သတင်းဆောင်းပါး လောကဓာတ်ခန်း

သားဝင့်ကျော် – ရှယ်ယာဝယ်ဖို့ ဘယ်က စမလဲ (၃) ( Stock exchange)


သားဝင့်ကျော် – ရှယ်ယာဝယ်ဖို့ ဘယ်က စမလဲ (၃) ( Stock exchange)

(မိုးမခ) ဇန်န၀ါရီ ၈၊ ၂၀၁၆

ဒီတပါတ် လက်ကျန်ရှင်းတမ်းကျန်တပိုင်းလေး ဆက်ပြီးဆွေးနွေးကြည့်ရအောင်နော်။
ကုမ္ပဏီတစ်ခုရဲ့ စုစုပေါင်း ရပိုင်ခွင့်များ (total assets)နဲ့ စုစုပေါင်း ပေးရန်တာဝန်(Total Liabilities) တို့ရဲ့ခြားနားချက်ဟာ အစုရှယ်ယာရှင်များရဲ့ ပိုင်ဆိုင်ခွင့်(Shareholder’s equity) ဖြစ်ပါတယ်။

အစုရှယ်ယာရှင်များ၏ ပိုင်ဆိုင်ခွင့်(Shareholder’s equity)

 ၁) ဦးစားစတော့ ရှယ်ယာ(Preferred stock share)
၂) သာမန် (သို့မဟုတ်)ဘုံစတော့ရှယ်ယာ (Ordinary or Common stock shares)
၃) ပြန်သွင်းရင်းနှီးငွေ (Paid in capital )
၎) ခွဲဝေပြီး အမြတ်လက်ကျန်(retained profit)
ဆိုပြီးလေးမျိုးပါဝင်ပါတယ်။စုစုပေါင်းရင်းနှီးမြှုပ်နှံခြင်း(Total capitalization) ဆိုရင်တော့
အစုရှယ်ယာရှင်များ ပိုင်ဆိုင်မှု့(Shareholder’s equity) နဲ့ နှစ်ရှည်ပေးရန် တာဝန် (Non-current Liabilities) ပေါင်းပါတယ်။

အဲ့ဒီကနေ အချိုး ၃ ခုတွက်နိုင်ပါတယ်။
ပထမ – ငွေချေးစာချုပ်အချိုး (Bond ratio) ငွေချေးစာချုပ်တန်ဖိုး ကို စုစုပေါင်းရင်းနှီးမြှုပ်နှံခြင်း (Total capitalization) နဲ့စားတာ။
Bond ratio = (Bonds÷Total capitalization)×100

ဒုတိယ – ဦးစားစတော့အချိုး (Preferred stock ratio)
Preferred Stock ratio =  ( Preferred Stock ÷ total Capitalization )×100

တတိယ သာမန်ရှယ်ယာအချိုး (Ordinary or common stock ratio)
Common Stock ratio  = (Common Stock  +  Capital Surplus + Retained earning) / Total Capitalization

အဲ့ဒီ့အချိုး ၃ ခု ပေါင်း ရင် ၁၀၀ရခိုင်နှုန်းအပြည့်ပေါ့။

ပထမအချိုးနဲ့ဒုတိယအချိုးပေါင်းက စုစုပေါင်းရင်းနှီးမြှုပ်နှံခြင်း(Total Capitalization)၏ ၃၃ ရာခိုင်နှုံးထက်ပိုရင် လုပ်ငန်းမောင်းနှင်နိုင်တဲ့ စွမ်းအားများလွန်းသော ရင်းနှီးငွေ အဆောက်အအုံ (Highly leveraged capital structure)လို့ သတ်မှတ်နိုင်ပြီး လုပ်ငန်းအတက်အကျကြမ်းသော (Speculative) အခြေအနေလို့ဆိုနိုင်ပါတယ်။

အရှုံးအမြတ်စာရင်းထဲက ပထမဆုံးတွက်နိုင်တဲ့အချိုးက လုပ်ဆောင်မှု့အချိုး သို့မဟုတ် စရိတ်အချိုး (Operation ratio)
လုပ်ဆောင်မှု့စရိတ်ကို အသားတင် ရောင်းရဝင်ငွေနဲ့စားတာ။
ဒီအချိုးကတော့ ယခင်နှစ်အချိုးတွေနဲ့နှိုင်းယှဉ်ပြီး ကုမ္ပဏီရဲ့ လုပ်ဆောင်နိုင်မှု့ စွမ်းဆောင်ရည်ကို အကဲဖြတ်နိုင်တယ်။

သူနဲ့တွဲဖက်လေ့လာ ရမယ့်အချိုးက အမြတ်မာဂျင်အချိုး (margin of profit ratio )
အသားတင်အမြတ်ကိုတည် အသားတင်ရောင်းရငွေနဲ့စားပြီး ရာခိုင်နှုန်းဖွဲ့တာပေါ့။

နောက်တစ်ခုကတော့ အမြတ်ငွေမှ အတိုးပေးနိုင်တဲ့ အကြိမ်ကိုရှာတာ။ အဲ့ဒီအချိုးက ကုမ္ပဏီတစ်ခုဟာ သူရောင်းချထားတဲ့ ငွေချေးစားချုပ်တွေအတွက် အတိုးလုံလောက်အောင်ပေးနိုင်ရဲ့လား ဆိုတာ အကဲဖြတ်တာပါ။

အသားတင်အမြတ်ကိုတည် ငွေချေးစာချုပ်အတိုးစုစုပေါင်းနဲ့စားရင် ရလာတဲ့အမြတ်က အတိုး ဘယ်နှစ်ကြိမ်ပေးနိုင်မလဲ ဆိုတာဖေါ်ပြနိုင်တယ်။

အနည်းဆုံးလေးကြိမ်ဆိုရင် ခိုင်မာမှု့ရှိတယ်ဆိုနိုင်ပါတယ်။

ဦးစားရှယ်ယာဝယ်ယူမယ့်သူအတွက်တော့ အသားတင်ဝင်ငွေကိုတည် ဦးစားရှယ်ယာပေးရမယ့် အမြတ်တန်ဖိုးနဲ့ စားရင်ရပါတယ်။ အကြိမ်အရေအတွက်များလေ လုံခြုံမှု့ရှိလေပေါ့။

သာမန်ရှယ်ယာရှင်တွေအတွက် ရှယ်ယာတစ်စောင်ရဲ့ဝင်ငွေ(Earning per share) နဲ့ဖေါ်ပြနိုင်တယ်။
ဦးစားရှယ်ယာအတွက် အမြတ်ခွဲပေးပြီး ကျန်တဲ့အမြတ်ငွေကို သာမန်ရှယ်ယာအစောင်အရေအတွက်နဲ့စားပြီး ဖေါ်ပြတာပါ။

အထက်ပါကိန်းဂဏန်းတွေက ရှယ်ယာဈေးကွက်မှာ ရောင်းသူဝယ်သူ အထူးဂရုပြုရတဲ့ အချက်တွေပါပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts