ခေတ်ပြိုင်အတွေ့အကြုံ မောင်မောင်စိုး

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၁)

မောင်မောင်စိုး ● နှင်းဆီနီနီ အိပ်မက်များ – အပိုင်း (၃၁)
(မိုးမခ) မေ ၃၁၊ ၂၀၁၇

● မင်းလတ်ရဲခေါင်၏ ဘဝနေဝင်ချိန်
မင်းလတ်ရဲခေါင်အားပို့လိုက်သည့် နေရာမှာ ဝ မြောက်ခရိုင် ခွင်းမားမြို့နယ်ရုံးသို့ဖြစ်သည်။ တရုတ်နယ်စပ်အနီးတွင်ရှိပြီး သံလွင်မြစ်နှင့် ၄ ရက် တာခရီးမျှ ဝေးကွာသည်။ ထိုစဉ်က ကားလမ်းမရှိသေး၍ လမ်းလျှောက်ရသည့် ခရီးအကွာအဝေး ဖြစ်သည်။ ထိုမြို့ နယ်ရုံးတွင် မိုင်းယန်းတိုက်ပွဲမှ စစ်သုံ့ပမ်းအဖြစ် ဖမ်းမိထားသည့် စစ်တပ်မှ အရာရှိ ၇ ဦးခန့်ရှိသည်။ အချို့ အရာရှိများကတော့ အမြောက်တပ်မှဖြစ်သည်ဟု သိရသည်။ ဖမ်းဆီးချုပ်နှောင်ထားခြင်းမျိုးတော့မဟုတ် မြို့နယ်ရုံးတွင် ထားပြီး စောင့်ကြပ်ကြည့်ရှုသည့်သဘောဖြစ်သကဲ့သို့ ခြေချုပ်သဘောမျိုးလည်းဖြစ်သည်။

ခွင်မားရောက်ပြီး ၂ နှစ်ခန့်အကြာ ၁၉၇၆ အကုန် သို့မဟုတ် ၁၉၇၇ နှစ်ဆန်းပိုင်းတွင် မင်းလတ်ရဲခေါင်သည် ထိုစစ်တပ်မှ သုံ့ပမ်းအရာရှိ ၇ ဦးနှင့်အတူ ထွက်ပြေးတော့သည်။ ထိုသို့ ထွက်ပြေးကြရာ၌ သုံ့ပမ်းများသည် အဆိုပါ မြို့နယ်ရုံးလုံခြုံရေး လျော့ပါးနေစဉ် ခွင်းမားမြို့နယ်မှူး၏ သမီးနှင့် လူနာရဲဘော်နှစ်ဦး စုစုပေါင်း ၃ ဦးအားသတ်၍ လက်နက်အချို့ပါယူ ဆောင်၍ ထွက်ပြေးကြခြင်းဖြစ်သည်။ မကြာမြင့်မီ မြို့နယ်ရုံးမှ ဝ ရဲဘော်များသိရှိပြီး မြို့နယ်တပ်နှင့် ပြည်သူစစ်များပါ လှုံ့ ဆော်ပြီး ဒေါသအမျက်ချောင်းချောင်းထွက်၍ လိုက်လံရှာဖွေခြင်းခံရပေတော့သည်။

တကယ်တော့ မင်းလတ်ရဲခေါင်သည် သုံ့ပမ်းစစ်တပ်အရာရှိများနှင့် အပြိုင်လမ်းလျှောက်နိုင်သောအရွယ်မဟုတ်တော့ပေရာ မြို့နယ်ရုံး၏ တောင်တလုံးကျော်အကွာတွင် သူတဦးထဲ အရင်အဖမ်းခံရသည်။ ကျန်သူ ၇ ဦးမှာလည်း မလွတ်နိုင်ခဲ့ပေ။ တောကျွမ်းသော ဒေသခံ ဝ ရဲဘော်များ၏ ပစ်ခတ်ဖမ်းဆီးမှုကိုခံရပြီး အားလုံးအသေရမိသည်။ မင်းလတ်ရဲခေါင်ကိုတော့ အရှင်မိလိုက်သည်။ သို့သော် သူလည်း သုတ်သင်ခံလိုက်ရသည်။ ဖမ်းမိပြီးနောက် သူအားသေဒဏ်ပေးရန် မြို့နယ်ကဘဲ ဆုံးဖြတ်လိုက်သလော။ သို့မဟုတ် ခရိုင် စစ်ဒေသ ဗဟိုအဆင့်တခုခုဆုံးဖြတ်ခဲ့သလောကို မရှင်းလင်းပေ။ မသေဆုံးမှီ နောက်ဆုံးရိုက်ထားသော ဓါတ်ပုံတွင် ဆံပင်ရှည်ရှည်ခေါင်းပေါ်တွင်ရှန်ပန်အနီစတစပတ်ထားပြီး ဝိုင်းစက်သောမျက်မှန်ထူထူတပ်ထားသည့် မင်းလတ်ရဲခေါင်ကို “ဝ” မြောက်ခရိုင်ရုံးတွင် ၁၉၇၇ ခုနှစ်ထဲ၌ တွေ့ခဲ့ရသည်ဟု ရဲဘော်စိုးနိုင် (စာရေး ဆရာ သန်းစိုးနိုင်) က ဆိုပါသည်။ ဤသို့ဖြင့် မင်းလတ်ရဲခေါင် ခေါ် ဦးစိမ်းမောင်သည် အသက် ၅၂ နှစ်ခန့်တွင် ဝ နယ် မြောက်ပိုင်း ခွင်းမားမြို့တွင် ကွယ်လွန်သွားခဲ့သည်။

မင်းလတ်ရဲခေါင်အနေ သူတဦးတည်း သီးခြားထွက်ပြေးလျင်သော်လည်းကောင်း၊ လူသတ်၍ ထွက်ပြေးမှုတွင်လည်းကောင်း၊ မပါဝင်ပါက တမျိုးတဖုံဖြစ်နိုင်ပါသည်။ သာမန်ရိုးရိုးထွက်ပြေးလျှင် ပြန်ဖမ်းမိကာ ခြေချုပ်မှသည် ထောင်တွင်းအကျဉ်းချ ခြင်းလောက်သာဖြစ်ပေလိမ့်မည်။ ထွက်ပြေးစဉ်က မြို့နယ်မှူး၏ သမီးလေးအပါ ရဲဘော် ၃ ဦးကို သတ်ဖြတ်၍ လက်နက် ယူပြေး ကြသည့်ဖြစ်စဉ်တွင်ပါဝင်ခဲ့ရာ ရက်စက်သော တန်ပြန်တရားစီရင်မှုကို ခံခဲ့ရသည်ဟု ဆိုရပါမည်။ အငြင်းပွားဖွယ် ရာနိုင်ငံရေးအယူအဆထက် ရပ်တည်ရှင်သန်ရေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်တခု လွဲချော်ခဲ့သည်ဟု ဆိုရပေမည်။

မင်းလတ်ရဲခေါင်သေဆုံးမှု ဝါ သူ၏ဘဝဇတ်ကြောင်းနှင့်ပတ်သက်၍ မတူသော ကြည့်မြင်သုံးသပ်ချက်များ ရှိနိုင်ပါသည်။ ဥရောပတက္ကသိုလ်တခုတွင် ပါမောက္ခဖြစ်ခဲ့သော ဘာသာဗေဒပညာရှင်တယောက်ဖြစ်ခဲ့သောသူ့အား နှမြောသူများလည်း ရှိနိုင်ပါသည်။ သို့သော် ပညာရှင်တယောက်ဘဝထက် နိုင်ငံရေးသမားတယောက်ဘဝကား သူရွေးသည့်လမ်းဟု ဆိုရမည်။လက်တွေ့နိုင်ငံရေးတိုက်ပွဲ လူမှုဘဝပြောင်းလဲသည့်ဖြစ်စဉ်တွင်ပါဝင်သူများအဖို့ ပြင်းထန်သော တိုက်ပွဲများ မတူသောအယူ အဆများကို ရှောင်လွှဲ၍မရနိုင်ပေ။ ပါတီပရော ပါတီတွင်းတိုက်ပွဲများရော ရှောင်လွှဲ၍မရနိုင်ပေ။

လက်ရှိ မြေပေါ်ပါတီများတွင်လည်း ပါတီတွင်းသဘောထားကွဲလွဲမှုများကို ရှောင်လွှဲ၍မရနိုင်ပေ။ ထို့အတူ ပါတီတွင်းသဘော ထားကွဲပါက သို့မဟုတ် ပါတီခေါင်းဆောင်မှုနှင့် သဘောထားကွဲလွဲပါက မြေပေါ်ပါတီများတွင် ပါတီမှ ဖယ်ရှားခံရမည်။ သို့မဟုတ်ပါက ပါတီခွဲထွက်၍ သီးခြားပါတီဖွဲ့ကြမည်။ သို့သော် လက်နက်ကိုင်တိုက်ခိုက်နေသော ပါတီတရပ်တွင် မြို့ပေါ် ပါတီလောက် မလွယ်ကူပေ။ တဖက်နှင့်တဖက် အသေအကြေလက်နက်ကိုင်တိုက်ခိုက်နေသည့်အချိန်ကာလတွင် မိမိထံမှ လူတယောက် မိမိအဖွဲ့အစည်းအား ကျောခိုင်းထွက်ခွာသွားပါက အဖွဲ့အစည်းအတွင်းရေးများ ပေါက်ကြားသွားမည်ကို စိုး ရိမ်ရသည့် အခြေအနေဖြစ်သည်။

မင်းလတ်ရဲခေါင်အနေဖြင့် ပညာရှင်တယောက်ဘဝကိုမရွေးချယ်ဘဲ တော်လှန်ရေးသမားတယောက်ဘဝကိုရွေးချယ်ခြင်းသည် သူ၏ရွေးချယ်မှု ဖြစ်သည်။ သို့သော် သူသေဆုံးရခြင်းသည် ပါတီတွင်းသဘောထားကွဲလွဲမှုသက်သက်ကြောင့်တော့ မဟုတ်ဟု ဆိုနိုင်ပါသည်။

မည်သို့ဆိုစေ လွန်ခဲ့သော နှစ်ပေါင်း ၄ဝ ကျော်ကထဲက တိုင်းရင်းသားပြဿနာနှင့် သူ၏တင်ပြမှုကား စိတ်ဝင်းစားဖွယ်ကောင်း ခဲ့ပါသည်။၂ဝ၁၆ ခုနှစ် သြဂုတ်လကုန်တွင် ကျင်းပခဲ့သော ၂၁ ရာစုပင်လုံ ပထမအကြိမ်ညီလာခံတွင် တိုင်းပြည်နာမည် ပြောင်းရး ပြည်နယ်အမည်ပြောင်းရေး ပြည်နယ်ဖွဲ့စည်းပုံပြောင်းရေး ၈ ပြည်နယ် ၁၂ ပြည်နယ် ၁၄ ပြည်နယ်စသည့် တင်ပြမှု များစွာကို တွေ့ရသောအခါ လွန်ခဲ့သောနှစ် ၄ဝ ကျော်က မင်းလတ်ရဲခေါင် ရေးသားခဲ့သော “ဧရာလွင် ယူနီယံ” နှင့် သမတနိုင်ငံ ၁၆ နိုင်ငံဖွဲ့စည်းမည့် အမျိုးသားရေးပြသနာစာတမ်းကို သတိရမိရသည်။ ပညာရှင်တ ယောက်အနေနှင့်သာမက နိုင်ငံရေးသမား တော်လှန်ရေးသမားတယောက် အနေနှင့်ပါ သူ၏အမြင် သူ့အယူအဆများ ဗမာပြည်လက်တွေ့နှင့် ပေါင်း စပ်ရန် ကြိုးစားခဲ့သူတဦးဟု ဆိုရပါမည်။ အမှား အမှန် တော်လှန်သည် ဖောက်ပြန်သည်ဆိုခြင်းကတော့ သမိုင်းကအဆုံးအဖြတ်ပေးသွားပေလိမ့်မည်။ သို့သော် မြန်မာပြည်၏သမိုင်းသည်ကား ဖူကူးရာမကို ကန့်လန့်တိုက်၍နေပါသည်။ မပြီးဆုံးနိုင် သေးပေ။

● နိုင်ငံရေးဌာနက သုံးဆင့်ကေဒါ သင်တန်း
၁၉၇၆ ခုနှစ် အောက်တိုဘာ သို့မဟုတ် နိုဝင်ဘာလခန့်တွင် မုန်းကိုးနိုင်ငံရေးဌာန၌ စစ်ဒေသဒုနိုင်ငံရေးမှူး ဦးစိုးသိန်းက နိုင်ငံရေးသင်တန်းတခုပြုလုပ်ပါသည်။ အဓိကတက်ရောက်သူများမှာ တပ်မဟာ ၂ မှ တပ်စုမှူးတပ်ခွဲမှူး တပ်ရင်းမှူး စသည့် အဆင့် ၃ ဆင့်မှ ကေဒါရဲဘော်များဖြစ်သည်။အများစုမှာ ဘောင်းဘီလိပ်များဟုခေါ်သည့် တရုတ်ရဲဘော်များဖြစ်ကြသည်။ထိုသင်တန်းတွင် မိမိတို့နိုင်ငံရေးဌာနရှိ ဗမာရဲဘော်အချို့အားလည်း တက်ခွင့်ပြုသည်။ မိမိသည်လည်း ဆွေးနွေးပွဲမှတ် တမ်းယူရင်း တက်ရောက်ခွင့်ပြုသည်။

ဦးစိုးသိန်း၏ ရည်ရွယ်ချက်ကတော့ ၁၉၇၅ မေ ဗဟိုကော်မတီအာဘော်အယူအဆဖေါ်ပြရန် ၁၉၆၄ ခုနှစ် ပဲခူးရိုးမလမ်းစဉ် နှင့်မတူသည့် အယူအဆအာဘော်များကို ဖေါ်ပြဆွေးနွေးရန် ရည်ရွယ်ပုံရသည်။ သို့သော်လည်း ပဲခူးရိုးမပါတီဗဟိုလမ်းစဉ်ကိုလည်း တိုက်ရိုက်ဗြောင်ကျကျတိုက်ခိုက်ခြင်း တော့ မဟုတ်သေးပေ။ သဘောတရားရေးအရ ဦးစွာချ ဉ်းကပ်ရန်ကြိုးစားပုံရ သည်။ ထို့ကြောင့် သူ၏နိုင်ငံရေးသင်တန်းသည် အနည်းငယ်တော့ ဝေ့လည်ကြောင်ပတ်နိုင်သည်ဟု ဆိုရမည်။ ထိုစဉ် သူ့၏ ပို့ချချက်များတွင် “ဖြစ်ချင်တာ၊ ဖြစ်သင့်တာ၊ ဖြစ်နိုင်တာ၊ တကယ်ဖြစ်တာ” စသည့်ဝေါဟာရများနှင့် လုံးလည်ချာလည်လိုက် နေသည်ဟု မိမိခံစားရသည်။ “ဆန္ဒစွဲ” ဟူသော ဝေါဟာရသည်လည်းအတော်သုံးစွဲသည်။ သူ၏ရှည်လျားသော နိုင်ငံရေးပို့ချ ချက်များကို ချုပ်လိုက်လျင် ဆိုလိုရင်းပျောက်၍ လုံးထွေးနေသည်ဟု မိမိခံစားရသည်။

သို့သော် အဆိုပါနိုင်ငံရေးသင်တန်းသည် မိမိအတွက် ပျင်းရိညီးငွေ့ဖွယ်တော့ မဖြစ်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် သူ၏ဆွေး နွေးချက်များကို အပြန်အလှန်ဆွေးနွေးရသောအခါ အတော်ကိုအသက်ဝင်ခဲ့သည်ဟု ဆိုရပါမည်။ အသက်ဝင်ခဲ့သည့် အဓိ ကအကြောင်းကတော့ ထိုဆွေးနွေးပွဲတွင် အုပ်စုနှစ်ခု အပြန်အလှန် ပြင်းပြင်းထန်ထန် ငြင်းခုံဆွေးနွေးခဲ့ကြသောကြောင့်ဖြစ်သည်။ ထိုသို့ဆွေးနွေးကြရာ၌ တပ်မဟာ ၂ မှ တရုတ်ရဲဘော်များက တဘက်မိမိတို့ အောက်ပြည်မှရောက်လာကြသော ဗမာရဲဘော်များဟုသတ်မှတ်ခံရသူများ တဘက်ဖြစ်ခဲ့တော့သည်။

တကယ်တော့ နိုင်ငံရေးသဘောတရားသက်သက်သည် ခြောက်ပစ်ကင်းသဲလဲစင်ဖြစ်နေတတ်သည်။ ငြင်းပယ်ရန်မရှိပါချေ ။ သို့သော် ထိုသဘောတရားဆိုသည်ကို အခိုင်အမာလက်တွေ့နှင့်ပေါင်းစပ်သည့်အခါတွင်မူ ကွဲလွဲမှုများစွာကို ရှောင်ကွင်း၍ မရနိုင်တော့ပေ။ ပေါင်းစပ်ကြည့်မြင်သူများ၏ မတူသောရပ်တည်ချက် မတူသောဖြတ်သန်းမှု မတူသောကြည့်မြင်မှု များ ကြောင့် အမြင်ကွဲလွဲမှုများကို ထင်ရှားစွာပေါ်လွင်စေခဲ့သည်။

တရုတ်ရဲဘော်များက သူတို့သည် နိုင်ငံတကာတော်လှန်ရေးများကို ကူညီရန်ဆိုသည့် စိတ်ဓါတ်နှင့် ဗမာပြည်တော်လှန်ရေး တွင် သူတို့ကိုယ်ကျိုးစွန့် ပါဝင်ဆင်နွှဲနေသည်ဟု ခံယူထားသည်။ သူတို့တွင် ၁၉၆၈ မှစ၍ ၈ နှစ်ကြာ အောင် အရှေ့မြောက် ဒေသတွင် နိုင်ငံရေး စစ်ရေးအတွေ့အကြုံရှိသည်ဟု ခံယူထားကြသည်။ မိမိတို့ ဗမာရဲဘော် ပညာတတ်များသည် လက် တွေ့ အတွေ့အကြုံမရှိသေးသည့် သဘောတရားရေးသာ ရွတ်တတ်သေးသည်ဟုမှတ်ယူထားသည်။ လက်တွေ့ပြဿနာ ဖြေရှင်း ရာတွင် ကြုံရသည့် အခက်အခဲများကို နားမလည်နိုင်သေးဟု မှတ်ယူထားကြသည်။

မိမိတို့ ဗမာရဲဘော်များကလည်း တရုတ်ရဲဘော်များသည် ဗမာပြည်ပြည်တွင်းအခြေအနေကို ကောင်းစွာမသိ။ အထူးသဖြင့် ပြည်မရှိ ပါတီရဲဘော်များ ပါတီအဖွဲ့အစည်းများ ရုန်းကန်ရသည့်အခြေအနေကို ကောင်းစွာ သဘောပေါက်ကြခြင်းမရှိဟု မှတ်ယူထားသည်။ နှစ်ဖက်စလုံးတွင် ကွဲလွဲမှု အခြေခံရှိနေပေရာ ဆွေးနွေးပွဲတွင်လည်း အပြန်အလှန် ငြင်းခုံချေပကြတော့ သည်။

တရုတ်ရဲဘော်များက ကြည့်မြင်သည်မှာ ပြည်မရှိ ပါတီအဖွဲ့အစည်းမှပါတီရဲဘော်များသည် စစ်မတိုက်တတ်ကြ၊ တပ်အင် အားလည်းမရှိ၍ တပ်စုအဆင့်လောက်သာ ဦးစီးဘူးကြသည်။ စစ်ပွဲကို ဦးစီးခေါင်းဆောင်နိုင်စွမ်းမရှိဟုကြည့်မြင်သည်။ တကယ်တော့ ထိုအမြင်သည် နယ်စပ်ရှိ ပါတီတပဖွဲ့များတွင် ဖြစ်ပေါ်နေသောအမြင်လည်းဖြစ်သည်။ ၁၉၇၅ ခုနှစ်တွင် တရုတ်ပါတီနှင့် ညှိနှိုင်းမှုဖြင့် တရုတ်ပြည်မှရောက်ရှိနေသော လက်ဝဲကူညီရေးအဖွဲ့မှ တရုတ်ပြည်သားများသည်လည်း အရှေ့မြောက်ခေါင်းဆောင်များအား ဆန့်ကျင်စဉ်က ဤအမြင် အပြောကို ထုတ်ဖေါ်ပြောဆိုဘူးသည်။ “ငါတို့သာ လာ တိုက်မပေးရင် ဒီအရှေ့မြောက်က အဖိုးကြီးတွေ (ပါတီခေါင်းဆောင် ရဲဘော်များ) မြင်းမပြောနဲ့ ဝက်တောင် မစီးနိုင်ဘူး ” ဟု ဆိုခဲ့ကြသည်။ အရှေ့မြောက် CPB တပ်ဖွဲ့များတွင် တပ်ရင်း တပ်မဟာ စစ်ဒေသခေါင်းဆောင်များအား စီးမြင်းများပေး ထားခြင်းကို ဆိုလိုသည်။ ထိုလက်ဝဲကူညီရေးအဖွဲ့မှသူများအား တရုတ်ပါတီနှင့်ညှိ၍ တရုတ်ပြည်သို့ပြန်ပို့ပြီးသော်လည်း ထိုအယူအဆများ အမြင်များက ကျန်နေဆဲဖြစ်သည်။

မိမိတို့ကလည်း ထိုအမြင်ကို လုံးဝလက်မခံနိုင်။ နယ်စပ်ဒေသတွင်တရုတ်ပြည်ကို ကျောပေးထားပြီး တရုတ်ပြည်မှ လက် နက်ခဲယမ်းမီကျောက်ယူနီဖေါင်း ရိက္ခါ ဆေးဝါးအပြည့်အစုံရသည့်အပြင် တပ်သားအဖြစ် တရုတ်ပါတီ၏လှုံ့ဆော်မှု ဖြင့် နယ် စပ်ဒေသမှ တပ်သားများရသည့်အခြေအနေတွင်စစ်တိုက်ခဲ့ရသည့် အရှေ့မြောက် ပဲခူးရိုးမအပါ ပြည်တွင်းရှိအခြေခံ ဒေသ များနှင့် လုံးဝခြားနားသည်။ ထိုသို့ခြားနားသည့်အခြေအနေများအောက်တွင်အခြေခံဒေသကြီးတခုဖြစ်လာသည်မှာ CPB အတွက် အကျိုးရှိသည်ဆိုနိုင်သော်လည်း ပြည်မတွင် ခက်ခဲစွာရုန်းကန်ပြီး အသက်စွန့်ခဲ့ရသူများကို ပစ်တင်ဝေဖန်တိုက်ခိုက် သည်ကို မိမိတို့လက်မခံနိုင်ပေ။

ပြည်တွင်း CPB တပဖွဲ့များ ပြောက်ကျားဒေသများဆိုသည်က မည်သည့်ပြင်ပအကူအညီမှ မရ။ ထို့ပြင် မြေအနေအထားအရ အစိုးရ၏ဝိုင်းပတ်ပိတ်ဆို့မှု ကိုခံနေရသည့် အခြေအနေတွင် ကိုယ်ဒူးကိုယ်ချွန်၍ ရုန်းကန်တိုက်ပွဲဝင်နေရသည်။ တိုက်ပွဲ တပွဲတိုက်လျင် ကျ ည်ဆံကို ချွေတာတွက်ချက်နေရသည်။ အရှေ့မြောက်ကဲ့သို့ ဖောဖောသီသီသုံးနိုင်ခြင်းမရှိ။ ရိက္ခာဆိုသည်ကခက်ခက်ခဲခဲရှာဖွေနေရသည်။ အရှေ့မြောက်ကဲ့သို့ တရုတ်က ပို့လိုက်သည့်ရိက္ခာကို ဂိုထောင်ထဲက အသင့်ထုတ်၍ မရခဲ့ကြ။

တကယ်တမ်းဆိုလျင် ဤပြသနာအခြေခံက နိုင်ငံရေးလမ်းစဉ်နှင့်သက် ဆိုင်နေသည်။ ပဲခူးရိုးမဗဟိုကျဆုံးပြီးနောက် အရှေ့ မြောက်ခေါင်းဆောင်များမှ ပဲခူးရိုးမ ဗဟို၏ နိုင်ငံရေးလမ်းစဉ် ၆၄ လမ်းစဉ်မှားကြောင်း ရပ်ခံပြောဆိုလာသည်က အစပြု ပါသည်။ ဤတွင် ၆၄ လမ်းစဉ်မှားယွင်းသည်မှနေသည်ဟု ဇောင်းပေးရပ်ခံပြောမှု အခြေခံမှသည် အောက်ခြေအဆင့်များ ရောက်သောအခါ ပြည်မမှ CPB ရဲဘော်များညံ့ဖျင်းသည်ဟူသည့် ပြောဆိုမှု များ ဖြစ်လာတော့သည်။

မိမိတို့က ဤအခြေအနေကိုလက်မခံနိုင်။ ပြည်မ၌ ခက်ခဲကြမ်းတမ်းသောအခြေအနေများကို ကြံ့ကြံ့ခံရပ်ခံပြီး အဆင်းရဲခံ အပင်ပမ်းခံအသက်စွန့်သွားသူများအား ပုတ်ခတ်တိုက်ခိုက်ခြင်းလုံးဝလက်မခံနိုင်ကြပေ။ သို့ဖြစ်ရာ ဦးစိုးသိန်း၏နိုင်ငံရေးသင် တန်းတွင် ငြင်းခုံမှု များစွာဖြစ်ခဲ့တော့သည်။နှစ်ရက်သုံးရက်ခန့် အပြန်အလှန်ငြင်းခုံကြပြီးနောက် ဦးစိုးသိန်းက အခြေအနေကို အောင်မြင်စွာထိမ်းသိမ်းလိုက်သည်။ ဗမာရဲဘော်များ သင်တန်းတက်ရောက်ခွင့်ကို ကန့်သတ်ပိတ်ပင်လိုက်ပြီး တပ်မဟာ ၂ မှကေဒါများနှင့် သူ၏သင်တန်းကို ဆက်သည်။ သို့နှင့် အငြင်းအခုံများ အစည်းအဝေးခန်းတွင် ခေတ္တရပ်တန့် သွားပါတော့ သည်။

သို့သော် အစည်းအဝေးပြင်ပတွင် မရပ်တန့်နိုင်ကြ။ နောက်ပိုင်း ပါတီဗဟိုလမ်းစဉ်ဆိုင်ရာပြသနာအထိ ရောက်သွားသည် အချိန်ကာလတိုတခုပွက်လောရိုက်ခဲ့သည်။ နောက်ပိုင်းခေတ္တမျှ ပြန်လည်ငြိမ်သက်သွားသော်လည်း မိမိတို့ အရှေ့မြောက် တွင်ရှိနေသော ပါတီပြိုကွဲသည့်အချိန်ကာလအထိ လွှမ်းမိုးအရိပ်ထိုးနေခဲ့သောကိစ္စတခုအဖြစ် ဆက်လက်တည်ရှိနေပေ တော့သည်။

ဆက်လက်ဖေါ်ပြပါမည်။
မောင်မောင်စိုး (Mg Mg Soe)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts