ဝေဖန်ရေးရာ

တိုင်းရင်းသားတော်လှန်ရေးရဲဘော်တဦး – တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အပေါ် သုံးသပ်ခြင်း

တိုင်းရင်းသားတော်လှန်ရေးရဲဘော်တဦး – တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်အပေါ် သုံးသပ်ခြင်း
(သို့မဟုတ်)  ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား သုံးသပ်ခြင်း
(မိုးမခ) ဇန်န၀ါရီ ၈၊ ၂၀၁၆

နိဒါန်း

၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန် အစိုးရမှ ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းခဲ့သော်လည်း တိုင်း ရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ တဖွဲ့ချင်းစီသာလက်ခံပြီး တပ်ပေါင်းစုအနေဖြင့် တွေ့ဆုံဆွေး နွေးမှုကို လက်မခံခဲ့ပေ။

ထို့နောက် မြန်မာ့အလင်းသတင်းစာတွင်လည်း သမ္မတ ဦးသိန်းစိန်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်း ရေးဆိုင်ရာ မူ (၈) ချက်ကို ထုတ်ပြန်ကြေငြာခဲ့သည်။ ထို မူ (၈) ချက်တွင် တော်လှန်ရေးအဖွဲ့အစည်းများ လက်မခံနိုင်သည့် အဓိကအချက် (၃) ချက်ပါရှိသည်။ ၄င်းတို့မှာ – (၁) ဖွဲ့စည်းပုံအခြေခံဥပဒေအား လက်ခံ ကျင့်သုံးရေးနှင့် လိုအပ်သလိုပြင်ဆင်ဖြည့်စွက်သွားရေး၊ (၂) နိုင်ငံရေးပါတီများဖွဲ့စည်းပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားရေး၊ (၃) လက်နက်ကိုင်တပ်တခုတည်းသာထားရှိရေး ဟူသည့် အချက်များဖြစ်သည်။

ထို့အတူ ၂၀၁၅ ခုနှစ်တွင် တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်ကို ထုတ်ဖေါ်ခဲ့သည်။ တပ်မ တော်၏မူဝါဒ (၆) ရပ်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ လက်မခံနိုင် သည့် အဓိကအချက် (၂) ချက်ပါရှိသည်။ ၄င်းတို့မှာ – (၁) နိုင်ငံတော်က ထုတ်ပြန်ထားသည့် တည်ဆဲ ဥပဒေများကို လိုက်နာရန်၊ (၂) ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီအနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီလျှောက်လှမ်းနေမှုတွင် လိုက်ပါလုပ်ဆောင်ရန် ဟူသည့် အချက်များ ဖြစ်သည်။

ဦးသိန်းစိန်အစိုးရ၏ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ (၈) ချက်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေး ဆိုင်ရာ မူဝါဒ (၆) ရပ်မှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ “လက်နက်ကိုင်လမ်းစဉ် စွန့်”၊ ဥပဒေဘောင်အတွင်းဝင်ရောက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်လိုပါက လွှတ်တော်တွင်း၌ ပြင်ဆင်သွားရန်ပင်ဖြစ်သည်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လုပ်ငန်းစဉ်

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လုပ်ငန်းစဉ်သည် (၂) နှစ်နီးပါး အချိန်ကြာခဲ့ပြီး အစိုးရဘက်မှ UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းမှ NCCT တို့ တွေ့ဆုံဆွေးနွေးမှု (၈) ကြိမ်အထိဆောင်ရွက်ခဲ့သည်။ ထိုတွေ့ဆုံမှု (၈) ကြိမ်ကို (၂) နှစ်နီးပါး ကြာမြင့်ရ ခြင်းသည် တွေ့ဆုံဆွေးနွေးတိုင်း အဓိကအရေးကြီးသည့်အချက်များကို ညှိနှိုင်း၍မရဘဲ အမြဲတမ်းတစ်ဆို့ နေသည်ကို တွေ့ရသည်။ နောက်ဆုံးအကြိမ် ၂၀၁၅ ခုနှစ် မတ်လ (၃၁) ရက်နေ့တွင်ရရှိသည့် NCA အတည်ပြုမူကြမ်းနှင့် ၂၀၁၅ ခုနှစ် သြဂုတ်လ (၇) ရက်နေ့တွင်ရရှိသည့် အတည်ပြုမူချောသည်လည်း ကနဦးစတင်တွေ့ဆုံဆွေးနွေးစဉ်က တစ်ဆို့နေသည့်အချက်များကို ပြေလည်လက်ခံ သဘောတူညီမှုရရှိ ခြင်းမဟုတ်ဘဲ အတင်းတွန်းတိုက် နားလည်ယူပြီး ကျော်လွှားခဲ့ရကြောင်း တွေ့ရသည်။ အဆိုပါအချက် အလက်များမှာ

၁။ ဥပဒေနှင့်အညီ ဆိုသည့် စကားရပ်

၂။ တော်လှန်ရေး ဆိုသည့် စကားရပ်

၃။ ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ကျင့်ဝတ်ကိစ္စ

၎။ ဖက်ဒရယ်တပ်မတော် ကိစ္စ

၅။ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းရေး

၆။ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ရမည့် အစုအဖွဲ့နှင့် အချိုးအစားကိစ္စများအပြင် အခြား သောအချက်အလက်များ အပါအ၀င် နောက်ဆုံး NCA လက်မှတ်ရေးထိုးရန်အတွက် တိုင်းရင်းသား လက် နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအားလုံး ပါဝင်နိုင်ခြင်းမရှိဘဲ၊ အစိုးရဘက်မှ အချို့အဖွဲ့အစည်းများကို လက်မှတ်ထိုးခွင့်မပေးဘဲ ချန်လှပ်ထားကာ ကန့်သတ်မှုများရှိခဲ့သည်။ ထို့ကြောင့် တိုင်းရင်းသား လက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှ ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့တွင် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးခဲ့ရာတွင် အများစုသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ မပါဝင်ကြောင်း တွေ့ရပါသည်။

နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် (Framework for Political Dialogue)
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင် ရေးဆွဲရေးကို NCA စာချုပ်ပါအတိုင်း ပြည်ထောင်စု ငြိမ်းချမ်း ရေးဆွေးနွေးပွဲပူးတွဲကော်မတီ (UPDJC) မှ ရေးဆွဲအတည်ပြုခဲ့သည်။ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ရမည့် အစုအဖွဲ့အချိုးအစားကို NCA တွင်ပါရှိသည့်အတိုင်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့၏ကိုယ်စားလှယ်၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ ကိုယ်စားလှယ်နှင့်၊ နိုင်ငံရေးပါတီများ ကိုယ်စား လှယ် ဖြစ်သည့် (၃) ပွင့်ဆိုင်အနေအထားမဟုတ်ဘဲ အစိုးရ၊ လွှတ်တော်၊ တပ်မတော်မှ အစုအဖွဲ့တစုစီ ပါဝင်သည့် (၅) ပွင့်ဆိုင်ပုံစံကို အခြေခံထားကြောင်းတွေ့ရသည်။ ဤအချိုးအစားအရ တိုင်းရင်းသား လက် နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများသည် ပါဝင်ခွင့် ၂၅% သာရှိသည်။ အရေးကြီးသည့် ဖက်ဒရယ်စနစ် ကိုအခြေခံသည့် ပြည်ထောင်စုဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် လုံခြုံရေး ဆိုင်ရာပြန်လည်ပေါင်းစည်းရေးကိစ္စရပ်များအပါအ၀င် ဆုံးဖြတ်ချက်များချရာတွင် ၇၅% ကျော်ရမည်ကို လည်း သတ်မှတ်ထားသည်။ ထို့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းမှ အစည်း အဝေး-ညီလာခံတခုလုံး၏ အများဆုံး ၂၅% သာပါဝင်သဖြင့် အခြားအစုအဖွဲ့နှစ်စု၏ ထောက်ခံပါဝင်မှု ရှိမှ သာ ဆုံးဖြတ်ချက်ချ အနိုင်ရမည်ဖြစ်သည်။ လက်တွေ့တွင် အခြားအစုအဖွဲ့များဖြစ်သည့် လွှတ်တော်ဖြစ်စေ၊ တပ်မတော်ဖြစ်စေ၊ နိုင်ငံရေးပါတီဖြစ်စေ၊ အစုအဖွဲ့တခုလုံး၏ ရာနှုန်းပြည့်ရရန်မှာ မလွယ်လှပေ။ ထို့ ကြောင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွင် ပါသည့် အစုအဖွဲ့နှင့် အချိုးအစားသည် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းမှ မည်သည့်နည်းနှင့်မျှ မိမိတို့၏အဆိုကို တင်သွင်းပြီး ဆုံးဖြတ် ချက်ရယူနိုင်ရန် မလွယ်ကူ၊ မဖြစ်နိုင်ကြောင်း တွေ့ရပါသည်။

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်နှင့် အညီ ဆောင်ရွက်ရန် ဟု မူဘောင်၏အခြေခံမူတွင် ဖေါ်ပြထားသည်။ အဓိပ္ပါယ်မှာ – နိုင်ငံရေးဆွေးနွေးပွဲတွင် ထွက်ပေါ်လာသည့် ရလဒ်နှင့် သဘောတူညီမှုအပေါ် မူတည်ပါသည်။ သို့သော်လည်း နိုင်ငံရေးဆွေးနွေးပွဲ တွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ မျှော်မှန်းသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို နိုင်ငံရေးသဘောတူညီမှု မရရှိသေးဘဲ လုံခြုံရေးဆိုင်ရာအကောင်အထည်ဖေါ်ခြင်း ကိစ္စကို မူဘောင်တွင် အတိအလင်းရေးဆွဲချမှတ်ထားသည်ကို တွေ့ရသည်။

ဆိုလိုသည်မှာ နိုင်ငံရေးဆွေး နွေးမှုလုပ်ငန်းစဉ် ဆောင်ရွက်နေစဉ် တပြိုင်တည်း လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းရေး DDR/SSR ကို ဆောင်ရွက်သွားမည်ကို တွေ့ရသည်။ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းရေး၊ လုံခြုံရေးဆိုင်ရာပြုပြင် ပြောင်းလဲရေး – ၎င်းထဲတွင် DDR/SSR နှင့် ပတ်သက်သည့် တပ်လျှော့ချရေး၊ လက်နက်ဖျက်သိမ်းရေးနှင့် တပ်အသွင်ပြောင်းရေးတို့ ပါဝင်ပါသည်။ လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းခြင်းကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် အဆင့်သော်လည်းကောင်း၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်သော်လည်းကောင်း၊ တနိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွေ့ဆုံဆွေးနွေးခဲ့စဉ်က နှစ်ဦးနှစ်ဖက် အကြေ အလည်သဘောတူညီမှု မရဘဲ ကျော်လွှားခဲ့သည်။ ထို့အတူ နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ရမည့် အစုအဖွဲ့ အချိုးအစားနှင့် ပတ်သက်၍လည်း ၎င်းနည်းတူ အကြေအလည်သဘောတူညီမှု အဖြေမရရှိဘဲ ကျော်လွှားခဲ့ ရာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) စာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအချို့မှ ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းအချို့ NCA ကို လက်မှတ်ရေးထိုးပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပူးတွဲကော်မတီ (UPDJC) ကို ဖွဲ့စည်းခဲ့သည်။

JMC ခေါ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီသည် သီးခြားလွတ် လပ်ပြီး စောင့်ကြည့်သည့်အစုအဖွဲ့ဖြင့် ဖွဲ့စည်းခြင်းမဟုတ်ဘဲ ပဋိပက္ခဖြစ်သည့် နှစ်ဦးနှစ်ဖက်ပုဂ္ဂိုလ်များနှင့် သာ ဖွဲ့စည်းခဲ့သည်။ ထိုသို့စုဖွဲ့မှုတွင်လည်း အဆင့်တိုင်းတွင် အစိုးရဘက်မှ အဓိကဦးဆောင်မှုတွင် ပါဝင်နေ သည်။ ထို့ကြောင့် ပြဿနာတစုံတရာ ပေါ်ပေါက်လာပါက ဖြေရှင်းဆောင်ရွက်ရာတွင် အစိုးရဖက်၌ အမြဲ တမ်း အဓိကဆုံးဖြတ်ချက်ကို ရယူထားသည်။ ထို့အတူ ပြဿနာဖြေရှင်းရေးယန္တရားနှင့် စောင့်ကြည့်ရေး ယန္တရားတို့၏ အခန်းကဏ္ဍမှာလည်း ရောထွေးနေသည်။

UPDJC ခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ပူးတွဲကော်မတီသည် လည်း နိုင်ငံရေး ဆွေးနွေးမှု ပေါ်ပေါက်အောင် ဆောင်ရွက်ရမည့် လုပ်ငန်းကော်မတီတရပ် မဟုတ်ဘဲ နိုင်ငံရေးဆွေးနွေးမှု အပေါ် ဦးဆောင်ဆုံးဖြတ်ပေးသည့်အဖွဲ့အစည်းသဏ္ဍာန် ဖြစ်နေပါသည်။ လက်တွေ့အားဖြင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာမူဘောင်ကို အတည်ပြုဆုံးဖြတ်ရာတွင် EAO တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ သဘောထားကို ရယူမှုမပြုဘဲ UPDJC မှ အတည်ပြုဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် UPDJC ၏ လုပ်ငန်းတာဝန်များကိုလည်း ပြန်လည်သုံးသပ်ရန် လိုအပ်မည်ဖြစ်သည်။

ညီလာခံရလဒ်အား အတည်ပြုခြင်း

ညီလာခံတွင်ရရှိသည့် သဘောတူညီမှုကိုလည်း ပြည်ထောင်စုလွှတ်တော်သို့ လုပ်ထုံးလုပ်နည်းနှင့် အညီ ထပ်မံတင်သွင်းအတည်ပြုချက် ရယူရမည်ဟု နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်တွင် ဖေါ်ပြထား ပါသည်။ ညီလာခံ၌ မည်သို့ပင် သဘောတူညီမှု ရရှိသည်ဖြစ်စေ၊ လွှတ်တော်တွင် အတည်ပြုမှုကို ရယူရ မည်ဖြစ်သည်။ နိုင်ငံရေးကိစ္စဖြစ်သည့် ဖွဲ့စည်းပုံဆိုင်ရာပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း နှင့် ပယ်ဖျက်ခြင်း စသည်တို့ကို တင်သွင်းရာတွင် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင် ဆောင်ရွက်သွားရမည် ဖြစ်သည်။

ထို့ကြောင့် လက်ရှိ ဦးသိန်းစိန်အစိုးရ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ခြုံငြုံ သုံးသပ်မည်ဆိုပါက တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) သော်လည်း ကောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲ ပူးတွဲကော်မတီ (UPDJC) မှ ရေးဆွဲ အတည်ပြုလိုက်သည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်သော်လည်းကောင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများအား ဥပဒေဘောင်အတွင်း ၀င်ရောက်ကာ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် စွန့်လွှတ်ရေး ကို ဦးတည်နေပါကြောင်း ဖေါ်ပြအပ်ပါသည်။

တိုင်းရင်းသားတော်လှန်ရေးရဲဘော်တဦး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts