သူတို့အာဘော် မောင်ရစ်

မောင်ရစ် – နွေဦးအလွန် မြန်မာနဲ့ ကမ္ဘာ


မောင်ရစ် – နွေဦးအလွန် မြန်မာနဲ့ ကမ္ဘာ
(အယ်ဒီတာ့လက်ရေး) မိုးမခ၊ မေ ၃၁၊ ၂၀၁၇

၂၀၁၀-၂၀၁၅ သက်တမ်းက ယခင်သမ္မတကြီး ဦးသိန်းစိန်က မြန်မာနွေဦးဟာ အာရပ်နွေဦးလိုမျိုးမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ၂၀၁၁ မှာ အာရပ်နိုင်ငံတွေမှာ အာရပ်နွေဦးလှုပ်ရှားမှု ဖြစ်ပွားခဲ့တယ်။ အာဏာရှင်နိုင်ငံအချို့ပြိုလဲခဲ့တယ်။ ထင်ရှားတာက အီဂျစ်နဲ့ လစ်ဗျားပါ။ နောက်ဆက်တွဲမှာကတော့ ခုချိန်ထိ သွေးချောင်းစီးနေဆဲ ဆီးရီးယားပါ။ အာရပ်နွေဦးဆိုတာက အစပိုင်းတုန်းကတော့ သာမန် အရပ်သားပြည်သူတွေ ကနေ အာဏာရှင်အစိုးရတွေကို ဒီမိုကရေစီနည်းကျ တိုင်းပြည်အုပ်ချုပ်ဖို့ တောင်းဆိုကြတာ၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်အတွက် ဆန္ဒပြတိုက်ပွဲဝင်ခဲ့ကြတာ။ ကမ္ဘာအရပ်ရပ်က နွေဦးလှုပ်ရှားမှုတွေဆိုတာ စိတ်လှုပ်ရှားစရာ စိတ်ကူးယဉ်ကောင်းချင်စရာတွေချည်းနဲ့ စခဲ့ကြတာပါ။

အဲသည် ၅ နှစ်တာ ကာလ (၂၀၁၀-၂၀၁၅) တုန်းက နွေဦးလှုပ်ရှားမှုတွေဟာ တကယ်ပဲ တက်ကြွလှုပ်ရှား မိန်းမောဖွယ်ကာလတွေ ဖြစ်ပါတယ်။ အတားအဆီး ဖိနှိပ်ချုပ်ခြယ်မှု အမြောက်အမြားကြားအောက်ထဲကနေ မျိုးဆက်သစ်တွေဟာ အင်တာနက်နဲ့နည်းပညာကို လက်နက်သဖွယ်စွဲကိုင်ပြီး အာဏာရှင်တွေ လက်နက်ကိုင် တွေ အရင်းရှင်ကြီးတွေ ခရိုနီကြီးတွေကို တိုက်ခိုက်တွန်းလှန်ခဲ့ကြရတာကိုး။ အဲသည်မှာတုန်းက ဖေ့စ်ဘွတ်တွေ ကနေပြီး အာရပ်လူငယ်တွေက ဆန္ဒပြပွဲတွေ အစိုးရဆန့်ကျင်ရေးတွေကို စည်းရုံးလှုံ့ဆော် ပြင်ဆင်ခဲ့ကြတယ်။ ဖေ့စ်ဘွတ်ဟာ တရားမျှတမှုအတွက် ကိုင်စွဲစရာလက်နက်ကိရိယာသဖွယ် ဖြစ်ခဲ့ကြပြီး အာဏာပိုင်တွေ အာဏာရှင်တွေက ဖေ့စ်ဘွတ်ကိရိယာကို ပိတ်ဆို့တိုက်ခိုက် နှိမ်နင်းခဲ့ကြရပါတယ်။

ကဲ … အခု နွေဦးအလွန် ကျနော်တို့ဘယ်ကို ရောက်နေကြပြီလဲ။ ၂၀၀၈ ခုနှစ်တုန်းကတည်းက အမေရိကားမှာ လည်း အမေရိကန်နွေဦးလို့ စတင်ခဲ့ကြတာပဲ။ ဒီမိုကရက်ပါတီက စိတ်ကူးယဉ်တော်လှန်ရေးသမားလို့ခေါ်ချင်ခေါ် လူရွယ်ပညာတတ် လူမည်းနိုင်ငံရေးသမား ဘရက်အိုဘားမား နန်းတက်လာခဲ့တယ်။ အင်တာနက်နည်းပညာနဲ့ ကိရိယာတွေကိုသုံးပြီး မဲဆွယ်လှုံဆော်ခဲ့လို့ လူငယ်မျိုးဆက်သစ်တွေမဲအားနဲ့ သမ္မတတက်ဖြစ်လာခဲ့တာကိုး။ ဒါ အမေရိကန်နွေဦးကာလပေါ့။ နောက် ၂၀၁၆ လည်းရောက်ရော ဘယ်မှာလဲအမေရိကန်နွေဦးရဲ့တက်ကြွလှုပ်ရှား စိတ်ကူးယဉ် ပျော်မောဖွယ် အရသာများ အာရုံများ။ ဘယ်ရောက်ကုန်ကြသလဲ။

အီဂျစ်မှာတော့ တပ်မတော်အစိုးရနန်းတက်လာပြီး အင်တာနက်သုံးတော်လှန်ရေးသမားတွေကို မျက်နှာသာ မပေးဘဲ ဆက်လက် ဖိနှိပ်ချုပ်ခြယ်ထားပါတယ်။ လစ်ဗျားကတော့ ပြည်တွင်းစစ်မီးတွေ တဟုန်းဟုန်းတောက် လောင်နေပြီး ဖေ့စ်ဘွတ်လက်နက်ဆိုတာထက် ကျည်ဆံတွေထွက်တဲ့ သေနတ်လက်နက်တွေကိုင်စွဲပြီး ပစ်သတ် တိုက်ခိုက်နေကြပါတော့တယ်။ ဆီရီးယားဟာ တိုင်းပြည်ပျက်လုမတတ်ဖြစ်နေပြီး သူတို့ဒုက္ခသည်တွေဟာ ဥရောပ၊ အမေရိကတိုက်တွေအထိ ကစဉ့်ကလျား ထွက်ပြေးနေကြရတယ်။ သူတို့နဲ့အတူ အစွန်းရောက် ဘာသာရေးအကြမ်းဖက်သမားတွေ အုပ်စုတွေဟာလည်း ရောထွေးပြန့်နှံ့လာနေတယ်။ ပြီးတော့ အစွန်းသမား၊ အမုန်းသမားနဲ့ မတရားအကြမ်းဖက်သမားတွေ၊ အာဏာရှင်တွေကိုယ်တိုင်ကလည်း အင်တာနက်တွေ ဖေ့စ်ဘွတ်တွေကို လက်နက်ကိရိယာသဖွယ် ပြန်လှန်ကိုင်စွဲပြီးတော့ တန်ပြန်တော်လှန်ရေးတွေ ကမ္ဘာအနှံ့ ဆင်နွဲနေကြလေတော့တယ်။

အင်တာနက်တွေ နည်းပညာရေးတွေကို တော်လှန်ရေးကိရိယာအဖြစ် တီထွင်ထုတ်ဖော်ဝေငှခဲ့ကြတဲ့ အမေရိကားမှာလည်း ဘာထူးလို့လဲ။ အမေရိကန်နွေဦးအပြီးမှာ သတင်းမှားတွေ၊ လုပ်ကြံသတင်းတွေ၊ အမုန်းစကားတွေ၊ အမုန်းသတင်းတွေ၊ အစွန်းရောက်အသံတွေ၊ အစွန်းဝါဒဖြန့်မှုတွေဟာ အင်တာနက်တမိုးလုံး သောသောညံလို့။ မျိုးဆက်သစ်လူငယ်တွေကိုင်စွဲခဲ့ဖူးတဲ့ သစ်လွင်လန်းဆန်း ပြစ်မျိုးမထင်သော အင်တာနက်ကိရိယာဟာ မျိုးဆက်ဟောင်းတွေ၊ အစွန်းသမားတွေ၊ အမုန်းသမားတွေ၊ ရှေးရိုးစွဲ ခေါင်းမာသူတွေ လက်ထဲမှာ ပယ်ပယ်နယ်နယ် အားရပါးရအသုံးချခံနေရတာတွေ တွေ့နေကြရပါတော့တယ်။

၂၀၁၆ အမေရိကန်ရွေးကောက်ပွဲဟာ အမေရိကန်ဒီမိုကရေစီရဲ့အာမခံချက်ကို အကြီးအကျယ် စိန်ခေါ်ခံရတော့ တာပါပဲ။ ရုရှားတွေက ဝင်နှောက်တယ်လို့ စွပ်စွဲခံရ။ သတင်းမှားတွေ အမုန်းသတင်းတွေ လုပ်ကြံသတင်းတွေ အောက်မှာ ပြည်သူလူထုဟာ အကွဲကွဲအပြားပြား ဖြစ်ကုန်ကြရ။ အင်တာနက်ဖောက်ထွင်းသူတွေ အဓမ္မ မင်းမဲ့ စရိုက်သမားတွေရဲ့ ပြုသမျှကို အမေရိကန်ရွေးကောက်ပွဲ၊ အမေရိကန် ဒီမိုကရေစီနဲ့ အမေရိကန်ပြည်သူတွေ အလူးလူးအလဲလဲ ဒဏ်ခံလိုက်ရတယ်လို့ဆိုကြပါတယ်။ လက်ရှိမှာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးတရားစီရင်ရေး၊ ဥပဒေပြုရေး အာဏာသုံးရပ်ကိုကိုင်စွဲထားတဲ့ ထရန့်အစိုးရ၊ ရီပတ်ဘလစ်ကန်လွှတ်တော်နဲ့ ထရန့်တိုက်ရိုက်ခန့် တရားရေးဌာနတွေ သတင်းတွေ နားစွင့်ကြည့်ပါ၊ သူတို့ကို ပြန်ပြီး ဒေါက်ထောက်ကြည့်နေတဲ့ မီဒီယာတွေရဲ့ ကသောင်းကနင်းဖြစ်နေပုံကို သတင်းတွေထဲမှာ ဖတ်ကြည့်လိုက်ပါ။ ဒါ အမေရိကန်နွေဦးအလွန် မိုးသည်း လေထန် ဖြစ်ရပ်မှန်တွေ မဟုတ်ပါလား။

ကမ္ဘာနိုင်ငံဒေသအသီးသီးမှာလည်း နွေဦးအလွန် အပြောင်းအလဲတွေ ရင်ဆိုင်ကြရပါတယ်။ အကောင်းဘက်ထက် အဆိုးဘက်လို့ ဆိုရမှာပါ။ အင်တာနက်ကိရိယာကို ရန်သူလို သဘောထားခဲ့ကြတဲ့ အာဏာရှင်တွေ လက်နက်ရှင်တွေ အရင်းရှင်ကြီးတွေက သူတို့အတွက် အသုံးတော်ခံကိရိယာအဖြစ် သိမ်းပိုက် လိုက်ကြတာ ဖြစ်ပါတယ်။ ရုရှား၊ တရုတ်၊ မြောက်ကိုရီယားတို့က အာဏာပိုင်တွေရဲ့ လက်အောက်ခံ အစုအဖွဲ့တွေ ဟာ သူတို့နဲ့မတူညီသူတွေအားလုံးကို အင်တာနက်ကိရိယာသုံးစွဲပြီးတော့ ထိထိရောက်ရောက်ကို တန်ပြန် တော်လှန်ရေး လုပ်နိုင်ခဲ့ကြတယ်မဟုတ်ပါလား။

နိဒါန်းမှာပြောခဲ့သလို ယခင်သမ္မတကြီးဦးသိန်းစိန်ကတော့ အာရပ်နွေဦးနဲ့ မြန်မာနွေဦး မတူပါဘူးလို့ ကောက်ချက်စကားပြောခဲ့ဖူးပါတယ်။ မြန်မာနွေဦးအလွန်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ လူထုရွေးကောက်ခံအစိုးရ (၂၀၀၈ အခြေခံဥပဒေအောက်ကလို့ပဲ ဆိုချင်ဆိုကြပါ) တကယ်ကြီးကို တက်ရောက်လာနိုင်ခဲ့ပါတယ်။ မြန်မာနွေဦးအလွန်မှာ အင်တာနက်ကိရိယာတွေ ဖေ့စ်ဘွတ်တွေမှာ ယခင်တုန်းကလို ဒီမိုကရေစီဘက်တော်သားခံယူသူတွေသာမက မြန်မာအစွန်းရောက်တွေ၊ အမုန်းသမားတွေ၊ သတင်းလုပ်ကြံရေးသမားတွေ၊ မင်းမဲ့စရိုက်အားပေးသူတွေ တက်ရောက် စီးနင်းလာကြတာတွေ မြင်တွေ့ ကြားသိ ခံစားနေကြရပါတယ်။ ရခိုင်ဒေသက လူမျိုးရေး ဘာသာရေးဆူပူလှုံဆော်အကြမ်းဖက်မှုတွေ သွေးထိုး လှုံဆော်မှုတွေ ရှိနေဆဲပါပဲ။ နယ်စပ်ဒေသက ပြည်တွင်းစစ်မီးတွေတောက်နေဆဲမှာ စစ်မီးကို မွှေးနေသူတွေ လေပင့်နေသူတွေလည်း တမျိုးတဘာသာ ရှိနေကြပါတယ်။ တိုင်းပြည်ပြုပြင်ပြောင်းလဲ တိုးတက်ရေးကို အင်တိုက်အားတိုက် လုပ်ကြကိုင်ကြ ပြောဆို ဝေဖန် ထောက်ပြ အားပေးကူညီကြဖို့အရေးတွေမှာလည်းပဲ အတိုက်အခံတွေ အဖျက်အမှောင့်စကားတွေဟာ အင်တာနက်မိုးကောင်းကင်မှာ တိမ်မည်းရိပ်ဆင်နေကြဆဲ ဖြစ်ပါတယ်။

သို့သော်လည်း နိုင်ငံပြင်ပက သင်ခန်းစာတွေကို မြန်မာပြည်သူတွေက မိမိကိုယ်ပိုင် ဖြတ်သန်းခဲ့ရတဲ့ သမိုင်းသင်ခန်းစာတွေ အတွေ့အကြုံတွေနဲ့ နှိုင်းယှဉ် ချိန်ဆ တွေးခေါ် ရင်ဆိုင်နိုင်ကြတာကတော့ အခြားဒေသက လူတွေထက် စာရင် ပိုသာတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာတွေမှာက နွေဦးလှုပ်ရှားမှု မတိုင်ခင်ကတည်းက စစ်အာဏာရှင်လက်အောက်ကလွတ်မြောက်နိုင်ဖို့ မပြတ်သော လူထုလှုပ်ရှားမှုတွေနဲ့ ဆက်တိုက်ဖြတ်သန်းနေခဲ့ပြီး ဖြစ်ပါတယ်။

၁၉၈၈ -၈လေးလုံးအရေးတော်ပုံကြီးကနေ တပါတီအာဏာရှင်စနစ်ကို ဇာတ်သိမ်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ နောက်ထပ်တပါတီအာဏာရှင်ဆိုတာကို နောက်ကြောင်း ပြန်မလှည့်တော့ပါဘူး။ စစ်အာဏာရှင်တွေ ခေတ်အဆက်ဆက် ဖိနှိပ်တိုက်ခိုက် ချေမှုန်းခဲ့သမျှကိုလည်း ဘိုးဘွားမိဘ သားမြေးအဆက်ဆက် လက်ဆင့်ကမ်းပြီး ရင်ဆိုင်ခဲ့ကြရတာပါ။ တချက်ကလေးမှ အနားမရခဲ့ရပါဘူး။ စစ်အာဏာရှင်တွေ တကျော့ပြန်လာဖို့ဆိုတာကို ဘယ်လိုနည်းနဲ့မှလက်မခံနိုင်ကြတော့ပါဘူး။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးဟာ လည်း ဘာသာရေး လူမျိုးရေးသွေးခွဲမခံတဲ့ အမျိုးသားရေးလှုပ်ရှားမှုအဖြစ် မှတ်ကျောက်တင်ခဲ့ပြီး ဖြစ်ပါတယ်။ အဲသည်နောက်က တဖက်သတ် နာဂစ်အခြေခံဥပဒေကြီးနဲ့ အတည်ပြုပြီး ၂၀၁၀ ရွေးကောက်ပွဲနဲ့ စစ်အုပ်စုတွေ အာဏာလွှဲပြောင်းဖို့ ကြံစည်ခဲ့ကြသော်လည်း လူထုဟာ လူထုအားနဲ့ ကြံ့ကြံ့ခံပြီး ၂၀၁၅မှာ မဲအင်အားနဲ့ ဒီမိုကရေစီအစိုးရကို အကြပ်အတည်းများကြားကနေ ဖြစ်မြောက်အောင် ဆောင်နိုင်ခဲ့ကြပါတယ်။ စစ်အုပ်စုတွေ အာဏာရှင်မျိုးဆက်တွေ အစွယ်အပွားတွေ ဘယ်နည်းနဲ့မှ ပြန်အသက်ဝင်မလာနိုင်အောင် ပြည်သူက သန္နိဋ္ဌာန်ချပြီးဖြစ်တာ ထင်ရှားခဲ့ပါပြီ။

နွေဦးအလွန်မှာတော့ဖြင့် ငြိမ်းချမ်းရေးတေးသံကိုသာ မြန်မာပြည်သူလူထုက လိုချင်ရယူတော့မှာ ဖြစ်တယ်လို့ ဆိုလိုက်ပါရစေတော့။ မြန်မာပြည် တော်လှန်ရေးအဆက်ဆက်မှာ သတင်းမှားတွေ၊ လုပ်ကြံသတင်းတွေ၊ အစွန်းရောက် အမုန်းစကားတွေ၊ သွေးထိုးလှုံဆော်မှုတွေနဲ့ နှစ်ပေါင်းများစွာ အကြိမ်ကြိမ် တိုက်ခိုက် ထိုးနှက် တာတွေကို ခံစားတွန်းလှန်ခဲ့တဲ့ မြန်မာပြည်သူတွေအတွက်ကတော့ သည်တခါ မြန်မာနွေဦးအလွန်မှာ ကျနော်တို့တွေအားလုံး စည်းလုံးညီညွတ် ချစ်ခင် နားလည်မှုရှိစွာနဲ့ ဆက်လက်ချီတက်ကြဖို့သာ မျှော်လင့်ပါကြောင်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts