သူတို့အာဘော် မောင်ရစ်

မောင်ရစ် – အစွန်းရောက်၊ ရှေးရိုးစွဲနဲ့ တက်ကြွလှုပ်ရှားသူ

March 5th 2015, BBC Photo

မောင်ရစ် – အစွန်းရောက်၊ ရှေးရိုးစွဲနဲ့ တက်ကြွလှုပ်ရှားသူ 

(မိုးမခအယ်ဒီတာ့လက်ရေး) သြဂုတ် ၅၊ ၂၀၁၇

မြန်မာပြည်မှာ ဒီမိုကရေစီနည်းကျ ၇၅%သော လူထုမဲအင်အားကနေ အစိုးရနဲ့ လွှတ်တော် ၂ရပ် ရွေးချယ်တင်မြှောက်နိုင်ခဲ့တာ ၁ နှစ်ခွဲ ကျော်ခဲ့ပါပြီ။ ၂၀၀၈ အခြေခံဥပဒေလက်အောက်မှာ ယခင်အတိုက်အခံ ယခု အာဏာရအစိုးရဖြစ်လာတဲ့ အင်န်အယ်ဒီပါတီနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ မည်သို့ မည်ပုံ ဦးဆောင်လှုပ်ရှားနေကြရတယ်ဆိုတာ မဲဆန္ဒရှင် ပြည်သူလူထုကြီးလည်း မျက်ဝါးထင်ထင် တွေ့မြင်သဘောပေါက်နေကြရပါပြီ။ ပြုပြင် ပြောင်းလဲမှုတွေ တိုးတက် ထွန်းကားမှုတွေ ရှိသလို အခက်အခဲတွေ အတားအဆီးတွေ စိတ်သွားတိုင်း ကိုယ်ပါ လိုရာ မရောက် ဖြစ်နေရတာတွေလည်း အားမလို အားမရ ဖြစ်ကြရတယ်လို့ ဆိုနိုင်ပါတယ်။ အဓိက အချက်အခြာတွေဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ တရားမျှတသော စီရင်နိုင်မှု ရှိရေး၊ အဂတိလိုက်စားမှု အကျင့်ပျက်ခြစားမှု တိုက်ဖျက်နိုင်ရေးနဲ့ ပြည်သူလူထု သက်သာချောင်ချိရေး လူမှု ဖူလုံရေးတွေမှာ မရွေ့ ရွေ့အောင် တွန်းတိုက် ရုန်းကန်နေကြရတယ်လို့ ဆိုနိုင်ပါတယ်။

ယခင်တုန်းကတော့ အာဏာရ၊ လက်နက်ကိုင်စစ်အုပ်စုနဲ့ အသိုင်းအ၀ိုင်းများကို အတိုက်အခံလုပ် တွန်းလှန် တိုက်ပွဲဝင်ကြရာမှာ ကမ္ဘာကြီးနဲ့ ကိုယ်နဲ့က တဘက်၊ သူတို့ချည်း (စစ်အုပ်စုနဲ့ သူ့ထောက်ခံသူ ဘက်တော်သားများ) က တဘက်လို့ ဆိုရမှာပေါ့ခင်ဗျာ။ ယခုအချိန်မှာကတော့ဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး၊ ပြုပြင်ပြောင်းလဲရေးတွေကို ခေါင်းစဉ်တင်ပြီး အတိုက်အခံမဟုတ်တော့ဘဲ ရွေးကောက်ခံ အစိုးရအဖြစ် လွှတ်တော်အဖြစ် ဆောင်ရွက်ကြရတာဆိုတော့ ကိုယ်ချည်းက တဘက်၊ ကမ္ဘာကြီးနဲ့ အခြားသူတို့တွေက တဘက်လို့ ဆိုကြရပြီ ဖြစ်ပါတယ်။

သာဓကအားဖြင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အခွင့်အရေးရှေ့တန်းတင်လှုပ်ရှားသူ အဖွဲ့အစည်းများက ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်ဒီအစိုးရကို မေးခွန်ထုတ်တာ၊ ဝေဖန် ပြစ်တင်တာ၊ ဖိအားပေး တောင်းဆိုမှုတွေကို နယ်ပယ်ကဏ္ဍ အသီးသီးမှာ ပြုလုပ်လာနေကြပါတယ်။ အစိုးရနဲ့ လွှတ်တော်ဘက်က အားနည်းတာ ပျက်ကွက်တာ ချွတ်ချော်တာမှန်သမျှဟာ ပြည်သူလူထုရွေးကောက်ခံ ခေါင်းဆောင်တွေ ကိုယ်စားလှယ်တွေရဲ့ ခေါင်း ဖြစ်လာပါတယ်။ ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၅% နေရာယူထားတဲ့ အကာအကွယ်ယူ “စောင့်ရှောက်မှုပေးနေတဲ့” တပ်မတော်၊ ပြည်ထဲရေးနဲ့ လုံခြုံရေးတို့ရဲ့ အခမ်းကဏ္ဍကို မေးခွန်းထုတ် ထောက်ပြဖို့ကိုတော့ဖြင့် ဘယ်သူ့ကိုများ တာဝန် လွှဲပေးထားလိုက်ပြီလဲလို့ စဉ်းစားချင်စရာ ဖြစ်လာပါတယ်။

နိုင်ငံတကာ၏ အခွင့်အရေးစာမျက်နှာမှာ မေးခွန်းတွေ ဖိအားတွေ ရင်ဆိုင်နေရသည့် နည်းတူ မြန်မာပြည်တွင်းမှာလည်း အစွန်းရောက်တွေ ရှေးရိုးစွဲသူတွေက လက်ရှိ အစိုးရနဲ့ လွှတ်တော်ကို ဆန့်ကျင် ကန့်ကွက် အတိုက်အခံတွေ တိုးမြှင့်လာကြတာလည်း စိတ်ဝင်စားစရာပါ။ ဘာသာရေး လူမျိုးရေးကို အကြောင်းပြပြီး အစိုးရနဲ့ လွှတ်တော်ဟာ လူနည်းစုတွေ ဘက်က လိုက်တယ်လို့ စွပ်စွဲလာကြသလို လူများစုတွေကိုပဲ ဦးစားပေးနေပြန်တယ်လို့ ဝေဖန်ပြစ်တင် ပြောဆိုနေကြပြန်ပါတယ်။ အခုဆိုရင် အစွန်းရောက် မျိုးချစ်တွေက အစိုးရကို ဖြုတ်ချပစ်ဖို့အထိကို သပိတ်စခန်းဖွင့် တောင်းဆိုမှုတွေ တိုးလုပ်နေသလို ရခိုင်ပြည်နယ် နယ်စပ်ဒေသမှာလည်း အစွန်းရောက်အကြမ်းဖက်တွေနဲ့ ပဋိပက္ခတွေလည်း ဖြစ်ပွားလို့ နေပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ လူပြိန်းသာမန် ပရိသတ်တုန့်ပြန်မှု ရေချိန်ကို ကြည့်လိုက်ရင် နိုင်ငံတကာနဲ့ အစွန်းရောက်တွေ ရှေးရိုးစွဲတွေဘက်က ရှုမြင်သုံးသပ်ပုံတွေကို ယိမ်းပြီး လက်ရှိ ရွေးကောက်ခံအစိုးရနဲ့ လွှတ်တော်အပေါ်ကို ပြစ်တင်သံကဲချင်ကြသလားလို့ ဆိုချင်စရာပါ။

ဒီနေရာမှာ ယခင်အတိုက်အခံကာလများ (၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်) က တက်ကြွလှုပ်ရှားသူများ တက်ကြွလှုပ်ရှားမှုများအကြောင်းကို ပြန်ပြောင်း တွေးမြင်မိပြန်ပါတယ်။ လွတ်လပ်စွာ ရေးသား ပြောဆို ထုတ်ဖော်ခွင့် ရရှိဖို့ အရေး၊ လွတ်လပ်စွာ အသင်းအဖွဲ့များ ဖွဲ့စည်း ထူထောင် လှုပ်ရှားခွင့် ရရှိဖို့အရေး၊ လူထုတင်မြှောက်တဲ့ (ကြားဖြတ်အစိုးရ) အစိုးရတရပ် ပေါ်ထွန်းလာဖို့အရေး၊ နိုင်ငံရေးယုံကြည်မှုကြောင့် အကျဉ်းကျခံရသူများ လွတ်မြောက်ရေး၊ မတရားမှုများကို ဖော်ထုတ်ပြီး တရားမျှတစွာ စီရင် ဆုံးဖြတ်ပိုင်ခွင့် ရရှိရေး နဲ့ မိမိကံကြမ္မာ လွတ်လပ်စွာ အကြောက်တရားမဲ့ ဖန်တီးနိုင်ခွင့် ရရှိရေး စသည့် လူ့ဘောင်သစ်အရေးကိစ္စများအတွက် တက်ကြွလှုပ်ရှားသူများ တက်ကြွလှုပ်ရှားမှုများ ယခုအချိန်မှာ ဘယ်လိုများ ဆက်လက် စခန်းသွားနေဆဲလဲ ဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။

လက်ရှိ အများစုမဲနဲ့ ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရနဲ့ လွှတ်တော်လက်ထက်မှာလည်း အဲသည် တက်ကြွလှုပ်ရှားသူများဟာ ဆက်လက်ပြီး မိမိယုံကြည်မျှော်လင့်ရာအတွက် မပြောင်းမလဲ မယိမ်းမယိုင် ဆက်လက်ပြီး တက်ကြွ လှုပ်ရှား ဆောင်ရွက်နေရဆဲ ဖြစ်တာကို တွေ့ကြရပါတယ်။ သူတို့လမ်းခရီးဟာ ရွေးကောက်ပွဲတရပ်ကနေ အစိုးရသစ်တရပ် ပေါ်ထွန်းလာခဲ့တာနဲ့တင် ရပ်ဆိုင်းမသွားဘူး ဆိုတာ တွေ့ရပါတယ်။ ၅(ည) ပုဒ်မ မရှိတော့ပေမယ့် ၆၆(ဃ) လို ပုဒ်မတွေကို ဖယ်ရှားနိုင်ဖို့ ပြောင်းလဲနိုင်ဖို့ ဆက်ပြီး တိုက်ပွဲဝင်နေကြရပြန်ပါတယ်။ မတရားသိမ်းဆီးခံ မြေယာတွေ လုပ်ငန်းတွေ ပြန်လည် ရရှိဖို့၊ အလွဲသုံးစားခြင်း မတရားသိမ်းပိုက်ခြင်း ခံထားရတဲ့ ရင်းနှီးမြုပ်နှံမှုတွေ သယံဇာတွေ ပြန်လည် ရရှိဖို့လည်း ဆက်ပြီး လှုံဆော် တောင်းဆိုနေကြပြန်တာပါပဲ။ ကျောင်းသားသမဂ္ဂနဲ့ သမဂ္ဂအဆောက်အအုံ အချုပ်အနှောင်မဲ့ ဆက်လက် ထူထောင်နိုင်ဖို့လည်း တက်ကြွ လှုပ်ရှားနေရဆဲပါ။ အလုပ်သမားအရေး တောင်သူလယ်သမားအရေး တိုင်းရင်းသား လူနည်းစု ကျားမ မခွဲ တန်းတူရေးတွေမှာလည်း တက်ကြွလှုပ်ရှားမှုတွေ ရှိနေရသေးပြန်ပါတယ်။ တရားခံ မဖော်ထုတ်နိုင်သေးတဲ့ ရာဇ၀တ်မှုတွေ လုပ်ကြံမှုတွေ ရက်စက်မှုတွေကို တရားဥပဒေမျက်မှောက် ရောက်ရှိဖို့ကိုလည်း တက်ကြွလှုပ်ရှားသူတွေက ဆက်လက် ဆောင်ရွက်နေရပါသေးတယ်။

သည်နေရာမှာ ထောက်ပြချင်တာကတော့ တက်ကြွလှုပ်ရှားသူများရဲ့ လာရာ လားရာ သမိုင်း ဖြတ်သန်းမှုနဲ့ အနာဂတ်ဆိုတာဟာ ခုနင်က အစိုးရအသစ် ရွေးကောက်ပွဲအသစ်နောက် ကောက်ကောက်ပါအောင် လိုက်ပေါ်လာတဲ့ အစွန်းရောက်တွေ ရှေးရိုးစွဲတွေရဲ့ သဘောထားတွေ ရည်မှန်းချက်တွေ လုပ်ပုံကိုင်ပုံတွေနဲ့ တခြားစီ မတူ ကွဲပြားတယ် ဆိုတာ ဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အခွင့်အရေး အဖွဲ့ကြီးတွေရဲ့ ထောက်ခံမှု ရရ မရ ၊ မြန်မာ့ဒီမိုကရေစီလူ့ဘောင်သစ်အတွက် (အစဉ်တစိုက်) တက်ကြွ လှုပ်ရှားသူတွေဆိုတာ အတိတ်ကတည်းက သည်လမ်းသည်စခန်းကို မမှိတ်မသုံ မကြောက်မရွံ့ အတိုက်အခံ အထိအခိုက်များစွာနဲ့ လျောက်လှမ်းလာခဲ့ကြပြီး ဖြစ်သလို ဆက်လက်ပြီးတော့လည်း မြန်မာပြည်နဲ့ ဒီမိုကရေစီအနာဂတ်အတွက် ဆက် လျှောက်ကြရဦးမှာ ဖြစ်ပါတယ်။ သည်အစိုးရအသစ်ဆိုတာနဲ့လည်း လမ်းက ဆုံးဦးမှာ မဟုတ်ပါ။ နောက်ရွေးကောက်ပွဲဆိုတာနဲ့လည်း ပွဲက ပြီးဦးမည် မဟုတ်ပါ။ ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၅% သော အကာအကွယ်ယူထားတဲ့ တပ်မတော်ကြီးရဲ့ အခမ်းကဏ္ဍကိုလည်း ဟိုးအတိတ်တုန်းကတည်းက မေးခွန်းထုတ်ထောက်ပြပြီး ဝေဖန်ခဲ့ကြသလို ယခုလည်း ဆက်လက်ပြီး ဝေဖန် ထောက်ပြ ပြောင်းလဲဖို့ ဆက်ဆောင်ရွက်ကြရဦးမှာပါပဲ။ ဒါတွေကတော့ အစွန်းရောက်တွေ ရှေးရိုးစွဲတွေ နဲ့ တက်ကြွလှုပ်ရှားသူမျိုးဆက်တွေရဲ့ ထာဝရ မတူကွဲပြား ခြားနားမှုပဲ ဖြစ်ပါတော့တယ်။

၂၀၁၇ သြဂုတ်လ ဆိုတာ ၈လေးလုံး အရေးတော်ပုံကြီး ၂၉ နှစ်ပြည့်တဲ့ လ လည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၉ နှစ်ကတည်းက ၈၈ အရေးတော်ပုံစိတ်ဓာတ်နဲ့ ယခုလည်း တက်ကြွလှုပ်ရှားသူတွေဟာ ဆက်လက် ချီတက်မြဲ ချီတက်ကြဦးမှာ ဖြစ်တယ်လို့ ဆိုလိုက်ချင်ပါတော့တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts