ခေါင်းဆောင်မှု ရတနာသုံးပါးနဲ့ ကာလကျပ်ကြီး လေးဖြတ်
ကိုရာဇာ၊ အောက်တိုဘာ ၅၊ ၂၀၁၃
ကျနော်တို့ပြည်သူ့ပါတီNLD နှစ်ဆယ့်ငါးနှစ်သားဖြစ်ပြီဗျာ။ ဒီနှစ်ဆယ့်ငါးနှစ်သား ထွားကြိုင်းလာရဲ့လား၊ တည်ငြိမ်ပြေပြစ်လာသလား ဆ၀ါးရင် ကျနော်မပြောတတ်ဘူး။ ကျနော်ဆိုတဲ့ကောင်က ဝေလေလေသမား၊ နိုင်ငံရေး ဂန်ပါး လေဗျာ။ တကယ့်နိုင်ငံရေးသမားတစ်ယောက်လိုတော့ မသုံးသပ်၊ မဆုံးဖြတ်တတ်ဘူး။ သူများလိုလည်း မလျင် လှပါဘူးဗျာ၊ ချက်ဆို နားခွက်မီးတောက် နိုင်ငံရေးသမားလည်းမဟုတ်တော့ ခေါင်းဆောင်ကြီးတွေ ဘယ်လိုမြန်း နေလဲ၊ ဘယ်လိုဆန်းနေလဲ မသိ။
အချို့များဆို အတော်လျင် အတော်ရှင်တယ်ပြောရမယ်။ မိခင်ကြီးကောင်းကင်ခရီးကို လိုက်နိုင်တယ်ဗျာ။ ကောင်းကင်ခရီးဆိုတာ မိခင်ကြီးသွားနေတဲ့ အမြင့်စား (Higher Politics) ကို ပြောတာမဟုတ်ဘူး။မိခင်ကြီး နိုင်ငံရပ် ခြားသွားသလို သွားကြသဗျာ။ ကက်ပစတီ(Capacity) တွေဖြည့်ကြသဗျာ။ ကောင်းလေစွ၊ သာဓုခေါ်သံ တိုင်းပြည် မှာ ညံရလိမ့်မယ်။ ဘယ့်နှယ် ပါတီ နှစ်ဆယ့်ငါးနှစ်သားမှာမှ အာဏာစကားကို လူပျိုလှည့်နိုင်ယုံ ရှိသေးတာကိုး၊ လိုအပ်တာပေါ့၊ ပညာတတ်တွေ။ ကျနော်တို့လို နိုင်ငံရေးဂန်ပါး တွင်းတူးမိုက်နေတဲ့ကောင်တွေအဖို့တော့ ရခိုင်ကိစ္စ လက်ပတောင်း၊ မိထ္တီလာ၊ ပဲခူးအနောက်ခြမ်း အကုန်ပါတာပေါ့။ အများလို ကောင်းကင်ခရီးလှမ်းဖို့မြန်းဖို့ မပြောနဲ့ တွင်းတူးမိုက်နေတာများ နောက်ထပ်နည်းနည်းပါးပါး ကိစ္စရပ်များရှိရင်တော့ ဒေ၀ဒတ်အဖော်လုပ်ရုံ ကျန်တာပေါ့။
မင်းနှယ် … လူရာ သူရာ မ၀င် နိုင်ငံရေးသမား လူ့ဂန်ပါး အဖြစ်ခံရလား … ဆိုတော့…. ဟုတ်တာပေါ့… လုပ်မှာပေါ့ ကျနော်တို့ခေါင်းဆောင်မှုအားက တကယ့်ရတနာသုံးပါး ကိုးဗျ။ နာမည်ကြားရုံ ကြက်သီးတဖြန်းဖြန်းထလောက် တဲ့ ခေါင်းဆောင်တွေဗျ။ သူတို့နာမည်တွေ မသိသေးရင်မှတ်အုံး။ ဦးတင်ဦး … တဲ့။ ကာကွယ်ရေးဦးစီးချုပ်ဟောင်း တပ်မတော်သားများရဲ့ အမည်မော်ကွန်းထိုးရင် သူက တစ်ပါး။ ဦးဝင်းတင် … တဲ့။ သတင်းစာဆရာကြီးဗျ။ အမြဲလိုပြော နေကျ စကားက ကျနော်နိုင်ငံရေးသမားမဟုတ်ဘူး … တဲ့။ ဒေါ်အောင်ဆန်းစုကြည် … တဲ့။ သိရဲ့နော်…။ မှတ်မိရဲ့နော် … သေချာ ရေရာ ရဲ့နော်….။ အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး၊ တပ်မတော်ဖခင်ကြီး၊ အဖိုးဦးအောင်ဆန်း၊ သမီး လူထုခေါင်းဆောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်ခေါ်သဗျ။
ဘ၀မှာ အိပ်မက်တောင်မမက်ဖူးဘူး။ ဒီခေါင်းဆောင်ကြီးတွေ နောက်လိုက်ဖြစ်ရမယ်လို့။ အခု ဘယ့်ကလောက် နေပျော်သလဲ၊ သေပျော်သလဲ၊ ဒီခေါင်းဆောင်ကြီးတွေဦးဆောင်မှုနဲ့ ဒီမိုကရေစီခရီး နှင်နေရတာ။ အဲ့သလို ခံယူထားတယ်ဗျာ။
ဒီခေါင်းဆောင် သုံးပါးရတနာနဲ့ တင်စားထားလို့ အခြားခေါင်းဆောင်များကို မစော်ကားပါဘူး။ ကျနော် တို့ပါတီက အဆင့်ဆင့်တာဝန်ရှိသူတွေဟာ ကိုယ်ကျရာကို တာဝန် ရဲရဲယူရဲ၊ တာဝန်ခံရဲသူတွေချည်းပါပဲ။ ကျနော် အမည်သညာထုတ်ဖော်မပြောလည်း သိကြမှာမို့ အဖြစ်ပျက်ကလေးတွေပဲ ပြောမယ်ဗျာ။ ကျနော့် ကိုယ်ပိုင်အယူအဆအရ ပါတီရဲ့အခက်ခဲဆုံး အကျပ်တည်းဆုံး ဆုံးဖြတ်ချက် လေးရပ်ကို ပြောချင်တယ်။ (သဘောမတူရင်တော့လည်း ကိုယ့်အယူအတိုင်းပဲ ရှိပါလိမ့်မယ်)
ပထမကာလ ကျပ်ကြီးက ၁/၉၀ ဆိုတာကြီး။ အားလုံးသိကြားပြီးသား ရှစ်ဆယ့်ရှစ်အရေးတော်ပုံ နောက်ဆက်တွဲ ၁၉၉၀ ရွေးကောက်ပွဲပေါ့။ နိုင်ပြီလေ… NLD … သောင်ပြိုကမ်းပြိုနိုင်ပြီ။ ညစ်ပြီ … အာဏာရှင်တွေကလည်း ညစ်ပြီ။ အာဏာရှင်တောင် ရိုးရိုးအာဏာရှင်မဟုတ်၊ အညစ်တကာ့အညစ်ဆုံး စစ်အာဏာရှင်တွေပေါ့။ ရွေးကောက်ပွဲပြီး မျှော်မှန်းသလိုဖြစ်မလာတဲ့ စစ်အာဏာရှင်တစ်စုက သြဇာပေးလာတယ်ဗျ။ ဒီရွေးကောက်ပွဲဟာ အာဏာလွှဲပြောင်းရေး မဟုတ်ဘူး။ ဥပဒေပြုရေးသာဖြစ်တယ်။ အမျိုးသားညီလာခံအစ ၁/၉၀ က ပြောပါတော့။ ဒီတော့ ညီလာခံတစ်ရပ် ခေါ်ယူမယ်၊ အခြေခံဥပဒေရေးဆွဲမယ်၊ ဒါကိုသဘောတူတယ်ဆိုရင်တော့ လက်မှတ်ထိုးရမယ် … မဟုတ်ရင် ပါတီဖျက်မယ်။ နိုင်ငံရေးအရ လှိုင်းကြီးလေထန်ကာလမှာ ဘယ်လိုဆုံးဖြတ်မှာလဲ … မဟုတ်ရင် အကုန် အကွဲကွဲအပြားပြားဖြစ် ကုန်မယ်။ ကဲ … ဒီတော့ အဲ့ဒီစဉ်က တာဝန်ရှိသူတွေ သွေးမျက်ရည်အကျခံပြီး ၂၇ ဇူလိုင် ၁၉၉၀ နေ့မှာ ပါတီတည်မြဲရေး လက်မှတ်ထိုးလိုက်ရတယ်ဗျာ။ ကြေကွဲစရာလား မေး…၊ မဟုတ်ရေးချ မဟုတ်။ ဒါပေမယ့် စစ်အာဏာအစုတ်အပြတ်တော့ အာဏာတည်ပြီပေါ့ဗျာ။
ဒုတိယကာလ ဆုံးဖြတ်ရသူတို့အဖို့ အကျပ်ဆုံး အတည်းဆုံးအခက်ခဲဆုံးလို့ တောင်ပြောနိုင်မယ်ထင်ရဲ့။ စစ်မိုက်ဇာတ်နဲ့ တိုက်ကွက်ထပ်ဖော် အသားကုန်ဆော်တာဗျာ။ ဘာတဲ့…၊ ဘယ်လိုတဲ့…၊ ထောင်ကျနေသူများ တည်ဆဲ ဥပဒေအရ နေအိမ်အကျယ်ချုပ်ကျသူများ ပါတီက ထုတ်စေ။ မထုတ် … ပါတီဖျက်မယ်တဲ့။ အတော်ချစ်စရာကောင်းတဲ့ စစ်အာဏာဟောင်းကောင်တွေ အမိန့်ထပ်ထုတ်သဗျ။ ဒါတွေ ဘယ်သူလုပ် စစ်အာဏာရှင်တွေလုပ်ပေါ့။ ခိုင်းလို့ လုပ်တာတဲ့။ သောက်ရုပ်မပေါက်တဲ့ ထောက်ပြုတ်က ထုတ်ပြောတယ်ဗျ။ အစဉ်းအစား အဆင်အခြင်စကား တစ်ခါမှ မပြောဖူးဘူး၊ ခိုင်းလို့လုပ်တယ်ချည်း ပြောနေတယ်။ ထားပါတော့။ သူကခိုင်းလို့လုပ်တာ ဟုတ်တယ်။ ကျုပ်တို့ဖက် ကျတော့ နှိုင်းမရခေါင်းဆောင်ကြီး၊ လူထုခေါင်းဆောင်ကြီး၊ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ရမယ် … တဲ့။ ဘာလုပ်သလဲ … ။ ကျနော်တို့တာဝန်ရှိသူများကနေပြီး ၁၉၉၁ဒီဇင်ဘာလမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ၁၉၉၂ ဇန်န၀ါရီမှာ ဦးတင်ဦးတို့ ၂ ဦးစလုံးကို ကြေညာချက်နဲ့ ထုတ်ပစ်တယ်လေ။ ကွဲလိုက်ကြ၊ ပြဲလိုက်ကြ၊ စေ့မရ စပ်မရ ဖြန်ဖြေမရဗျာ။ စစ်အာဏာညစ်ကွက်မှာ ဒီမိုဘက်သားတွေ ၀ရုန်းသုန်းကား ဖြစ်သွားလိုက်တာများ။ ဒီဒဏ်ရာ ဒဏ်ချက်က ဒီနေ့ထိ နှိပ်စက်တုန်းပဲ။
ထူးခြားတာက ဒီအရေးကြီးဆုံး ဖြတ်ချက်နှစ်ရပ် ဆုံးဖြတ်ရာမှာ ကျနော်တို့လက်ရှိခေါင်းဆောင်မှု ရတနာသုံးပါးမှာ တပါးမှ မပါခဲ့ဘူး။
လာပြန်ပေါ့ နောက်တစ်ပွဲ။ ကမ္ဘာပေါ် ဟာသမြောက်ဆုံး၊ အခြေခံဥပဒေနဲ့ စစ်ရွေး ကောက်ပွဲ ၂၀၁၀ ပေါ့ဗျာ။ ဒီိတစ်ခါမှာတော့ ကျနော်တို့ခေါင်းဆောင်နှစ်ဦး ပေါ်တည်လာတယ်။ ဦးတင်ဦးနဲ့ ဦးဝင်းတင်။ ပါတီဥက္ကဌတို့ စီအီးစီ အသာထား၊ လူတွေပေါ် လွှမ်းမိုးနိုင်တဲ့၊ ခေါင်းဆောင်နှစ်ပါးကို ပြောတာ။ ဒီတစ်ခါလည်း ပါတီကလူတွေ ထောင်ကျနေတာရှိ။ ထုတ်ဖယ် နှုတ်ပယ်ရမယ် … လုပ်လာပြန်တယ်။ ရရိုးလားကွ…. ဦးတင်ဦးပဲ…. ဦးဝင်းတင်ပဲ။ ကျုပ်တို့ ခြေပြတ်ခံမယ် လက်ပြတ်ခံမယ်။ ခေါင်းတော့ လာမဖြတ်နဲ့။ ဒေါ်အောင်ဆန်းစုကြည်ကိုမထုတ်ရေးချ မ ထုတ်ပဲ။
ဒါပေမယ့်လို့ … အယင်နှစ်ခါလိုမဟုတ်ပဲ ဗဟိုဦးစီးအစည်းအဝေးကြီးခေါ်၊ ခေါင်းဆောင်စု ၁၂၀ကျော်ကနေ တညီတညွတ်တည်း ဆုံးဖြတ်တယ်။ ပါတီမှတ်ပုံမတင်နိုင်ဘူး။ မတ် ၂၉ ၊၂၀၁၀ နေ့မှာပေါ့။ ခင်ဗျားတို့ရွေးကောက်ပွဲကော်မရှင်ဆိုတာက စစ်အာဏာရှင်က ခန့်တာ။ ကျုပ်တို့ပါတီက ပြည်သူလူထုနှလုံးသားမှာ မှတ်ပုံတင်ထားတာ၊ မဖျက်နိုင်ဘူး၊ ဥပဒေအသစ်နဲ့ ညစ်လို့ ပါတီဖျက်ရင်ဖျက် … မဟုတ်ရင်တော့ လုံးဝ မပျက်စေရဘူး။
ဒီအတိုင်း ဒီသမိုင်းနဲ့ ၂၀၁၀ နိုဝင်ဘာ ၁၃ ရောက်တယ်။ ကျနော်တို့ လူထုခေါင်းဆောင် မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည် လွတ်လာတယ်။ စစ်အာဏာရှင်တွေ လူရာဝင်ချင်နေပြီ။ သူတို့ကို အရာသွင်းပေးနိုင်တာ … နာဂစ်အခြေခံဥပဒေနဲ့ အမည်ခံအရပ်သားအစိုးရ မဟုတ်ဘူးဆိုတာတော့ သူတို့သိတာပေါ့။ သိတော့ လူထုခေါင်းဆောင်ကမှတဆင့် ကမ္ဘာကိုတိုးဝင်ဖို့ ပြင်ဆင်စို့ ဆိုတာဖြစ်လာတယ်။ ညှိကြတယ်၊ နှိုင်းကြတယ်။ ၂၀၁၁ နိုဝင်ဘာ ၁၈ နေ့မှာ ဗဟိုဦးစီး အစည်းအဝေးထပ်ခေါ်တယ်။ ပါတီမှတ်ပုံတင်တယ်။ ရွေးကောက်ပွဲဝင်တယ်။
သာမာန် ဒီအတိုင်းဆို ဘာမှမခက်ဘူး … မပြောနဲ့။ ခက်လိုက်တာမှ။ ပါတီတွေခွဲကြ၊ လူတွေကွဲကြ၊ အဖွဲ့ စည်းသစ်တွေ ပေါ်လာကြ။ သူလျိုဒလန်တွေ ဖြစ်သွားကြဆိုတာတွေ အများကြီး ဆက်တိုက်ဖြစ်ကုန်တယ်။ ဒီစာစုမယ် ပြောချင်တဲ့ အဓိကအကြောင်းက မှားခြင်း မှန်ခြင်းကိစ္စ မဟုတ်ဘူး။ အဖွဲ့ချုပ်ခေါင်းဆောင်မှု အဆင့်ဆင့်တွေဟာ ကာလကိုက်ညီ ဆုံးဖြတ်ချက်တွေ ချခဲ့ရတယ်။ ဆုံးလည်းဆုံးဖြတ်ရဲ၊ တာဝန်လည်းယူရဲတယ်။ ဆိုတာ ပြောချင်တာ ရည်ရွယ်တာကလည်း နောက်နှောင်းလူငယ်တွေကို ရည်ရွယ်ရင်းစွဲဖြစ်ပါတယ်။ တချို့ပါတီဝင် ပဂေးတွေအဖို့ မိကျောင်းမင်း ရေခင်းပြတယ် မမှတ်ပါနဲ့။
NLDဟာ နိုင်ငံရေးပါတီပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ပါ။ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦးဟာ ဒေါ်အောာင်ဆန်းစုကြည်ကို ၀န်းရံထောက်ခံပေးနေသူပါ။ သတင်းစာဆရာကြီး။ ထောင် နှစ်နှစ်ဆယ် နီးနီး ကျခံခဲ့တဲ့ ဦးဝင်းတင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံနေသူပါ။ ဒီတော့ပါတီအသစ်မှာ မဖြစ်ညစ် ကျယ်တော့ မဖြစ်စေချင်ဘူးဗျာ။ ဒီနှစ်ဆယ့်ငါးနှစ်သား ထွားကြိုင်းလာအောင် ကျနော်တို့နိုင်ငံရေးရည်မှန်းချက် တွေပြည့်မီလာအောင် သုံးမရစားမရ အခြေခံဥပဒေကိုပြင်ဆင်ကြ။ ကျနော်တို့ ပါတီနှစ်ဆယ့်ငါးနှစ်သားကနေ နှစ် နှစ်ရာ့ငါးဆယ်တိုင်အောင် အဆင့်ဆင့်သော နိုင်ငံရေးသူရဲကောင်းများ မွေးမြူကြ။
ရာဇ၀င်ထဲမှာမဟုတ်၊ ဒဏ္ဍာရီထဲမှာမဟုတ်၊ လက်တွေ့ပကတိတရား၊ ခေါင်းဆောင်မှု ရတနာသုံးပါးကု ဆည်းကပ်ကြ၊ အတုယူ နမူနာယူကြ။
( အယ်ဒီတာမှတ်စု – ကိုရာဇာက သူတို့ပါတီ ၂၅ နှစ်ပြည့်အထိမ်းအမှတ် ရေးသားတဲ့ ဆောင်းပါးလို့ ဆိုပါတယ်)