ကာရန်ကဗျာကို ဘာလို့ စွန့်လွှတ်ခဲ့တာလဲ
နရီမင်း
(မိုးမခ)၊ နိုဝင်ဘာ ၃၊ ၂၀၁၇
နိဒါန်း
ကာရန်ကဗျာဆိုတာ စွန့်သင့်လို့ စွန့်ခဲ့တာဖြစ်တယ်။
“ဒီကနေ့မှာ ဘယ်သူမှ ဗန္ဓုလဝတ်စုံကြီးနဲ့ စစ်မတိုက်ကြတော့ဘူး´´ဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်။
ခေတ်ပေါ်ကဗျာရေးသူတွေဟာ ကာရန်နဲ့ကဗျာမရေးတတ်လို့မဟုတ်ဘူးဆိုတာ ပိုပြီး ရှင်းရှင်းလင်းလင်းသိထားစေချင်တယ်။
ပီကာဆိုဟာ ၁၃ နှစ်သားကတည်းက ကမ္ဘာကျော်ကားတွေ အကုန်ကူးရေးနိုင်တယ်။
ဓာတ်ပုံထက်တူအောင် ရေးနိုင်တယ်။ ပီကာဆိုဟာ ဘာဖြစ်လို့အချိုးမကျတဲ့ပုံတွေဆွဲခဲ့လဲ၊ ဘာဖြစ်လို့ ပါစပက်တစ်တွေ၊ ဘက်ဂရောင်း တွေ၊ ဖိုးဂရောင်းတွေဖျောက်ခဲ့သလဲဆိုတာ နွားတွေနားမလည်နိုင်ဘူး။ နွားတွေမှာ ယဉ်ကျေးမှုဖြစ်ပေါ်တိုးတက်မှုသမိုင်းဆိုတာမှမရှိတာ။ နွားယဉ်ကျေးမှုဟာ နွားရယ်လို့ဖြစ်ပေါ်လာကတည်းက တနေရာတည်းမှာ အသေရပ်တန့်နေခဲ့ပေမယ့် လူသားယဉ်ကျေးမှုဟာ အဆက် မပြတ် ပြောင်းလဲတိုးတက်နေတယ်ဆိုတာကို အရှင်းဆုံးသိထားဖို့လိုတယ်။
(၁)
ငါ လေးတန်းမှာ ဦးသော်ဇင် ရေးတာထင်တယ်။
ကဗျာလမ်းညွှန်ဆိုတဲ့ စာအုပ်တအုပ်စပြီး ဖတ်ရတယ်။
အဲ့ဒီမှာ ဘယ်ပြောကောင်းမလဲ၊ လင်္ကာ၊ သံပေါက်၊ ဝဲရိုက်ဝဲသွင်းလင်္ကာကစလို့ ဒွေးချိုး၊ တြိချိုး၊ လေးချိုး၊ အဲချင်း၊ အိုင်ချင်း၊ ကာချင်း အလယ် ရတု၊ ဘောလယ်အဆုံး တအုံးအုံးနဲ့ရေးလာခဲ့တာ ဆယ်တန်းအောင်တဲ့အထိပဲ။
ဆုမက်တဲ့ သောက်ပေါတွေကို ပြောပြရရင် ငါဟာ ခုနစ်တန်းက စလို့ ဆယ်တန်းထိ မြို့နယ်စာဆိုတော်နေ့ပြိုင်ပွဲတွေမှာ ကဗျာဆု အမြဲရ တယ်။ ကျန်စာပေမှာဆုရတဲ့ ကျန်တဲ့သူတွေက လူကြီးတွေချည်းပဲ။ အဘိုးကြီးတွေတောင်ပါတယ်။
ကိုယ်က ပါရမီရှင် ကလေးစာဆိုလေးပေါ့။
မင်းသုဝဏ်၊ ဇော်ဂျီ၊ တင်မိုး အစရှိတဲ့ဆရာကြီးတွေရဲ့ ကဗျာတော်တော်များများ ငယ်ငယ်ကဖတ်ခဲ့တာ ခုထိအလွတ်ရသေးတယ်။
ဆုမရလို့ရင်ခံပြီး ကာရန်ကဗျာဆိုတာ တစ်သိန်းမှာတစ်ယောက် မရေးနိုင်ဘူးလို့ လေပွတဲ့ အတိုအစကဗျာဆရာသာ ငါ ၄ တန်းတုန်းက ရေးတာတွေမြင်သွားရင် အဟိပဲ။
ဥပမာ “မူးယစ်ဆေးဝါး ဘေးရန်များ ရှောင်ရှားတိုက်ဖျက် ပြည်သူ့တွက်´´လို့ ကလေးစာဆိုလေး ငါက လက်တန်းရေးပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစာပေပြိုင်ပွဲမှာ ဆောင်ပုဒ်ဆုရတာမျိုး။
အတိုအစကဗျာဆရာရဲ့ကာရန်ကဗျာတချို့ fb မှာ တွေ့ရတဲ့အခါ လေးနက်တဲ့အတွေးအမြင် ဒါမှမဟုတ် ခံစားချက်ပါဖို့ဝေးစွ၊ ဖတ်သူရဲ့ ဦးနှောက် ဒါမှမဟုတ်နှလုံးသားကို နှိုးဆွနိုင်ဖို့ ဝေးစွကာရန်ယူပုံ စနစ်မကျသလို စကားလုံးလည်း မလှ၊ အသံလည်းမသာပါဘူး။
ငယ်ငယ်ကဖတ်ရတဲ့ ပြာဂလောင် ပြာလချောင်ကာတွန်းထဲ အမွှာညီနောင် ကဗျာရူးရူးပြီး တယောက်တလှည့်…
သွားစမ်း
စားစမ်း
ဘားလမ်း
(တို့က) ငါးတန်းလို့ ရွတ်တော့
ကြက်တူရွေးက
“ခွေးမသား´´ လို့ ထအော်တာ
သူတို့ ညီအစ်ကိုက
“မင်းက ကာရန်မဲ့ပါလား´´လို့ ပြောတာပဲအမှတ်ရမိတယ်။
ကာရန်ယူပုံစနစ်ကျခြင်း၊ စကားလုံးလှခြင်းနဲ့အသံသာခြင်းမှာ ငါက ဆရာမင်းသုဝဏ်ကို စံထားပါတယ်။
ဥပမာ။ ဝီလျံဘလိတ်ရဲ့ The Sick Rose ကို ဆရာမောင်သာနိုး ဖျားတဲ့နှင်းဆီဆိုပြီး ပြင်းရှတဲ့ရစ်သမ်နဲ့ တိုက်ရိုက်ပြန်ပါတယ်။ ရင်ကို ထိပါရဲ့။
မင်းသုဝဏ်ဟာ နာမကျန်းသည် အိုနှင်းဆီဆိုပြီး အဲ့ဒီကဗျာကို ကာရန်နဲ့ ပြန်ရေးပါတယ်။ ကာရန်အပြင် စကားလုံးတွေက လှလိုက် တာ။
မိုးမိုး (အင်းလျား) ရဲ့ နာမည်ကြီးနှစ်အုပ်တွဲ ဝတ္ထုရှည်တပုဒ်ကိုတောင် “နာမကျန်းသည် အိုနှင်းဆီ ´´ဆိုပြီး အမည်ပေးခဲ့တယ်။
ဒီနေရာမှာ ရသပေးနိုင်တဲ့လှပတဲ့စာသားဆိုတာကိုတောင် အတိုအစကဗျာဆရာ နားလည်ဟန်မတူပါဘူး။
ငြိမ်းကျော်ရဲ့” မြက်ဖျားနှင်း”တို့လို စကားလုံးဟာ ကိုစောညိန်းရဲ့သီချင်းထဲကဆိုတာ တစ်သိန်းမှာတစ်ယောက် ဧရာမ ငတုံး ငဖား ကဗျက်ဆရာသိဟန်မတူပါဘူး။ ထားပါ။
အတွေးအမြင်နဲ့ ဦးနှောက်ကို နှိုးဆွနိုင်တဲ့ကာရန်ကဗျာဆရာထဲ ငါစံထားတာက ဆရာဇော်ဂျီပါ။ ဥပမာကတော့ ဗေဒါလမ်းကဗျာများပါပဲ။
အဲ့ဒီလိုပဲ ခံစားမှုနဲ့နှလုံးသားကိုနှိုးဆွနိုင်စွမ်းတဲ့ ကာရန်ကဗျာဆရာထဲ ငါစံထားတာ ဆရာတင်မိုးပါ။ ဆရာတင်မိုးတောင် ကာရန်ကိုဖြေလျှော့ လိုက်ပြီး ၈၈ အရေးတော် ပုံနဲ့ ပတ်သက်လို့ အမေ့သား စကားတိုးတိုး ပြောလှည့်ပါကဗျာကို ရေးတဲ့အခါ ရင်ထဲနင့်နေအောင် ခံစား ရပါ တယ်။
ကာရန်တွေကို ငယ်ငယ်ကတည်းက လက်တန်းရွတ်နိုင်တဲ့ငါဟာ ကိုယ့်ကိုယ်ကိုယ် ကဗျာဆရာဆိုတဲ့ ဘဝင်လေးတခုနဲ့ ဆေးတက္ကသိုလ် ကို ရောက်လာပါတယ်။ ကျောင်းရောက်ပြီး မကြာခင် ဘိုကလေးသား ကိုယ့်လိုအရူးတယောက်နဲ့ ပေါင်းမိပါတယ်။
ဘုန်းကြီးကျောင်းသားကနေ ဆယ်တန်းအောင်လာလို့လားမသိ၊ ဒီကောင်က ကိုယ့်ထက်တောင် ကာရန်နဘေတွေနဲ့ အစဉ်အလာ ကဗျာ စပ်နည်းတွေ ပိုင်သေးတယ်။
ဒီကောင်နဲ့ငါနှစ်ယောက်ပေါင်းပြီး ကဗျာစာအုပ်တစ်အုပ်ထုတ်ဖို့ ပထမနှစ်မှာပဲ လုပ်တယ်။
စာအုပ်နာမည်ကိုက ညှိုးရိပ်လွမ်းရောင်သန်းတဲ့ မိုးနိမိတ်ပန်းတောင်တန်းတဲ့။
စာကူးစက်နဲ့ လှည့်ထုတ်ဖို့ပါ။
မျက်နှာဖုံးကို ဆယ်တန်းတုန်းက သူငယ်ချင်း RIT က ထွန်းဝင်းကို ဆွဲခိုင်းတယ်။ ဖယောင်းလက်ရေးကို ငါ့သူငယ်ချင်း အီကိုက အောင်ဖြိုးကိုရေးခိုင်းတယ်။ ကျောင်းမှာ တရားဝင် ဖြန့်ချိရောင်းချခွင့်စာတောင် ရထားပြီးပြီ။ အဲ့တုန်းက ကျောင်းမှာ ကဗျာစာအုပ်ထုတ်လို့ တရားဝင်ချင်ရင်မြန်မာစာဌာနနဲ့ နိုင်ငံရေးသိပ္ပံဌာနကို တင်ရတယ်။ ဒါပေမဲ့….
(၂)
(ငါဆိုတာ မယဉ်ကျေးသလို ခံစားလာရပြန်တဲ့အတွက် ကျွန်တော်နဲ့ ဆက်ရေးပါမယ်။
အပေါ်ကအပိုင်းကတော့ ခပ်ရင့်ရင့်ခပ်ပြတ်ပြတ် ပြောချင်တာမို့ ငါဆိုတာနဲ့ရေးခဲ့တာပါ)
“ညှိုးရိပ်လွမ်းရောင်သန်းတဲ့
မိုးနိမိတ်ပန်းတောင်တန်း´´ကဗျာစာအုပ်က မရိုက်ဖြစ်သေးဘဲ ကြန့်ကြာနေတယ်။
ကဗျာစာအုပ် ရိုက်ဖို့ ဥထားတဲ့ ပိုက်ဆံ ဖဲရှုံးသွားလို့လည်း ဖြစ်နိုင်ပါတယ်။
သေချာမမှတ်မိပါဘူး။ သေချာမှတ်မိတာက အဲ့ဒီလို တစ်ရက်မှာ နေ့ခင်းကြောင်တောင်ကြီး ကျွန်တော့်အခန်းကို တစုံတယောက်က လာခေါက်တာပဲ။
နေ့ခင်းကြောင်တောင်ကြီးလို့ ပြောရတာက ဒီလိုပါ။
ကျောင်းတက်ချိန်တွေဆို ကျောင်းသားတွေကျောင်းသွားတက်ကြတာမို့ အဆောင်မှာတိတ်ဆိတ်လို့ ခွေးဟောင်သံတွေကလွဲပြီး ဘာမှမကြားရဘူး။ တိတ်ဆိတ်မှုကိုငြီးငွေ့လာရင် ကျွန်တော်လည်း ဂစ်တာအစုတ်ကြီးကောက်ကိုင်ပြီး ခွေးနဲ့အပြိုင် အော်တတ်တယ်။
လက်ချာတွေတက်ရတာ ကျွန်တော် ငြီးငွေ့စိတ်ကုန်နေပြီ။
ကျောင်းသွားမတက်ဖြစ်တာများပါတယ်။ ကျွန်တော့်အခန်းဖော် ဝင်းမင်းကျောင်းသွားတက်ရင် ကျွန်တော့်အတွက် ရိုးကောတွေရအောင် ဒီကောင်ဖြစ်တဲ့နည်းနဲ့ လုပ်လာလိမ့်မယ်။ မင်္ဂလာဒုံ ရွာထဲ ချောင်ဂလောင်ထဲကအဆောင်ကိုဘယ်သူလာလည်မှာတဲ့လဲ။ ကျွန်တော့်လို ကျောင်းပြေးတယောက် ကျွန်တော့်အခန်းတံခါး လာခေါက်တာပဲပေါ့။
တံခါးထဖွင့်လိုက်တော့ အခန်းဝမှာရပ်နေသူကို ကျွန်တော်မသိဘူး။
သူက “ကျွန်တော် အောင်သူငြိမ်းပါ´´လို့ ပြောတယ်။
ကျွန်တော် ချက်ချင်းသိလိုက်ပြီ။
သူ့နာမည်ကို ကျွန်တော်သိတယ်။ သူ့ညီမက အီကိုတက်နေပေမယ့် ကျွန်တော်နဲ့တတန်းတည်း။ ၇ တန်းနဲ့ ၉ တန်း လူရည်ချွန်ခရီးသွားရတော့ သူ့ညီမနဲ့သိပြီး သူ့အစ်ကိုကြီး ကျွန်တော်တို့ကျောင်းမှာ ရှိမှန်းတော့သိတယ်။ နောက်ပြီး state ကျောင်းမှာတုန်းက တို့ကျောင်းသားစာစောင်ဖတ်တဲ့အခါ ဆုရစာစီစာကုံးရှင်အဖြစ် ကိုအောင်သူငြိမ်းနာမည်ကို နှစ်ခါလားသုံးခါလားမသိ တွေ့ဖူးတယ်။ သူ့စာစီစာကုံးတပုဒ်က သာမန်အထက်တန်းကျောင်းသားလက်ရာမျိုးမဟုတ်ဘဲ အတော်လှတဲ့စကားပြေဖြစ်နေတာမျိုး သတိထားမိဖူး တယ်။
အကို့ကို ကျွန်တော် အခုမှတွေ့ပေမယ့် အရင်ကတည်းက သိနေပါတယ်ဘာညာပေါ့။ တွေ့တာနဲ့ ခင်သွားတယ်။ သူက နှစ်တန်းကြီးတယ်။ အိမ်ကနေကျောင်းတက်တာ။ အဆောင်ကမဟုတ်ဘူး။ ခများတို့ ကဗျာစာအုပ်ကြော်ငြာထားတာ ကျွန်တော်တွေ့တယ်လို့ သူက ပြော တယ်။ ကျွန်တော်တို့က ကျောင်းကနေတရားဝင်ခွင့်ပြုချက်ယူထားတာမို့ ကျောင်းအနှံ့က မှန်ပုံးဘုတ်တွေမှာ ကြော်ငြာကပ်ခွင့်ရထား တယ်။
သူက ကျွန်တော်တို့စာအုပ်မူကြမ်းကိုစိတ်ရှည်လက်ရှည်ဖတ်တယ်။ တချို့စကားလုံးတွေက လှတယ်။ တချို့အတွေးတွေက ချစ်စရာ ကောင်းတယ်ဆိုတာမျိုး ပြောတယ်။ သူက ယဉ်ကျေးသိမ်မွေ့ပြီးလူကြီးလူကောင်းဆန်သူမို့ တိုက်ရိုက်ဝေဖန်တာမျိုး မလုပ်ပေမယ့် ကဗျာဆိုတာ ဒီလောက်နဲ့မလုံလောက်ဘူး ဆိုတာမျိုးအသိကို ကျွန်တော်ရအောင် သူလုပ်ခဲ့တယ်။
သူရေးထားတဲ့ ကဗျာစာအုပ်လေးတွေ ကျွန်တော်ဖတ်ဖို့ ပေးခဲ့တယ်။ သူ့ကဗျာတွေ ဖတ်ပြီးတဲ့အခါ “ညှိုးရိပ်လွမ်းရောင်သန်းတဲ့
မိုးနိမိတ်ပန်းတောင်တန်း´´ကဗျာစာအုပ်ကို ကျွန်တော်ထုတ်ဖို့ ရှက်လာတယ်။
နောက်တော့ သူက ကဗျာနဲ့ပတ်သက်တဲ့စာအုပ်တွေရော တခြားရသနဲ့ အတွေးအမြင်စာအုပ်တွေရောယူယူလာပြီး ပေးဖတ်တယ်။
ကျွန်တော်ညှိုးရိပ်လွမ်းရောင်သန်းတဲ့ မိုးနိမိတ်ပန်းတောင်တန်း စာအုပ်နဲ့အတူ ကာရန်ကဗျာဆိုတာမျိုးကို စွန့်လွှတ်လိုက်တယ်။
ဒီနေရာမှာ ကျွန်တော် စဉ်းစားဖြစ်ခဲ့တာတွေထဲက တချို့ကို ပြောပြလိုပါတယ်။
အရင်ဆုံးပြောလိုတာက ကျွန်တော်တို့ရဲ့ text တွေက ထွားလာတဲ့အကြောင်းပါ။
ထွားကြိုင်းနေတဲ့ မိန်းမတယောက် သူနဲ့မတော်တဲ့ ဝတ်စုံကို ကျပ်ညပ်နေအောင်ဝတ်ထားရင် သူလည်း အသက်ရှူကျပ်သလို ကျွန်တော်တို့လည်း ကောက်ညှင်းထုပ်ကြီးကြည့်ရတာ စိတ်မချမ်းသာပါဘူး။ အဲ့ဒီလိုပါပဲ၊ ပြောင်းပြန်ပေါ့၊
သေးညှက်ညှက်မိန်းမ အင်္ကျီမတန်တဆပွပွကြီးဝတ်ထားရင် အကြည့်ရဆိုးပါတယ်။
ဟိုအတိုအစကဗျာဆရာရဲ့ text ကို ကာရန်မပါဘဲ ရေးချကြည့်ပါ။ သူ့ဟာက ကာရန်အပြင် ဘာမှမရှိတဲ့အကြောင်း ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပါလိမ့်မယ်။
ထားပါတော့၊
ကျွန်တော် မကြာသေးမီကရေးခဲ့တဲ့ကဗျာထဲက
“ပျော်မယ်ထင်လို့ သောက်ခဲ့တဲ့ အရက်က
ပြန်အန်လို့မရအောင်
ဝမ်းဗိုက်ထဲ အော်ဂလီဆန်နေတယ်´´ကို
“ပျော်မယ်ထင်ခဲ့သောက်တဲ့ယမကာ
အန်မရပါ
ဝမ်းဗိုက်ထဲမှာ အော်ဂလီဆန်လာ´´
အဲ့လိုရေးလို့ရတာပဲ။
ဒါပေမဲ့ အဲ့ဒီမှာ သိသိသာသာပျောက်ဆုံးသွားတာက ခံစားမှု/အတွေးကို နှိုးဆွပေးနိုင်မယ့် မူရင်းအသံပါပဲ။
ခံစားမှု/အတွေးကို စာသားသက်သက်အပြင် အသံက သယ်ဆောင်ပေးတယ်ဆိုတာ အသေအချာစဉ်းစားကြည့်ပါ။
နောက်တခု စဉ်းစားမိတာက visual (မျက်မြင်) ကိစ္စပါ။ ငါးကင်ကို အကောင်လိုက် ခများရှေ့ ဘာလို့လာချပေးသလဲဆိုတဲ့ကိစ္စပါ။ ကင်ပြီးငါးကို ခုတ်ထစ်ပြီး ပန်းကန်လုံးထဲ ထည့်ပြီး လာချပေးမယ်ဆို ဒီငါးကင်ပဲဆိုပေမယ့် အရသာထိခိုက်နိုင်တယ်ဆိုတာမျိုးပါ။
အဲ့ဒီမှာက မူရင်း text က အခရာပါ။
ဝက်နားရွက်ကို ပါးပါးလှီးမထားဘဲ နားရွက်လိုက်ကြီးလာချရင် ကြည့်မကောင်းပါဘူး။ နတ်သျှင်နောင်ရတုတွေကို ခင်ဗျား မောင်ချောနွယ် လိုရေးကြည့်လို့ အဆင်မပြေပါဘူး။ ကိုနေဝင်းရဲ့ခတ္တာသီချင်းထဲက text
“စိမ်းလဲ့လဲ့ည လရောင်သမ်း အချစ်နှုတ်ခမ်း အနမ်းတွေ ဖူးပွင့်ဖို့ဝေ´´ဆိုတာကို
“အစိမ်းရောင် လဲ့နေတဲ့ ညမှာ
လရောင်ဖြာကျနေတဲ့အောက်
ချစ်သူ့နှုတ်ခမ်းကို
ငါ အကြိမ်ကြိမ် နမ်းပစ်လိုက်တယ်´´ဆိုတာမျိုး ရေးကြည့်လေ။
(၃)
ကျွန်တော်တို့ ၁၉၈၈ မှာ တောခိုကြတော့ ဘုရားသုံးဆူ ABSDF စခန်းကို စာပေသမားတွေလည်း ရောက်လာပါတယ်။ အဲ့ဒီမှာ ဦးရဲခေါင် တို့ ဦးအောင်မြင့်စိုး(မောင်စိုးချိန်) တို့လို ကွန်ဆာဗေးတစ်သမားတွေ ပါသလို ကျွန်တော်အပြင် ကိုအောင်သူငြိမ်း (ယောဟန်အောင်) နဲ့ ကိုရဲဌေး(လူအိမ်)တို့လို မော်ဒန်စာပေသမားတွေပါတယ်။ စခန်းကော်မတီဖွဲ့တော့ ပြန်ကြားရေး ကော်မတီ အတွင်းရေးမှူးက ယင်းတိမ်တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရေး – ကိုကိုဦးပါ။ သူက ကျွန်တော့်ကို ပြန်ကြားရေးတာဝန်ခံ ခန့်ပါတယ်။
ပြောရရင် သူက elected ဖြစ်ပြီး ကျွန်တော်က appointed ပါ။
အဲ့ဒီမှာ ကျွန်တော်တို့ စခန်းနံရံကပ်စာစောင် ပုံမှန်လုပ်ကြတယ်။ ကဗျာတွေ ရွေးပြီး ကတ်ပြားတွေပေါ် ရေးတာက ကိုရဲဌေးနဲ့ ကျွန်တော် ပါ။ ကယန်းနယ်မြေမှာ အသတ်ခံလိုက်ရတဲ့တေဇာမင်းက ပုံတွေ ကာတွန်းတွေ ဒိုင်ခံရေးဆွဲသူပါ။ အဲ့ဒီမှာ ဦးရဲခေါင်က ကျွန်တော်တို့ ရေးတာတွေကို ကဗျာမဟုတ်ဘူး၊ စာညွန့်လို့တပ်ဖို့ ဝေဖန်ပါလေရော။ အဲ့ဒီမှာ ကိုရဲဌေးက စပ်ဖြီးဖြီးနဲ့ပြန်ပြောတဲ့
စကားတခွန်းကို ကျွန်တော် အခုထိမှတ်မိပါတယ်။ သူက “ဒီကနေ့မှာ ဘယ်သူမှ ဗန္ဓုလဝတ်စုံကြီးနဲ့ စစ်မတိုက်ကြတော့ဘူး အဘ´´တဲ့။
တကယ်တော့ သူပြောခဲ့တာက modern sensiblity (contemporary ဆို ပိုမှန်မယ်) ဆိုတဲ့ ခေတ်ပြိုင် အာရုံခံစားမှုနဲ့ ဆိုင်ပါတယ်။ ဒီနေ့ ခေတ်ကဗျာဟာ ဒီနေ့ခေတ်ရဲ့ဘဝကိုကိုယ်စားပြုပါတယ်။
ကျွန်တော်ဟာ ကဗျာရေးနေတာသာ ဖြစ်ပြီး သမိုင်းရေးနေတာမဟုတ်တဲ့အတွက် ကဗျာထဲမှာ မဟာဗန္ဓုလအကြောင်းရေးခဲ့မယ်ဆို ရင်တောင် ဒီကနေ့ခေတ်ရဲ့ အာရုံခံစားမှုကိုပဲ ထင်ဟပ်ပြနေမှာပါ။
ဟိုလိုဝတ်စုံကြီးတကားကားနဲ့ ဇာတိသွေးဇာတိမာန်တက်ကြွစေမယ့်ဗန္ဓုလကို ခများမြင်ရမှာ မဟုတ်ပါဘူး။ ရန်သူရဲ့ ခေတ်မီလက်နက်တွေ အကြောင်း ကောင်းကောင်းမသိရှာတဲ့ သနားစရာဗန္ဓုလ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။
ထားပါ။
ဒီနေ့ခေတ်ရဲ့ကဗျာဟာ ကျွန်တော်တို့ရဲ့နိုင်ငံရေး၊ ကျွန်တော်တို့ရဲ့ အိုင်ဒီယိုလော်ဂျီ၊ ကျွန်တော်တို့ရဲ့စီးပွားရေးစနစ် အစရှိတာတွေကို
လေ့လာသုံးသပ်ထင်ဟပ်ပါတယ်။
ဒီကနေ့ခေတ်ရဲ့ကဗျာဟာ အရုဏ်ဦးနေထွက်ချိန်တို့ ညနေနေဝင်ဆည်းဆာတို့ တိမ်ပန်းချီတို့ ဆိုတာမျိုးကို စာသားအလှတွေနဲ့
ဖွဲ့ဆိုနေမှာ မဟုတ်ပါဘူး။ “မေမေအကွက်တွေက လွှတ်လှ´´တို့ “အဘသက်တော်ရှည်စေသောဝ်´´တို့ ဘာတို့ ဘုန်းတော်ဖွဲ့တွေ ဖားဖားယားယား ရေးနေမှာလည်းမဟုတ်ပါဘူး။
ဒီကနေ့ခေတ်ရဲ့ကဗျာဟာ တနေ့ပြီး တနေ့ရဲ့ ပြုမူဆောင်ရွက်ချက်တွေ၊ လူ့အဖွဲ့အစည်းတရပ်ထဲမှာနေထိုင်နေတဲ့ လူသားရဲ့တွေ့ကြုံခံစားရမှု တွေကိုခါးခါးသီးသီးနဲ့ သစ္စာရှိရှိ ဖွဲ့ဆိုပါတယ်။
နေ့စဉ်ဘဝအကျပ်အတည်းတွေ၊ စိတ်ပျက်စိတ်ညစ်ရမှုတွေ၊ စိတ်ရှုပ်ထွေးမှု စတာတွေကနေ လူတွေ မလွတ်မြောက်နိုင်ကြပုံတွေ။ အဆက်မပြတ်ခံစားနေရတဲ့ နာကျင်မှုတွေကနေ ချက်ချင်း သက်သာရာရှာမရတဲ့ လူတွေ။ ဒီကနေ့ခေတ်ရဲ့ကဗျာဟာ ဒါတွေကို ဖွဲ့ဆိုပါတယ်။
ဒီကနေ့ခေတ်ရဲ့ကဗျာဟာ လူတွေရဲ့ ရုန်းကန်ရပုံတွေပါ။ လူတွေရဲ့ ကာယဉာဏအားတွေပါ။ လူတွေရဲ့ ကံမကောင်းအကြောင်းမလှမှုတွေ ပါ။ ဒီကနေ့ခေတ်မှာ ရှေးကလို လရောင်ကိုဖွဲ့ဆိုမှုမျိုး မရှိဘူးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ လရောင်မှာ နေ့စဉ်ဘဝရဲ့အရိပ်တွေ ထိုးကျနေ ပါလိမ့်မယ်။ လရောင်မှာ ခေတ်ကို ထင်ဟပ်ထားမှုတွေ စွန်းပေနေပါလိမ့်မယ်။ နေ့စဉ်ဘဝရဲ့ တင်းမာခက်ထန်တဲ့ အရှိတရားတွေက စိတ်ကူးယဉ်အိပ်မက်တွေကို အစိပ်စိပ်အမွှာမွှာကွဲကြေသွားစေပါတယ်။
မောင်အောင်ပွင့်ရဲ့ငါးရိုးနင်တဲ့ ငွေ လမင်းပါပဲ။
ဒီကနေ့ခေတ်ရဲ့ကဗျာဆရာဟာ မလွှဲမရှောင်သာ သူပုန်တဦး ဖြစ်လာရပါတယ်။ သူဟာ လက်ရှိ လူတွေဖန်တီးထားတဲ့ လူမှုအဆောက် အအုံကို ဆန့်ကျင်တော်လှန်နေရပါတယ်။
လက်တဆုပ်စာ လူတစ်စုပဲ ချမ်းသာကြွယ်ဝပြီး လူသန်းပေါင်းများစွာ စားဝတ်နေရေး အစစ အရာရာ ကျပ်တည်းစေတဲ့ တန်းတူညီမျှမှု မရှိတဲ့ မတရားတဲ့ စနစ်တွေကိုဆန့်ကျင်တော်လှန်နေရပါတယ်။
ဒီတော့ ဒီကနေ့ခေတ်ရဲ့ကဗျာဆရာရဲ့အာရုံခံစားမှုဟာ အတိတ်ကိုလွမ်းဖို့ အနာဂတ်ကို ချောင်းကြည့်ဖို့ ထက်ပစ္စုပ္ပန်တည့်တည့်ကိုသာ မပြတ်ရှုနေရပါတယ်။ ပစ္စုပ္ပန်မှာ တကယ်ဖြစ်တဲ့အတိုင်းတကယ့် အဓိပ္ပာယ်အမှန်အတိုင်း ထင်ဟပ်ပြရပါတယ်။
ခေတ်ပြိုင်အာရုံခံစားမှုအပေါ်နားလည်ပုံ အမျိုးမျိုး ရှိနိုင်ပေမယ့် ဒီကနေ့ခေတ်ရဲ့ကဗျာကိုရည်ညွှန်းတဲ့ခေတ်ပြိုင်အာရုံခံစားမှုဆိုတာ ဒီကနေ့ ကျွန်တော်တို့နေထိုင်နေတဲ့ကမ္ဘာလောကကြီးရဲ့စစ်မှန်တဲ့ရုပ်ပုံပါပဲ။ အဲ့ဒီစစ်မှန်တဲ့ရုပ်ပုံကိုကဗျာပုံစံခွက်အသေတွေ ကာရန်တွေရဲ့ ချုပ်နှောင်မှု ထဲကနေ ဖော်ပြဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။
နရီမင်း
၁- ၁၁- ၂၀၁၇