Op-Ed Tu Maung Nyo

Tu Maung Nyo – Blocking People Refredum on 2008 Constitution

ပြည်သူ့ဆန္ဒရယူရေးကို ဟန့်တားပိတ်ပင်လိုက်ခြင်း
(သို့မဟုတ်)  ပူးပေါင်းကော်မတီ၏ သတင်းထုတ်ပြန်ချက် (၁/၂၀၁၃)
တူမောင်ညို  (၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်)
အောက်တိုဘာလ ၃ ရက်နေ့စွဲဖြင့် (ဗိုလ်) ဦးရွှေမန်း၏ “ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လသုံးသပ်ရေး ပူးပေါင်းကော်မတီ” မှ သတင်းထုတ်ပြန်ချက် (၁/၂၀၁၃ ) ထုတ်ပြန်လာသည်။ တကယ်တော့ “သတင်းထုတ်ပြန်ချက်” အသွင်ဆောင်ထားသည့် တားမြစ်ချက် တစ်ခုသာဖြစ်သည်။
 အနှစ်သာရမှာ “၂၀၀၈ အခြေခံဥပဒေပြင်ရေးဆင်ရေး (သို့မဟုတ်) အသစ်ရေးဆွဲရေးအတွက် ပြည်သူ့ဆန္ဒရယူရေး” ဟူသည့် ဒီချုပ်ပါတီ၏ စည်းရုံးလှုပ်ရှားမှုကို ကြံရွယ်ချက်ရှိရှိ ဟန့်တား၊ ပိတ်ပင်၊ ကန့်သတ်လိုက်ခြင်းဖြစ်သည်။
ဤအချက်ကို ဥပဒေကျွမ်းဝင်သူအများစုပါဝင်နေသော ဒီချုပ် “ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကော်မတီ” သည် ကောင်းစွာ သဘောပေါက်ပါလိမ့်မည်။
           အဓိကအားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများညှိနှိုင်းဆွေးနွေးပြီးထုတ်ပြန်ခဲ့သော “ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကော်မတီ”၏ ကြေညာချက် (၀၂/၀၉/၂၀၁၃)တွင်ပါရှိသော အချက်အမှတ် (၇/၈/၉) တို့ကို (ဗိုလ်)ဦးရွှေမန်း “ပူးပေါင်း ကော်မတီ” သတင်းထုတ်ပြန်ချက် (၁/၂၀၁၃) တွင်ပါရှိသောအချက် (၃) ဖြင့် ဟန့်တား၊ ပိတ်ပင်၊ ကန့်သတ်လိုက်ခြင်းဖြစ်သည်။
တစ်ချိန်က (နဝတ) စစ်အစိုးရ ထုတ်ပြန်ခဲ့ပြီး (မကြာမီကပယ်ဖျက်ခဲ့သော) “ ဥပဒေအမှတ် (၅/၉၆)” ကို သတိရစရာပင်။
          ယနေ့ဒီချုပ် ရပ်တည်မှုနှင့်ပတ်သက်ပြီး “ဒီလှိုင်းစာစောင်” တစ်ခုတွင် ဆောင်းပါးရှင်တစ်ဦးက (ဒီချုပ်)ပါတီမှတ်ပုံ ၂ ခါတင်ခဲ့ရ သည့် ဖြစ်ရပ်ကို  “တစ်သက်မှာ နှစ်ဘဝ” ဟူ၍ ရေးသားထားတာဖတ်ရဖူးသည်။
 “တစ်သက်မှာ နှစ်ဘဝ၊  ဝိဉာဉ်က နှစ်မျိုး” ဟု ကျနော်က ဖြည့်စွက်လိုပါသည်။ ကျနော်ဆိုလိုသည့်ဝိဉာဉ်မှာ“နိုင်ငံရေးဝိဉာဉ်” ဖြစ်ပါသည်။ ထိုနိုင်ငံရေးဝိဉာဉ် နှစ်မျိုးကလည်း တစ်ဘဝနှင့်တစ်ဘဝ မတူညီပဲ ကွဲပြားခြားနားလှပါသည်။
 ဒီချုပ်အတွက် ယခုဘဝဝိဉာဉ်သည် “၂၀၀၈ အခြေခံဥပဒေ” ကို “လေးစားလိုက်နာပါမည်”ဟု သစ္စာဆိုထားရသည့် ဝိဉာဉ်ဖြစ် ပါသည်။ “မကျွတ်မလွတ်လပ်သောဝိဉာဉ်”၊“ထူးခတ်ခံထားရသောဝိဉာဉ်” ဟု ခေါ်ရမည်ဟုထင်ပါသည်။
 တစ်ချိန်တစ်ခါက ဒီချုပ်၏သည် ဝိဉာဉ် “လွတ်လပ်တက်ကြွသောဝိဉာဉ်” ၊ “မတရားမှုကို ဆန့်ကျင်၊ အာခံဝံ့သည့်ဝိဉာဉ်” ဖြစ် ပါသည်။ ယနေ့ကာလတွင် ဒီချုပ်၏ ဒုတိယဘဝခန္ဓာကိုယ်အတ္တဘောကြီးအတွက် လိုအပ်နေသည့် ဝိဉာဉ်မှာ “လွတ်လပ်တက်ကြွ သော ဝိဉာဉ်” ၊“မတရားမှုကိုဆန့်ကျင်၊ အာခံဝံ့သည့်ဝိဉာဉ်”သာဖြစ်သည်။ ထိုဝိဉာဉ်ဖြင့်သာ ထိုင်းမှိုင်းနေသောယနေ့ (ဥမင်လှိုဏ်ခေါင်းထဲက) အခြေအနေ ကို ဒီချုပ်သည် ဖောက်ထွက်၊ လွတ်မြောက်နိုင်လိမ့်မည်ဖြစ်ပါသည်။
(ဗိုလ်) ဦးရွှေမန်း “ပူးပေါင်းကော်မတီ” ၏ သတင်းထုတ်ပြန်ချက်သည် လူထုဆန္ဒကို မဖော်ထုတ်နိုင်ရန်/ မရယူနိုင်ရန်  တမင် ဟန့်တား၊ နှောင့်ယှက်ခြင်းဖြစ်သည်။ ဤသည်မှာ ဒီချုပ်ဥက္ကဋ္ဌ ပြောနေသည့် “အကျပ်အတည်းကနေ ဖောက်ထွက်ဖို့ပြင်တာဖြစ်တယ်” ဆိုသည့် ကြိုးပမ်းချက်ကို ဟန့်တားပိတ်ပင်နေခြင်းလည်းဖြစ်ပါသည်။
 အကျပ်အတည်းကဖောက်ထွက်မရအောင် လက်ရှိအုပ်စိုးသူများက ထိပ်တိုက်ရင်ဆိုင် တားမြစ်ဟန့်တားနေခြင်းလည်း ဖြစ်ပါ သည်။ ခေါင်းငုံ့၊ သည်းခံနေလျှင် မသင့်ပါ။
တရားဥပဒေစိုးမိုးရေးဆိုသည်မှာ လူမျိုးပေါင်းစုံပြည်သူများ၏ အကျိုးစီးပွားကို ထိထိရောက် ကာကွယ်ပေးနိုင်သည့် တရား ဥပဒေမျိုးသာစိုးမိုးဖို့ဖြစ်ပါသည်။ အများပြည်သူသဘောမတူသည့် မတရားသည့်ဥပဒေများစိုးမိုးနေခြင်းကို စိတ်ရှည်၊ သည်းခံ၊ ခွင့်လွှတ် နေ၍မဖြစ်နိုင်ပါ။ အာခံ၊ ဆန့်ကျင်၊ ပယ်ဖျက်ပစ်ရပါမည်။
          အများပြည်သူသဘောမတူသည့် ဥပဒေကို ပြည်သူ့စွမ်းပကားဖြင့်သာ ကျော်လွှား၊ ပယ်ဖျက်၊ ရုပ်သိမ်းနိုင်ပါလိမ့်မည်။ အများ ပြည်သူသဘောတူကြည်ဖြူသည့် တရားဥပဒေများကိုသာရေးဆွဲ ပြဋ္ဌာန်းကြရမည်ဖြစ်ပါသည်။
          ယခုအခါ(ဗိုလ်)ဦးရွှေမန်း“ပူးပေါင်းကော်မတီ” အနေဖြင့် ပွဲဦးထွက် ဟန့်တားလိုက်ပြခြင်းဖြစ်သည်။ “ပူးပေါင်းကော်မတီ” ၏ ဟန့်တားမှုကိုမနာခံလျှင် ပြည်ထောင်စုလွှတ်တော်ကနေဟန့်တားပါလိမ့်မည်။ မရလျှင်ကြံ့ဖွံ့အစိုးရအနေဖြင့် ဟန့်တားမည့် ခြေလှမ်းများ တဆင့်ပြီးတဆင့် ဆက်လက်လှမ်းလာဖွယ်ရာရှိပါသည်။
      (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရနှင့် ကြံ့ဖွံ့လွှတ်တော်တို့ ကြောက်ရွှံ့ထိတ်လန့်နေသည်မှာ ဖော်ထုတ်၊ ပေါ်ထွက်လာမည့် “ပြည်သူ့ ဆန္ဒ”ဖြစ်ပါသည်။ ပြည်သူ့ဆန္ဒမှာ စစ်မှန်သော ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးဖြစ်ပါသည်။
          သို့ပါ၍ အဖက်ဖက်က အကွက်ချလက်ဦးမှုယူထားသော “ကြံ့ဖွံ့ပါတီနှင့်ပူးပေါင်းကော်မတီ”တို့၏ လွှတ်တော်တွင်း/ လွှတ်တော် ပြင်ပပိတ်ဆို့၊ ကန့်သတ်၊ တားမြစ်မှုများကို ဒီချုပ်ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီသည် မည်သည့်နည်းလမ်းဖြင့် ရင်ဆိုင်ကျော်ဖြတ်ကြမည် နည်း။
ညွန်း –  ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးရေးပူးပေါင်းကော်မတီ၊ သတင်းထုတ်ပြန်ချက် (၁/၂၀၁၃ ) မြန်မာ့အလင်းသတင်းစာ၊ ၂၀၁၃ခုနှစ်၊ အောက်တို ဘာလ ၄ ရက်၊


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts