နဲ့ အမှတ်မထင် တိုက်ပွဲကြုံတွေ့ခဲ့စဉ်က – ၂ (နိဂုံး)
 (မိုးမခ) ဧပြီ ၁၀၊ ၂၀၁၈

Commander ဘ၀ ပထမဦးဆုံး စစ်မြေပြင် အမှတ်မထင် တိုက်ပွဲကြုံတွေ့ခဲ့စဉ်ပစ်ခါနီးနောက်ဆုံးပြင်ဆင်ပေးရ

၅၀။ ရန်သူ့အသံတွေလည်း စတင် ကြားနေရပြီး သူတို့နားသိပ်ကပ်သွားပါက ရိပ်မိသွားနိုင်လို့ တောင်ထိပ်ဆုံးအပေါ်က ဆင်းဆင်းခြင်း တပ်စိတ်၂စိတ် ရင်ဘောင်တန်း သိပ်မဖြန့်နိုင်ဘဲ မြားဦး v ပုံစံ ကျည်လမ်းကြောင်း မထပ်ဖို့နဲ့ တပ်စိတ်၂စိတ် အလယ် မြားဦးခေါင်းထိပ်မှာ စက်လတ်ကို လျာထားပြီး ရှေ့ကိုက် ၂၅ အထိသာ ပိုတိုးလို့ မရကြောင်း တွက်ချက်ရပါတယ်။ ရန်သူက မိမိပစ်အား ရိပ်မိပြီး နည်းတယ်ထင်မှာစိုးလို့ မိမိဆီက ပစ်သံကြားတာနဲ့ လမ်းကြောင်းထိမ်းထားတဲ့ အကိုကြီးတပ်စုဆီကလည်း လျှိုထဲကို အသံပေး ပစ်ခတ်ပေးဖို့ မိမိဆီကို ကျည်လမ်းကြောင်း မရောက်ရင် ပြီးပြီမို့ကျန်တဲ့တောင်တွေကို ကျဉ်တကပ်ဆီ ပစ်ထုတ်ပေးဖို့ နောက်ရံတပ်စိတ်ကို ဆက်သားလွှတ်မှာခိုင်းပါတယ်။

မိမိက အသံထွက်မှာကို စိတ်ပူနေသလောက် ရဲဘော်ချဉ်းကပ်တာတွေက ခါးကိုင်းပြီး သေသပ် မြန်ဆန်လှကာ တပ်ကြပ်ကြီးဟာ အင်မတန်မှ သွေးအေးပြီး တည်ငြိမ်ကာ စစ်သည်တွေကို တစ်ဦးချင်း နေရာယူတာ စိတ်တိုင်းမကျရင် လိုက်ပြင်ပေးနေပါတယ်။ တကြိမ်မှာ M-79 ကိုင်ရဲဘော်က သူ့ဗုံးသီးထုတ်တာ အသံထွက်လိုက်လို့ ခေါင်းနပမ်းကြီးကာ မိမိနှုတ်ခမ်းကို လက်ညှိးထောင်ကာ မျက်လုံးပြူး ဘီလူးမျက်နှာနဲ့ ဖြဲမာန်မဲလိုက်ရပါသေးတယ်။ သူက ပြောင်းထဲ တလုံးထည့် ကျည်ထိုးတာတောင်မှ အားရဟန်မတူဘဲ နောက်တလုံးဆက်တိုက်ဖြစ်ချင်နေသလား မသိပါ။ “အော် တပည့်ရယ် မင်းရဲ့ချမယ်ဆိုတဲ့ သတ္တိ ချီးကျုးပါတယ်။”

တိုက်ပွဲခေါ်သံ ညှစ်ထုတ်အော်လိုက်ရ
၅၁။ တကယ်တမ်း တိုက်ပွဲဖြစ်တော့ မယ်ဆိုတော့ ခြေဖျားလက်ဖျားအေးစက်လာပါတယ်။ တပ်စုတပ်ကြပ်ကြီးက လက်မ ထောင်ကာ အဆင့်သင့်ဖြစ်ကြောင်း မိမိကိုသတင်းပို့လိုက်ပါတယ် ။ စာရေးသူ မိမိစိတ်ကို အားတင်းကာ “ဟေ့ကောင် ဗိုလ်ထက်မင်း၊ စစ်တိုက်ချင်တယ်ဆို၊ အခုတိုက်လေ၊ ဘာဖြစ်နေတာလဲ၊ မင်းအမေထမီစဆွဲထုတ် ပါးစပ်ကိုက်ပြီး ပစ်လို့ အော်ပါလား။ ဆိုကာ “ပစ် ”လို့ အော်လိုက်ပေမဲ့ အသံက ထွက်မလာဘဲ တံထွေးသာ ထွက်လာတယ်။ စောစောက အသံထွက်မှာစိုးလို့မိမိကိုယ်ကို ချုပ်ထားတာများသွားတာကိုး။ စိတ်တည်ငြိမ်အောင် နောက်ရံတပ်စိတ်မှူးအား ၂ လက်မ စိန်ပြောင်းကို ၈၀ ဒီဂရီနီးပါး ထောင်ကာ ရှေ့သို ကာပစ်ပေးဖို့ ခြေဟန်လက်ဟန်ပြပြီးတာနဲ့ ရှေ့တည့်တည် စူးစိုက်ကာ မိမိ ခေါင်းထဲ ဘာတွေဝင်လာသလဲဆိုရင်၊ ကြည့်စမ်း မင်းရဲဘော်တွေ တိုက်ချင်လို့နေရာယူထားတာ ဘယ်လောက်အားကျသလဲ။ နည်းပြ ပြောထားတယ်လေ စစ်သားရဲ့ မှတ်ကျောက်ဟာ ရှေ့တန်းစစ်မြေပြင်ဘဲ၊ ပထမဦးဆုံးတိုက်ပွဲမှာ မင်းရဲ့သတ္တိဘယ်လောက်ရှိလဲဆိုတာ ရဲဘော်တွေ ကြည့်နေတယ်။ ဒီတခါပြလိုက်တာနဲ့ ရဲဘော်တွေက မင်းကို လေးစားမှု၊ ယုံကြည့်မှု  အပြည့်ရမယ်။ မင်းFighter Commander ဖြစ်မည့်အခွင့်အလမ်းဘဲ။ မင်းတို့ဆောင်ပိုဒ်က  WE ARE ABLE လေ” ဆိုပြီးလေကို တအားရှုလိုက်ပြီး အတွင်းထဲက အာခေါင်ပါ ခြစ်ပြီး အားကုန် အော် လိုက်တာကတော့ – “ ပစ် တက် တက်” ။ ပစ်ယုံတင် အော်ရမည့်အစား တက်တောင် တက်ခိုင်းနေပါလား။ အရှိန်ရတော့လည်း အသားကုန်အော် မိပါတော့တယ်။ ဒီအခါမှာ မိုးကြိုးပစ်သလို တတောလုံး ဆူညံသွားပါတော့တယ်။

ပစ်ခတ်သံတွေ၊ ယမ်းနံတွေ ဝေနေတဲ့ ကျောက်တောင်စခန်း

၅၂။ တဒိုင်းဒိုင်းဆိုတဲ့ BA63 / G3 အသံတွေ၊ တဒက်ဒက် BA 64/ G4 စက်ကလေး၎လက်နဲ့ MG 42 စက်လတ် အပြိုင်အဆိုင် ပစ်ခတ်သံတွေ ၊ ဖေါက် ဖေါက် ဂျိုင်းဂျိုင်း ဆိုတဲ့ M79 လောင်ချာကိုင် ခုနက လက်မြန်တဲ့ စစ်သည်တွေက ခါးပါတ်မှာရှိတဲ့ ဗုံးသီးများကို အတွဲ လိုက်ပစ်လိုက်သလို ဆက်တိုက်ပစ်နိုင်တာမို့ လောင်ချာ၂လက်ရဲ့ ဗုံးသီးတွေရဲ့ပေါက်ကွဲသံတွေဟာ မိုးခြိမ်းသံသလို ပြင်းထန်နေတာ၊ တောင်ထိပ်အရံတပ်စိတ်က ပစ်လွှတ်လိုက်တဲ့ ၂လက်မ ထွက်သံတွေဟာ ရှေ့လက်နက်တွေရဲ့ ပစ်ခတ်တွေကြောင့် မသိလိုက်ပေမဲ့ တောင်ကုန်းစောင်းတွေမှာ ကျရောက်ပေါက်ကွဲသံတွေ၊ တောင်စောင်း စီနီယံအကိုကြီးတပ်စုကလည်း စိတ်ဓါတ်တက်ကြွကာ ပြောထားတဲ့ ကျဉ်တကပ်အစား ကျဉ် ၃ ကပ် ထိ ၂ လက်မ စိန်ပြောင်းပါ မကျန် တောင်ကြောတွေ ပတ်ယမ်းပစ်ခတ်သံတွေ။ ခွဲရုံး ၆၀ မမ စစ်သည်ဟာ သူ့သူငယ်ချင်းတွေ ရှေ့တန်းမှာ တိုက်နေသံကြောင့် မနေနိုင်ဘဲ ရဲဘော်ရဲဘက်စိတ်နဲ့ တပ်ခွဲမှူး အလစ်အငိုက် မပြောမဆို တလုံးလွှတ်ထည့်လိုက်တဲ့ ၆၀ မမ စိန်ပြောင်းရဲ့ဗုံးသီးဟာ တာဝေးပေါက်ကွဲသံတွေ ကြောင့် ရန်သူဟာ SHOCK ရိုက်သွားကာ သူ့ဆီလာတဲ့ တပ်မတော်အင်အားကို ခန့်မှန်းတွက်ဖို့ခဲယဉ်းကာ နေရာစုံမှာ ပစ်ခတ်သံတွေကြောင့် ဆောက်တည်ရာ မရဘဲ OVER RUN ဖြစ်တော့မည့် အခြေအနေတွေ့မြင်နေရပြီဖြစ်ပါတယ်။

လက်နက်ကြီးအသံတွေ၊ စစ်သည်တွေရဲ့ လက်နက်ငယ်အသံတွေဟာ ကြီမားနေတာမို့ မိမိပစ်နေတဲ့ကာဘိုင် အသံဟာ မကြားရသလို အားမရဖြစ်နေချိန် တပ်ကြပ်ကြီးချဉ်းကပ်လာပြီး “ ဗိုလ်ကြီးသတ္တိကို ကြိုက်သွားပြီ၊ ကျနော်အကြံပြုမယ်၊ တပည့်တွေ ပစ်တာကို ထိရောက်စေဖို့ အနီးကပ် သွားညွှန်ပြပေးရင် မကောင်းဖူးလား” ပြောမှ သတိပြန်ဝင်ကာ တိုက်ပွဲမျက်နှာစာဖြန့်ကြည့်လိုက်တော့ တချို့ ပစ်မှတ်တဲတလုံးထဲ စုပြုပစ်နေတာတွေ့ရလို့မိမိနဲ့ တပ်ကြပ်ကြီး တာဝန်ခွဲလိုက်ပါတယ်။ မိမိက စက်လတ်ကို အနီးကပ်ပစ်မှတ်အား မပစ်ခိုင်းတော့ဘဲ မျက်စိတဆုံး တဲတွေကိုသာ လက်နက်ငယ်မမှီနိုင်တဲ့ နေရာဝေးတဲ့နေရာတွေကို ပစ်ဖို့ညွှန်ပြတာ၊ ရန်သူပြန်ပစ်နေတဲ့ မီးပွင့်ရှိတဲ့ နေရာတွေကို လောင်ချာနဲ့G4 စုပြုံ ပစ်ခိုင်းတာ၊ တောင်စောင်းက လိမ့်ဆင်းသွားနေသူတွေကို လက်ပစ်ဗုံး ပစ်ထည့်ခိုင်းတာ၊ တဲ အမိုးတွေကို BA 64/ G4 – ၂ လက်နဲ့ M-79 လောင်ချာ ရောပြီး စုပစ်လိုက်ခိုင်းရာ တဲပြိုကျ မီးလောင်ကုန်ပြီး ရန်သူစိတ်ဓါတ်ချောက်ချားစေကာ အကာအကွယ်မဲ့စေတာ စသဖြင့် တပ်ကြပ်ကြီးနဲ့မိမိ တစ်စိတ်စီ အနီးကပ် ကွပ်ကဲပစ်မှတ် ညွှန်ပြစေပါတယ်။

တောင်စောင်းတွင် နေရာယူထားတဲ့ ထောက်ထားတဲ့ အကိုကြီးတပ်စုဟာ စိတ်ပူပြီး မနေနိုင်တော့ဘဲ တောင်ထိပ်ရှိ မိမိ အရံတပ်စိတ်နဲ့ လိုက်ချိတ်မိနေတာ သတင်းပို့လာပါတယ်။ သူတို့က ရှေ့က စစ်သည်တွေရဲ့အားမာန်အပြည့်နဲ့ပစ်နေတာ ကျည်နည်းလာလို့နောက်ကနေ လှမ်းပို့နေပုံတွေဟာ စာရေးသူ ခွန်အားတွေတိုးစေပြီး တည်ငြိမ်စွာနဲ့ရဲရဲတင်းတင်း လမ်းထလျှောက်လိုက်ပါတယ်။

ရဲဘော်ရဲဘက်စိတ်ကြောင့် နှလုံးသားထဲက ပေါက်ထွက်လာတဲ့ ရဲစွမ်းသတ္တိ အားပြင်းဆုံး
၅၃။ ဒီအချိန်မှာ ရန်သူဆီက ပြန်ပစ်လွှတ်လိုက်တဲ့ ကျည်ဟာ မိမိကို ပစ်နေတာသိလို့ ခုနက မာန်မဲလိုက်တဲ့ M79 ကိုင် စစ်သည်က ဗိုလ်ကြီး ထိမယ်ဆိုပြီး တွန်းလိုက်ရာ သူ ထိပြီး လဲသွားပါတယ်။ စာရေးသူ စိတ်ထိခိုက်သွားပြီး ပွေ့ချီကာစိတ်ထဲမှာ လိုချင်နေတဲ့ ရန်သူ့သေနတ်တွေနဲ့ မင်းနဲ့မလဲနိုင်ဖူးလို့ အော်ဟစ်ကာ မျက်ရည်တွေ အလိုလို စီးကျလာပါတယ်။ တိုက်ပွဲအတွေ့အကြုံရှိတဲ့ တပ်ကြပ်ကြီးက

“ဗိုလ်ကြီး သူ့ဒဏ်ရာက မစိုးရိမ်ရဖူး၊ စိတ်ဧဧထား၊ ဒါပေမဲ့ သွေးထွက်လွန်တာ မကောင်းလို့ တပ်ခွဲရုံး ဆေးတပ်သားဆီ ကျနော်ဘဲ ထမ်းပို့လိုက်မယ်၊”

စာရေးသူ  – ‘အော်ဟုတ်လား၊ နောက်က တပ်စိတ်ဆီ အကိုကြီးတို့ရောက်နေပြီ။ သူ့ကို မသေအောင် အမြန်ပို့ခိုင်းပါဗျာ။ ကျနော်တို့ကို မပူနဲ့လို့။ ဒီတိုက်ပွဲ နိုင်အောင်တိုက်မယ်၊ စိတ်ချ။ တပ်ခွဲရုံးက ဆေးတပ်သားနဲ့ မလုံလောက်ရင် စစ်ကြောင်းမှူးဆေးမှူးထံ ဆက်ဆက်ပို့ခိုင်းနော်။’
တတွတ်တွတ်မှာလိုက်ပါတယ်။ ကျနော်အိတ်ကပ်ထဲက ပိုက်ဆံရှိတာ အကုန်ထုတ်ပေးလိုက်ပါတယ်။ ဒဏ်ရာရစစ်သည်ရဲ့ မျက်လုံးမှာ မျက်ရည်တွေ ကျလာတာတွေ့ရပါတယ်။ စာရေးသူဟာ သူရဲ့ ၀မ်းသာဂုဏ်ယူတဲ့ မျက်ရည်ဆိုတာသိပေမဲ့ ဒေါကန်ကာ ရန်သူကို ချေမှုန်းချင်စိတ် ဟုန်းကနဲထလြာ့ပီး မင်း သေနတ်ပေးဆိုကာ သူရဲ့ M-79 လောင်ချာကိုင် ကျည်ထိုးလို့ တဖက်က ကာဘိုင်ကို အတွဲလိုက်အဆင့်မှာ ထားကာ စစ်သည်တွေကို ပစ်တက်တက်လို့ အမိန့်ပေးရင်း ရှေ့သို လှမ်းလိုက်သလို အမိန့်ပေးလိုက်တဲ့ အသံနက်ကြီးဟာ သေနတ်သံတွေကိုတောင် လွှမ်းသလားထင်မိပါတယ်။

ဒီအချိန်မှာ မိမိကိုယ်ကို ဘီးလူးစီးစီးနေသလားလို့ ထင်ရအောင် ဘာကိုမှ မကြောက်တော့ဘဲ မိမိရဲဘော်ကို ထိသွားလို့ မိမိ အသက်ကိုတောင် ကယ်လိုက်တာမို့ ပေါက်ကွဲထွက်လာတဲ့ သတ္တိစိတ်တွေဟာ ဆင်တကောင်လိုမုန်ယိုပြီး လှံစွပ်တက်ထိုးမည့်အနေအထား ဖြစ်လာပါတယ်။ မိမိကို အနားက စစ်သည်တွေက စိတ်ပူပြီး လှမ်းဆွဲကျပေမဲံ့ ခါချကာ မတ်တပ်ရပ်ပြီး ခလရ (-) ကွ။ သွေးက ရဲတယ်။ သတ္တိက မင်းတို့ထက် မိုက်တယ်၊ ပစ်တယ်ကွာ၊ သေစမ်း ဆိုပြီး လက်ထဲက လောင်ချာဗုံးသီး တည့်ပစ်သလို လက်ထဲက ကာဘိုင်ကလည်း အတွဲလိုက်ကုပ်ထည့်ပြီး ရှေ့တန်းစည်းခုန်ကျော်လိုက်ကာ တဲတွေဆီ အရှိန်ယူလိုက်ချိန်၊ ပါးစပ်မှလည်း ပစ်တက်တက်၊ ကျားထိုး အသံကုန်ဟစ်တာနဲ့တပြိုင်နက် ရဲဘော်တွေဟာ ကျားဆိုပြီး မတ်တပ်ထကာ ခါးမှာ သေနတ်နဲ့ ပိုက်ပစ် ပစ်တက်တက်ပါတော့တယ်။

ဝါးလုံးထိုး တရှိန်ထိုး ကျားထိုးလာတဲ့ တပ်မတော်ရဲ့အင်အားကို ရန်သူက တောင့်မခံနိုင်တော့ဘဲ ဖရိုဖရဲဆုတ်ပါတော့တယ်။ အထဲရောက်တော့ တဲတွေဟာ များလွန်းတာမို့ တပ်စိတ် ၂ စိတ် က ပျောက်သွားလို့ အရံတပ်စိတ်ပါ ဆွဲထည့်ထားပြီး ရန်သူပတ် မတိုက်စေရန် ခါးဆက် မပြတ်စေဖို့အကိုကြီးတပ်စု ဆွဲချိတ်ထားရပါတယ်။ တဲတွေဆီက စာရွက်စာတမ်းများ M16/ AK 47
လက်နက် (၅)လက်နဲ့ ရိက္ခာ၊ ငွေသား သောင်းချီရကာ အလောင်းတွေကို လျှိုထဲ ဆွဲချသွားတဲ့ သွေးကွက်တွေ တွေ့ရပါတယ်။ စာရေးသူလိုချင်တဲ့ စခန်းသိမ်းတိုက်ပွဲမှ လက်နက် (၅) လက်နဲ့အတူ အောင်မြင်မှုရလဒ်အပေါ် စစ်ကြောင်းမှူးနဲ့ ရတခက ချီးကျူးမှတ်တမ်းတင်ပြီး ဂုဏ်ပြုဆုတော်ငွေ  ၂၅၀၀ ကျပ် ရရှိပါတယ်။

ရတခတိုင်းက ဒီစခန်းကြီးဟာ ခရိုင်အဆင့်စခန်းဖြစ်လို့ သူတို့အတိုက်ခံနေရတာ သတင်းပို့နေတာ ကြားဖြတ်ဖမ်းစက်အရ သိရကြောင်း၊ တော်တော်များ ထိသွားတယ်လို့သိရကြောင်း၊ ပိုက်ဆံတွေ၊ လက်နက်တွေပါသွားတာအစ သတင်းပို့နေတာသိရကြောင်း၊ KNU မှ နံမည်ကြီး ဗိုလ်မှူမြင့်သိန်းစစ်ကြောင်းတွေ တိုက်ကွက်ဖေါ်မယ်ဆိုရင် ဒီစခန်းက တပ်သတင်းနဲ့ အုပ်ချုပ်မှု
ထောက်ပံ့ရာစခန်းဖြစ်လို့ အရင် တပ်မတော်က စစ်ကြောင်းတွေတောင် မသိကြောင်း၊ စစ်ကြောင်းမှူးက အားရ၀မ်းသာ ရှင်းပြပါတယ်။

အောင်မြင်မှုနဲ့ စိတ်မကောင်းမှု ဒွန်တွဲ

၅၄။ စာရေးသူကို ကယ်ခဲ့တဲ့ ဒဏ်ရာရစစ်သည်အား စိတ်မကောင်းဖြစ်နေပြီး ရတဲ့လက်နက်တွေတောင် သွားမကြည့်ချင်ဘဲ ဆုငွေများထဲမှ တပ်ခွဲမှူးနဲ့  စီနီယာအကိုကြီး အပါအ၀င် အောင်မြင်မှုဂုဏ်ပြု တပ်ခွဲစားပွဲအတွက် ၀က်ဖိုးဖယ်ပြီး ကျန်တဲ့ငွေအားလုံးကို ဒဏ်ရာရ စစ်သည်အားပေးဖို့စီစဉ်ခဲ့ပါတယ်။ ဒါကိုလည်း တပ်စုတစုလုံးက တညီတညွှတ်တည်း သဘောတူ ထောက်ခံခဲ့ပါတယ်၊ ဒီငွေတွေမမက်ပါ။ မိမိတပ်စုဟာ ချီးကျူးဂုဏ်ပြုလွှာ ပေးအပ်ခံရတာမျိုးနဲ့ အကြပ်စစ်သည်တွေ အဆင့်ရာထူးတိုးတာမျိုး လုံလောက်နေပြီဖြစ်ပါတယ်။ မိမိလည်း ဒုဗိုလ်အဆင့်နဲ့ပင် တိုက်ပွဲမှ လက်နက်(၅)လက် အပါအ၀င် ယခင်တပ်မှ စည်းရုံးရေးအရ (၅)လက် အပြင် ဆက်လက်ပြီး အောက်ပါဖြစ်စဉ်အရ M16 တလက် ထပ်မံရရှိပြန်လို့ စုစုပေါင်း (၁၁) လက်ရှိခဲ့ရာ မိမိစစ်သားသမိုင်းမှာ မှတ်ကျောက်တင်နိုင်ခဲ့ပါတယ်၊

အောင်မြင်မှူရလဒ် အရှိန်အဟုန် ဆတက်တံပိုးရလာ

၅၅။ ရွာထဲမှာ စားပွဲနဲ့အောင်ပွဲခံနေချိန် စစ်ကြောင်းမှူးက အရာရှိအားလုံးခေါ်လို့ သူ့ဆီသွားရာဖမ်းမိ ရန်သူနဲ့ စာရွက်စာတမ်းများအရ ဗိုလ်မှူးမြင့်သိန်းဦးစီး အင်အား (၃၀၀) ခန့် KNLA စစ်ကြောင်းဟာ သထုံကိုတိုက်ဖို့ စခန်းက ဆင်းသွားပြီလို့သိရကြောင်း၊ ပိုဆိုးတာက သူတို့က တပ်မ (၄၄) ယူနီဖေါင်းတွေ ၀တ်ကာဆင်းသွားတာ မင်းတို့မတိုက်ခင် တရက်က ဖြစ်နေကြောင်း၊ အဲဒါကို ရတခ က ယုံပြီး သထုံ ဗျူဟာက စိုက်ပျိုးရေးရာဘာခြံ အနား သူတို့ရဲ့တပ် (၄၄) တံဆိပ်မြင်ကာ ရောက်နေတာကို တပ်မတော်ကပါ လို့ထင်ပြီး မယုံကြည်နေကြောင်း၊ ဒါပေမဲ့ ရတခက သူတို့ခရိုင်စခန်း တိုက်ခံရကတည်းက လက်မခံဘဲ ပယ်ချကာ သံချပ်ကားတောင် သုံးခိုင်းပြီး သထုံကို ကာကွယ်ဖို့ထွက် တိုက်ခိုင်းနေကြောင်း။ နောက်ဆုံးသတင်းအရ KNU ဗဟိုက ကျောက်တောင်စခန်းကို တပ်မတော်က စီးမိထားလို့ မြင့်သိန်းတို့ကို ပြန်ဆုတ်ဖို့ ပြောတယ်လို့ INTER SET အရ သိနေကြောင်း ၊ ဒါကြောင့် အထက်က ဒို့ကို သူတို့ကို လမ်းမှာ ဖြတ်ပိတ်ဖို့ ညွှန်ကြားချက်ပေးလာတယ်လို့ သိရပါတယ်။

၅၆။ စာရေးသူတို့ စစ်ကြောင်းရုံးနဲ့တပ်ခွဲ ၂ ခွဲဟာ ဗိုလ်မှူးမြင့်သိန်းစစ်ကြောင်းကို ခြုံခိုတိုက်ရန် လယ်ကွင်းကို သတ်ကွင်းထားပြီး ပိတ်ဆို့ရေး PLAN လုပ်ကိုင်ပါတော့တယ်။ ဗိုလ်မှူးမြင့်သိန်းဟာ သထုံသားဖြစ်ပြီး စစ်ရေးစွမ်းရည်ထက်သလို ရဲတင်းသတ္တိရှိရာမှာ သထုံကို အရပ်ဝတ်နဲ့ဈေးသွားဝယ်ပြီး ခပ်တည်တည်နဲ့ လိုင်းကားပေါ်စီးလာနိုင်သူဖြစ်ကာ ပျောက်ကြားနည်းဗျူဟာကျွမ်းပါတယ်၊

သူဟာ မြိုင်ကလေး ဘိလပ်မြေစက်ရုံက ပြင်သစ်နိုင်ငံခြားသား (၂)ဦးကို တပ်စည်းအား ကျော်ခွကာ ပြန်ပေးဆွဲနိုင်ပြီး လိုက်ပိတ်နေတဲ့ စစ်ကြောင်းတွေကို ရှောင်ကွင်းသယ်ဆောင်နိုင်သူဖြစ်ပါတယ်။

စည်းရုံးရေး မှော်ဆန်ဆန် လုပ်ရပြန်
၅၇။ ညဘက်လသာချိန် စာရေးသူတို့ ငြိမ်ပြီးစောင့်နေချိန် လက်နိပ်ဓါတ်မီးရောင်တ၀င်းဝင်းနဲ့ တွေ့ရပါတယ်။ စာရေးသူတို့က သူတို့ကွင်းပြင်ထဲ ဖြတ်စဉ် အနီးရောက်မှ ကပ်ပစ်မယ်လို့မှန်းထားပါတယ်။ ဒါပေမဲ့ ဗိုလ်မှူးမြင့်သိန်းက နပ်ပြီး ရုတ်တရက် မဖြတ်ခိုင်းဘဲ အတန်ငယ်စဉ်စားနေဟန်တူကာ စာရေးသူတို့ဘက်ဆီ တစ်ယောက်ထိုးကျွေးကာ ပြန်မလာရင် စစ်ကြောင်းရှိနိုင်တယ်လို့တွက်ပြီး အမြန်ရှောင်မယ် စီစဉ်လိုက်ဟန်တူပါတယ်။ သူဟာ ရဲဘော်တစ်ဦးကို အရပ်ဝတ်ဝတ်ပြီး လယ်ကွင်းထဲ ဖြတ်လျှောက်ခိုင်းပါတယ်။ ညဘက်လသာချိန်မှာ စာရေးသူတပ်စု ဧရိယာထဲကို အဲဒီလူဟာ ခေါင်းငိုက်စိုက် ဦးတည်လာပါတယ်။ သူပုန်မှန်း သိနေပေမဲ့ မပစ်ရဲဘဲ အနားကျမှ ကပ်ဖမ်းလိုက်ရပါတယ်။ ဗိုလ်မှူးမြင့်သိန်းက ရိပ်မိသွားလို့ တခြားဘက်ကို ဦးတည် ရှောင်ထွက် သွားပါတော့တယ်။

၅၈။ ဒီအခါမှာတော့ ဖမ်းမိထားတဲ့သူကို သတ်ဖို့လုပ်ပါတယ်။ ဖမ်းမိထားသူက ဗိုလ်မှူးမြင့်သိန်းရဲ့ ထိုးကျွေးတာခံရသူဖြစ်နေပြီး တိုက်ပွဲမဖြစ်ဘဲနဲ့ လက်နက်မဲ့သူကို အသားလွတ်သတ်ဖြတ်တာ လက်မခံတာမို့ စစ်ကြောရေးလုပ်နေသူ အားလုံးထွက်ခိုင်းလိုက်ပါတယ်။

သူ့ကို “မင်း သူပုန်ဆိုတာ ဒို့သိနေတယ်၊ မင်း လက်နက်ဖေါ်ထုတ်ပေးရင် မင်းအသတ်မခံရအောင် ငါ အထက်လူကြီးတွေကို မသတ်ဖို့ ပြောပေးမယ် ၊ ကတိပေးမယ်၊ ကျောက်တောင်စခန်းက ဖမ်းခံရတဲ့ မင်းတို့လူတောင် ကယ်ခဲ့သေးတာဘဲ။ မင်းလက်နက် ဘယ်နေရာမှာ ထားခဲ့လဲ၊ မြင့်သိန်းက ယူသွားသေးလား၊ ဘာဘဲဖြစ်ဖြစ် အခြားလက်နက်ဆိုလည်းဖြစ်တယ်။” အပေးအယူညှိရာ သူက အားရ၀မ်းသာဖြစ်သွားပြီး ကျေးဇူးတင်ကြောင်း၊ သူ့သေနတ်ကို တောင်ယာတဲမှာ ဖွက်ထားခဲ့ကြောင်း၊ ဗိုလ်မှူးမြင့်သိန်းက သူလူတွေကွဲနေလို့ စိတ်ရှုပ်နေပြီး မင်းလက်နက်တနေရာဖွက်ထားကာ လယ်ကွင်းဖြတ်ကြည့်လို့ မထူးရင်ပြန်လာဖို့ မှာကြောင်းသာ ပြောခဲ့ပါတယ်။

၅၉။ သူပြောတဲ့နေရာက ရန်သူတွေ မကြာသေးမီကဘဲ ရှိတာမို့ စစ်ကြောင်းမှူးက သွားသင့်  မသင့်ချိန်ဆနေရာ မိမိက မနက်မိုးလင်းတာနဲ့ မြင်ရပြီမို့ မြင်ရင်လည်း သူချကိုယ်ချပေါ့ဆိုပြီး မိမိကိုယ်ကို ယုံကြည်မှူရှိလာလို့တင်ပြရာ ခွင့်ပြုချက်ရခဲ့ပါတယ်။ မိမိတပ်စုတစုတည်းနဲ့ မိုးလင်းကာစ ကွင်းပြင်ကို မဖြတ်ဘဲ ပတ်ကာ သူပြတဲ့ တောင်ယာတဲကို ၀င်ရှင်းရာ M16 တလက်ရပါတယ်။ တပ်ခွဲမှူးနဲ့ စစ်ကြောင်းမှူးတို့က ဆုငွေနဲ့အတူ ချီးကျုးဂုဏ်ပြုပါတယ်။

မင်းမှာ သစ္စာ၊ လူ (စစ်သား) မှာ ကတိ

၆၀။ ဒါပေမဲ့ ဖမ်းမိသူပုန်ကို သတ်ဖို့ အထက်အရာရှိတချိုနဲ့ ဆရာတချို့က အာဃာတတရား မုန်တီးစိတ်နဲ့ပြောရာ မိမိက ပြင်းထန်စွာ ကန့်ကွက်တားကာ စကားများပါတော့တယ်။ သူတို့က “မင်းဘာသိလို့လဲ၊ ဒို့တတွေဖမ်းခံရရင် ၀ါးကြောနဲ့လှီးသတ်ခံရတာလေ။ ဒို့က သေနတ်နဲ့ပစ်သတ် တာ ငြင်သာတယ်” လို့ဆိုပါတယ်။ မိမိက စစ်မြေပြင်မှာ ပစ်ခတ်လို့ ပစ်သတ်တာ မှန်သော်လည်း သူ့ကို သတ်ရင် မတရားကြောင်း၊ ဂျီနီဗာကွန်ဗင်ရှင်းရှိကြောင်း၊ တပ်ရဲ့ဂုဏ်သိက္ခာတက်မည့် M 16 သေနတ်တောင် ရသေးတာ ဖြေဖို့လိုကြောင်း၊ ခင်ဗျားတို့က အစွန်းရောက်ကရင်တွေ လုပ်တိုင်း ပြန်လက်စားချေတုန့်ပြန်စေချင်ရင် အဲဒီကရင်တွေဖမ်းမိခဲ့ရင် သေချာရင် ကျနော်ကိုယ်တိုင် ခင်ဗျားတို့ရှေ့မှာ သတ်ပြမယ်၊ မဆိုင်တဲ့သူကို ရောမချဖို့လိုကြောင်း၊ နောက် ကျုပ်ကတိ သူ့ကို  မသတ်စေရဖူးလို့ ပြောထားပြီးပြီ၊ မင်းမှာ သစ္စာ ၊ လူမှာ ကတိ ဗျ၊ လူမှာက စစ်သား၊ စစ်သားမှာ  စစ်ဗိုလ် အရာရှိဗျ၊ ခင်ဗျားတို့သတ်ချင်ရင် ကျနော့်ကို အရင်သတ်ပြီးမှ သူ့ကိုသတ်၊ ဒေါသထွက်ကာအသားတွေတုန်ပြီးပြောလိုက်ရာ တိုက်ပွဲမှာ သတ္တိပြခဲ့တဲ့ စာရေးသူဘက်ကနေ စစ်သည်တွေနဲ့ဆရာတွေက မှန်ကန်ကြောင်း ၀ိုင်းအော်ကြပါတယ်၊ စစ်ကြောင်းမှူးကလည်း မိမိဘက်ကို ရပ်တည်ပြီး ချော့ကာ လုံခြုံရေးအတွက် စိတ်ပူလို့ပြောတာပါ။ သူ့ကို စိတ်ချရတဲ့ ရွာလူကြီးနဲ့အပ်နှံပြီး မိမိတို့လုံခြုံရေးအတွက် အာမခံချက် တောင်းလိုက်ပါတယ်။ ဆရာကံမင်း ပြောသလို မိမိဟာ ဒုဗိုလ်ဘ၀နဲ့ တိုက်ပွဲမှာ လက်နက်တွေရခဲ့လို့ မနာလိုသူ အတိုက်အခံ အရာရှိတွေစတင်ကြုံ နေရပါပြီ။ စာရေးသူဟာ ဘာသာတရား ဆိုဆုံးမနဲ့အညီကျင့်ကြံ တည်ဆောက်ခဲ့လို့လည်း မေတ္တာရောင်ပြန်ဟပ်ပြီး နောင်ဒီဒေသမှာ တပ် (၆၆) လက်အောက်ခံ တပ်ရင်းတရင်းမှာ တပ်ခွဲမှူးဘ၀နဲ့ပြန်လာခဲ့ရတုံးက မှတ်မိနေတဲ့  ကရင်တိုင်းရင်းသားတွေရဲ့ကူညီမှူ ရရှိခဲ့တာ နောင်အလျဉ်းသင့်သလို တင်ပြသွားမှာဖြစ်ပြီး စာရေးသူ ရဲ့ပထမဦးဆုံးစစ်မြေပြင် အမှတ်မထင်တိုက်ပွဲကြုံတွေ့မှုကို နိဂုံးချုပ်လိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts