ခင်မောင်အေး (ချောက်) ● တူတံဇင် အလံတော်အောက် ခရီးတခေါက်
(မိုးမခ) ဇွန် ၂၄၊ ၂၀၁၇
တူတံဇင် အလံတော်အောက်သို့ မမျှော်လင့်တဲ့ခရီးတခေါက် ရောက်ခဲ့ရပါတယ်။ မမျှော်လင့်ဘဲ ရောက်ခဲ့ရတဲ့ ဒီခရီးမှာ မမျှော်လင့်တဲ့aနရာဒေသတွေကို ရောက်ရှိခဲ့ရသလို မမျှော်လင့်တဲ့ လူပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ကြုံဆုံစည်းခဲ့ရပါတယ်။ ကိုယ်ဖတ်ဖူး မှတ်ဖူး ကြားဖူးခဲ့တဲ့ ဖြစ်စဉ်တွေ ဖြစ်ရပ်တွေဟာ အမှန်တကယ်ဖြစ်ခဲ့ကြတဲ့ဖြစ်စဉ်ဖြစ်ရပ်တွေပါလားလို့ သိမြင်ခဲ့ရပြီး ကိုယ်မသိသေးတဲ့၊ မကြား ဖူးသေးတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကလည်း မနည်းမနောပါလားလို့ ခံစားခဲ့ရတဲ့ ခရီးစဉ်တခုပါ။
ဟုတ်ပါတယ်။ ဒီခရီးစဉ်က သခင်ဘဟိန်းနှစ်တစ်ရာပြည့် အထိမ်းအမှတ်အတွက် အချက်အလက်တွေကို စုစည်း အတည်ပြု မှတ်တမ်းတင်ဖို့ ကြိုးပမ်းကြတဲ့ခရီးစဉ်တခုဖြစ်ပါတယ်။
ပထမဆုံး ရာက်ရှိသွားကြတဲ့ နေရာကတော့ ၁၃၀၀ ပြည့် ရေနံမြေသပိတ်တပ်ကြီး ခရီးတထောက် နားခို ခဲ့ကြတဲ့ မကွေးမြို့က မဲထီးကျောင်းတိုက်ကြီးဖြစ်ပါတယ်။ ၁၉၃၈ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က ချောက်မြို့မှ စတင်ချီတက်ခဲ့တဲ့ ရေနံမြေသပိတ်တပ်ကြီးဟာ ဒီဇင်ဘာလ ၄ ရက်နေ့မှာ မကွေးမြို့ကို ရောက်ရှိခဲ့ကြပြီး ဆက်လက်ချီတက်ဖို့ အခက်အခဲကြုံတွေ့ခဲ့ရတဲ့အတွက် မဲထီးကျောင်းတိုက်ကြီးမှာ နားနေခဲ့ကြရတာပါ။ ဗြိတိသျှကိုလိုနီနယ်ချဲ့သမားတွေက အလုပ်သမမားခေါင်းဆောင်တွေဖြစ်တဲ့၊ သခင်ဗတင်၊ သခင်ခင်၊ ဘေးမဲ့ဆရာတော် ဦးဝါယမသာမိ၊ ဦးဂန္ဒ၊ ဦးဇောတိက၊ ရှင်န္ဒ၊ သခင်ဖိုးလှကြီး၊ သခင်ဗမောင်၊ သခင်ဖေကြီးတို့ကို ပုဒ်မ ၁၀၇ နဲ့ မကွေးထောင်မှာ ဖမ်းဆီးချုပ်နှောင်ခဲ့ပြီး အဲဒီနေ့ည ၁၂ နာရီမှာ ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပါတယ်။ ဒါကြောင့် ရေနံမြေသပိတ်တပ်ကြီးဟာလည်း ဆက်လက်မချီ တက်နိုင်သေးဘဲ မဲထီးကျောင်းတိုက်ကြီးမှာ သောင်တင်နေခဲ့ကြတာဖြစ်ပါတယ်။
ဗြိတိသျ ကိုလိုနီနယ်ချဲ့သမားတွေကို ဆန့်ကျင်တော်လှန်တဲ့ ရေနံမြေသပိတ်တပ်ကြီး အဟန့်အတား ခံရတာကို ပြည်သူတွေက ကိုယ်နဲ့မဆိုင်သလို မနေနိုင်ကြပါဘူး။ မနေတတ်ကြပါဘူး။ ဒီဇင်ဘာလ ဂ ရက် နေ့ ည ၇ နာရီမှာတော့ ရန်ကုန်မြို့ပန်းဆိုးတန်းရှိ တို့ဗမာအစည်းအရုံး ဌာနချုပ်ရုံးခန်းမှာ အစည်းအဝေး တရပ် ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ တို့ဗမာအစည်းအရုံး ဗဟိုအလုပ်အမှုဆောင်များဖြစ်တဲ့ ထိပ်တင်ကိုယ်တော်ကြီး၊ သခင်သန်းထွန်း၊ သခင်လှဖေ၊ သခင်လှမောင်တို့အပြင်၊ ရေနံမြေသပိတ် တပ် ကြီးမှာ ဗိုလ်လုပ်ဖို့ စာရင်းပေးထားတဲ့ လူသုံးလေးယောက်နဲ့ ရေနံမြေသပိတ်တပ်ကြီးမှလာပြီး ရှင်းလင်း တင်ပြသူ တစ်ယောက်တို့ပါဝင်ကြပါတယ်။ ကျောင်းသားကိုယ်စားလှယ်များအနေနဲ့ သခင်ဘဟိန်းနဲ့ ကိုဗဆွေတို့ပါဝင် ဆွေးးနွေးခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲကြီးက မကွေးမှာရောက်ရှိနေတဲ့ သခင်ဖေသန်းနဲ့ ပူးတွဲဆောင်ရွက်ဖို့ ဗိုလ်နှစ်ယောက် အဖြစ် သခင်ထိန် ၀င်းနဲ့ သခင်စိုးတို့ကို တာဝန်ပေးလိုက်ပြီး ရေနံမြေသပိတ်လုပ်ငန်း စီမံချက်များနဲ့ ညွှန်ကြား ချက်တွေကို ပေးလိုက်ပါတယ်။ လမ်းခရီးမှာ သူတို့နှစ်ယောက် အဖမ်းခံခဲ့ရမယ်ဆိုရင် အဲ ဒီစီမံချက်နဲ့ ညွှန်ကြားချက်တွေကို သခင်ဖေသန်း လက်အရောက်ပေးနိုင်ဖို့ သခင်ဘဟိန်းနဲ့ ကိုဗဆွေတို့ကို ထပ်မံ တာဝန်ပေးလိုက်ပြီး သူတို့အနေနဲ့ ရေနံမြေသပိတ်တပ်ကြီး မကွေးမြို့မှ ထွက်ခွာသွားတဲ့အချိန်ရောက်မှ ရေနံ ချောင်းမှ ကျောင်းသားများအရေးကို သွားရောက်ဖြေရှင်းကြစေဖို့ အစီအစဉ် ဆွဲခဲ့တာပါ။
မကွေးမြို့ မဲထီးကျောင်းတိုက်ကြီးမှာ နားခိုနေကြရတဲ့ သပိတ်တပ်ကြီး ဆက်လက်ချီတက်နိုင်ရေးအတွက် အုပ်ချုပ်သူတွေ နဲ့ ညှိနှိုင်းဆောင်ရွက်နေချိန်မှာ မဲထီးကျောင်းတိုက်အပြင်မှနေပြီး ကျောင်းပတ်ဝန်းကျင် တခုလုံးကို မြင်းစီးပုလိပ်များနဲ့ ပန်ချာပုလိပ်များက ချီတက်ခြိမ်းခြောက်လာကြတဲ့အတွက် ရေနံမြေသပိတ် တပ်ကြီးမှ အလုပ်သမားထုက မကျေမနပ် ဒေါသဖြစ်နေကြပါတယ်။ ဒီအခြေအနေမှာ ရေနံမြေသပိတ် တပ်ကြီး ရန်ကုန်သို့ဆက်လက်ချီတက် နိုင်ရေးအတွက် စိတ်ဓာတ်မြှင့်တင်ပေးတဲ့အနေနဲ့ သခင်ဘဟိန်းက အလုပ်သမားထုကြီးကို တရားဟောခဲ့ပါတယ်။ ]] မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်း တောက်စေမယ်။ }} ဆိုတဲ့ဟောပြောချက်ဟာ ရေနံမြေသပိတ်တပ်ကြီးကို တပ်လှန့်လှုံ့ဆော်နိုင်ခဲ့ပြီး ရန်ကုန်ခရီးကို ဆက် လက်ချီတက်နိုင်စေခဲ့ပါတယ်။
ဗြိတိသျှကိုလိုနီ နယ်ချဲ့သမားတွေကလည်း ရေနံမြေသပိတ်တက်ကြီး ဆက်လက်မချီတက်နိုင်အောင် သပိတ်တပ်ဗိုလ်များဖြစ်ကြတဲ့ သခင်သန်းဖေ၊ သခင်ထိန်ဝင်း၊ သခင်စိုး၊ သခင်ဘဟိန်းနဲ့ ကိုဗဆွေတို့ ငါးယောက်ကို ဖမ်းဆီးချုပ်နှောင် ခြိမ်းခြောက်ခဲ့ကြပေမယ့်၊ ရေနံမြေသပိတ်တပ်ကြီးကတော့ မကွေးမြို့ မှ အောင်မြင်စွာ ထွက်ခွာသွားနိုင်ခဲ့ကြပါတော့တယ်။
ဒီအဖြစ်တွေကို ပြန်လည်တွေးတောခံစားရင်း မြန်မာနိုင်ငံရဲ့နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းမှာ အထင် ကရဖြစ်ခဲ့တဲ့ မကွေးမြို့ပေါ်က သမိုင်းဝင် မဲထီးကျောင်းတိုက်ကြီးကို မှတ်တမ်းတင်နိုင်ဖို့ ကြိုးပမ်းခဲ့ ကြပါ တယ်။ ခေတ်တွေဘယ်လိုပဲ ပြောင်းကြပါစေ။ ဒီလိုသမိုင်းဝင် အဆောက်အဦမျိုးကိုတော့ ကြီးကြီးကျယ် ကျယ် ခမ်းခမ်းနားနားမဟုတ်တောင်၊ အထိုက်အလျောက် သင့်သင့်တင့်တင့်လေး ရှိနေစေချင်တာကပြည်သူတွေရဲ့ဆန္ဒပါ။ အခုတော့ ကျနော်တို့အနေနဲ့ နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းဝင် မဲထီးကျောင်းတိုက်ကြီးကို ခက်ခက်ခဲခဲ ရှာဖွေခဲ့ရပါတယ်။ ဈေးဆိုင်တွေအကြိုအကြားမှာ မှေးမှေးမှိန်မှိန်နဲ့ တည်ရှိနေသေး
တဲ့ မဲထီးကျောင်းတိုက် မုခ်ဦးအောက်မှဝင်ခဲ့ကြရပါတယ်။ ပုလင်းခွံ၊ ပုံးခွံ၊ ဗူးခွံတွေ အကြားမှဖြတ်ပြီးမှ သမိုင်းဝင် မဲထီးကျောင်းတိုက်ဆိုတာကို တွေ့ခဲ့ရတာပါ။ မဲထီးပင်မကျောင်းတိုက်လို့ ယူဆရတဲ့ကျောင်းမှာ အချက်အလက်အချို့ကိုမှတ်တမ်းတင်ခဲ့ပြီး ခရီးဆက်ဖို့ ထွက်လာချိန်မှာ အဖွဲ့သားတဦးရဲ့ မှတ်ချက်စကား က ကျနော့်ရင်ကို လှုပ်ခတ်သွားစေခဲ့ပါတယ်။ သူရဲ့မှတ်ချက်စကားက ]] ကျုပ်တို့ရဲ့နယ်ချဲ့ဆန့်ကျင်ရေး သမိုင်းဝင် ရေနံမြေသပိတ်တပ်ကြီး နားခိုခဲ့တဲ့ မဲထီးကျောင်းတိုက်ကြီးကတော့ မကွေးမြို့ကျက်သရေဆောင် ဘော်တယ်ဌာနချုပ် ဖြစ်နေပါပေါ့လား။ }} တဲ့။ ဒီမှတ်ချက်စကားကို မကျေမနပ်နဲ့ပဲ၊ ၁၃၀၀ ပြည့် ရေနံမြေ သပိတ်ကြီးစတင်ရာ ချောက်မြို့သို့ ကျနော်တို့ ခရီးဆက်ခဲ့ကြပါတယ်။
ချောက်မြို့။ ဒီမြို့လေးက မြန်မာနိုင်ငံအလယ်ပိုင်း ( အပူပိုင်းဒေသ ) မှ ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေး အောက်မှာ၊ အဲဒီအုပ်ချုပ်ရေးကို ပထမဆုံးစတင်ဆန့်ကျင်ခဲ့တဲ့ ( နယ်ချဲ့ဆန့်ကျင်ရေးကို ပြောင်ပြောင် တင်းတင်း ဆန့်ကျင်ခဲ့တဲ့ဲ့) မြို့လေးပါပဲ။ ဒီမြို့လေးမှာရှိတဲ့ အဖိနှိပ်ခံ အလုပ်သမားထုတရပ်လုံးက စတင် တော်လှန်ခဲ့ကြတဲ့မြို့လေးပါ။ အဲဒီမြို့လေးက အလုပ်သမားထုကြီးဟာ ဗြိတိသျှကိုလိုနီနယ်ချဲ့သမားတွေရဲ့ ဖိနှိပ်သွေးစုပ်မှုကို အစောဆုံးနဲ့ အချိန်အကြာဆုံးခံခဲ့ရတဲ့ အလုပ်သမားတွေဖြစ်ကြတဲ့အတွက် ၁၉၃၈ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့မှာ စုဝေးဆွေးနွေးခဲ့ကြပြီး ၃၀ ရက် ဗုဒ္ဓဟူးနေ့နံက် ၆း၀၀ နာရီမှာ ရေနံမြေ အလုပ်သမားထုကြီးရဲ့ဖိနှိပ်သွေးအစုပ်ခံ ဘဝတွေကို ဖော်ထုတ်ပြသနိုင်ဖို့ ၁၃၀၀ ပြည့်ရေနံမြေသပိတ်တပ် ကြီးအဖြစ် ရန်ကုန်မြို့သို့ ချီတက်ခဲ့ကြခြင်းဖြစ်ပါတယ်။
ဒီလိုသမိုင်းဝင်ဖြစ်ရပ်တွေကိုတွေးတောရင်း ကိုယ့်ရပ်ကိုယ့်မြေမှာရှိတဲ့ တူတံဇင်ကျောက်တိုင်၊ သခင်ဖိုးလှကြီး ရုပ်ထုနဲ့ တူတံဇင်အလံတော်အောက်ကို ပြန်ရောက်ခိုက်မှာ ကျနော်ပထမဆုံးခံစားလိုက်မိတာက တက္ကသိုလ် မြတ်လေးရဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံ သီချင်းပါပဲ။
၁၃၀၀ ပြည့်နှစ် အရေးတော်ပုံ ___ ဘာကြောင့်မို့ ___ ဖြစ်ရတာလဲ __ လို့ __ ပြန်လည်ဆန်းစစ်တော့ မကုန် ___ ပြည်သူတစ်ရပ်လုံး စီးပွါးပျက်ကပ်နဲ့ကြုံ ___ ၁၉၂၀ ပြည့်နှစ်က __ အမျိုးသားကောလိပ် __ တောင်းဆိုလာပုံ ___ တို့ကျောင်းသားများရဲ့ ___ ( ဇွဲသတ္တိဂုဏ် )၂ ____ ၃၁ ခုနှစ် __ လာပြန်ပြီတစ်ဖုံ __ လယ်သမားအရေးတော်ပုံ ___ ( တို့ ဆရာစံသူပုန် )၂ ____ ၃၅ခု __ ၃၆ခုနှစ်ကြုံ ___ဗမာပြည် အနှံ့အပြား ___ သမဂ္ဂတွေ ထူထောင်ပုံ ___ ၁၉၃၈ခုနှစ် တိုက်ပွဲကာလကြုံ ____ အလုပ်သမား__ လယ်သမား __ ကျောင်းသားများနဲ့အစုံ ____ ဟောလာပြီ __ ဟောလာပြီ __ အတိတ်အောင်ပွဲ ___ဇာတ်ခုံ ____
ဒီကနေ့ဒီအချိန်မှာတော့ ဘယ်လိုအသွင်သဏ္ဍာန်တွေနဲ့ပဲ အုပ်ချုပ်နေကြသည်ဖြစ်ပါစေ၊ မြန်မာတနိုင်ငံလုံးမှာ အလုပ်သမားလယ်သမားလူတန်းစားတွေကို ကိုယ်စားပြုတဲ့ ]] တူတံဇင် အမှတ်အသား နဲ့ ကျောက်တိုင်တည်ရှိနေနိုင်တာဟာ ချောက်မြို့လေးပါ။ ဒါတင်မကသေးပါဘူး။ တူတံဇင်အလံတော်အောက်မှ အလုပ်သမားခေါင်းဆောင် သခင်ဖိုးလှကြီးရဲ့ရုပ်ထုကလည်း ချောက်မြို့အတွက် ဂုဏ်ယူစရာ အမှတ်တရတခုပါပဲ။
အဲဒီသခင်ဖိုးလှကြီးရုပ်ထု၊ တူတံဇင်အမှတ်လက္ခဏာပါတဲ့အလုပ်သမားကျောက်တိုင်နဲ့ကျောက်တိုင်ထိပ်က တူတံဇင်အလံတော်အောက်မှာဓာတ်ပုံရိုက်ရင်း ကျနော့်အနေနဲ့ ခံစားချက်တခုဖြစ်ပေါ်လာခဲ့ရပါတယ်။ ဒါကတော့ ]] အလုပ်သမားနဲ့ လယ်သမား လူတန်းစားတွေ ရှိနေသမျှတော့ တူတံဇင်အလံတော်ဟာ ဆက်လက်လွင့်ပျံ နေမှာပါပဲ။ }} ဟူ၍ပင် ဖြစ်ပါတော့တယ်။
ဒီတော့၊ သခင်ဖိုးလှကြီးရုပ်ထု၊ တူတံဇင်ပါတဲ့ အလုပ်သမားကျောက်တိုင်နဲ့ တဖျပ်ဖျပ်လွင့်ပျံနေတဲ့ တူတံဇင်အလံတော်အောက်မှာ ၁၃၀၀ ပြည့်အရေးတော်ပုံသီချင်းကို ပြန်လည်တမ်းတလို့မဆုံး နိုင်တော့ ပါဘူး။ ဒီသီချင်းရဲ့ အပိုဒ်တိုင်းအပိုဒ်တိုင်းဟာ နယ်ချဲ့လက်အောက်ခံ ကျနော်တို့ပြည်သူတွေဖြစ်တဲ့ အလုပ် သမား၊ လယ်သမား၊ ကျောင်းသားတွေရဲ့ခုခံဆန့်ကျင်မှု ပကတိအခြေ အနေတွေကို ထင်ဟပ်ထားတာ ဖြစ်တဲ့ အတွက် ဟ ဟေ့ __ ညီညွတ်ရေးသည် __ တို့အင်အား __ စည်းလုံးရေးသည် __ တို့အင်အား __ မဟုတ်မခံ __ အပြုတ်နှံ __ တုံ့ပြန်ရန် ___ ( တို့တစ်တွေ )၂ ___ ( ချီတက်ကြစို့ )၂ ___ ( ညီညာညာ )၂ ] ၂ —-နဲ့ပဲ။
ဒီခရီးက သခင်ဘဟိန်း နှစ်တစ်ရာပြည့်အထိမ်းအမှတ်ကိုရည်ရွယ်ကြိုးပမ်းတဲ့ခရီးဖြစ်တဲ့
အတွက် ချောက်ရေနံမြေ အလုပ်သမားထုကြီးရဲ့ခေတ်ဟောင်းကနေထိုင်မှု အခြေအနေနဲ့ ဒီနေ့ခေတ်နေ ထိုင်မှုအခြေအနေတွေကို နှိုင်းယှဉ်ကြည့်နိုင်ဖို့ ကြိုးပမ်းခဲ့ကြပါသေးတယ်။ ဗြိတိသျှကိုလိုနီခေတ် ရေနံမြေ သပိတ်အချိန်က အလုပ်သမားထုနေထိုင်မှု အခြေအနေနဲ့ အခုလိုကိုယ့်နိုင်ငံ ကိုယ့်အစိုးရ (ဟိုဘက်ခေတ် စစ်အုပ်ချုပ်ရေး၊ စစ်အာဏာရှင်တစ်ပိုင်း အစိုးရအုပ်ချုပ်မှု တွေအပါအဝင် ) တွေရဲ့ အုပ်ချုပ်မှုအောက်မှ အခြေအနေတွေကိုရသလောက် လေ့လာကြည့်တဲ့အခါ အလုပ်သမားတွေရဲ့နေအိမ်တွေဟာ ဒီနေ့ခေတ် ရန်ကုန်မြို့ပေါ်က ကျူးကျော်တွေကြား ရောက်နေကြသလိုမျိုးတွေ့လိုက်ရတော့ ဘယ်လိုမှတ်တမ်းတင်ရမှန်း တောင် မသိတော့ပါဘူး။ ဒါကြောင့် ကျနော်တို့အနေနဲ့ သခင်ဘဟိန်းတယောက် ဖက်ဆစ်ဆန့်ကျင်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တဲ့ ပဲခူးရိုးမ အရှေ့ခြမ်းဘက်သို့ ခရီးဆက်ခဲ့ကြပါတော့တယ်။
ဒီခရီးကတော့ ဖက်ဆစ်ဆန့်ကျင်ရေးကာလမှာ သခင်ဘဟိန်းစည်းရုံးလှုပ်ရှားခဲ့တဲ့ နယ်မြေတွေကို မှတ်တမ်းတင်နိုင်ဖို့ ပဲခူးရိုးမကိုဖြတ်ပြီး သွားကြရတဲ့ခရီးဖြစ်ပါတယ်။ ဟိုတချိန်က စိမ်းစိမ်းစိုစိုရှိလှတဲ့ ရိုးမ တောကြီးဟာ တောင်ကတုံးတွေဖြစ်နေကြပြီး ခြောက်သယောင်း ဖြစ်နေပါပြီ။ ဒီမော်တော်ကားလမ်းမကြီး ဟာ တောဖြတ်၊ တောင်ဖြတ်၊ ဘယ်လိုပဲဖြတ်ဖြတ် လမ်းဘေးဝဲယာ အတိုင်းအတာ တခုအထိ ရှင်းလင်း ကြရတာကို နားလည်နိုင်ပါတယ်။ ဒါပေမဲ့ အခုမြင်တွေ့ရတဲ့ အခြေအနေက လမ်းဘေးဝဲယာလောက်သာ မကတော့ဘဲ ဖြတ်လေးဖြတ်၊ ဖြတ်ငါးဖြတ်၊ ခရိုနီတွေစိတ်ကျေနပ်တဲ့အထိ အထပ်ထပ်ဖြတ်ခဲ့ကြတဲ့ တတောလုံး၊ တတောင်လုံး၊ တောင်ကတုံးတွေကိုသာ ကျော်ဖြတ်ခဲ့ရတော့ ဘယ်သူ့သီချင်းမှန်းမမှတ်မိတဲ့ သီချင်းတစ်ပိုဒ်က ကျနော့်အတွေးပုံရိပ်ထဲမှာ ထင်ဟတ်လာခဲ့ပါတယ်။ ]] အချစ်ကဖောက်ပြန်၊ စနစ်က ဖောက်ပြန်။ }} ဆိုတာလေးကိုတွေးမိရင်း အားလုံးက ဖောက်ပြန်နေကြတာပါလားလို့ ခံစားလိုက်ရပါတော့တယ်။
ပဲခူးရိုးမ တောင်ကတုံးတွေကို ကျော်ဖြတ်ပြီး ဖက်ဆစ်ဆန့်ကျင်ရေး ကာလအတွင်းက သခင်ဘဟိန်း လှုပ် ရှားခဲ့တဲ့နယ်မြေတွေကို ရောက်ခဲ့ကြပါတယ်။ ဒီခရီးတခုလုံးကို ဖြူးမြို့မှရဲဘော်အောင်ချစ်က ပါဝင်ကူညီ ပေးခဲ့ တာဖြစ်ပါတယ်။ ပထမဆုံး မှတ်တမ်းတင်နိုင်ခဲ့တာကတော့ ပဲခူးရိုးမတောင်ခြေက ဆင်ပချပ် ဆိုတဲ့ ရွာလေးပါပဲ။ ဒီရွာဟာ ပဲခူးရိုးမတောင်ပေါ်က မြေပြန့်ကိုဆင်းရင် ပထမဆုံးစတည်းချရတဲ့ အခြေခံရွာလေး ဖြစ်ပါတယ်။ ဒီရွာလေးကမှတဆင့် ပဲခူးရိုးမ အရှေ့ခြမ်းကရွာတွေကိုဆင်းခဲ့ကြတာပါ။ အခုတော့ ရွာလို့ တောင်မပြောနိုင်တော့ပဲ တဲအိမ်လေးသုံးလေးလုံးလောက်သာ ရှိတော့တာကို တွေ့မြင် မှတ်တမ်းတင်ခဲ့ရ ပါတယ်။
ဒုတိယမှတ်တမ်းတင်နိုင်ခဲ့တာကတော့ ပဲခူးရိုးမက အစပြုခဲ့တဲ့ ဇဟားချောင်းပါပဲ။ ဒီချောင်းဟာ ဖက် ဆစ်ဆန့်ကျင်ရေးနဲ့ ဖဆဆိုရှယ်တွေကိုတော်လှန်ခဲ့တဲ့သမိုင်းတလျှောက်လုံးကို မှတ်တမ်းတင်ခဲ့တဲ့ ချောင်း လေး ဖြစ်ပါတယ်။ သခင်ဘဟိန်းအနေနဲ့ ဖက်ဆစ်ဆန့်ကျင်ရေးအတွက် ဒီဇဟားချောင်းဝဲယာက ရွာတွေကို စည်းရုံးလှုပ်ရှားခဲ့ရတာဖြစ်ပါတယ်။ အဲဒီဇဟားချောင်းရဲ့လွမ်းမောဖွယ်ကောင်းလှတဲ့ချောင်းဘေးတနေရာက ဆင်ခြေလျှောကုန်းမြေပေါ်မှာ သစ်ပင်တစ်ပင်ထဲ ထီးထီးကြီးပေါက်နေတာကိုတွေ့ရပြီး ဘေးပတ်လည်မှာ ယာမြေသဖွယ် ဖြစ်နေပါတယ်။ အဲဒီနေရာလေးကတော့ သမိုင်းဝင်ဖြစ်တဲ့ ရိုးမအရှေ့ခြမ်းက ရွာတွေစုစည်း ပြီး ကွန်မြူနစ်ဈေး ဖွင့်လှစ်ခဲ့တဲ့နေရာလေးပါပဲ။ ဒီလိုကွန်မြူနစ်ဈေးဆုတာကို စာထဲမှာသာဖတ်ရှုခဲ့ဖူးပြီး ဒီနေရာဟောင်းလေးကို အခုလိုကိုယ်တိုင်ကိုယ်ကျ ရောက်ရှိမြင်တွေ့လိုက်ရတော့ မဖော်ပြနိုင်လောက်အောင် ကြည်နူးဝမ်းသာခဲ့ရပါတယ်။ ဒီဝမ်းသာကြည်နူးမှုနဲ့အတူ ဆက်လက်ခံစား မိတာက ပြည်တွင်းတော်လှန်ရေး ကာလ သမိုင်းတလျှောက်မှာလည်း ဥက္ကဋ္ဌကြီးသခင်ဇင်ကျဆုံးခဲ့ရတဲ့အဖြစ်၊ ကျနော်တို့ရဲ့ ညီမလေးကို ဒီဇဟားချောင်း ဘေးမှာမွေးဖွားခဲ့ရပြီး ဇဟားချောင်းကိုအမှတ်သညာပြုတဲ့မဟားရယ်လို့ အမည်နာမပေးခဲ့တဲ့ အဖြစ်တွေဟာ ဒီဇဟားချောင်းလေးကို သက်သေတည်ခဲ့တဲ့ ဖြစ်ရပ်တွေပါပဲ။
သခင်ဘဟိန်း စည်းရုံးလှုပ်ရှားခဲ့တဲ့ပဲခူးရိုးမ အရှေ့ခြမ်းကရွာတွေကို တိတိပပမှတ်တမ်းမတင်နိုင်ခဲ့ပေမယ့် ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးသင်တန်းတွေဟောပြောပို့ချခဲ့တဲ့ ဖြူးမြို့ပေါ်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန (ခေတ်ဟောင်း စိုက်ပျိုးခြင်းဌာန ) နဲ့ သခင်ဘဟိန်း နေထိုင်ခဲ့တဲ့အိမ်ကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒါကလည်း အသက် ၉၁ နှစ်ရှိပြီးဖြစ်တဲ့ ရှေ့မီနာက်မီ တော်လှန်ရေးရဲဘော်ကြီး ဗိုလ်ဝင်းနိုင်ရဲ့ကူညီမှုနဲ့ မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။ ရဲဘော်ကြီးဗိုလ်ဝင်းနိုင်ဟာ သခင်ဘဟိန်းရဲ့ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာပါဝင်ခဲ့ပြီး ပြည်တွင်းလက်နက်ကိုင်တော်လှန်ရေးကာလမှာလည်း ဗိုလ်ဖိုးကွန်းတို့ရဲ့ ပြည်သူ့ ရဲဘော်အဖြစ် ပါဝင်ခဲ့ပါတယ်။ သူဟာ ဒုတိယအဆင့် မော်ကွန်းဝင်ပုဂ္ဂိုလ်ကြီးပါ။ သူက သူ့ဘဝနဲ့ ပတ်သက်ပြီး၊]] ကျုပ်ကို မော်ကွန်းဝင် ဒုတိယအဆင့်ဆိုပြီး အထင်မကြီးကြပါနဲ့ဗျာ။ နိုင်ငံတော်အနေနဲ့ ထိုက်သင့်တဲ့ အသိအမှတ်ပြုမှုနဲ့ ထောက်ပံ့မှုတစုံတရာတော့ ရှိသင့်တယ်မဟုတ်လား။ ကျုပ်တို့ကို ဆိုက ရေးတီးပြိုင်ပွဲဝင်တွေလောက်တောင် တန်ဖိုးထားကြတာမဟုတ်ဘူးဗျ။ အခံရအခက်ဆုံးကတော့ နှစ်သီးစား သုံးသီးစားတွေနဲ့ ပင်စင်ထောက်ပံ့ကြေးတနင့်တပိုးခံစားနေကြတဲ့ပုဂ္ဂိုလ်တွေကို မြင်တွေ့နေရတာကိုပေါ့ ဗျာ။}} ဆိုတဲ့မကျေနပ်ချက်အချို့ကို ထုတ်ဖော်ငြီးငြူခဲ့တာကို ကြားခဲ့ရပါတယ်။ ဘယ်လိုပဲ မကျေနပ်ချက် တွေ ရှိနေပါစေ၊ အသက်အရွယ် ၉၁ နှစ်ရှိပြီဖြစ်ပေမယ့် ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ အမျိုးသား လွတ်မြောက် ရေး စိတ်ဓာတ်တွေကတော့ ရှင်သန်ဆဲပဲဆိုတာကို တွေ့မြင်ခဲ့ရပါတယ်။
ရဲဘော်ကြီးဗိုလ်ဝင်းနိုင်က သခင်ဘဟိန်းနှစ်တစ်ရာပြည့်အထိမ်းအမှတ် အချက်အလက်တွေ ပြန်လည် မှတ်တမ်းတင်ဖို့ကြိုးပမ်းနေကြတဲ့ ကျနော်တို့ကို စိတ်ချယုံကြည်သွားတဲ့အချိန်မှာ ဖော်ပြခဲ့တဲ့အချက်တွေကို အားပါးတရ ပြန်လည်ပြောကြားခဲ့တာဖြစ်ပြီး ကျနော်တို့အနေနဲ့အဆင်ပြေပြေ မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါ တယ်။ သခင်ဘဟိန်းလှုပ်ရှားခဲ့တဲ့ဝကြီးအရှေ့ခြမ်းမှာ မှတ်တမ်းတင်ရမယ့်အချက်တွေပြည့်စုံသွားတဲ့အခါ ကျနော်တို့ကို ဝဲကြီးအနောက်ခြမ်းသို့ခေါ်သွားပါတယ်။ ယိမ်းထိုးနေတဲ့ကြိုးတံတားပေါ်မှာ အသက် ကိုးဆယ်ကျော် အဘိုးကြီးက ရှေ့မှဦးဆောင်ပြီး ခေါ်သွားတာဖြစ်ပါတယ်။ အဲဒီ ဝဲကြီးအနောက်ခြမ်းမှာ သခင်ဘဟိန်းကို အနီးကပ်ပြုစုစောင့်ရှောက်ဖို့ တာဝန်ယူခဲ့ရတဲ့ ရဲဘော်ကြီးဦးမြဆိုသူ အသက်ရှစ်ဆယ် ကျော် အဘိုးကြီးတယောက်နဲ့ ကျနော်တို့ကို ဆုံပေးပါတယ်။ အဲဒီရဲဘော်ကြီးက ရှေးဖြစ်ဟောင်းများကို ပြန်လည်မြင်ယောင်မိဟန်ဖြင့် တမ်းတမ်းတတ ပြောရှာပါတယ်။ သခင်ဘဟိန်းရဲ့စားရေးသောက်ရေး၊ နေရေးထိုင်ရေးနဲ့ လုံခြုံရေးကိုပါ တာဝန်ယူလုပ်ဆောင်ခဲ့ရတဲ့အကြောင်းတွေကို ပြောပြပါတယ်။ သခင် ဘဟိန်းဟာ အဲဒီအချိန်ကတည်းက ကျန်းမာရေးမကောင်းခဲ့ပါဘူး။ ဒါပေမဲ့ ဖက်ဆစ်ဆန့်ကျင်ရေးလုပ်ငန်း တွေကို ပြင်းပြင်းထန်ထန်လုပ်ဆောင်ခဲ့ကြောင်းနဲ့ တော်ရုံခရီးဆိုရင် သူ( ဦးမြ )ကိုယ်တိုင် ကုန်းပိုးပြီး ပို့ဆောင် ပေးခဲ့ရတယ်လို့ နောက်ဆုံးအနေနဲ့ ပြောပြခဲ့ပါတယ်။
အဲဒီ ဝဲကြီးအနောက်ခြမ်းကအပြန်မှာတော့ ရဲဘော်ကြီးဗိုလ်ဝင်းနိုင်က ကျနော်တို့အဖွဲ့ကိုသူ့အိမ်သို့ခေါ် သွားခဲ့ပြီး ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ကာလအတွင်းက သခင်ဘဟိန်းပို့ချတဲ့ နိုင်ငံရေးသင်တန်းတွေမှာ အသုံးပြုခဲ့တဲ့မြန်မာလက်နှိပ်စက် အသေးအပျက်လေးကို ( တစ်ဆယ့်လေးလက်မဟုထင်ပါသည် ) ပစ္စည်း ဟောင်းဂိုဒေါင်ထဲမှထုတ်ယူပြီး သခင်ဘဟိန်းနှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ပေးအပ်ခဲ့ပါတယ်။
ကျနော်တို့ မှတ်တမ်းအဖွဲ့အနေနဲ့ ဒီလို သခင်ဘဟိန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ်လက်နှိပ်စက်လေးကို လက်ခံရယူပြီး တူတံဇင် အလံတော်အောက် ခရီးတစ်ခေါက်ကို နိဂုံးချုပ်ခဲ့ကြပါတော့တယ်။
ခင်မောင်အေး (ချောက်)
Design Credit : Democratic Party for a New Society (DPNS)